ပြသနာအိုးလေး
Vol. 56 Ch. 769
စုမင်မှာ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားမှန်း ထျန်းလင်းကသိလေသည်။ သင့်တော်သောအချိန်တစ်ခုခု၌ သူက
စုမင်၏သရုပ်မှန်ကို မြင်ချင်နေ၏။ထို့ပြင် အခြားလူများကလည်း သူတို့၏ကျင့်ကြံဆင့်များကို ဖုံးကွယ်ထားကြောင်း သူသိလေသည်။ လူအများစုက ထိုသို့ဖုံးကွယ်ထားပြီး သရုပ်မှန်ကို ပြသရန် ခက်ခဲနေ၏။
တကယ်တော့ တစ်စုံတစ်ယောက်က နတ္ထိအနှစ်သာရနယ်မြေမှာ စွမ်းရည်အားလုံးကိုထုတ်သုံးခဲ့လျှင် သူတို့မှာလျှို့ဝှက်ချက်တစ်ခုမှ ရှိတော့မှာ မဟုတ်ဘဲ လူတိုင်းက သူတို့၏အရည်အချင်းစစ်စစ်ကို
သိလာလိမ့်မည်။ ထို့အပြင် ထိုလူက အချိန်တိုအတွင်း ကျင့်ကြံစွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ခက်ခဲမည်ဖြစ်ပြီး
အနာဂတ်တွင် သူတို့ကို စောင့်ဆိုင်းနေသည့် အဆုံးမရှိသော ပြဿနာများလည်း ရှိနေဦးမည်ဟု ဆိုလိုသည်။
သို့သော်လည်း ယခုအချိန်တွင် သူတို့က ကျဉ်းထဲကျပ်ထဲ ရောက်နေလေသည်။ ထျန်းလင်းက လိမ္မာပါးနပ်ပြီး မည်သူ့ကိုမှ နှောင့်ယှက်ရန် အချိန်မရှိပေ။ သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ့အခြေတည်နတ်ဘုရားမှကျင့်ကြံစွမ်းအားများ ဖိတ်စင်လာသည်။
စူးစူးရှရှ ဝီစီသံများက သူတို့နှင့် နီးကပ်လာလေလေ ပို၍ ကြည်လင်ပြတ်သားလာ၏။ ဤသည်မှာ အနီရောင်အသားမျှင်များက သူတို့နှင့် လျင်မြန်စွာ နီးကပ်လာကြောင်းကို ညွှန်ပြနေသည့် လက္ခဏာဖြစ်သည်။
သူတို့ကို စောင့်မျှော်နေသည့် တစ်ခုတည်းသော အရာမှာ ဘေးဒုက္ခဖြစ်သည်။
လုံလီ၏မျက်လုံးများတွင် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ စိန်ပုံသဏ္ဍာန်အကြေးခွံငါးခုက သူ့မျက်ခုံးအလယ်တည့်တည့်တွင် ချက်ချင်းပေါ်လာသည်။ ထိုကြေးခွံများက စွဲမက်ဖွယ်ကောင်းသော အလင်းရောင်ဖြင့် လင်းလက်တောက်ပလာသောအခိုက်တွင် ရတနာဘူးသီးခြောက်က သူ့ညာလက်တွင် ချက်ချင်းပေါ်လာသည်။
သူ့ဘယ်ဘက်လက်ကို မြှောက်ကာ ဘူးသီးခြောက်ကို လွှဲယမ်းလိုက်သည်။ ထို့နောက် သူ့လျှာဖျားကိုကိုက်ကာ သွေးအန်လိုက်ရသည်။ ထို့နောက် ဘူးသီးထဲရှိ အနက်ရောင်ပုံရိပ်ငါးခုက ချက်ချင်းပင် လွင့်ထွက်လာသည်။ လုံလီက ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်သောအခါ ပုံရိပ်ငါးခုမှအသူရာနတ်ဘုရားအငွေ့အသက်ပျံ့နှံ့သွားကာ တတိယမြောက်အလင်းမျက်နှာပြင်ဆီသို့ ဦးတည်သွားကြသည်။
ထိုအချိန်တွင် စွန်းခုန်း၏အမူအရာသည် မယုံနိုင်လောက်အောင် လေးနက်သွားသည်။သူ့ ညာလက်ကို မြှောက်ပြီး နဖူးကို ရိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ့လက်ချောင်းဆယ်ချောင်းစလုံး၏ လက်သည်းများက ခုနစ်လက်မအရှည်အထိ တိုးထွက်လာသည်။ လက်သည်းအားလုံးက တုနှိုင်းမရသောထက်မြိမှုကို ပိုင်ဆိုင်ကြပြီး ပိုရှည်လာသည်နှင့်အမျှ လေထုကို ပိုင်းဖြတ်လိုက်ကြသည်။ သူက ကျယ်လောင်စွာဟိန်း ဟောက်လိုက်ပြီးနောက် ရောင်စုံအလင်းတန်းကိုးခုကို အဆက်မပြတ် ထုတ်လွှတ်လိုက်၏။
