ဒီတော့ သူ့နာမည်က ဝမ်လင်းပေါ့
Vol. 129 Ch. 1784
မီးအစီအရင်၏အတွင်း၌ ဧရာမီးဘီလူးသည် ဦးညွှတ်နေရင်း ဝမ်လင်းက တည်ငြိမ်စွာ ရှေ့သို့ လှမ်းသည်။ ထိုမီးဘီလူးက ဝမ်လင်းကို ၎င်း၏လက်ပေါ်သို့ ခြေလှမ်းခွင့်ပြုကာ သူ့အား ခေါင်းပေါ်သို့ ပင့်မြှောက်လိုက်သည်။ ဝမ်လင်းက ထိုလက်ကနေ တဆင့် မီးဘီလူး၏ ဦးခေါင်းထက်သို့ တက်လှမ်းကာ ရပ်လိုက်၏။
ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။
ထိုဧရာမဘီလူးက ရုတ်တရက် ထရပ်ကာ ဝမ်လင်းညွှန်လိုက်သော နေရာသို့ မာန်သွင်းအော်ဟစ်လိုက်သည်။ ၎င်း၏အော်သံကြောင့် မီးချီလင်ကိုးကောင်မှာ ထရပ်၍ တုန်ရီသည်။ ယင်းတို့၏အမူအရာက ကြမ်းကြုတ်လာပြီး အော်ဟစ်လိုက်ကြသည်။
ဒြပ်စင်ငါးပါးဂြိုဟ်ပေါ်မှ လူများသည် သူတို့၏ဦးရေပြား ထုံထိုင်းသလို ခံစားလိုက်ရ၏။ ဝမ်လင်း လက်ညွှန်လိုက်သော နေရာကို တွေ့မြင်သည့်အခါ သူတို့၏စိတ်နှလုံးသည် အပြင်းအထန် ခုန်ပေါက်ကုန်သည်။ အကြောင်းမှာ သူတို့၏အမြင်၌ ဝမ်လင်းက ဝဲကတော့ရှိရာ၊ သူတို့ရှိရာသို့ လက်ညွှန်လိုက်သောကြောင့်ပင်။
ဧရာမမီးဘီလူးနှင့် ချီလင်ကိုးကောင်တို့က မျှော်စင်ပတ်လည်ရှိ ကျင့်ကြံသူရာချီနှင့် မျှော်စင်အတွင်းရှိ ကြေးမုံမှ တဆင့် ကြည့်ရှုနေသော လေးယောက်ထံ ဟိန်းသံပေးလိုက်ကြခြင်းပင်။
သည်ရုတ်တရက် ဟိန်းအော်သံကြောင့် မျှော်စင်ပတ်လည်ရှိ ကျင့်ကြံသူများသည် အလိုလို နောက်ဆုတ်ကုန်သည်။သူတို့၏မျက်နှာများက ဖြူရောကုန်၏။ ကျင့်ကြံမှုအဆင့်နိမ့်သူများဆို ပါးစပ်ထောင့်မှ သွေးများ စီးကျကုန်ကာ နောက်သို့ ခပ်ဝေးဝေးဆုတ်၍ ထိုင်ချလိုက်ရသည်။
သူတို့၏ ကြောက်လန့်သောအကြည့်များ ရှေ့၌ ဝမ်လင်းက ဧရာမမီးဘီလူး၏ ခေါင်းပေါ်တွင် ရပ်ကာ ချီလင်သားရဲကိုးကောင်က သူ့နောက်မှ လိုက်ပါလာကြသည်။ထိုဘီလူးက ရှေ့သို့ လှမ်း၍ ၎င်း၏လက်ကို ဝေ့ယမ်းသည်။
သည်ဝေ့ယမ်းချက်နှင့်အတူ မီးအစီအရင်လောကမှာ ရုတ်တရက် ပျက်စီးသွားလေသည်။
ထိုသို့ပျက်စီးသွားသည့်အခါ ဝဲကတော့အတွင်းရှိ ပုံရိပ်က ရုတ်တရက် ပြောင်းလဲသွား၏။ လူတိုင်း၏ရှေ့တွင် ပေါ်လာသည်မှာ ပင်လယ် ဖြစ်နေသည်။ထိုပင်လယ်မှာ အဆုံးအဆမဲ့ပြီး လှိုင်းများ ဝုန်းဝုန်းထနေသည်။
ထိုလောကရှိ ကောင်းကင်သည် မှိန်ဖျော့၍ တိမ်စိုင်များ ပြည့်နေ၏။ လျှပ်စီး၊မိုးကြိုးအရိပ်အယောင် လုံးဝ မရှိပါဘဲ မိုးများသာ သည်းထန်စွာ ရွာကျနေသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။
