← Chapters

ပဲဝါအရှင်၏လက်ရင်းတပည့်

Vol. 22 Ch. 327

ပဲဝါအရှင်၏လက်ရင်းတပည့်

Vol. 22 Ch. 327

"ဝန်ခံရမှာပဲ။ ဒီအရသာက တကယ်ထူးခြားတယ်"

ကျောက်ရိုး တအံ့တဩ ပြောလိုက်သည်။ အရသာခံကြည့်သည်။ မီးတောက်စစ်ဖြင့်ကင်ထားသည့် အရသာမျိုးကို သူအာရုံခံမိသည်။

အမှန်တကယ် မီးတောက်စစ်ဖြင့် ကင်ထားသလားမသိ။

မီးတောက်စစ်ဖြင့် အသားကင်ဆိုင်မျိုး သူပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ တကယ်အဆင့်အတန်းမြင့်သည်။

အသားကင်ဆိုင်သို့ သုံးကြိမ်ကြိုးစားပြီးမှ ဝင်ခွင့်ရသည်ကို ပြန်စဉ်းစားရင်း ကျောက်ရိုးဒေါသထွက်လာပြန်သည်။ သိုးသားကင်သုံးပေါင်စားပြီးနောက် ပါးစပ်ကိုသုတ်၍

"ငါ့အတွက် ကျောက်ကပ်ကင်ဆယ်ခုပေးပါ"

ဘေးပတ်လည်တွင် စားသောက်နေသူများ ကျောက်ရိုးကို တအံ့တဩကြည့်ကြသည်။ ပုံမှန်အသားကင်များပင် အားတိုးသည့်အာနိသင်မျိုးရှိသည်။ ယခု ထိုလူက အာနိသင်ပိုပြင်းထန်သည့် ကျောက်ကပ်ကင်ဆယ်ခုထပ်မှာသည်။ လိင်စိတ်ကြွဆေးစားသည်နှင့် ဘာကွာတော့မည်နည်း။

သို့သော် ကျောက်ရိုးလို စုစည်းခြင်းနောက်ဆုံးအဆင့်ရှိသူအနေဖြင့် ထိုအာနိသင်လောက်သည် စာမဖွဲ့လောက်။

ဟော်ဟွာရှန်းနှင့် ကျိုးရှန်လည်း အသားကုန်စားသောက်နေသဖြင့် ပါးစပ်တွင်အဆီဝေ့နေသည်။ ကျောက်ရိုးနောက်သို့ လိုက်ရသည်မှာ အတော်ကောင်းသည်ဟု ခံစားမိသည်။ အပြင်ထွက်ချိန်တွင် ငွေကုန်ခံစရာမလို။ အရသာရှိသည့်အစားအသောက်များလည်း စားခွင့်ရသည်။

သို့သော် သူတို့ဗိုက်ပြည့်ပြီးနောက် ပြဿနာတစ်ခုကို သတိထားမိသည်။

ဆိုင်ပိတ်ချိန်မရောက်သေးခြင်းဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များက စားပွဲထိုးအဖြစ်သရုပ်ဆောင်ရင်း အလုပ်များနေသည်။ သူတို့ကို ဂရုမစိုက်အား။ ယခုချိန် သူတို့ထွက်သွားလျှင် စားသောက်ရုံသက်သက်လာခြင်းမဟုတ်မှန်း သိသာသွားမည်။

ဘာမှမလုပ်ဘဲ ဆက်ထိုင်နေလျှင်လည်း မသင့်တော်။

"ဟေ့၊ ဟိုသုံးယောက်က ငွေမရှင်းနိုင်လို့ ဆက်ထထိုင်နေကြတာများလား"

မုန်ကျင်းကျိုး တီးတိုးကပ်မေးသည်။

ငွေမပေးဘဲ လာစားသည့်လူမျိုး ပထမဆုံးကြုံရခြင်းဖြစ်သည်။

လိဟော်ရန်က သိစိတ်အာရုံမှပြန်ပြောသည်။

"ဘေးကလူနှစ်ယောက်တော့ ငါမမှတ်မိဘူး။ အလယ်မှာထိုင်ပြီး အများဆုံးစားနေတဲ့လူက ကျောက်ရိုးတဲ့။ အရင်က ဒုဂိုဏ်းချုပ်ဖြစ်ခဲ့တာ။ ချင်ဟော်ရန်မရှိတဲ့နောက်ပိုင်း ရာထူးတိုးမတိုးတော့ ငါမသိဘူး"

