မုသားမပါ
Vol. 22 Ch. 328
လိမ်ပြောလျှင်သိနိုင်သည့် ထူးဆန်းသည့် လျှိုဝှက်ပညာတစ်မျိုး ကျောက်ရိုးတတ်မြောက်ထားသည်။ ထိုပညာစွမ်းဖြင့် တစ်ခြားဒုဂိုဏ်းချုပ်များ သူလျှိုလွှတ်ထားသည့် လူပေါင်းများစွာ သူဖော်ထုတ်နိုင်ခဲ့သည်။
ထိုပညာရပ်က စင်းလုံးချောအားမကိုးနိုင်သော်လည်း ရှစ်ဆယ်ရာနှုန်းမှ ကိုးဆယ်ရာနှုန်းထိ အောင်မြင်မှုရခဲ့သည်။
ထိုပညာအသက်သွင်းဖို့ ဝိညာဉ်ချီနှင့်စိတ်စွမ်းအင် အများအပြားလိုအပ်သည်။ ကျောက်ရိုးလိုစွမ်းအားမြင့်သူပင် ဆက်တိုက်အသက်သွင်းမထားနိုင်။ သို့သော် လုယန်နှင့်စကားပြောနေချိန်အတွင်းတော့ ကောင်းကောင်းထိန်းထားနိုင်သည်။
ထို့ပြင် သူသည် လူကဲခတ်ရာတွင် ကျွမ်းကျင်သည်။ လိမ်နေသည့်အချိန် ဖြစ်ပေါ်တတ်သည့် သိမ်မွေ့သည့်အပြောင်းအလဲများကို နားလည်သည်။
ထိုအရည်အချင်းအားလုံး ပေါင်းစပ်ထားသဖြင့် သူ့ကိုလိမ်နိုင်သူဟူ၍ မရှိသလောက်ရှားသည်။
ထို့ကြောင့်လည်း ဂိုဏ်းချုပ်က သူ့ကိုစေလွှတ်ခြင်းဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပူးပေါင်းရန်အတွက် တစ်ဘက်လူသည်အစစ်အမှန်ဟုတ်မဟုတ် အရင်ဆုံးအတည်ပြုဖို့လိုသည်။
လုယန်က ယုံကြည်ချက်ရှိသည့်အပြုံးဖြင့် လက်ဖက်ရည်တစ်ငုံသောက်သည်။ ထို့နောက် နည်းနည်းဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။
"ယင်ထန်နဲ့ ချီလင်မသေမျိုးတို့အကြောင်း ဂိုဏ်းချုပ်ကျောက်ရိုး ကြားဖူးသလား"
"ကြားဖူးတာပေါ့။ ဒီရှေးခေတ်မသေမျိုးနှစ်ယောက်ရဲ့ဘွဲ့နာမည်တွေက လူသိများတာပဲ"
ရှေးခေတ်မသေမျိုးလေးယောက်၏နာမည်များကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းကျမ်းများ ကိုးငရဲဂိုဏ်းတါင်ရှိပါသည်။
"ဒီနေ့ခေတ်မှာ လူတစ်ယောက် ပါရမီထူးလို့ ချီးကျူးရင် မသေမျိုးဖြစ်ဖို့ အလားအလာရှိတဲ့လူငယ်လို့ ပြောကြတယ်ကြားမိတယ်။ ဒီမသေမျိုးလူငယ်တွေအားလုံး ပြိုင်ဘက်ကင်းတွေလို့ ထင်ကြတယ်။ ဒါပေမယ့် ကျုပ်ပြောပြမယ်။ တစ်ချိန်က ကျုပ်ဆရာဟာ ရွှေသန္ဓေအဆင့်မှာတုန်းက ယင်ထန်နဲ့ချီလင်ကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့တယ်။ နည်းလမ်းစုံသုံးပေမယ့် ကျုပ်ဆရာကို သူတို့မနိုင်ကြဘူး။ ကျုပ်ဆရာဟာ ရွှေသန္ဓေအဆင့်မှာ ပြိုင်ဘက်ကင်းလို့ သတ်မှတ်ခံခဲ့ရတယ်"
