← Chapters

စကြာဝဠာရေတစ်စက်

Vol. 129 Ch. 1785

စကြာဝဠာရေတစ်စက်

Vol. 129 Ch. 1785

ရေဗိုလ်ချုပ်၏ ကြောက်ရွှံ့မှုသည် သည်ပင်လယ်လှိုင်းကြီးများလောက် ရှိနေပေပြီ။ သည်ချပ်ဝတ်မှာ ဘိုးဘေးများက သူ့ကို ပေးခဲ့ခြင်း ဖြစ်၏။ သူက သည်ချပ်ဝတ်ကို အချိန်အကြာကြီး အသုံးပြုခဲ့ပြီး ဖြစ်ကာ တဖြည်းဖြည်း သူ့သွေးမျိုးဆက်ဖြင့် ၎င်းပေါ်သို့ ပေါင်းစပ်ခဲ့သည်။

ထိုချပ်ဝတ်မရှိပါက သူသည် စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်ပေလိမ့်မည်။ သည်ချပ်ဝတ်နှင့် သူက တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်၏။ သို့ပေမည့် သည်ချပ်ဝတ်မှာ အလွန်ထူးဆန်းသည်။ သူ ၎င်းကို ဝတ်ဆင်လိုက်သည်နှင့် သူ့စိတ်မှာ အကန့်အသတ် ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်မှာလည်း ၎င်း၏ ခြယ်လှယ်ခြင်း ခံရသည်။

ဘိုးဘေးက ဒီချပ်ဝတ်ကို သူ့အား ပေးခဲ့သည့်အခါက ဘိုးဘေးက ရှေးလျှို့ဝှက်ချက်တစ်ခုကိုပါ ပြောပြခဲ့သည်ကို မှတ်မိသေး၏။ ဒီချပ်ဝတ်မှာ ရှားပါးလှ၏။ ၎င်းကို သန့်စင်ဖို့ အလွန်ခက်ခဲသည်။

ချပ်ဝတ်တိုင်းက အလွန်တန်ဖိုးရှိ၍  အပြင်လူတစ်ယောက် ယူဆောင်၍လည်း မရနိုင်ပေ။

ရေဗိုလ်ချုပ်၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်မှာ ဝမ်လင်း၏ တိုက်ခိုက်မှုများက သည်ချပ်ဝတ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာစေပြီး သူ၏ခန္ဓာကိုယ် တစစီဖြစ်သွားစေခြင်းပင်။ ထိုချပ်ဝတ်ထံမှ အသက်ဓာတ်အားက သူ့ကို ကယ်တင်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးနှင့်နေပြီ ဖြစ်၏။

သူ့ကို အလွန်တရာ ထိတ်လန့်သွားစေသည်မှာ အကြည့်တစ်ချက်ဖြင့် ဝမ်လင်းက ဒီချပ်ဝတ်၏ လျှို့ဝှက်ချက်ကို မြင်နိုင်ခြင်းပင်။ သည်လိုအမြင်မျိုးနှင့်စွမ်းအားက ရေဗိုလ်ချုပ်ကို စိတ်ထဲ၌ စိမ့်ခနဲ ဖြစ်သွားစေ၏။

ဝမ်လင်း လှမ်းကြည့်လိုက်သည့်အခါ ရေဗိုလ်ချုပ်က ဝမ်လင်း၏မျက်လုံးထဲရှိ သွေးစင်းကြောင်းများကို တွေ့မြင်၏။ ထိုသွေးစင်းကြောင်းများထဲ၌ သူ့ကို တခဏတာ အသိစိတ်လွတ်သွားစေသော စည်းမျဉ်းအချို့ ပါဝင်နေ၏။

“ဒီချပ်ဝတ်ကို ချွတ်လိုက်။ ငါ မင်း အသက်ကို ချမ်းသာပေးမယ်…”  သည်အခိုက်တွင် ဝမ်လင်းနှင့်ရေဗိုလ်ချုပ် ပတ်လည်ရှိ ရေများမှာ ပြိုဆင်းကျကာ လူတိုင်း၏အမြင်ကို ပိတ်ဆို့ထားသော ရေလိုက်ကာစသည် ဖယ်ရှားခြင်း ခံရ၏။ ကောက်ရီကလန်မှ ကျင့်ကြံသူများသည် သူတို့ရေဗိုလ်ချုပ်၏ သနားဖွယ်အခြေအနေကို တွေ့မြင်သည့်အခါ အစောပိုင်းအပျော်ကနေ နိုးထလာရကာ ငြိမ်သက်ကုန်၏။