မုန်ကျင်းကျိုး ဝမ်းသာသွားသည်။

"နောက်ဆုံးတော့ ကိုးငရဲဂိုဏ်းက လူလွှတ်ပြီပေါ့"

ချင်ယန်ယန် စကားမပြောရဲတော့။ မနေ့ညက ထိုသုံးယောက် ရောက်လာသည်ကို မှတ်မိသည်။ သူမောင်းထုတ်ပစ်ခဲ့သည်။

ဆိုင်နောက်ဖေးတွင် အော်တိုအသားကင်ဖိုနှစ်ခုက စွမ်းအားပြည့်လည်ပတ်နေသည်။ ပဉ္စမအကြီးအကဲ ဒီဇိုင်းထွင်ထားခြင်းဖြစ်၍ အော်တိုမစ်တစ်အကင်လုပ်နိုင်ရုံမက အသားကင်နိုင်သည့်နှုန်းလည်း များစွာတိုးတက်လာသည်။

အကင်ဖိုက စာအုပ်စင်နှင့်သဏ္ဌာန်တူသည်။ အလွှာလေးခုရှိသည်။ အလွှာတိုင်းတွင် ဖြေးညှင်းစွာလည်ပတ်နေသည့် မီးတောက်စစ်ဖြင့် အပူပေးနေသည့် အသားကင်များရှိသည်။ ဆီကျသံ တရှဲရှဲမြည်နေသည်။

အားသန်ခွန်စိုက်ကြိုးစားပြီးနောက် အကြီးအကဲက ရသာသုံးပါးမီးတောက်နှင့် သန့်စင်ယန်မီးတောက်ပေါင်းစပ်၍ အသားကင်ဖို့ မီးစေ့ကို ဖန်တီးနိုင်ခဲ့သည်။

ထိုတီထွင်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖောက်သည်စီးဆင်းမှု သိသိသာသာတိုးတက်ခဲ့သည်။

"ပဉ္စမအကြီးအကဲ၊ ကိုးငရဲဂိုဏ်းကလူတွေ ရောက်လာပါပြီ"

အော်တိုအသားကင်ဖိုကို ပိုးကောင်းအောင် လေ့လာဆန်းစစ်နေသည့် ပဉ္စမအကြီးအကဲကို လုယန်သွားပြောသည်။

"အင်း ဟုတ်ပြီ"

ဆိုင်ပိတ်၍ နောက်ဆုံးဖောက်သည် ပြန်သွားချိန်တွင် အကင်ဆိုင်က ကောင်းကင်ရုံးတော်ဂိုဏ်းစခန်း၏သရုပ်မှန် ပေါ်လာသည်။

စားပွဲတစ်လုံးတွင် အင်အားစုနှစ်ခု မျက်နှာချင်းဆိုင် ထိုင်ကြသည်။ ကိုးငရဲဂိုဏ်းကိုယ်စားပြု အရိုးရိုင်းနှင့် ကောင်းကင်ရုံးတော်ဂိုဏ်းကိုယ်စားပြု လုယန်တို့ရှိနေသည်။

"ကောင်းကင်ရုံးတော်ကလူတွေနဲ့တွေ့ဖို့ တကယ်မလွယ်ကူပါလား"

ကျောက်ရုံး အေးစက်စက်ပြုံး၍ပြောသည်။ မနေ့ညကနှင့် ယနေ့မနက် သူတို့အပေါ်ဆက်ဆံပုံကို အခဲမကြေသေး။

သူဘာကြောင့် ထိုသို့ဖြစ်နေသည်ကို လုယန် နားမလည်သဖြင့် ခွန်းတုံ့ပြန်၍ ပြောမနေတော့။

"ခင်ဗျားက ကိုးငရဲဂိုဏ်းက နာမည်ကျော်စုစည်းခြင်းအဆင့်စွမ်းအားရှင် ကျောက်ရိုးဖြစ်မယ်ထင်တယ်"

လုယန်နောက်ဘက်မှ လူတစ်ယောက်ထွက်လာသည်။ အေးအေးလူလူရှိနေသည့် ကျောက်ရိုးမျက်နှာ ချက်ချင်းအလေးအနက်ဖြစ်လာသည်။

