ပုံရိပ်ယောင်မြင်ကွင်း ကွဲအက်သွားခြင်း
Vol. 56 Ch. 780
စုမင်က အံ့ဩမင်သက်နေလေသည်။ ထိုအသံက မှိန်းဖျော့သော်လည်း သူ့နားထဲသို့တိုးဝင်လာသည်။ သူ့ကိုယ်သူကြက်သွေးရောင်မီးလျှံဂြိုလ်သခင်ဟုပြောသောအသံပိုင်ရှင်သည် စုမင်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
“မိတ်ဆွေလေး..ငါ့ကို မကြောက်ပါနဲ့..မင်းက ငါ့ရဲ့ အသံကို ကြားနိုင်တဲ့ တစ်ဦးတည်းသော သူပဲ..ပဉ္စမြောက်အသူရာပဋိညာဉ်အကြောင်း နောက်မှပြောကြမယ်..အခု ငါ မင်းကို ဒီအခက်အခဲကို ကျော်ဖြတ်ဖို့ ကူညီမယ်...ချိပ်တံဆိပ်ရဲ့ စွမ်းအားက ကျန်နေသေးပြီး ငါ့ခန္ဓာကိုယ်မှာ စွမ်းအားတစ်စက်မှမရှိဘူး..ငါ့ကိုယ်က မလှုပ်ရှားနိုင်တော့ဘူး..မင်းပဲ ငါ့ဆီကို လာခဲ့ပါ..”
စူးရှသောအသံက စုမင်ဧ။်နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူ့မျက်လုံးများက သိသိသာသာ လင်းလက်လာသည်။ သူက ခရမ်းရင့်ရောင်ကျောက်ရည်ပူထဲရှိအရိုးစုကို ပြန်လှည့်မကြည့်ခဲ့ပေ။
ထျန်းလင်းက သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည် ။ သူ ရယ်မောနေရင်း သူ့မျက်မနှာတွင် ရူးသွပ်မှုနှင့် ဝမ်းနည်းမှုများ ထွက်ပေါ်လာသည်။ သူ့နှလုံးသားထဲရှိ ဝမ်းနည်းပူဆွေးမှုများကို နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သည်။ ထိုအချိန်မှာပင် သူ့ရင်ထဲက ခံစားချက်များပေါက်ကွဲထွက်လာသည်။
“မင်းက ငါ့ကိုရွေးချယ်ခိုင်းနေတာပေါ့..ဒါဆိုရင် ငါ မင်းနဲ့အတူသေမယ်...”
ထျန်းလင်းက သူ့ညာဖက်လက်ကို သူ့ရင်ဘတ်ပေါ် ဖိလိုက်သည်။ စုမင်က ထျန်းလင်း၏ကိုယ့်ခန္ဓာ အပိုင်းပိုင်းဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ထျန်းလင်း၏နတ်ဘုရားအာရုံသာ ကျန်တော့သည်။
သို့သော် သူက ဤအခြေအနေတွင် ကြာကြာ မရှင်သန်နိုင်ပေ။ သူ၏နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသောဤခန္ဓာကိုယ်မှာ သူ့ခန္ဓာကိုယ်ကိုသန့်စင်ပြီးမှလာရသောအရာမဟုတ်ပေ။ သူက နတ်ဘုရားအာရုံကို အစစ်အမှန်ခန္ဓာကိုယ်ဖြင့် နေရာပြောင်းလဲခြင်းမှ ရရှိလာခြင်းဖြစ်၏။ သူက စွမ်းအားအများကြီးရအောင် ကိုယ်တိုင်လောင်ကျွမ်းရန် ရွေးချယ်ခဲ့သည်။ ထို့ပြင် သူ့၏နတ်ဘုရားအာရုံက အထောက်အပံ့ဖြစ်သောရုပ်ခန္ဓာမရှိခြင်းကြောင်း သည်အတိုင်းလွင့်စင်သွားလိမ့်မည်။
သူက သေခြင်းတရားကို ရွေးချယ်ခဲ့သည်။ ထိုလုပ်ရပ်က သူ့ရွေးချယ်မှုပင်ဖြစ်၏။ သူကိုယ်တိုင်ဖျက်စီးခြင်းကို ရွေးချယ်ခဲ့သည်။ သူသေရမည်ဆိုလျှင် သူ့ရန်သူကျင့်နန်ကျစ်ကိုတိုက်ခိုက်ရင်း သေဆုံးချင်ခဲ့သည်။
“ထျန်းမျိုးနွယ်ရဲ့ဘိုးဘေးများ...ဘိုးဘေးတို့က သားမြေးထျန်းလင်းက တာဝန်မကျေတဲ့သားတစ်ယောက်ပါ. ဒီနေ့ကျုပ်ရဲ့အသက်ကိုရင်းပြီး ကလဲ့စားချေမယ်.. ကျေးဇူးပြုပြီး ကျုပ် ဒီလူကို သတ်နိုင်အောင် ကောင်းကင်ဘုံကဘိုးဘေးတွေ ကူညီကြပါအုံး..”