ထိုပင်လယ်၏အထက်၌ ကြောက်မက်ဖွယ်လှိုင်းများ ရုန်းကြွနေ၏။ လှိုင်းများကြား၌ အပြာရောင်လှံရှည်ကိုင်ထားသော သက်လတ်ပိုင်းလူ တစ်ယောက် ပေါ်လာသည်။ သူက သူ့အင်္ကျီလက်အိုးများကို ပင့်မြှောက်လိုက်သည်။
“ဒြပ်စင်ငါးခုကောင်းကင်ဘုံသား ရေဗိုလ်ချုပ်…။ ဒါက ငါတို့ကောက်ရီကလန်ရဲ့ အရှင်ရေဗိုလ်ချုပ်ပဲ…”
“အရှင်ရေဗိုလ်ချုပ်ဟာ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံနေတာ။ အခု သူ ပေါ်လာပြီ။ ဒီကျူးကျော်သူက ရေအစီအရင်မှာ ရှင်သန်နိုင်စွမ်း မရှိလောက်တော့ဘူး…”
“အရှင်ရေဗိုလ်ချုပ်မှာ ပြီးပြည့်စုံတဲ့ရေစိတ်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတယ်။ သူ အစီအရင်အတွင်းမှာ ရှိနေတဲ့အချိန်ဆို သူ့စွမ်းအားဟာ များစွာ တိုးတက်နေလိမ့်မယ်။ ဒီ ကျူးကျော်သူ သေမှာ သေချာသွားပြီ…”
ထိုသက်လတ်ပိုင်းလူ ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကောက်ရီကလန်မှ ကျင့်ကြံသူများသည် ခွန်အားသစ် ရလာကာ စိတ်လှုပ်တရှား ဖြစ်လာကြ၏။
နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ရှိ အဘိုးအိုတစ်ယောက်က အော်ဟစ်ကာ ပြောလိုက်၏။
“ကောက်ရီကလန်ရဲ့ ရောင်းရင်းတွေ၊ တစ်စုံတစ်ယောက်က ငါတို့ကို စော်ကားရန်စခဲ့ပြီး ဖြစ်တယ်။ ငါတို့က သူ့ကို တလေးတစား ဆက်ဆံခဲ့ပေမဲ့ သူ့မောက်မာမှုက အစွန်းရောက်နေပြီ။ သူက ငါတို့အစီအရင်ကို ချိုးဖျက်ခဲ့တဲ့အပြင် စိတ်ဝိညာဉ်ငါးခုထဲက နှစ်ခုကိုပါ အတင်းကာရော ယူသွားခဲ့သေးတယ်…”
“သူဟာ ကျူးကျော်သူတစ်ယောက်ပဲ။ ငါတို့ သူ့ကို ဘယ်လိုလုပ် ခွင့်လွှတ်ပေးလို့ ရပါ့မလဲ…” ထိုအဘိုးအို၏အသံက ကြမ်းရှကာ သူ့မျက်လုံးထဲတွင် မုန်းတီးမှုတို့ ပြည့်နေသည်။
“ဒါအမှန်ပဲ။ ဒီလူရဲ့ နာမည်ဟာ ဝမ်လင်း။ ငါ သူ့အကြောင်း နည်းနည်းတော့ သိထားတယ်။ သူဟာ ဒြပ်စင်ငါးခုဂြိုဟ်အပြင်ဘက်မှာ ကျော်ကြားပြီး အလွန်ရက်စက်တဲ့သူတစ်ယောက်ပဲ။ သူ သွားတဲ့နေရာတိုင်း အားလုံးအသက်ခံရပြီး သူဟာ အသက်ရှင်လျက် တစ်ယောက်ကိုမျှ မချန်ထားတတ်ဘူး…”
နောက်တစ်ယောက် လှမ်းလျှောက်လာကာ အော်ဟစ်၍ ပြောလာ၏။ “တခါတုန်းကလည်း ထျန်မိသားစုတစ်စုလုံးဟာ သေမျိုးတွေအပါအဝင် သူ သတ်ပစ်တာ ခံခဲ့ရသေးတယ်။ လူငယ်၊လူအို ဘယ်သူ့ကိုမှ သူ အလွတ်မပေးခဲ့ဘူး…”