ရေဗိုလ်ချုပ်၏အမူအရာက အလွန်သုန်မှုန်နေ၏။ ဝမ်လင်း၏စကားများက သူ့စိတ်နှလုံးကို အပြင်းအထန် ခုန်ပေါက်စေသည်။ သူက အံတင်းတင်းကြိတ်ကာ နောက်ဆုတ်မိ၏။ ထို့နောက် သူသည် နောက်သို့ ခုန်ထွက်ကာ သူနှင့်ဝမ်လင်းကြား အကွာအဝေးတစ်ခု ခြားစေသည်။

ဝမ်လင်းက နောက်ဆုတ်နေသော ရေဗိုလ်ချုပ်ကို အေးစက်စက် ကြည့်နေ၏။ သူက ရေဗိုလ်ချုပ်သည် ရေလှံကို ပင့်မြှောက်လိုက်သည်အား တွေ့မြင်၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်။

ဝမ်လင်းသည် လှိုဏ်ဂူလောကမှ မဟုတ်သူများကို မည်သည့်သနားညှာတာမှုမျှ ပြသမည် မဟုတ်ပေ။

“မင်းက သေချင်နေတာပဲ…” ဝမ်လင်းက ရေဗိုလ်ချုပ်ထံသို့ လှမ်းလာ၏။

ရေဗိုလ်ချုပ်၏မျက်နှာမှာ ဖြူရောနေ၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ လှံရှည်ကို အောက်ဘက်ရှိ ပင်လယ်ထဲသို့ ပစ်သွင်းလိုက်၏။ ရေလှံက တလျှံလျှံတောက်ပကာ အောက်ဘက်ရှိ ပင်လယ်ကို တုန်ဟည်းသွားစေသည်။

“ငါ့ရေစိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့…ရေစွမ်းအား စုဝေးစေ…”  ရေဗိုလ်ချုပ်က သူ့အောက်ဘက်ရှိ ပင်လယ်ထံသို့ သွေးတစ်ပွက်အန်ထွက်လိုက်သည်။ သူ့လက်နှစ်ဖက်ကိုလည်း ပင်လယ်ထံသို့ ဆန့်ထုတ်သည်။

ထိုသို့ဖြင့် ပင်လယ်လှိုင်းများသည် တဝုန်းဝုန်း မြည်ဟိန်းလာသည်။ သူ့လက်နှစ်ဖက် ဆန့်ထုတ်လိုက်သည်နှင့် ပင်လယ်တစ်ခုလုံး ဆူပွက်ကာ မြင့်တက်လာချေသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းသည် တုန်လှုပ်ဖွယ် မြင်ကွင်းပင်။ ပင်လယ်တစ်ခုလုံးသည် လေထဲသို့ မြင့်တက်ကာ ဝမ်လင်းထံ ဦးတည်လေ၏။

တစ်ချိန်တည်းမှာ ရေဗိုလ်ချုပ်က သွေးထပ်မံ အန်ထုတ်သည်။ သူက ဘယ်လက်ဖြင့် ကောင်းကင်ထက်သို့ ဆန့်တန်းသည်။

“တိမ်စိုင်ဖွင့်လှစ်၊ မြူထု ပြန့်ကြဲ။ ပင်လယ်ကနေ မိုးစက် ဖြစ်ပေါ်စေ….”  ရေဗိုလ်ချုပ်၏ဘယ်လက်မှာ တုန်ယင်၏။ တိမ်စိုင်များအားလုံး ပျက်စီးသည်။ ကောင်းကင်ယံ၌ နောက်ထပ်ပင်လယ်တစ်ခု ပေါ်လာသည်ဟု ထင်ရကာ ရုတ်တရက် ကျဆင်း၍ အောက်ဘက်ရှိ ပင်လယ်နှင့် ချိတ်ဆက်သည်။ ထိုနှစ်ခု အတူတကွ ပေါင်းစည်းကာ ဧရာမရေလုံးကြီးတစ်လုံး ဖြစ်ပေါ်သည်။

ထိုရေလုံးက ပင်လယ်၏အရောင် ပိုင်ဆိုင်၏။ ၎င်း၏အရွယ်အစားမှာ အဆုံးအစမဲ့သည်။ ၎င်းမှာ ရေဖြင့် ပြုလုပ်ထားသော ဂြိုဟ်အငယ်အစားတစ်ခုနှင့်ပင် တူနေသေးသည်။