ထျန်းလင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သောစွမ်းအားတစ်ခုထွက်ပေါ်လာသည်။ သူ၏နတ်ဘုရားအာရုံက အညို ရောင်သစ်ခေါက်အဖြစ်လျင်မြန်စွာ ပြောင်းလဲသွားသည်။
သူ့လက်ညိုးမှ အကိုင်းအခက်များစွာ တိုးထွက်လာပြီး သူ့ခန္ဓာကိုယ်က သစ်ပင်စွမ်းအားများဖြင့် ပြည့်နေသည်။
“သူ့နတ်ဘုရားအာရုံကို သစ်ပစ်နဲ့ပေါင်းစပ်လိုက်တာပဲ..”
စုမင်၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ထျန်းလင်း၏ရူးသွပ်မှုနှင့်သူ့တွင်ဖြစ်ပျက်ခဲ့သောအရာများကို မျက်ဝါးထင်ထင်တွေ့ခဲ့ရသည်။ ဤသည်မှာ သူက သေခြင်းတရားကို ဂရုမစိုက်တော့ဘဲ သူ့ဘ၀တွင် သူစုဆောင်းနိုင်သည့် အပြင်းထန်ဆုံးသော စွမ်းအားဖြစ်သည်။ပြောရလျှင် ထျန်းလင်က သူ့သေတွင်းသူတူးပြီးမှ ရရှိသောစွမ်းအားဖြစ်သည်။
ကျင့်နန်ကျစ်သည် လေထဲ၌ ရပ်နေလေ၏။သူက အနီရောင် လှံရှည်ကို ကိုင်ရင်း သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်လုံးထဲတွင် သွေးဆာနေသောအကြည့်ရှိနေပြီး သရော်ပြုံးပြုံးလိုက်သည်။
“မင်းက ထျန်းမိသားစုထဲမှာ သွေးမျိုးဆက်အပျစ်ဆုံးဆိုတာကို ငါသတိထားမိခဲ့တယ် ဒါ့ကြောင့် မင်းကို အသက်ချမ်းသာပေးခဲ့တာ ဒါပေမဲ့ မင်းကို မပြောင်းလဲနိုင်ခဲ့ဘူး.. မင်းသွေးထဲက ဇာတိပြတာပဲ..”
ကျင့်နန်ကျစ်က သူ့ညာလက်ရှိ လှံရှည်ကို ရှေ့သို့ ပစ်ချလိုက်သည်။
“ဗုန်းးးးးဗုန်းးးးးး...”
ကျင့်နန်ကျစ်ရှိလေထုက အက်ကွဲပျက်စီးသွားပြီး အပျက်အစီးများကြောင့် ရှေ့ကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ထို့နောက် လှံက ထျန်းလင်းဆီသို့ ဦးတည်သွားခဲ့သည်။
ထျန်းလင်းက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ သူ့ကျင့်ကြံစွမ်းအားက လောင်ကျွမ်းပြီး ဆူပွက်လာသည်။ သူ့အရှိန်က အဆပေါင်းများစွာ တိုးလာပြီး သူထုတ်လွှတ်လိုက်သောဖိအားက ကျင့်နန်ကျစ်၏စွမ်းအားထက်တောင် သာလွန်သွားသည်။
“ဗုန်းးးးဗုန်းးးးးဗုန်းးးး...”
