← Chapters

ရန်ဟောင်ဖြင့်တိုက်ခိုက်ခြင်း

Vol. 017 Ch. 1623

ရန်ဟောင်ဖြင့်တိုက်ခိုက်ခြင်း

Vol. 017 Ch. 1623

ရီဖူရှင်းသည် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ နတ်ဘုရားကလန်၏ရန်ဟောင်သည် သူ့ကို လိုက်လံဖမ်းဆီးလိုက်သည်။ ရီဖူရှင်းသည် စည်းတံဆိပ်ကို ဖွင့်နိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။

ကောင်းကင်ထက်တွင် ပုံရိပ်သုံးခု ပျံသန်းနေကြသည်။ တော်ဝင်ခန်းမရှိ လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ပြိုင်ဘက်၏ မဟာမိတ်ဘက်မှ အခြားရန်ဟောင်တစ်ယောက်သည် အခြားသူများနည်းတူ စစ်ပွဲသို့ မပါဝင်ဘဲဘေးထွက်နေသည်။ သူသည် ဖြောင့်မတ်သောသူ ဖြစ်သည်။

သို့သော် ယူချင်းနှင့် ရီဖူရှင်းတို့သည် ရန်ဟောင်၏ တိုက်ခိုက်မှုအား ခုခံတားဆီးနိုင်ပါမည်လား။ ယခင်က သူတို့သည် အခြားရန်ဟောင်နှစ်ယောက်ကို ရင်ဆိုင်ခဲ့ကြသည်။ သို့သော် သူတို့သည် ခဏတာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် ရန်ဟောင်များနှင့် ဆက်လက် တိုက်ခိုက်မည် ဆိုလျှင် ရှုံးနိမ့်သွားမည်မှာ သေချာသလောက်ရှိပေသည်။ သူတို့၏ အဆင့်ကွာခြားချက်များအား တစ်ရက်တည်းနှင့် ကျော်လွှားရန် ခက်ခဲပေသည်။

သောကျောက်သည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်ခြင်းစွမ်းအား မီးတောက်တစ်ခု တောက်လောင်နေသည်။ သူသည် ရီဖူရှင်း၊ ယူချင်းတို့နှင့်အတူ ရန်ဟောင်ကို အမှန်ပင် တိုက်ခိုက်လိုပေသည်။

သို့သော် ရီဖူရှင်းက သူ့ကိုလာရန် မခေါ်ခဲ့ပေ။ သောကျောက်လိုပင် စောင့်ဆိုင်းနေကြသော အခြားကျင့်ကြံသူများလည်း ရှိပေသည်။ ရီဖူရှင်းသည် ထွက်မသွားမီတွင် သူတို့လုပ်ရမည်များကို စီစဉ်ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းတွင် တိုက်ခိုက်ရမည့် ပြိုင်ဘက်များ ပေးထားပြီးဖြစ်သည်။

သောကျောက်၏စိတ်ထဲတွင် မချင့်မရဲ ဖြစ်နေလေသည်။ တိုက်ခိုက်ခြင်းနတ်ဘုရား၏ သတ္တမမြောက်စွမ်းအား ထွက်ပေါ်လာသည့် အခါတွင် သူ၏တိုက်ခိုက်ရေးစွမ်းရည်သည် ရန်ဟောင် တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ ယူချင်းသည် သူ့ကိုအနိုင်ယူနိုင်သောကြောင့် ယူချင်းသည်လည်း ထိုအဆင့်တွင်ရှိပေသည်။ ရီဖူရှင်း၏ ကျင့်ကြံခြင်း အဆင့်ကို အမြဲတမ်း လျှို့ဝှက်ထားခဲ့သည်။