ကိုးငရဲဂိုဏ်းသားသုံးယောက် မျက်လုံးပြူးသွားသည်။
မသေမျိုးဖြစ်နိုင်ခြေရှိသူဆိုသည်မှာ အဆင့်တူထဲတွင် ယှဉ်သူမရှိပြိုင်ဘက်ကင်းများကို ဆိုလိုသည်။ ထိုအဆင့်ကို အမြင့်ဆုံးဟု သတ်မှတ်ကြသည်။ ထိုထက်ထူးခြားစရာအကြောင်းမရှိ။
ထိုမသေမျိုးငယ်နှစ်ယောက် တိုက်ခိုက်လျှင် ဝိညာဉ်စွမ်းအင်များ လျှို့ဝှက်နည်းလမ်းများ အားလုံးသုံးသည့်တိုင် အနိုင်အရှုံးကွဲပြားဖို့ ခဲယဉ်းလှသည်။ ထိုနှစ်ယောက်ကြား စွမ်းအားကွာခြားချက် အလွန်နည်းပါးသောကြောင့်ဖြစ်သည်။
ရွှေသန္ဓေအဆင့်တွင် ပဲဝါအရှင် မသေမျိုးလောင်းနှစ်ယောက်ကို တစ်ကိုယ်တော်အနိုင်ယူခဲ့သည်မှာ ကြောက်စရာကောင်းသည့် ပါရမီဖြစ်သည်။
မသေမျိုးအားလုံးထက်သာလွန်နေသည့်သဘောဖြစ်သည်။
ရှေးဟောင်းခေတ်တွင် ပဲဝါအရှင် ပထမဆုံးမသေမျိုးဖြစ်ခဲ့သည်မှာ မဆန်းတော့။
ကျိုးရှန် စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ထပ်မေးသည်။
"သခင်လေးလု၊ ရှေးဟောင်းခေတ်က နဂါးနဲ့ဖီးနစ်တို့ရဲ့ နောက်ဆုံးတိုက်ပွဲအကြောင်း ကြားဖူးလား"
လုယန် ခဏစဉ်းစားပြီး ပြန်မေးသည်။
"မီးကပြန်မွေးဖွားတယ်ဆိုတဲ့ တိုက်ပွဲကိုပြောတာလား"
"မဟုတ်ဘူး။ မသေမျိုးဖြစ်ဖို့ကြိုးစားရင်း နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်။ သမိုင်းမှတ်တမ်းမှာ ဒါတွေကို နဂါးဖီးနစ်တိုက်ပွဲလို့ ဖော်ပြထားတယ်။ သခင်လုပြောတာက နောက်ဆုံးတိုက်ပွဲမတိုင်ခင် တိုက်ပွဲပါ။ ကျုပ်က နောက်ဆုံးတိုက်ပွဲကို ပြောတာပါ"
လုယန် ပြုံးလိုက်သည်။
"နောက်ပိုင်းမျိုးဆက်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကျုပ်မရင်းနှီးဘူး။ ထပ်ရှင်းပြပါဦး"
ထိုတိုက်ပွဲအကြောင်းပြောနေချိန်တွင် ကျိုးရှန်စိတ်ထဲ ကြောက်ရွံ့စိတ်တစ်မျိုးပေါ်လာသည်။ ကျမ်းစာမှတ်တမ်းများတွင် ဖော်ပြချက်အရ ထိုတိုက်ပွဲ မည်မျှပြင်းထန်ခဲ့သည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။
"ကျမ်းစာဖော်ပြချက်အရ ရှေးဟောင်းခေတ်မှာ မသေမျိုးဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ နဂါးနဲ့ဖီးနစ် နတ်ဆိုးသားရဲနှစ်ကောင်ရှိတယ်။ သူတို့က ချီလင်မသေမျိုးနဲ့လည်း မဟာရန်ဖက်တွေပါ။ ချီလင်က မသေမျိုးဖြစ်ပြီးနောက်မှာလည်း နဂါးနဲ့ဖီးနစ်က ဆက်တိုက်ခိုက်ခဲ့တယ်။