“စကြာဝဠာရေတစ်စက်…”  ရေဗိုလ်ချုပ်က အံတင်းတင်းကြိတ်ကာ ဘိုးဘေးလက်ဆင့်ကမ်းပေးခဲ့သော မန္တာန်ကို ပြီးပြည့်စုံစေသည်။ သူ၏အသွေးအသားတို့မှာ သွေ့ခြောက်လာ၏။ သူ့ချောမောသောမျက်နှာထက်တွင် ရုပ်စိုးသော ပြည်ဖုများ ပြည့်နှက်လာသည်။

သူ၏ခန္ဓာကိုယ်ထံမှ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ပေါက်ကွဲထွက်လာ၏။

ခုချိန်၌ သူက ချပ်ဝတ်အတွင်းရှိ စွမ်းအားအားလုံးကို အသုံးပြုလိုက်ပြီး ဖြစ်သည်။

သူ၏ရှေ့တွင် ဧရာမရေလုံးကြီးက အရူးအမူး လှည့်ပတ်နေ၏။ ၎င်းသည် လှည့်ပတ်နေရင်း မြန်သောနှုန်းဖြင့် သိပ်သည်းလာသည်။ ၎င်းကအရွယ်အစားတစ်ခုသို့ ကြုံ့သွားသည့်အခါတိုင်း အတွင်းရှိ ဖိအားသည်  အဆမတန် တိုးပွားလာသည်။

ထိုဧရာမရေလုံးကြီးကို ရေတစ်စက်အဖြစ်သို့ သိပ်သည်းနိုင်ပါက ၎င်းအတွင်း၌ ကြယ်အဖွဲ့အစည်းတစ်ခု ရှိနေလျှင်ပင် ၎င်းမှာ ပြိုလဲပျက်စီးသွားနိုင်လောက်မည်။

ဤသည်မှာ ရေစွမ်းအားပင်။ ရေအနှစ်သာရ၏စွမ်းအားပင်။

ဝမ်လင်းသည် ရေလုံးအတွင်း၌ ရှိနေကာ ရေ၏လှုပ်ရှားမှုကို စောင့်ကြည့်နေ၏။ ရေထံမှ ဖိအားသည် အဘက်ဘက်မှ ထွက်ပေါ်ကာ အဖျက်အစီးအားတစ်ခုကို ပေးစွမ်းနေသည်။

ဝမ်လင်းက သူ့ပတ်လည်ရှိ ရေထုကို စိုက်ကြည့်လျက် သူ့မျက်လုံးတို့မှာ အရောင်တောက်လာသည်။ သူက စိတ်လှုပ်ရှားဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။

“ဒါဟာ ရေအနှစ်သာရရဲ့ စွမ်းအားပဲ…”  ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက ပို၍ အားကောင်းလာသည်။

“ဒီနေရာကနေ ထွက်သွားဖို့က လွယ်တယ်။ ဒီရေဗိုလ်ချုပ်ကို သတ်ရတာက ပိုတောင် လွယ်သေးတယ်။ ဒါပေမဲ့ ဒါက ရခဲတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီချပ်ဝတ်ကြောင့် ရေဗိုလ်ချုပ်ဟာ ရေအနှစ်သာရကို ဖန်တီးလိုက်ပြီ။ ဒီအားဟာ ငါ့ရှေ့မှာ အဆက်မပြတ် ပြောင်းလဲနေတယ်။ ငါသာ ဒါကို နားလည်နိုင်လိုက်ရင် ငါ့ နောက်ထပ်အနှစ်သာရတစ်ခု ထပ်ပိုင်ဆိုင်ချင် ပိုင်ဆိုင်လာမှာ…”

ဝမ်လင်း မျှော်လင့်ထားသလိုပင် ဤသည်မှာ ဖြစ်ခဲလှ၏။ အထူးသဖြင့် ရေဗိုလ်ချုပ် ထိန်းချုပ်ထားသော ရေအနှစ်သာရမှာ သာမန်မဟုတ်လေပေ။ ၎င်းမှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ ကောက်ရီကလန်မှ အထူးနည်းလမ်းတစ်ခုဖြင့် ဖြစ်ပေါ်စေသော ရေအနှစ်သာရ ဖြစ်၏။ သည်ရေအနှစ်သာရမှာ ရေအနှစ်သာရကို အမြင့်မားဆုံးနားလည်ခြင်းကနေ ပေါ်ထွက်လာသောအရာပင်။