သောကျောက်သည် ယခုအချိန်အထိ ရီဖူရှင်း၏ ကျင့်ကြံခြင်းသည် မည်သည့်အဆင့်တွင် ရှိသည်ကို မသိခဲ့ပေ။ အကယ်၍ ရီဖူရှင်းနှင့် ယူချင်းတို့သည် အဆင့်တစ်ခုတည်းတွင် ရှိနေပါက ရန်ဟောင်ကို တိုက်ခိုက်နိုင်ကြပေမည်။ သို့သော် သူ့အတွက်မူ ရန်ဟောင်နှင့် တိုက်ခိုက်ရန် အခွင့်အရေး မရနိုင်သောကြောင့် ကံဆိုးလွန်းပေသည်။ မည်သို့ပင်ဖြစ်စေ သူသည် နောက်ဆုံးတွင် ရှေ့ထွက်ကာ တိုက်ပွဲကောင်းတစ်ခုကို တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။

“ဖွင့်လိုက်စမ်း” သောကျောက် ကြွေးကြော်လိုက်သည်။ အဆုံးမဲ့သော တိုက်ခိုက်ခြင်းစွမ်းအားများ သူ့ကို ဝန်းရံလာကြသည်။ သူ၏မျက်ဝန်းမှ မျက်စိကန်းလုမတတ် တောက်ပသော ရွှေရောင်နတ်အလင်းများ ထွက်ပေါ်လာသည်။ တိုက်ခိုက်ခြင်းနတ်ဘုရား၏ ဆဌမမြောက် စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဆဌမမြောက်စစ်နတ်ဘုရားပုံရိပ် ထွက်ပေါ်လာသည်။

သူသည် နောက်တစ်ဆင့်တက်ရန် နီးကပ်လာပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ကြီးမားဖေါင်းကားလာပြီး သူ၏တိုက်ခိုက်ရေးစွမ်းအင်များသည် ကောင်းကင် တိုင်အောင် ရောက်ရှိသွားသည်။ ယခုအချိန်တွင် သောကျောက်သည် ဆဌမမြောက် စစ်နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားသည်။

“ပေချန်… မင်းတို့ကြယ်အင်ပါယာကျောင်းတော်ရဲ့ အယောင်ဆောင်မှုက ရှက်စရာပဲ။ တခြားသူတွေရဲ့ ကြင်နာမှုကြောင့်သာ မဟုတ်ရင် မင်းတို့မြေအောက်နန်းတော်ကနေ အသက်ရှင်လျက် ထွက်လာနိုင် မှာလား။” သောကျောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ၏မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

“ဘယ်လိုမျိုး နေထိုင်ပြုမူရမယ်ဆိုတာ မင်းကိုသင်ပေးမယ်” ထို့နောက် သူသည် ကြယ်အင်ပါယာကျောင်းမှ ကျင့်ကြံသူများဆီသို့ ခုန်ဝင်သွားလိုက်သည်။ သောမျိုးနွယ်စုမှ အခြားသောကျင့်ကြံသူများသည် သူ့နောက် လျင်မြန်စွာလိုက်ပါသွားပြီး ကြယ်အင်ပါယာကျောင်းတော်မှ ကျင့်ကြံသူများထံ ပြေးဝင်သွားကြသည်။

ကြယ်အင်ပါယာကျောင်းတော်အား တိုက်ခိုက်ခြင်းသည် ရီဖူရှင်းက သောကျောက်ကို ပေးထားသည့်တာဝန်ဖြစ်သည်။ ရီဖူရှင်းသည် မြေအောက်နန်းတော်မှ ဖြစ်ရပ်ကြောင့် သောကျောက်မှာ သူတို့၏မဟာမိတ်အဖွဲ့တွင် အင်အားအကောင်းဆုံးဖြစ်သည်ဟုခံစားမိသည်။ သောမျိုးနွယ်စုသည် ကြယ်အင်ပါယာကျောင်းတော်ကို တိုက်ခိုက်သောအခါ ကြီးကြီးမားမားရှုံးမည် မဟုတ်ပေ။

သောကျောက်က မဆိုင်းမတွပင် ရီဖူရှင်းပေးသောတာဝန်ကို လက်ခံခဲ့လေသည်။ မဟာမိတ်အဖွဲ့နှစ်ဖွဲ့သည် သူတို့၏ပြိုင်ဘက်များနှင့် တိုက်ခိုက်လိုက်ကြသည်။ စစ်ပွဲသည် စတင်ခဲ့ချေပြီ။ ရီဖူရှင်းအဖွဲ့မှလူတိုင်းသည် တိကျသောပစ်မှတ် အသီးသီးရှိကြလေသည်။