ဒါက မှတ်တမ်းမှာ ဖော်ပြထားတဲ့ နဂါးနဲ့ဖီးနစ်ရဲ့ နောက်ဆုံးတိုက်ပွဲပဲ။ ထူးဆန်းတဲ့မသေမျိုးသစ်သီးတစ်လုံးကြောင့် ပြဿနာစဖြစ်ခဲ့တာလို့ပြောတယ်။ ဒီမသေမျိုးသစ်သီးက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုရှိနေလို့ သူတို့ချင်းညှိနှိုင်းလို့မရခဲ့တာလို့ ခန့်မှန်းကြတယ်။ သစ်သီးကို ပိုင်ဆိုင်ခွင့်ရဖို့ သူတို့ချင်း အပြင်းအထန်တိုက်ခိုက်ခဲ့တယ်။ ကြောက်စရာကောင်းတဲ့စွမ်းအင်ရောင်တွေကြောင့် မိုးမြေကြားမှာ အမှောင်ကျသွားတယ်။ လေဟာနယ်တစ်ခုလုံး တုန်ခါနေတယ်။ တာအိုအမှတ်အသားတွေ ကောင်းကင်မှာပြည့်သွားတယ်။ နဂါးနဲ့ဖီးနစ် မီးတောက်စစ်တွေ ရင်ဆိုင်တွေ့တယ်။ ကြယ်တာရာတွေတောင် တုန်ခါသွားတယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက ချီလင်မသေမျိုး၊ ယင်ထန်မသေမျိုး၊ ကိုးဆမသေမျိုး၊ အချိန်မသေမျိုးတို့လည်းရှိတယ်။ ဒါပေမယ့် သူတို့တောင် နဂါး-ဖီးနစ်တိုက်ပွဲကို မတားနိုင်နိုင်ခဲ့ဘူး။
ချီလင်မသေမျိုးက ပထမဆုံး ဖြန်ဖြေဖို့ကြိုးစားတယ်။ ဘယ်သူ့ကိုမှဘက်မလိုက်ဘဲ တိုက်ပွဲမဖြစ်အောင်တားတယ်။ ဒါပေမယ့် နဂါးနဲ့ဖီးနစ်က အရေးမစိုက်ဘဲ မောင်းထုတ်ကြတယ်။
နောက်ဆုံးမှာ နဂါးဖီးနစ်တိုက်ပွဲက သရေနဲ့အဆုံးသတ်တယ်။ မသေမျိုးသစ်သီး ဘယ်သူရသွားလဲဆိုတာ မသိရဘူး"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ်လည်း ထိုဇာတ်လမ်းကို ရင်းနှီးနေသည်ဟု ခံစားရသည်။
"ငါမှတ်မိပြီ၊ ယင်ထန်မသေမျိုးက ဇာတ်လမ်းကို ဒီလိုပုံစံနဲ့ပြောရတာကို သဘောကျတယ်။ မသေမျိုးတွေရဲ့အဆင့်အတန်းကို ပိုမြင့်မားစေတယ်တဲ့လေ"
ထိုဒဏ္ဍာရီကို ကျောက်ရိုး ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ စကားလုံးနည်းသော်လည်း နဂါးနှင့်ဖီးနစ်တို့၏ ပြင်းထန်သည့်စွမ်းအားကို သူရိပ်စားမိသည်။
ယခုချိန်ထိ ထိုမျိုးနွယ်များ အင်အားကြီးနေကြသည်မှာ အံ့ဩစရာမရှိတော့။ အမွေအနှစ်က မယုံနိုင်လောက်အောင် နက်ရှိုင်းလွန်းသည်။
ကျောက်ရိုး လုယန်ကို အကဲခတ်သည်။ လုယန်အမူအရာ အပြောင်းအလဲမရှိ။ မျက်လုံးတွင် သဘောကျသည့်အရိပ်တစ်ချို့ သန်းနေသည်။ ကျောက်ရိုး တကယ်အံ့ဩတုန်လှုပ်ရသည်။
ထိုအဆင့်တိုက်ပွဲမျိုးကိုပင် အရေးမစိုက်လေသလားမသိ။
မသေမျိုးတို့၏ တပည့်များသည် တကယ်ကြောက်စရာကောင်းလှသည်။