“ငါတို့ အကြီးအကဲနန်ဒူက ဒီဝမ်လင်းနဲ့ တွေ့ခဲ့ချိန်တုန်းကလည်း သူဟာ သေမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့ပြီး အမျိုးသမီးကျင့်ကြံသူတွေကိုပါ အမြတ်ထုတ်နေခဲ့တာ။ အကြီးအကဲက ကြားဝင်ခဲ့ပေမယ့် သူ့ကို မသတ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျင့်ကြံရတာဟာ ခက်ခဲလို့ပဲ။ ဒါပေမဲ့ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာတဲ့နောက် ကျေးဇူးသိတတ်သူ ဖြစ်ရမယ့်အစား သူဟာ ငါတို့ ဒြပ်စင်ငါးခုဂြိုဟ်ကို လာသတ်ဖြတ်နေတယ်။ သူက ဒီနေရာကို အကြီးအကဲနန်ဒူကို တွေ့ဖို့ လာခဲ့တာလို့ ပြောခဲ့ပေမဲ့ အမှန်တော့ ငါတို့ရဲ့ ကောက်ရီကလန်ကို ဖျက်စီးဖို့ သူ ရောက်လာခဲ့တာ…”
“ဒီလောက်အရှက်မဲ့၊ကျေးဇူးမသိတတ်တဲ့လူမျိုးကို ငါတို့ ဒြပ်စင်ငါးခုဂြိုဟ်က ဘယ်လိုကြောင့် ဝင်ခွင့်ပြုလို့ ရပါ့မလဲ။ ဒီမကောင်းဆိုးဝါး ကျင့်ကြံသူကို လူတိုင်းက သတ်ပစ်သင့်တာ။ သူ့ကို သတ်ပစ်လိုက်တာဟာ မရေမတွက်နိုင်တဲ့လူများစွာကို ကယ်တင်ရာလည်း ရောက်တယ်။ လူတိုင်းပဲ။ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်နေပေမဲ့ ငါတို့မှာ လူပိုများတယ်။ သူကတော့ တစ်ယောက်တည်း…”
ထိုစကားလုံးများသည် ပိုပို၍ များပြားကာ ပျံ့လာ၏။ သိပ်မကြာခင်တွင် ဝမ်လင်းအကြောင်း မသိထားသောလူများသည် သည်စကားလုံးများကို စတင် ယုံကြည်လာ၏။ သူတို့က ဝဲကတော့အတွင်းရှိ ဝမ်လင်းကို ဒေါသတကြီး၊ မုန်တီးစွာ ကြည့်ကြသည်။
ဝမ်လင်းသည် ထိုစကားများကို မကြားပေ။ သူ ကြားသိလျှင်လည်း သူက တစ်စက်လေးမျှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သည်အခိုက်တွင် သူက မီးဘီလူး၏ဦးခေါင်းထက်တွင် ရပ်နေလျက် မီးအစီအရင်ထံမှ လှမ်းလျှောက်ထွက်လာ၏။ သူ၏ရှေ့တွင် ကျယ်ပြောသောပင်လယ်တစ်ခု ရှိနေကာ ကောင်းကင်ယံမှ မိုးများ ရွာကျနေသည်။ ထိုမီးဘီလူး၊ ချီလင်ကိုးကောင်တို့ပေါ်သို့ ကျရောက်ကာ တစီစီအသံများကို ဖန်တီးနေသည်။
ဒြပ်စင်ငါးခု၌ ရေနှင့်မီးသည် လုံးဝ အတူတွဲ၍ မရှိနိုင်ကြပေ။ ရေအစီအရင်အတွင်း၌ ချီလင်ကိုးကောင်က မာန်ဖီလိုက်ကြ၏။
ဝမ်လင်း၏ရှေ့၌ သက်လတ်ပိုင်းလူက တလှိမ့်လှိမ့်လှိုင်းများပေါ်တွင် ရပ်နေသည်။ သူက အပြာရောင်လှံကို ကိုင်ဆွဲကာ ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး ဝမ်လင်းကို အေးစက်စက် ကြည့်၏။
“ဝမ်လင်း…” ဝမ်လင်းက လှမ်းကြည့်လိုက်သည့်အခါ ထိုလူက ရုတ်တရက် မာန်သွင်း၏။ သူက လေထဲသို့ ခုန်တက်သည်။ သူ့ခြေထောက်အောက်တွင် လှိုင်းများ ပေါ်လာ၏။ ထိုလှိုင်းများက ဝမ်လင်းကို ခြေမွရန် တိုးဝင်လာသည်။