ရိထျန်းယွီသည် ကောင်းကင်အာဏာစက်မင်းဆက်၏ အိမ်ရှေ့မင်းသားဖြစ်ပြီး သူ၏အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်သော ကောင်းကင်အာဏာစက်မင်းဆက်၏ နတ်သိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။ သူသည် သစ္စာဖောက်ကို သတ်ရန်ရည်ရွယ်ချက်ဖြင့် ရှုဟွမ်စွန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ ထိုးနှက်တိုက်ခိုက် လိုက်သည်။ ခရမ်းရောင်ရွှေကြွက်များသည် ကောင်းကင်အာဏာစက်မင်းဆက်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြသည်။

နှင်းနတ်ဘုရားပြည်ထောင်မှ ကျင့်ကြံသူများသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များနှင့် တိုက်ခိုက်လိုက်ကြသည်။ ယဲ့မန်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မိန်းမပျိုများ၏ အကြီးအကဲဖြစ်သော ချင်းဟယ်ကို ပစ်မှတ်ထားသည်။

ယဲ့မန်၏ လျင်မြန်ပြီး ရန်လိုသည့်တိုက်ကွက်များသည် သူမအသက်ကို ခြိမ်းခြောက်နေသည်။ သို့သော် ချင်းဟယ်၏စွမ်းရည်သည်လည်း များစွာတိုးတက်ခဲ့သောကြောင့် သူတို့နှစ်ဦးကြားမှ တိုက်ပွဲသည် ပြင်းထန်လွန်းသည်။

ဘန်း…

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။  ရှုဟွမ်စွန်းသည် ရိထျန်းယွီ၏ တိုက်ခိုက်မှုကို တုတ်တိုနှင့်  ပြန်လည်ခုခံလိုက်သည်။ ထိုအချိန်တွင် နေရောင်ခြည်ကဲ့သို့ တောက်ပသော အလင်းရောင်များရှိသည့် ကျင့်ကြံသူတစ်စုသည် သူတို့ထံ ချည်းကပ်လာသည်။ ထိုတောက်ပသော အလင်းရောင်များသည် မျက်စိကန်းလုမတတ်စူးရှပြီး ပူပြင်း တောက်လောင်လွန်းသည်။ သူတို့၏ပစ်မှတ်မှာ ခရမ်းရွှေကြွက်လန် ဖြစ်သည်။

“ဒီမှာမလိုဘူး တစ်ခြားသူတွေကိုပဲကူညီလိုက်” ရိထျန်းယွီက အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။ ယခင်အဖြစ်အပျက်များနှင့် ရီဖူရှင်း၏သွေးထိုးမှုများကြောင့် ရိထျန်းယွီသည် အခြားအင်အားစုများ အထူးသဖြင့် သူအနည်းငယ်သာသိသော ချီရှောင်းနတ်တောင်တန်းကို မယုံကြည်နိုင်ပေ။ သူသည် သူရိယဘုံမှ ထိုအဖွဲ့အစည်းနှင့်ပတ်သက်၍ မည်သည်ကိုမျှ မသိခဲ့ပေ။

“အင်အားစုတစ်ခုကို အရင်ဆုံး အမြစ်ပြတ်ချေမှုန်းဖို့ အတူတူပူးပေါင်း တိုက်ခိုက်တာက ပိုကောင်းတယ်မဟုတ်လား” တောက်ပနေသော နတ်ဘုရားအလင်းတန်းသည် ရိထျန်းယွီဆီသို့ ဦးတည်လာနေသည်။ အမြစ်ပြတ်ရှင်းထုတ်ပစ်ရမည့် အင်အားစုမှာ ခရမ်းရွှေကြွက်ကလန်မဟုတ်ဘဲ ကောင်းကင်အာဏာဆက် မင်းဆက်ဖြစ်ကြောင်း ရှင်းလင်းနေသည်။