လုယန် ခပ်ညှင်းညှင်းရယ်လိုက်သည်။
"ဒီတိုက်ပွဲကို နောက်ပိုင်းမျာ နဂါးဖီးနစ်နောက်ဆုံးတိုက်ပွဲလို့ သိထားကြတာလား"
ချီလင်မသေမျိုးလက်ထပ်သည့်နေ့တွင် နတ်မယ်က မသေမျိုးသစ်သီးတစ်လုံးပို့သည်။ အလှဆုံးလူအတွက် လက်ဆောင်ဟု စာရေးပေးလိုက်သည်။ နဂါးနှင့်ဖီးနစ်နှစ်ယောက်လုံးက မသေမျိုးသစ်သီးကို လိုချင်ကြသည်။ ချီလင်မသေမျိုး ဦးနှောက်ခြောက်ရသည်။ ပြဿနာကို မတားဆီးနိုင်သဖြင့် ယင်ထန်တို့သုံးယောက်ကို ဒိုင်လုပ်ခိုင်းပြီး သိုင်းပြိုင်ပွဲမှ ဟင်းချက်ပြိုင်ပွဲအဖြစ်ပြောင်းဖို့ ဖျောင်းဖျသည်။
သို့သော် နဂါးနှင့်ဖီးနစ်ပါရမီရှင်နှစ်ယောက်လုံးကို ထာဝရနတ်မယ်က ဟင်းချက်ပညာသင်ပေးထထားကြောင်း မသိကြ။
"ဒီတိုက်ပွဲနဲ့ပတ်သကတဲ့ အတွင်းသတင်းနည်းနည်း ကျုပ်သိထားပါတယ်။ ကျုပ်ဆရာရဲ့ သာမန်လှုပ်ရှားမှုလေးကြောင့် ဒါတွေအားလုံး စဖြစ်ခဲ့တာပါ။
အဲဒီတုန်းက ချီလင်မသေမျိုး ဂုဏ်ပြုစားသောက်ပွဲကျင်းပပြီး မိတ်ဆွေတွေအများကြီးဖိတ်တယ်။ မသေမျိုးသုံးယောက်နဲ့ ကူးဖြတ်ချက်အဆင့်စွမ်းအားရှင်တွေ အများကြီးပါတယ်။ ဒါပေမယ့် ချီလင်က ကျုပ်ဆရာကိုကြောက်တော့ ဖိတ်စာမပို့ရဲဘူး။
ဒီအကြောင်းသိပေမယ့် ကျုပ်ဆရာကစိတ်မဆိုးဘူး။ စေတနာပြသတဲ့အနေနဲ့ မသေမျိုးသစ်သီးတစ်လုံး လက်ဆောင်ပို့လိုက်တယ်။ ဒီသစ်သီးရဲ့အာနိသင်တွေက မရေမတွက်နိုင်အောင်များတယ်။
မသေမျိုးလေးယောက်ကတော့ သစ်သီးကို ဘယ်လုကြမှာလဲ။ မသေမျိုးမဖြစ်သေးတဲ့ နဂါးနဲ့ဖီးနစ်က သစ်သီးရဖို့ ပြိုင်ဆိုင်ကြတယ်။ ဒီသစ်သီးက သူတို့အတွက် အရေးပါတော့ ချီလင်မသေမျိုးကလည်း ဘယ်သူပိုင်ဆိုင်သင့်တယ်ဆိုပြီး ဆုံးဖြတ်မပေးရဲဘူး။
ဒီတော့ နဂါးနဲ့ဖီးနစ် တိုက်ခိုက်ဖို့ပဲရှိတာပေါ့။ ဒါပေမယ့် ချီလင်မသေမျိုးရဲ့ ဂုဏ်ပြုစားသောက်ပွဲဆိုတော့ တိုက်ကြခိုက်ကြရင် မသင့်တော်ဘူး။ ဒါကြောင့် မီးတောက်စစ်ပြိုင်ပွဲအဖြစ် ပြောင်းလဲလိုက်တယ်"
ကျိုးရှန် အံ့အားသင့်သွားသည်။ ထိုအချက်ကို သူတမင်ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ ရှေးမှတ်တမ်းအရ ချီလင်မသေမျိုး နောက်ဆုတ်သွားပြီးနောက် ယင်ထန်တို့မသေမျိုးသုံးယောက်က ကြီးကြပ်ကွပ်ကွဲ၍ မီးတောက်စစ်ပြိုင်ပွဲလုပ်ဖို့ အဆိုပြုခဲ့သည်ဟု ဖော်ပြထားသည်။