ထို့နောက်တွင် ရေနရံလေးခုက ပေါ်လာကာ ဝမ်လင်းကို အတွင်း၌ လုံးဝ ချိပ်ပိတ်ပစ်၏။
တစ်ချိန်တည်းမှာ သက်လတ်ပိုင်းလူကာ လေထဲကနေ ဝမ်လင်းထံ လှံချက် ထိုးစိုက်သည်။
သူ့ခန္ဓာကိုယ်မှာလည်း လှံနှင့်အတူ ရွှေ့လျားလာကာ အပြာရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၏။ ထိုလူ ရှေ့သို့ ရွှေ့လျားလာစဉ် ကောင်းကင်ထက်ရှိ တိမ်စိုင်များသည် ပိုသိပ်သည်းလာပြီး မိုးများ စတင် ရွာကျသည်။ ရေလှံကြောင့် ဖြစ်ပေါ်သော မိုးက သူ့နောက်တွင် ကပ်ပါလာ၏။
အဖြစ်အပျက်မှာ မြန်လွန်းသည်။ ဝမ်လင်းနောက်ရှိ ချီလင်ကိုးကောင်က မာန်သွင်းအော်ဟစ်ကာ ထိုလှံထဲသို့ တရကြမ်း ဝင်လာ၏။ သို့သော် ယင်းတို့မှာ ချက်ခြင်းပင် ကြောက်မက်ဖွယ်လှိုင်းများ၏ တိုက်ချခြင်း ခံလိုက်ရသည်။
ရေနရံ ပျက်စီးပြိုလဲပြီး ရေလှံ ဝေ့ခတ်လာသည့်အခါ ပင်လယ်ပြင်က ဝမ်လင်းနှင့် ဧရာမမီးဘီလူးတို့ကိုပါ တိုက်စားလာသည်။
ဝမ်လင်းက ပင်လယ်ထဲ၌ လုံးဝ နစ်မြုပ်သွားကာ လှံကလည်း ရေပြင်ကို ထိုးစိုက်လာ၏။
ထိုသက်လတ်ပိုင်းလူက အေးစက်စက်ကြည့်၍ ဂုဏ်ဝင့်စွာ ပြောလာ၏။ “ဒီလောက်ကျင့်ကြံမှုအဆင့်လေးနဲ့…။ ငါဟာ ရေစိတ်ဝိညာဉ်ပဲ။ ဒါ့ကြောင့် ဒီအစီအရင်အတွင်းမှာဆို ငါဟာ နတ်ဘုရားပဲ။ မင်းရဲ့ မီးအနှစ်သာရဟာ ဒီနေရာမှာဆို ဘာမှ အသုံးမဝင်ဘူး…”
သူ့စကားသံများ ပဲ့တင်ထပ်လာသည့်အခါ ကောက်ရီကလန်မှ ကျင့်ကြံသူအားလုံးသည် ချီးကျူးထောပနာ ပြုလိုက်ကြ၏။
“အခု အရှင်ရေဗိုလ်ချုပ် ထွက်လာတော့ ဘယ်သူက ခုခံနိုင်မှာလဲ…။ သူက ဘယ်လောက်ပဲ မီးနဲ့ ပတ်သတ်လို့ အစွမ်းထက်ပါစေ အရှင်ရေဗိုလ်ချုပ်ရှေ့မှာဆို ငြှိမ်းသေခံရမှာပဲ…”
“အရှင်ရေဗိုလ်ချုပ်ဟာ တတိယအဆင့်ကို ဝင်ရောက်ပြီးသားသူ။ ဒီကျူးကျော်သူက ခုခံဖို့ ဘာများ အရည်အချင်း ရှိလို့လဲ…”
မျှော်စင်ပတ်လည်မှ ကျင့်ကြံသူများထံမှ အားပေးချီးကျူးသံများ ထွက်ပေါ်လာနေသည်။ သက်လတ်ပိုင်းလူက လှံရှည်ကို ကိုင်ကာ မာန်အပြည့်ဖြင့် ပြောလိုက်၏။
“ဝမ်လင်း…မင်း ဒဏ်ရာ ရသွားပြီ။ ဒီနေရာကနေ ထွက်သွားလိုက်တော့…”
သူ ထိုသို့ ပြောပြီးရုံ ရှိသေး အောက်ဘက်ရှိ ပင်လယ်ထံမှ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာသည်။ ရေထုမှာ လေထဲ မြင့်တက်လာပြီး ရေလိုက်ကာစများက ရေဗိုလ်ချုပ်၏ အမြင်ကို ပိတ်ဆို့သွားလေ၏။ ရေဗိုလ်ချုပ်က အောက်သို့ ဆင်းသာလာရန် ဟန်ပြင်သည်။ သို့ပေမည့် ထိုအခိုက်တွင် သူ့နောက်မှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ ဒီမှာ…”