ရိထျန်းယွီ၏ မျက်နှာထားသည် ခက်ထန်ကြမ်းကြုတ်သွားသည်။ ထင်မှတ်ထားသည့် အတိုင်းပင် အခြားထိပ်တန်းအင်အားစုများသည် သူတို့၏မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ခဲ့လေသည်။ ပြိုင်ဘက်မဟာမိတ်နှစ်သင်းသည် အစပိုင်း၌ တူညီသောအင်အားရှိသော်လည်း ယခုတွင် သူတို့သည် အားနည်းသောအသင်းဖြစ်လာသည်။

ထိုနေရာရှိ စစ်ပွဲသည် အလွန်ပြင်းထန်လာသည်။  ကောင်းကင်နတ်ဆိုးအဖွဲ့နှင့် နတ်ဆင်များသည် ရှန်းရှင်းကလန်အား ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ သတ္တမဝရိန်နှင့် ချီရှောင်းနတ်တောင်တန်းသည် ကောင်းကင်ဓားခန်းမကို ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ယွမ်ယန်ကလန်သည် နတ်ဘုရားကလန်နှင့်ယှဉ်ပြိုင်တိုက်ခိုက်စဉ်တွင် နတ်နဂါးကလန်သည် အကျဉ်းချခံတပ်ကလန်အား တိုက်ခိုက်လိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၊ ခရမ်းရွှေကြွက်ကလန် နှင့် ချီရှောင်း နတ်တောင်တန်းတို့သည် ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရားပြည်ထောင်တို့ကို ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ ရီဖူရှင်း၏ မဟာမိတ်အဖွဲ့သည် တိုက်ပွဲတိုင်းတွင် အသာစီးရကြသည်။

အချို့မှာ သူတို့ပြိုင်ဘက်များအား အနိုင်ပင်ယူပြီးကြပြီ ဖြစ်သည်။ သူတို့ပြိုင်ဘက်များကို အနိုင်ယူပြီးနောက်တွင် တခြားတိုက်ပွဲများတွင် ကူညီပေးလိုက်ကြသည်။ ကောင်းကင်နတ်ဆိုးအဖွဲ့နှင့် နတ်ဆင်ကလန်တို့က ရှန်းရှင်းကလန်အား နှိမ်နင်းအနိုင်ယူနိုင်ခဲ့ကြသည်။

ခေါင်းဆောင်ဘုန်းတော်ကြီး၏ မျက်နှာထားသည် ဆိုးရွားစွာပျက်ယွင်းသွားသည်။ သူတို့ထဲတွင် သစ္စာဖောက်များ ထိုမျှ များပြားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ အစောပိုင်းတွင် ဤတိုက်ပွဲသည် သူ၏အသင်းဘက်မှ လူများ၏ လက်ထဲတွင်ရှိသည်ဟု ထင်ခဲ့မိသည်။ သို့သော်လက်ရှိအခြေအနေအရမှာ ရန်ဟောင်က ရီဖူရှင်းကို အနိုင်ယူနိုင်ခြင်းမရှိပါက ကျန်သူများအားလုံး အသတ်မခံရလျှင် အလွန်ကံကောင်းလွန်း၍ပင် ဖြစ်ပေမည်။

ဤသို့ဖြစ်လာမည်ဆိုတာသူကြိုသိလျှင် ရီဖူရှင်းဘက်တွင်နေခဲ့ပေမည်။ ထို့နောက်တွင် သူပါဝင်ခဲ့သည့်အသင်းသည် ပြိုင်ဘက်များကို ခက်ခက်ခဲခဲဖြင့် အနိုင်ရသွားခဲ့သည်။ ဤရီဖူရှင်းသည် အသေးအဖွဲလေးသာ ဖြစ်သည်။ ယခုသူသည် နတ်ဘုရားကလန်၏ ရန်ဟောင်ကိုသာ မျှော်လင့်ချက် ထားနိုင်တော့သည်။ ရန်ဟောင်သည် ရှန့်ထိုအဆင့်တွင်သာရှိသေးသော ရီဖူရှင်းနှင့် ယူချင်းတို့အား တိုက်ခိုက်နေသည်။ ထိုသူသည် ရန်ဟောင်တစ်ပါးဖြစ်ရာ ထိုမျှအားနည်းမည်မဟုတ်ပေ။