ဤသည်မှာ ဝမ်လင်းရှေ့၌ အရာအားလုံးကို ဖော်ထုတ်ပြသသည်နှင့် တူပေသည်။

ဝမ်လင်းက သည်အခွင့်အရေးမျိုးကို မည်သို့ လက်လွှတ်ပေးပါ့မည်နည်း။

သူ့ပါရမီက သာမန်သာ ဖြစ်သော်လည်း သူ၏နားလည်မှုနှင့်မြင်နိုင်စွမ်းက အလွန်အားကောင်းပေ၏။ မဟုတ်ပါက ဝမ်လင်းသည် အနှစ်သာရများကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည် အရင်တုန်းက ရေအနှစ်သာရကို မကြုံဖူးသည် မဟုတ်ပေ။ အတိတ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ရေဒြပ်စင်ကို စုပ်ယူခဲ့ချိန်နှင့် ရှေ့ဖြစ်ဟောသူက သူ့အား ရေအနှစ်သာရတစ်စက်ကို ပေးအပ်ခဲ့ချိန်၌ ဝမ်လင်းသည် ရေအနှစ်သာရလမ်းကြောင်းကို လျှောက်လှမ်းဖို့ လမ်းညွှန်မှုတစ်ခု ရရှိခဲ့ပြီးပင်။

ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်လာ၏။ သူက အချိန်ဖြုန်းမနေတော့ဘဲ သိပ်သည်းနေသော ရေလုံးအတွင်း၌ ထိုင်ချ၏။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ကာ သူက သူ၏ရှေ့ရှိ ရေလုံးအတွင်းမှ ပြောင်းလဲမှုမှန်သမျှကို စောင့်ကြည့်နေသည်။

သည်ပြောင်းလဲမှုများမှာ ပုံစံအသွင် မရှိလေပေ။ သို့သော် သူ့မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပေါ်လာသည့်အခါ ဝမ်လင်းသည် သဲလွန်စအချို့ကို တဖြည်းဖြည်း တွေ့ရှိလာသည်။ သူ၏မျက်လုံးက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေပြီး သူက ရေအနှစ်သာရအတွင်းရှိ ပြောင်းလဲမှုများကို မှတ်သားထားနေသည်။

ဝမ်လင်းကလွဲ၍ တခြားသူများသည် ဒီအချက်ကို သတိပြုနိုင်ဖို့ ခက်ပေမည်။ ရေဗိုလ်ချုပ်သည်လည်း သတိမပြုမိပေ။ သူ၏အမူအရာက ကြမ်းကြုတ်နေကာ သူ့မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှု အရိပ်အမြွက်ပင် ရှိလို့နေသေးသည်။

သူက ရေလုံးကို စိုက်ကြည့်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖန်တီးကာ ရေအနှစ်သာရကို ပိုပို၍ သန်မာလာစေပြီး ရေလုံးကို ပိုမြန်ဆန်စွာ ကြုံ့လာစေသည်။ အမွှေးတိုင်တစ်တိုင်ဝက်စာ အတွင်း ရေလုံးသည် အဆုံးအစမဲ့အရွယ်အစားကနေ ပေထောင်သောင်းချီသာ ရှိတော့၏။

သည်ရေလုံးအတွင်းရှိ အနှစ်သာရသည် ပို၍ အားကောင်းလာ၏။

“မင်းရဲ့ ကျင့်ကြံမှုက ကောင်းကင်ကို ဖိဆန်ရင်တောင် ဒီစကြဝဠာရေတစ်စက်နဲ့ဆို ငါ့မန္တာန်ရဲ့ စွမ်းအားဟာ များစွာ တိုးတက်လာမှာ။ ငါမင်းကို ရေတစ်စက်အဖြစ် ညှစ်ချေပစ်ပြီး သေတဲ့အထိ သန့်စင်ပစ်မယ်…”   ရေဗိုလ်ချုပ်က ချိပ်ဟန်များကို အရူးအမူး ဖြစ်ပေါ်နေစေကာ ရေလုံးကို ထိရိုက်သည်။ သူ့ရိုက်ချက်တိုင်းက ချပ်ဝတ်၏စွမ်းအားကို ရေလုံးအတွင်းသို့ ရောက်ရှိစေကာ ပိုမြန်ဆန်စွာ ကြုံ့စေလေသည်။