ဤလူနှစ်ယောက်က လေထဲ၌ ကြိမ်ဖန်များစွာ အပြန်အလှန် ထိုးနှက်ကြသည်။ သူတို့ အချင်းချင်း တိုက်ခိုက်လိုက်တိုင်း ထျန်းလင်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကိုယ်ပေါ်ရှိ နေရာအတော်များများ အပိုင်းပိုင်း ကွဲသွားလေသည်။ သို့သော် ထိုနေရာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်ဆုံးတွင် သူ့နတ်ဘုရားအာရုံက သစ်ပင်နှင့်ပေါင်းစည်းနေပြီဖြစ်၏။ သစ်ပင်တစ်ပင်သည် ပုံမှန်အားဖြင့် မယုံနိုင်လောက်အောင် ကြီးထွားပြီး ၎င်း၏အသက်စွမ်းအားမှာလည်း များပြားလွန်းလှသည်။
ထို့ကြောင့် ထျန်းလင်းက ဒဏ်ရာရခဲ့လျှင်ပင် သူ၏အထွတ်အထိပ်အခြေအနေသို့ ချက်ချင်းပြန်သွားနိုင်ခဲ့သည်။ လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်တွင် ကြီးမားသောအောင်မြင်မှုကိုရရှိသူ ထျန်းလင်းက သစ်ပင်နှင့်ပေါင်းစပ်လိုက်လျှင် ထိုနယ်ပယ်၏အလယ်လတ်အဆင့်စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။ သူက ကျင့်နန်ကျစ်ကို လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သည်။
ထိုနေရာတစ်ဝိုက်တွင် ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ထပ်မံပျံ့နှံ့လာချိန်၌ ကျင့်နန်ကျစ်က လှံကိုကိုင်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“တော်တယ်..ထျန်းမိသားစုရဲ့ကောင်လေး..အမှန်တော့ မင်းငါ့ကိုစိတ်မပျက် စေခဲ့ဘူး..တကယ်တော့ ထျန်းမိသားစုဟာ မြင့်မြင်တဲ့ယင်လောကမှာ ကျော်ကြားခဲ့တယ်..မင်းရဲ့ဘိုးဘေးတွေ ပုန်ကန်တာ မကျရှုံးခဲ့ဘူးဆိုရင် မင်းမိသားစုပိုင်ဆိုင်တဲ့အမွေအနှစ်တွေက သိမ်းယူခံရမှာမဟုတ်ဘူး...”
ကျင့်နန်ကျစ်၏ မျက်လုံးများက အလွန်တောက်ပလာခဲ့သည်။ သူက အလင်းတန်းရှည်အဖြစ်သို့ပြောင်းပြီး ထျန်းလင်း၏ရှေ့တွင် ပေါ်လာသည်။
“ဗုန်းးးး...”
သူတို့ကြားရှိ ဟင်းလင်းပြင်များ ကွဲအက်သွားသည်။ အားပြင်းသော စွမ်းအားလှိုင်းလုံးများက နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသော ကျယ်လောင်သောပေါက်ကွဲသံကြီးကို လှုံဆော်ပေးသည်။
ထျန်းလင်း၏ မျက်နှာက မည်းမှောင်နေ၏။ သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ကျင့်နန်ကျစ်ပြောသောစကားက သူဧ။်လျှို့ဝှက်ချက်မဟုတ်ပေ။ သူက ရှေ့သို့ပြေးသွားပြီး အစောင့်ကို ထပ်မံတိုက်ခိုက်သည်။
စုမင်က မာန်နတ်ဘုရားရုပ်တုပေါ်တွင်ရပ်နေကာ သူ့ဆံပင်များက ပျံ့လွင့်နေသည်။ ယခင်က သူ့လက်ထဲတွင် လူသတ်ဓါးကို မြဲမြံစွာဆိုင်ကိုင်ထားသော်လည်း ယခုမူ လက်ကို အနည်းငယ် ဖြေလျော့လိုက်သည်။ သူက စစ်မြေပြင်သို့ အလျင်စလိုမပြေးခဲ့ပေ။ သို့သော် အရိုးစုခိုင်းထားသည့်အတိုင်း ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်နားကိုလဲ မသွားပေ။
စုမင်က ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်က သူ့ကိုကမ်းလှမ်းသည့်နည်းလမ်းကို အသုံးပြုရန် မရွေးချယ်ခဲ့ပေ။ နောက်ဆုံးတော့ လူတွေက ရက်စက်ယုတ်မာကြသည်။ သူသာ သတိလက်လွတ်ဖြစ်သွားလျှင် သေကိန်းဆိုက်လိမ့်မည်။
စုမင်က ရုပ်တုပေါ်တွင် ငြိမ်သက်စွာ ရပ်နေပြီး လူသတ်ဓားကို လက်ထဲတွင် ကိုင်ထားသည်။ သူ၏ဘယ်ဘက်မျက်လုံးတွင် နေပုံသဏ္ဍာန်က တဖြည်းဖြည်းပေါ်လာပြီး သူ၏ညာဘက်တွင် တောက်ပနေသောလခြမ်းပုံသဏ္ဍာန်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်စုမင် ၏နှလုံးသားထဲတွင် ကြယ်တစ်ပွင့်ပေါ်လာသည်။
“ ကြယ်၊ နေနဲ့လတို့ရဲ့ပုံရိပ်ယောင်စွမ်းရည်...”