…

ရီဖူရှင်းသည် လေထဲတွင် ပုံရိပ်ယောင်တစ်ခုချန်ထားရစ်ကာ လေထုကို ဖြတ်သန်းသွားသည်။ နတ်ဘုရားကလန်မှ ရန်ဟောင်၏အမည်မှာ ဝူမန်ဖြစ်သည်။ သူသည် ကောင်းကင်ထက်မှ ထိုနှစ်ယောက်ကို ထိတ်လန့်ဖွယ် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏စိတ်စွမ်းအားကို ဖြန့်ထုတ်လိုက်ပြီး ရီဖူရှင်း၏ ကိုယ်ပေါ်သို့ဖိနှိပ်လိုက်သည်။ ရှန့်ထိုအဆင့်မှလူတစ်ယောက်သည် သူ၏လက်မှ ထွက်ပြေးလို နေသည်လား။ မည်သို့ပြေးနိုင်ပါမည်နည်း။ သူသည် ရီဖူရှင်းအား စောစီးစွာ ရှင်းလင်းနိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိပေ။ ရီဖူရှင်းသည် တော်ဝင်ခန်းမ၏ ရတနာများကို ဖွင့်လှစ်နိုင်သည့်သူ ဖြစ်သည်။ အကယ်၍ သူသည် ရီဖူရှင်းကို ဖမ်းယူ၍ အတင်းဖိအားပေးကာ စည်းတံဆိပ်ကို ဖွင့်နိုင်သောနည်းကို ရနိုင်ခဲ့လျှင် ၎င်းသည် ရတနာကြီးတစ်ခုအား ပိုင်ဆိုင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထိုအရာမှာ တန်ဖိုးမဖြတ်နိုင်ပေ။ ဘုံတစ်ခုလုံးရှိ ထိပ်တန်းအင်အားစုအားလုံး၏ ရန်ဟောင်လက်နက်များ အားလုံးပေါင်းလျှင်ပင် ထိုရတနာပစ္စည်းနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ရီဖူရှင်းထံမှ စည်းတံဆိပ်ဖွင့်နိုင်သော နည်းကို ဖိအားပေးရယူနိုင်ခဲ့ပါက အရာရာသည် သူ၏အဆုံးအဖြတ်အောက်တွင်သာ ရှိနေမည်ဖြစ်သည်။ သူသည် အကျိုးအမြတ်အများဆုံး ရမည့်သူဖြစ်လာနိုင်ပေသည်။ အကယ်၍ သူသာ ရီဖူရှင်းကို သတ်လိုက်မည်ဆိုလျှင် မြင့်မြတ်ခန်းမမှရတနာအား မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ရီဖူရှင်း ထွက်ပြေးနေခြင်းကို မည်သို့မျှ သဘောမထားပေ။

အောက်ဘက်တွင် သူ့အားလိုက်နေသည့် အခြားရှန့်ထိုတစ်ယောက်လည်း ရှိနေသည်။ နတ်ဘုရားကလန်၏ ရန်ဟောင်သည် ထိုသူကို ရှိသည်ဟုပင် မထင်မှတ်ပေ။ ရှန့်ထိုအဆင့်မှသူများသည် သူ့အားမည်သို့ ယှဉ်နိုင်ပါမည်နည်း။ တောက်ပသောနတ်ဘုရားအလင်းများ ရပ်တံ့သွားပြီး ရီဖူရှင်းသည် လေထုအလယ်တွင် ရပ်တံ့လိုက်သည်။

ထိုနေရာသည် နေရာကောင်းတစ်ခု ဖြစ်သည်။ သူ၏စိတ်စွမ်းအားသည် သူ၏အမြန်နှုန်းဖြင့် မရောက်နိုင်သည့် အလွန်ဝေးကွာသော နေရာသို့တိုင် လွှမ်းခြုံထားနိုင်သည်။ ရန်ဟောင်၏ စိတ်စွမ်းအားပင်လျှင် ထိုအကွာအဝေးသို့ မရောက်နိုင်ပေ။ သူရပ်တံ့လိုက်ချိန်တွင် အောက်ဘက်မှ နေရောင်ခြည်စွမ်းအင်တစ်ခုသည် လေထုကို ဖြတ်ကျော်ပြီး သူရပ်နေသည့် မလှမ်းမကမ်းနေရာတွင် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ရန်ဟောင်၏ မောက်မာသောကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေခဲ့သည်။ ထိုသူသည် ဝူမန်ဖြစ်သည်။