ထိုလူထံမှ ခြိမ်းခြောက်မှုအငွေ့အသက်ကို ရနေသည်။

တစ်ယောက်ချင်းတိုက်ခိုက်လျှင် ထိုလူကို သူမနိုင်လောက်။

လုယန်က ပြုံး၍

"ကျုပ်မိတ်ဆက်ပေးပါရစေ။ ကျုပ်တို့ဂိုဏ်းမှာ ကာကွယ်သူကိုးယောက်ရှိတယ်။ ဒါက ငါးယောက်မြောက်ကာကွယ်သူ ရတနာများရှင် ကောင်းကင်ဘုရင်။ ရှေးဟောင်းခေတ်မှာ သူကနာမည်ကြီးပဲ။ ကျုပ်ဆရာကတောင် သူ့လက်မှုပညာစွမ်းကို ချီးကျူးတယ်။ မသေမျိုးပစ္စည်းတွေ သွန်းလုပ်နိုင်ဖို့ စွမ်းရည်ရှိတယ်လို့ ကြားဖူးပါတယ်။ ဂိုဏ်းချုပ်ကျောက်ရိုး သူ့အကြောင်းကြားဖူးသလားမသိဘူး"

တစ်ဘက်လူက ဂိုဏ်းချုပ်ဖြစ်စေ ဒုဂိုဏ်းချုပ်ဖြစ်စေ ဂိုဏ်းချုပ်လို့သုံးနှုန်းသည်က အဆင်ပြေသည်။

ပဉ္စမအကြီးကဲ ဦးညွှတ်အရိုအသေပြုသည်။

"ဂိုဏ်းသခင်လေး၊ ဒီစကားက အရှင်ပဲဝါ စနောက်ရုံသက်သက်ပါ။ အတည်မမှတ်ပါနဲ့"

ကျောက်ရိုး ကျိုရှန်ကို လှမ်းကြည့်သည်။ ကျိုးရှန်ခေါင်းခါပြသည်။ ရတနာများအရှင် ကောင်းကင်ဘုရင်အကြောင်း သူလည်းမကြားဖူးသည့်သဘောဖြစ်သည်။ ‌ကျောက်ရိုးက လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။

"မိတ်ဆွေရတနာများအရှင်ကို နှုတ်ဆက်ပါတယ်။ ရှေးဟောင်းခေတ်ကကိစ္စတွေက ကျုပ်တို့နဲ့အလှမ်းဝေးလွန်းတော့ ဝမ်းနည်းမိပါတယ်။ ကျုပ်တို့မှတ်မိတာ သိပ်မရှိဘူး။ မိတ်ဆွေရဲ့နာမည်ကို ကျုပ်မကြားဖူးပါဘူး။

မိတ်ဆွေက သူ့ကိုဘာလို့ သခင်လေးလို့ခေါ်တာလဲ သိခွင့်ရှိမလား"

"မိတ်ဆွေကျောက်ရိုး မသိလောက်ဘူး။ လုယိယန်ဟာ ပဲဝါမသေမျိုးအရှင်ရဲ့ လက်ရင်းတပည့်ပါ။ တစ်ဦးတည်းသောတပည့်ပါ။ နောက်ဖြစ်လာမယ့် ကောင်းကင်ရုံးတော်အကြီးအကဲနေရာဟာ သူ့အတွက်ပါပဲ"

(**ထာဝရနတ်မယ်ကို ဂိုဏ်း၏အမြင့်အဆုံးအကြီးအကဲ(သို့မဟုတ်)ခေါင်ချုပ် ပဲဝါအရှင်အဖြစ်သတ်မှတ်ထားသည်။ သူ့အောက်တွင် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ယွမ်ကျိရှိသည်)

ကျောက်ရိုး အံ့အားသင့်သွားသည်။ ပဲဝါမသေမျိုး၏ လက်ရင်းတပည့်။ ပဲဝါအရှင်သည် ရှေးဟောင်းခေတ်တွင် ပထမဆုံးမသေမျိုးအဖြစ်ကို ရခဲ့သည်။ သို့ဆိုလျှင် လုယန်သည် မသေမျိုးတစ်ယောက်၏တပည့် ဖြစ်ပေတော့မည်။

ကျောက်ရိုးလို စုစည်းခြင်းကျင့်ကြံသူထက်ပင် အဆင့်အတန်းပိုမြင့်သည်။

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က ပျော်ရွှင်စွာခုန်ပေါက်မြူးထူးနေသည်။

"လုယန်၊ နင့်ငါ့ကို ဆရာအဖြစ်သတ်မှတ်ထားတယ်ဆိုတာ ငါသိသားပဲ"

လုယန် -"..."