ထိုအချိန်တွင် စုမင်က ထိုစွမ်းရည်ကို ထျန်းလင်းနှင့်အပြင်းအထန်တိုက်ခိုက်နေသောကျင့်နန်ကျစ်ပေါ်တွင် အသုံးချခဲ့သည်။ ဤစွမ်းရည်က အခြားသူများမခုခံနိုင်သော အရာဖြစ်သည်၊ နည်းနည်းသာသတိလက်လွတ်ဖြစ်သွားလျှင် ပုံရိပ်ယောင်စွမ်းရည်ထဲ နစ်မြုပ်သွားမည်ဖြစ်သည်။
ကျင့်နန်ကျစ်၏နှလုံးသားထဲတွင် အန္တရာယ်အငွေ့အသက်က ဒီရေပမာတိုးလာသည်။ သူ့မျက်လုံးများက တောက်ပနေသော်လည်း ထိုအန္တရာယ်၏အရင်းအမြစ်ကို မစစ်ဆေးနိုင်ခင်မှာပင်......
“ကျင့်နန်ကျစ်...”
စုမင်က ကျယ်လောင်စွာအော်ခေါ်ပြီး မာန်နတ်ဘုရားရုပ်တုပေါ်မှ ခုန်ချလိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး၊ မာန်နတ်ဘုရားရုပ်တု၏ဟိန်းဟောက်သံနှင့် ရောနှောသွားခဲ့သည်။
“ကျင့်နန်ကျစ်...”
“ကျင့်နန်ကျစ်...”
“ကျင့်နန်ကျစ်...”
ဤပဲ့တင်သံများက လေထုကို ပြည့်လျှံစေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံ၏စွမ်းအားနှင့်တူသော ဟိန်းဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ကျင့်နန်ကျစ်...”
ထိုအသံက ထျန်းလင်း၏နားထဲသို့ ရောက်ရှိလာပြီး ကျင့်နန်ကျစ်၏ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ သူ၏ ပေါ့လျော့မှုကြောင့် စက္ကန့်ပိုင်းမျှပင် သူ့စိတ်ထဲ လွတ်သွားခဲ့သည်။ ထိုအသံက သူ့ဝိညာဉ်ကိုဆင့်ခေါ်နေသလိုခံစားရပြီး စုမင်ဆီ အလိုလိုကြည့်ရန်တွန်းအားပေးခံခဲ့ရသဘည်။ သူ မြင်လိုက်ရတာက စုမင်မမဟုတ်ဘဲ နေနှင့်လ၏အလင်းရောင်ပင်ဖြစ်သည်။ သူက နေနှင့်လကိုမြင်လိုက်ရစဉ် ကြယ်တစ်ပွင့်ဖြစ်သွားသလို ခံစားရသည်။ သူ့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ချက်ချင်းပင်ထွက်ပေါ်လာသည်။
သူ့အမြင်အာရုံ ကြည်လင်လာသောအခါတွင် တောက်ပသော အပြုံး၊ ညင်သာသော အကြည့်နှင့် သူ့ဆီသို့ ဆန့်ထားသော လက်တစ်ချောင်းကို မြင်လိုက်ရသည်။ ထိုလက်ပေါ်ရှိ အရေးအကြောင်းများက ကြမ်းသော်လည်း အခြားသူများ အားကိုးနိုင်သည့် နွေးထွေးမှုနှင့် ခိုင်ခံ့မှုတို့ကို ပေးစွမ်းသည်။
“အကိုကြီး…”
ကျင့်နန်ကျစ် အံ့အားသင့်သွားသည်။သူက အသက်နှစ်ဆယ်ကျော်ရှိပုံရပြီး ဒေါင်ကောင်းကောင်းလူငယ်ကို ကြည့်လိုက်သည်။ ထိုသူ၏နောက်ကျောမှာ ဓားကြီးတစ်ချောင်း ချိတ်ဆွဲထားသည်။ ထိုအချိန်တွင် သူ၏ညာလက်ကို ကျင့်နန်ကျစ်ဆီသို့ ကမ်းလှမ်းထားသည်။
“ညီလေး မင်း ဘာလို့ငိုနေတာလဲ..ကောင်းကောင်းလေ့ကျင့်ထားပါ..အနာဂတ်မှာ ငါတို့ နဂါးငွေ့တန်းကို အတူတူစူးစမ်းကြည့်ရအောင်”