ဝူမန်သည် သူထွက်ပြေးလာသည်ကို ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုခဲ့ကြောင်း ရီဖူရှင်းနားလည်ပြီး ဖြစ်သည်။ ရီဖူရှင်းသည် သူ၏အစီအစဉ်ကို နားလည်သဘောပေါက်ပြီးဖြစ်သည်။ မြင့်မြတ်ခန်းမမှ ရတနာများကို လက်ဝါးကြီး မအုပ်ချင်သည့်သူ မည်သူရှိမည်နည်း။ နတ်ဘုရားကလန်သည် ပြိုင်ဘက် မဟာမိတ်ဘက်မှ အားအကောင်းဆုံး အင်အားစုဖြစ်သည်။ ဝူမန်၏စိတ်ထဲတွင် သူ၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် မျှော်လင့်ထားပေသည်။

“မင်းဘာလို့ ထပ်ပြီးမပြေးတော့တာလဲ” ဝူမန်က ရီဖူရှင်းကို အလေးမထားဟန်ဖြင့် အမူအယာကင်းမဲ့သော မျက်နှာဖြင့် မေးလိုက်သည်။ ရီဖူရှင်းကို ထပ်ပြီး ထွက်ပြေးခွင့်ပြုတော့မည် မဟုတ်ပေ။ ရီဖူရှင်းပြုံးလိုက်ပြီး လက်ထဲရှိလှံနှင့်ဝူမန်ကိုရွယ်ကာ ပြောလိုက်သည်။

“ငါခုထိ ရန်ဟောင်တစ်ယောက်နဲ့ ထိပ်တိုက်မတိုက်ခိုက်ဖူးသေးဘူး။ ကံဆိုးတာက မင်းကပထမဆုံးပဲ”

“ကံဆိုးတာလား” ဝူမန်က ရီဖူရှင်းကိုစိုက်ကြည့်လိုက်သည်။ ရှန့်ထိုအဆင့်မှ သူတစ်ဦးက သူနှင့်ရင်ဆိုင်နေပြီး သူသည်ကံဆိုးသည်ဟု အမှန်တကယ်ပင်ထင်နေခဲ့သည်။ ထိုသည်မှာ အမှန်တကယ် လွန်လွန်းပေသည်။ “ မင်းအရင်က ရန်ဟောင်နဲ့ တစ်ခါမှမတိုက်ဖူးဘူးမလား။ မင်းမှာ အဲလိုအတွေ့အကြုံရှိလို့လား“ ဝူမန်ကမေးလိုက်သည်။

“အရင်က မကြာခဏ ရင်ဆိုင်ဖူးပေမယ့် ရန်ဟောင်တစ်ယောက်နဲ့ အမှန်တကယ် ရင်ဆိုင် တိုက်ခိုက်တယ်လို့ ယူဆလို့တော့မရဘူး။” ရီဖူရှင်းကပြောလိုက်သည်။ သူသည်ယခင်က ရန်ဟောင်များနှင့် တိုက်ခိုက်ခဲ့ ဖူးသော်လည်း ထိုတိုက်ခိုက်မှုများသည် စစ်မှန်သောတိုက်ပွဲများဟု သတ်မှတ်၍မရပေ။

“အံ့သြစရာ မဟုတ်ပါဘူး” ဝူမန်က ခေါင်းညိတ်ကာပြောလိုက်သည်။ “မင်းက ရန်ဟောင်နဲ့ တကယ်တမ်း ရင်ဆိုင်ခဲ့ရရင် အခုလိုပြောမှာ မဟုတ်ဘူး။ ဒီနေ့ငါ ရန်ဟောင်ဆိုတာ ဘာလဲဆိုတာ မင်းကိုသင်ပေးမယ်။” ထိုသို့ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှ ရန်ဟောင် နတ်အလင်းများသည် ပိုမိုတောက်ပလာပြီး မိုးကောင်းကင်သို့တိုင် ပြန့်နှံ့သွားကာ နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ထင်မှတ်ရသည်။