ရတနာများအရှင်အကြောင်း ကျောက်ရိုးမကြားဖူးဟုပြောသဖြင့် လုယန်သက်ပြင်းချသည်။

"ဒါပေါ့လေ၊ ရှေးဟောင်းခေတ်ဆိုတာက လက်ရှိခေတ်နဲ့ ဝေးကွာလွန်းတာကိုး။ ကျုပ်တို့ နိုးထလာတဲ့အချိန်မှာလည်း လောကကြီးဟာ အများကြီးပြောင်းလဲခဲ့ပြီလို့ ခံစားခဲ့ရတာပါပဲ။ မူလကြယ်ကမ္ဘာတွေပျောက်သွားတယ်။ တိုက်နယ်ကြီးတွေအဖြစ် သန့်စင်ခံရတယ်။ ရင်းနှီးခဲ့တဲ့လူတွေ အရာတွေအားလုံး မရှိကြတော့ဘူး"

လုယန်မျက်လုံးများက မှိုင်းရီနေသည်။ ရှေးဟောင်းခေတ်ကို ပြန်တမ်းတလွမ်းဆွေးနေသယောင်ထင်ရသည်။

"ကြယ်တွေကို ဘယ်သူသန့်စင်ခဲ့သလဲဆိုတာ ခင်ဗျားသိလား"

ကျောက်ရိုးက အခွင့်‌ရေးရတုန်း မေးသည်။

လုယန် ခေါင်းခါသည်။

"ဒီကိစ္စက ကျုပ်တို့ဂိုဏ်း အိပ်မောကျပြီးမှ ဖြစ်ခဲ့တာ။ အကြောင်းရင်းကိုမသိဘူး။ အခုလောလောဆယ် လွန်ခဲ့တဲ့နှစ်သုံးသိန်းကအကြောင်းတွေ စုံစမ်းဖို့ ယင်ထန်နဲ့တစ်ခြားမသေမျိုးတွေကို ကျုပ်တို့ရှာနေတယ်။ ကိုးငရဲဂိုဏ်းမှာ မသေမျိုးတွေနဲ့ပတ်သက်တဲ့ သဲလွန်စမျိုး သိထားလား"

ကျောက်ရိုးမသိသဖြင့် မသိကြောင်းသာ ဝန်ခံလိုက်ရသည်။ ထို့နောက် ကျိုးရှန်ကို တစ်ခုခုမေးရန် မျက်ရိပ်ပြလိုက်သည်။

ကျိုးရှန် ခဏစဉ်းစားနေပြီးနောက် လက်နှစ်ဘက်ဆုပ်၍ မေးသည်။

"ကျုပ်နာမည်ကျိုးရှန်ပါ။ ရှေးဟောင်းသမိုင်းကိုလေ့လာရင်း နားမလည်တဲ့ကိစ္စတစ်ချို့ရှိတယ်။ မိတ်ဆွေအလင်းပြပေးနိုင်မလား"

"ရပါတယ်။ ကျုပ်တို့သိတဲ့အကြောင်းဆို ပြောပြပါ့မယ်"

"ရှေးဟောင်းခေတ်မှာ 'စကားလုံးမှော်ပညာ"ကိုကျွမ်းကျင်တဲ့ စွမ်းအားရှင်ကြီးတစ်ယောက် ရှိခဲ့တယ်လို့ ကျုပ်ကြားဖူးပါတယ်။ အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းပဲလို့ဆိုတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သဲလွန်စမကျန်အောင် သူပျောက်သွားတယ်။ သူဘယ်ရောက်သွားလဲဆိုတာသိလား"