ရေဗိုလ်ချုပ်၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူက တဖက်သို့ လှည့်လိုက်သည်။ ဝမ်လင်းက ရေထဲမှ လှမ်းထွက်ကာ သူ့ညာလက်ဖြင့် ရေဗိုလ်ချုပ်ကို ရိုက်ချလိုက်၏။ ဝမ်လင်း၏အနှစ်သာရများနှင့် ရှေးစွမ်းအားက ရေဗိုလ်ချုပ်၏ခန္ဓာကိုယ်ထံ တရကြမ်း ဝင်ရောက်သွား၏။ သူ၏ကိုယ်တင်းအင်္ဂါငါးခုပျက်စီးကာ အရိုးများ ကြေမွကုန်၏။ သူ့အသွေးအသားတို့မှာလည်း ကွဲထွက်လုနီးနီး ဖြစ်သွားရသည်။ ရေဗိုလ်ချုပ်က သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။
သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး သူ့ချပ်ဝတ်ပေါ်၌ အက်ကြောင်းများ ပေါ်လာသည်။ သို့ပေမည့် ထိုချပ်ဝတ်က မပျက်စီးသွားပေ။ ထိုအစား အသက်ဓာတ်များစွာက ထိုအက်ကြောင်းထံမှ ထိုးထွက်ကာ ရေဗိုလ်ချုပ်၏ အဓိကဒဏ်ရာများကို ပြန်ကောင်းမွန်စေဖို့ အကူအညီ ဖြစ်စေသည်။
ဝမ်လင်းက အံ့အားသင့်သွားကာ တဖြည်းဖြည်း လှမ်းလာလေ၏။
“တော်တော်ထူးခြားတဲ့ချပ်ဝတ်ပဲ။ မင်းဟာ တတိယအဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ ဒီချပ်ဝတ်ကြောင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို ထုတ်ဖော်နိုင်နေတယ်။ ဒါပေမဲ့လည်း ဒီချပ်ဝတ်မှာ ချွတ်ယွင်းချက် ရှိတယ်။ မင်းက ဒါကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ ဒီချပ်ဝတ်ကို မင်း ထိန်းချုပ်တာ မဟုတ်တော့ဘဲ ချပ်ဝတ်ကသာ မင်းကို ထိန်းချုပ်သွားတာ…”
ဝမ်လင်း၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပေါ်လာ၏။ အတားအဆီးအနှစ်သာရကြောင့် သူသည် ပြောင်းလဲမှုများကို တွေ့မြင်နိုင်စွမ်း ရှိပေသည်။ သူက ဒီချပ်ဝတ်၏လျှို့ဝှက်ချက်ကိုပါ မြင်နိုင်စွမ်း ရှိ၏။
သူက သာမန်သာ ပြောလိုက်သော်လည်း သူ့စကားများက ရေဗိုလ်ချုပ်ကို အကြောက်တရားနှင့် ပြည့်နှက်သွားစေသည်။
သည်အခိုက်တွင် စက်ဝန်းငါးခု၏အပြင်ဘက်၌ ဆန်းကြယ်လှသော မဟာအင်ပါယာရွှမ်လော ရှိနေပြီး ဖြစ်ပျက်သမျှကို ကြည့်နေသည်။
ဝမ်လင်း၏စကားများကို ကြားသည့်အခါ မဟာအင်ပါယာရွှမ်လောက ပြုံး၏။
“ဒီတော့ ဒီကောင်လေးက ဝမ်လင်းပေါ့။ သိပ်ကောင်းတယ်…သိပ်ကောင်းတယ်။ ကောက်ရီကလန်ရဲ့ ချပ်ဝတ်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတောင် အတော်လေး ကျော်ကြားလှတယ်။ သူက ဒီချပ်ဝတ်ကို ဖြတ်မြင်နိုင်စွမ်းရှိနေတာပဲ။ သိပ်ကောင်းတယ်…”