ကျစ်နန်ကျစ်က အတိတ်ကသူ့ကိုယ်သူပြန်မြင်သည်။ ထိုအချိန်တွင် သူက အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ခန့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက ဆံပင်တိုပြီး ပိန်ပါးသည်။ ထိုအချိန်တွင် သူ ငိုနေခဲ့တာကို
မှတ်မိလေသည်။ ထိုမြင်ကွင်းက လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပြီးသူ့စိတ်ထဲတွင် သူ့အကိုကြီးနှင့် သက်ဆိုင်သည့်အဖိုးတန်ဆုံးမှတ်ဉာဏ်ဖြစ်၏။
သို့သော် ၎င်းသည် သူ မမှတ်မိချင်ဆုံးသော အမှတ်တရတစ်ခုလည်းဖြစ်သည်။ ယခုတိုင် ထိုမြင်ကွင်းက သူ့မျက်လုံးများရှေ့တွင် ပေါ်လာပြီး မယုံနိုင်လောက်အောင် တကယ့်အစစ်အမှန်ဖြစ်သည်။
“ယောက်ျားဆိုတာက ဖြောင့်မတ်တည်ကြည်ရမယ်..ညီလေး မင်းက တော်တော်စိတ်အားငယ်တတ်တာပဲ..အဲဒါကို ငါမကြိုက်တာပဲ..ဒါပေမဲ့ ငါ မင်းဘေးနားမှာ ရှိပေးမယ်..ဒီရက်တွေမှာ မင်းရဲ့အကျင့်တွေ ပြင်ပေးမယ်...”
ကျင့်နန်ကျစ်၏ နားထဲတွင် သူ့အကိုကြီး၏အသံနှင့် ပဲ့တင်ထပ်နေလေသည်။ သူ့မျက်လုံးရှေ့ရှိမြင်ကွင်းက ပြောင်းသွားသည်။ သူ့ကိုယ်သူ ကြီးပြင်းလာသည်ကို မြင်သော်လည်း သူ့မျက်နှာပေါ်ရှိစိတ်အားငယ်သောအကြည့်က ပို၍ထင်ရှားနေပြီး မဖျောက်ပစ်နိုင်ခဲ့ပေ။ သူ့အစ်ကိုရှေ့ရောက်မှသာလျှင် သူ့အမူအရာက တောက်ပသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
“ကျုပ်က သူ့အကိုကြီးပါ..သူလုပ်ခဲ့တဲ့အမှားအတွက် ကျုပ်ရဲ့အသက်ပေးပါ့မယ်...”
ကျင့်နန်ကျစ်က သူ့မှတ်ဉာဏ်ထဲက အဖြစ်အပျက်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်ရှိအပြုံးများက အေးခဲသွားပြီး ဝမ်းနည်းပူဆွေးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာက သူ့ဘဝ၏ အလှည့်အပြောင်းတစ်ခုပင်ဖြစ်၏။ ၎င်းက သူ့ဘဝကို ပြောင်းလဲစေခဲ့သော အမှတ်တဖြစ်ပြီး သူသေဆုံးသွားလျှင်တောင် ဘယ်တော့မှ မမေ့နိုင်သော အရာတစ်ခုပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အစ်ကိုကြီးက ဆုံးပါးသွားသောကြောင့်ဖြစ်၏။
ကျင့်နန်ကျစ်က သူ့ကိုယ်သူ တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။ သူ့အကိုကြီးက ဓားကို လက်ထဲတွင်ကိုင်လျက် သူ့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့ရှေ့မှာ အဘိုးကြီးတစ်ယောက်ကို တွေ့ရသည်။ အဘိုးကြီးက ခံစားချက်မဲ့သောအမူအရာဖြင့် အကိုကြီးအား ကြည့်နေသည်။ ထိုအဘိုးကြီး၏နောက်တွင် ပို၍ပင်ခက်ထန်နေသောမိန်းကလေးတစ်ဦးရှိသည်။ သူမက ကျင့်နန်ကျစ်ကို ရွံရှာစွာ ကြည့်နေသည်။
“ကျုပ်က ချန်နန်..သူ့အစ်ကိုကြီးပါ..သူက ငယ်သေးတယ်..သူ့အစား ကျုပ်သေမယ်..”