မဟာလမ်းစဉ် နတ်ဝင်ရိုးသည် ပေါက်ကွဲထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ရန်ဟောင်အလင်းများသည် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားစေသည်။ ကောင်းကင်ထက်မှ ရွှေစေတီများပေါ်လာပြီး ရီဖူရှင်းထံသို့ ဦးတည်ဆင်းသက်လာကြသည်။ ထိုနေရာသည် သီးခြားဖြစ်တည်လာပြီး သူ့ကိုယ်ပိုင်နယ်မြေပမာ ဖြစ်လာသည်။

ရန်ဟောင်၏ စိတ်စွမ်းအား။ ရီဖူရှင်းသည် သူ့အပေါ်သို့ ကျဆင်းလာနေသော ရွှေစေတီများကိုကြည့်လိုက်သည်။ ထိုစေတီတစ်ခုစီတိုင်းတွင် ထိတ်လန့်တုန်လှုပ် စရာကောင်းသော မဟာလမ်းစဉ်၏စွမ်းအားများ ပါ၀င်ပြီး ဖြစ်တည်မှုအားလုံးကို နှိမ်နင်းနိုင်သည့်ပမာ ထင်ရသည်။ ရန်ဟောင်အဆင့်မှ ကျင့်ကြံသူများ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်ပေသည်။

အတွေးတစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီးအား အမိန့်ပေး စေခိုင်းနိုင်စွမ်းရှိပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သူ၏စိတ်စွမ်းအင်အောက်တွင် ရှိပေသည်။ သူ၏စိတ်စွမ်းအားများ ရှိနေသည့်နေရာတိုင်းသည် သူ၏အမိန့်အာဏာအောက်တွင် ရှိပေသည်။ ထိုအမိန့်အာဏာ၏ လွှမ်းမိုးမှုအောက်တွင် ရှန့်ထိုအဆင့်ကျင့်ကြံသူတစ်ဦးသည် အလွန်သေးနုပ်သည့်ပုံပေါ်လေသည်။

ဘုန်း…

ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် မဟာလမ်းစဉ်၏မီးပြင်းဖိုကြီး ဖြစ်တည်လာသည်။  သူ၏ကိုယ်ခန္ဓာတွင် ကျင်း၊ခွန်း၊လီ၊ခန်စသော ရှေးဟောင်းစာလုံးများက ဝိုင်းရံထားသည်။ သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာသစ်ပင်၏ စွမ်းအားများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားများသည် သူ၏စိတ်ဝိညာဉ်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါသည် ပို၍တောက်ပလာသည်။ ထိုတိုက်ခိုက်ရေးစွမ်းအားများသည် ရန်ဟောင်အဆင့်ကဲ့သို့ပင် အလွန် အင်အားကြီးမားပေသည်။

တစ်ချိန်တည်းမှာပင် သူသည် နတ်ဆင်အင်ပါယာ၏ အရိုးတစ်သောင်းကို အသက်သွင်းလိုက်သည်။ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသော ဆင်အော်သံများ ထွက်ပေါ်လာသည်။ ရန်ဟောင်အဆင့် တိုက်ခိုက်ရေးစွမ်းအင်များပါဝင်သည့် နတ်ဆင်များသည် ထိုနေရာရှိ လေထုထဲတွင် ခြေထောက်များ ဆောင့်နင်းလိုက်ကြသည်။ ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်စေတီများနှင့် နတ်ဆင်များ တိုက်ခိုက်သွားကြပြီး ကျယ်လောင်သောအသံကြီး မြည်ဟည်းထွက်ပေါ်လာသည်။