မီးတောက်စစ်ပြိုင်ပွဲအကြောင်း အသေးစိတ်မသိရ။ သို့သော် ထိုပြိုင်ပွဲအတွင်း ယင်ထန်တို့မသေမျိုးသုံးယောက်ပင် ဒဏ်ရာရခဲ့သည်ဟု ဆိုထားသည်။
မီးတောက်စစ်ပြိုင်ပွဲ။
မသေမျိုးသစ်သီးကြောင့် တိုက်ပွဲစဖြစ်ခဲ့ကြောင်း အားလုံးသိကြသည်။ သို့သော် ဘယ်လိုမီးတောက်စစ်ပြိုင်ပွဲမှန်း မသိကြ။
ရှားပါးရှေးဟောင်းမှတ်တမ်းတစ်ခု ကျိုးရှန်ရထားသည်။ လုယန်ပြောသည့်တစ်ချက်ကို မှတ်တမ်းတင်ထားသည်။ ရေသားသူက ယင်ထန်မသေမျိုးဖြစ်၍ မှတ်တမ်းသည် အစစ်အမှန်ဖြစ်ကြောင်း သံသယရှိစရာမလို။
လုယန်က ကျိုးရှန်အတွေးကိုမသိဘဲ ဆက်ရှင်းပြသည်။
"မီးတောက်စစ်ပြိုင်ပွဲမှာ သက်ရှိတွေအပေါ်သက်ရောက်တဲ့ မီးအတိုင်းအတာ၊ မီးတောက်စစ်ထိန်းချုပ်နိုင်စွမ်းနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ အသုံးချနိုင်စွမ်းဆိုတာမျိုးတွေ ပါဝင်တယ်။
နောက်ဆုံးကျတော့။ မီးတောက်စစ်ပြိုင်ပွဲကြောင့် မသေမျိုးသုံးယောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရတယ်။ သူတို့ဝိညာဉ်တွေ တုန်လှုပ်သွားတယ်"
"မသေမျိုးသစ်သီးကြောင့် ချီလင်မသေမျိုး နောက်ဆုတ်ပေးရတယ်။ ယင်ထန်တို့သုံးယောက် စိတ်တုန်လှုပ်ခြောက်ခြားခဲ့ရတယ်ပေါ့။ ပဲဝါအရှင်ရဲ့ အစီအမံက တကယ်ကြောက်စရာကောင်းတာပဲ'
ပဲဝါမသေမျိုး၏ ပါးနပ်သည့်ဉာဏ်ပညာကြောင့် ကျောက်ရိုး အကြီးအကျယ်အံ့အားသင့်သွားသည်။
သူတို့ချင်း လုံးဝရန်ဘက်ဖြစ်လာ၍မရ။
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် နည်းနည်းမျက်မှောင်ကျုံ့နေသည်။ ကျောက်ရိုးက သူ့အကြောင်းပြောနေသော်လည်း သူ့အကြောင်းဟု မခံစားရ။
"ငါက တကယ်ဒီလိုလူမျိုးလား"
လုယန် အခွင့်အရေးကို လက်လွတ်မခံ။
"နတ်မယ်၊ ခင်ဗျားရဲ့ဉာဏ်ပညာက အသူရာချောက်ကမ်းပါးလို့ နက်ရှိုင်းတယ်လေ။ ကျောက်ရိုးလိုသာမန်လူတွေက ခင်ဗျားဉာဏ်ကိုအံ့ဩလွန်းလို့ စကားမှားပြောမိတာပါ"
နတ်မယ် သဘောပေါက်သွားသည်။
"ဒါပေါ့လေ၊ ငါက ဉာဏ်ကောင်းလွန်းတာကိုး"
ကျိုးရှန်က ကျောက်ရိုးကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"ခေါင်းဆောင်၊ တစ်ဘက်လူတွေက ရှေးဟောင်းလျှို့ဝှက်ချက်တွေကို ဒီလောက်ထိသိထားတယ်ဆိုတော့ တကယ်ရှေးဟောင်းခေတ်ကလူတွေဖြစ်မှာပါ"
ကျောက်ရိုး ခေါင်းငြိမ့်သည်။
"ငါလည်း ဒီလိုပဲယုံကြည်ပါတယ်"
********************************