ကျင့်နန်ကျစ်က သူ့အကိုကြီးက နောက်ပြန်လှည့်ကာ သူ့ကို နူးညံ့စွာ ပြုံးပြသည်ကို တွေ့လိုက်ရသည်။ အစ်ကိုကြီးကပြုံးလိုက်ရင်း သူ့လည်ပင်းကို ဓါးဖြင့်ထိုးနှက်လိုက်သည်။ သူ့လည်ပင်းများ သွေးများ ဒလဟောစီးကျလာစဉ် ကျင့်နန်ကျစ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“မင်းရဲ့အပြစ်အတွက် မင်းရဲ့အကိုကြီးက သေသွားပြီဆိုတော့ ငါကျေအေးလိုက်မယ်...”
ကျင့်နန်ကျစ်က တုန်လှုပ်သွားသည်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည် ။ ထိုအရာက သူ့ခေါင်းထဲရှိ အနာကျင်ဆုံး မှတ်ဥာဏ်ပင်ဖြစ်၏။ သူက ထိုအမှတ်တရကို သူ့စိတ်ဧ။်နက်နဲရာမှာ မြုပ်နှံထားချင်ခဲ့သော်လည်း ယခု သူ့ကို ပြန်ကြည့်ရန် တွန်းအားပေးနေလေသည်။
အဘိုးကြီးနှင့်မိန်းကလေးထွက်သွားပြီးနောက် အကိုကြီး၏အလောင်းဘေးတွင် ဒူးထောက်နေခဲ့သည်။ရက်အနည်းငယ်ကြာပြီးနောက် သူ့ဆံပင်များ နီရဲလာပြီး ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်လိုစိတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ့မျက်လုံးများက ခံစားချက်မဲ့သွားကာ သူ့တွင်ကျန်ခဲ့သောအရာမှာ သွေးဆာလောင်မှုပင်ဖြစ်သည်။
သူက သူ့အကိုကြီးအလောင်းကို ကိုက်စားနေပြီး အရိုးများကိုတောင် ကြိတ်ချေနေလေသည်။ သူ့ပါးစပ်ထဲတွင် အသားစ၊ သွေးများနှင့်ပြည့်နှက်နေလေသည်။
“အစ်ကိုကြီး..ငါမင်းနဲ့အတူနေမယ်.. ငါက မင်းပဲလေ..အခုကစပြီး ငါက ချန်နန် မဟုတ်တော့ဘူး.. ငါ့နာမည်က ကျင့်နန်ပဲ”
ကျင့်နန်ကျစ်က ကြေကွဲစွာ ရယ်မောရင်း အဆုံးမဲ့ နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားသည်။ ထိုဝေဒနာက သူ၏ရုပ်ခန္ဓာနှင့် သူ၏စိတ်ဝိညာဉ်နှစ်ခုလုံးမှ ဆင်းသက်လာသည်။ ပြင်းထန်လွန်းလှသောနာကျင်မှုက သူ့ရှေ့ရှိအတိတ်ကအမှတ်တရများကို ဖြိုခွဲပစ်လိုက်သည်။
အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသောအခါ ကျင့်နန်ကျစ်က သတိပြန်ဝင်လာလေသည်။ သူက ဂူထဲတွင်ရှိနေပြီး ထျန်းလင်းက သူ့အား အစွမ်းကုန် အဆက်မပြတ် တိုက်ခိုက်နေလေသည်။
အမှန်တော့ စောစောကသူ့ပါးစပ်ထဲက သွေးစများက ထျန်းလင်း၏တိုက်ခိုက်မှုကြောင့်ရရှိခဲ့သောဒါဏ်ရာပင်ဖြစ်သည်။