လုယန် မပွင့်တပွင့်ပြုံးလိုက်သည်။

"အဲဒီ့လူအကြောင်းကြားဖူးပါတယ်။ ကျုပ်ဆရာရဲ့ မသေမျိုးလမ်းစဉ်မှာ တကယ်စွမ်းအားကြီးတဲ့ ပြိုင်ဘက်ပေါ့။ နောက်ဆုံးတော့ ကျုပ်ဆရာကိုမယှဉ်နိုင်ဘဲ ကျဆုံးသွားတယ်"

ထိုဇာတ်လမ်းကို နတ်မယ်ထံမှ ကြားဖူးပြီးဖြစ်သည်။ နတ်မယ်က ထိုလူကို အလစ်တိုက်ခိုက်သည်။ ထိုလူက 'နားလွန်းလို့ သေတော့မယ်'ဟု အော်လိုက်သည်။ စကားလုံးမှော်ပညာ အသက်ဝင်လာပြီး သူ့စကားနှင့်သူ သေသွားခြင်းဖြစ်သည်။

သို့သော် ဤအတိုင်းတိုက်ရိုက်ပြောလျှင် တစ်ဘက်လူကို ဆွဲဆောင်နိုင်မည်မဟုတ်။

"ကျေးဇူးပြုပြီး အဖြစ်အပျက်ကိုရှင်းပြပါဦး"

"အဲဒီ့စွမ်းအားရှင်က ပြောသမျှတကယ်ဖြစ်တဲ့ စကားလုံးမှော်ပညာဆိုတဲ့ နတ်စွမ်းအားကို ကျွမ်းကျင်တယ်။ သူ့ရန်သူတွေရဲ့ သေခြင်းရှင်ခြင်းကို ချက်ချင်းဆုံးဖြတ်နိုင်တယ်။ ကျုပ်ဆရာနဲ့မတွေ့ခင်က တိုက်ပွဲပေါင်းတစ်ရာမှာ အရှုံးမရှိခဲ့တဲ့လူပေါ့။

နောက်ဆုံးတော့ ကျုပ်ဆရာနဲ့တွေ့တယ်။ နှစ်ယောက်လုံးကလည်း အင်အားကြီးပြိုင်ဘက်တွေမှန်း နားလည်တယ်။ နည်းနည်းလျှော့လိုက်တာနဲ့ ရှုံးမှာပဲ။ ဒါကြောင့် အစွန်းကုန်ထုတ်သုံးပြီး တိုက်ခိုက်တယ်။ တာအိုစည်းမျဉ်းတွေ ပေါ်လာတယ်။ ဝိညာဉ်စွမ်းအင်တွေ လှိုင်းထန်သွားတယ်။ စကြာဝဠာတစ်ခုလုံး အသံတိတ်သွားတယ်။ ကျုပ်ဆရာရဲ့လှုပ်ရှားမှုတွေက ပြိုင်ဘက်ကင်းတယ်။ အရိပ်လိုမြန်ဆန်တယ်။ ဖမ်းချုပ်လို့မရဘူး။ ကျုပ်ဆရာကို အနိုင်မယူနိုင်မှန်းသိတော့ အဲဒီ့စွမ်းအားရှင်က စကားလုံးမှော်ပညာကို အသက်သွင်းပြီး "သေစမ်း"လို့ အော်ဟစ်လိုက်တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သူ့စကားလုံးစွမ်းအားက ကျုပ်ဆရာအပေါ် လုံးဝမသက်ရောက်ဘူး။ သူ့စွမ်းအားနဲ့သူ တန်ပြန်သက်ရောက်ပြီးတော့ သေသွားတယ်"

ကျောက်ရိုး အကြီးအကျယ် အံ့အားသင့်သွားသည်။ ထိုစဉ်က ပဲဝါအရှင် မသေမျိုးမဖြစ်သေး။ သို့သော် စကားလုံးမှော်စွမ်းအားကို ခုခံနိုင်လောက်အောင် စွမ်းအားကြီးနေသည်။

ဘယ်လိုစွမ်းအားမျိုးမှန်း မသိတော့။

လုယန်၏ မျက်လုံးသူငယ်အိမ်များ နှလုံးခုန်သံများကို သူသေချာအာရုံစိုက်၍ လေ့လာနေခဲ့သည်။ လိမ်ညာပြောနေသည့် လက္ခဏာမျိုး လုံးဝမတွေ့ရ။

**********************************

All Chapters