ဝူမန် မအံ့ဩသွားပေ။ သာမန်ရှန့်ထိုကျင့်ကြံသူများသည် ရန်ဟောင်စိတ်စွမ်းအားကိုပင် ခံနိုင်ရည်မရှိကြသဖြင့် တိုက်ရိုက် သတ်ဖြတ်နိုင်ပေသည်။ သို့သော် ထိပ်တန်းအင်အားစုများ၏ ပါရမီရှင်အများစုသည် ရန်ဟောင်၏ စိတ်စွမ်းအင်ကို ခုခံတွန်းလှန်နိုင်ကြသည်။ ထိုသို့မဟုတ်လျှင် အခြားရန်ဟောင်နှစ်ယောက်သည် သူတို့၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် မည်သို့သေဆုံးမည်နည်း။

မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ရီဖူရှင်း၏ စွမ်းရည်သည် သံသယဖြစ်ဖွယ်မရှိချေ။ ဝူမန်က ထိုအကြောင်းကို ရှင်းလင်းစွာ သိပေသည်။ သို့သော် ရီဖူရှင်းသည် မည်မျှပင်အားကြီးစေကာမူ သူသည်အဆင့်ကွာခြားမှုကို မကျော်လွှားနိုင်ပေ။

သူကောင်းကင်ထက်သို့ လက်ညှိုးညွှန်လိုက်လျှင် ရန်ဟောင်စွမ်းအားများ ပြောင်းလဲသွားသည်။ ကောင်းကင်နှင့် သူ၏မဟာလမ်းစဉ်နတ်ဝင်ရိုးသည် စွမ်းအားများပြည့်နှက်လာခဲ့သည်။ ကောင်းကင်တွင် ဧရာမရွှေစေတီကြီး ထွက်ပေါ်လာပြီး လည်ပတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းလက်တောက်ပသော ရောင်ခြည်များထွက်ပေါ်နေသည်။

“ဆင်းသက်စမ်း။” သူ၏လက်ဖဝါးကို ပိတ်လိုက်လျှင် ချက်ချင်းပင် ရွှေစေတီသည် ရီဖူရှင်းထံသို့ ကျဆင်းသွားသည်။ လည်ပတ်နေသော ရွှေစေတီများသည် ကွဲပြားခြားနားသော နတ်အလင်းများထွက်ပေါ်နေကြသည်။ မုန်တိုင်းများ ကျဆင်းလာသည်။ ရီဖူရှင်းသည် သူ့အပေါ်မှဖိအားကို ခံစားမိပေသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် သူ၏အကန့်အသတ်အထိ ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် လေထဲသို့ တစ်လှမ်းတက်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် ကျယ်လောင်သော ဆင်အော်မြည်သံများ ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများ လွှမ်းခြုံထားသည့် လှံသည် သူ့ရှေ့ရှိ လေထုကို ဖြောင့်မတ်စွာ ထိုးဖေါက်သွားသည်။

ကလန်…

ကျယ်လောင်သော တိုက်ခတ်သံကြောင့် ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားသည်။ ရီဖူရှင်းသည် လှံရှည်ကို စေတီများဆီသို့ ပစ်လွှတ်လိုက်သည်။ ဧရာမစေတီအောက်ဘက်မှ သူ၏ပုံရိပ်သည် အလွန်သေးငယ်ပုံပေါ်နေသည်။ လည်ပတ်နေသော စေတီများမှထွက်ပေါ်လာသော နတ်အလင်းများသည် သူ့ကိုအလွယ်တကူ သေဆုံးသွားစေနိုင်သည်။ မဟာလမ်းစဉ်မုန်တိုင်းသည် သူ၏ကိုယ်ခန္ဓာကို လွှမ်းခြုံသွားသည်။

သို့သော် ရီဖူရှင်းသည် ခိုင်မြဲစွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားသည် သူ၏လှံရှည်ပေါ်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး ဧရာမရွှေစေတီပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ကျယ်သောမြည်ဟည်းသံနှင့်အတူ အက်ကွဲကြောင်းများ ပျံ့နှံ့ထွက်ပေါ်လာသည်။ စေတီသည် ပျက်စီးပြိုလဲသွားကာ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသည်။

“ကြည့်ရတာ ရန်ဟောင်တစ်ယောက်အစွမ်းက ဒါအကုန်ပဲလား” ရီဖူရှင်းက ဝူမန်ကိုကြည့်ကာ ပြောလိုက်သည်။

***

All Chapters