ဝမ်လင်းသည် ရေဗိုလ်ချုပ်ကို ကျေးဇူးတင်မိလုနီးနီးပင်။ ရေဗိုလ်ချုပ်၏ အပြုအမူများက ဝမ်လင်းကို ရေအနှစ်သာရအတွင်းရှိ အပြောင်းအလဲများကို ပိုမြင်စေကာ သူ၏နားလည်မှုကို ပိုကောင်းမွန်စေသည် မဟုတ်လား။

ပေထောင်သောင်းချီ‌ရေလုံးက တစ်ဝက်တိတိ ကြုံ့လာ၏။ ရေဗိုလ်ချုပ်က စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်သည်။ သို့သော် သူ့စွမ်းအားများ ကုန်ခမ်းလေသည့်အလား သူသည် ပင့်သက်ရှိုက်မောဟိုက်လာသည်။

ရေဗိုလ်ချုပ်က ကောင်းကင်ထက်သို့ မော့ကြည့်ကာ မာန်သွင်းလိုက်၏။ “နန်ဒူ…ငါ့ကို ကူညီပေးအုံး…”

သူ ထိုသို့ အော်ဟစ်လိုက်သည့်နောက် ကောင်းကင်ထက်၌ ဝဲကတော့တစ်ခု ပေါ်လာ၏။ သတ္တုစွမ်းအားက ထွက်ပေါ်လာကာ ချက်ခြင်း ပျံ့နှံ့သည်။

ဒြပ်စင်ငါးခုထဲမှ သတ္တုရေ။ လူများသည် သတ္တုရေနှင့် ပတ်သတ်၍ အမြင်အမျိုးမျိုး ရှိကြ၏။ တချို့က သတ္တုသည် ရေအဖြစ်သို့ ပျော်ဝင်သည်ဟု ဆိုကြသည်။ တခြားသူများက ရေသည် သတ္တုပေါ်တွင် စုဝေးလာသည်ဟု ယုံကြည်ကြသည်။

သို့ပေမည့် မည်သူက မှန်သည်ဖြစ်စေ ရှေးကာလတလျှောက် သတ္တုသည် ရေကို မွေးဖွားပေးနိုင်သည်ဟု ယုံကြည်ကြ၏။

ဤသည်မှာ တကယ့်အမှန်တရားပင်။ သတ္တုဒြပ်စင် ရောက်ရှိလာသည့်နောက် ဝမ်လင်းပတ်လည်ရှိ ရေများက ပိုမြန်ဆန်စွာ ကြုံ့လာ၏။ ရေဗိုလ်ချုပ်၏ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဝမ်လင်း…မင်း သေပြီ…”

ထိုအခိုက်တွင် ဒြပ်စင်ငါးခုဂြိုဟ်အပြင်ဘက်၌ ဆန်းကြယ်သောမဟာအင်ပါယာ ရွှမ်လော၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူက ဖြစ်ပျက်နေသည်ကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်ရသည်။ သူက ငိုရမလား၊ ရယ်ရမလားမသိ ဖြစ်နေ၏။

“ဒါက သူ့ကို ဘယ်လိုလုပ် သန့်စင်နိုင်တာ ဖြစ်ပါ့မလဲ။ ဒါဟာ သူ့ကို ရေအနှစ်သာရ နားလည်အောင်လို့ ကူညီပေးသလိုပဲ ဖြစ်နေတာ။ ဒီကောင်လေးဟာ ရှေးတောက်သွေးမျိုးဆက် ပိုင်ဆိုင်ထားပေမဲ့ ကောင်းကင်ဘုံသားတွေရဲ့ မန္တာန်တွေကိုလည်း ကျွမ်းကျင်တယ်။ ဒါဟာ ရှားပါးလှတယ်…”

“သူ့ခန္ဓာကိုယ်ထဲမှာလည်း အနှစ်သာရခုနစ်ခု ရှိနေသေးတယ်။ ဒါဟာ သာမန်ထက် ထူးကဲတယ်။ လူတစ်ယောက်ရဲ့ မျက်လုံးထဲက သွေးစင်းကြောင်းကို အသုံးပြုပြီး အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်ခဲ့တာ။ ငါ ဒီလိုလုပ်ခဲ့တဲ့သူမျိုး အရင်က လုံးဝ မမြင်ဖူးခဲ့ဘူး။သူက ရှေးလူနဲ့ကောင်းကင်ဘုံသား တွဲလျက် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတာပဲ…”

All Chapters