ဓားတစ်ချောင်း၊ လှံတစ်ချောင်း၊ ဓားတစ်ချောင်း၊ ပုဆိန်တစ်ချောင်း၊ ဓါးသွားပါပုဆိန်၊ ချိတ်ကောက်၊ ခက်ရင်းခွနှင့် သားရဲအစွယ်တို့က လေထဲတွင် ပေါ်လာသည်။ အလင်းတန်းကိုးခုအတွင်း ထူးဆန်းသော ရတနာကိုးပါးပါ၀င်ပြီး ၎င်းတို့ဆီမှ ထူးထူးခြားခြား စွမ်းအားလှိုင်းများအပြင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိနေမှုများလည်း ပျံ့နှံ့သွားခဲ့သည်။ စွန်းခုန်းက သူ့လက်များကို လွှဲယမ်းလိုက်သောအခါ ထူးဆန်းသော ရတနာကိုးပါးက တတိယမြောက် အလင်းလွှာဆီသို့ ဦးတည်သွားသော အလင်းတန်းရှည်ကိုးခုအဖြစ် ပြောင်းလဲသွားသည်။ စွန်းခုန်းကတော့ သူ့လက်သည်များကို ထုတ်ထားပြီး တဝီဝီမြည်သံနှင့်အတူ ပျံသန်းနေလေသည်။
ယဲ့ရှန်းထုံက အနီရောင်အသားမျှင်များကို စိုက်ကြည့်ကာ သူ့မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရှိပြီး သူ့မျက်နှာကို ဖုံးအုပ်ထားပုံရသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် အလင်းတန်းများက သူ့ခန္ဓာကိုယ်အပေါ်ပိုင်း အများစုကို ဖုံးလွှမ်းသွားသည်။
ဤရွှေရောင်အလင်းတန်းဖြင့် ဖုံးအုပ်ထားသော သူ့အစိတ်အပိုင်းအားလုံးက လူတို့၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေမည့်အစွမ်းထက်သောတည်ရှိမှုကို ဖော်ထုတ်ပေးသည်။သူ့ထဲမှာရှိသောစွမ်းအားက လောကကြီးကို တွန်းလှန်ပစ်နိုင်သည့် ကာယခွန်အားတစ်ခု ရှိနေပုံ ပေါ်သည်။
ရှင်းနေသည်မှာ ယဲ့ရှန်းထုံက ဘာကိုမှ ဖုံးကွယ်မထားဘဲ သူ၏စစ်မှန်သော စွမ်းအားကို ထုတ်ပြခဲ့သည်။ သူ့ခြေဖဝါးအောက်ရှိမြေကြီးက တသိမ့်သိမ့်တုန်လှုပ်လာပြီး ရှေ့ကို တစ်ဟုန်ထိုးအရှိန်တင်လိုက်သည်။ ဖုန်မှုန့်အလွှာများက စုပုံလာပြီး ယဲ့ရှန်းထုံက ပေတစ်ရာနီးပါးမြင့်သောကျောက်တုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ဖောက်ထွင်းမြင်ရသောအလင်းတန်းများဖြင့် တောက်ပနေဆဲဖြစ်သည်။
ယဲ့ရှန်းထုံက ကြီးမားသောခြေလှမ်းဖြင့် ရှေ့သို့လှမ်းကာ တတိယမြောက်အလင်းလွှာဆီသို့ ဦးတည်လိုက်သည်။
လူသုံးယောက်၏စွမ်းအားများ အပြည့်ထွက်လာသည်ကို မြင်သောအခါ ထျန်းလင်းက သည်အတိုင်းရပ်ကြည့်မနေတော့ပေ။ သူ့ပတ်ဝန်းကျင်တွင် သစ်ပင်ကြီးတစ်ပင်၏ပုံရိပ် ထင်ရှားလာပြီး သစ်ပင်အကိုင်းအခက်များက ပတ်ဝန်းကျင်တွင် ပြန့်ကားလာသည်။ ထိုအခါ ထျန်းလင်း၏
မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့လက်ကိုမြှောက်ကာ ရှေ့သို့ ပြင်းပြင်းထန်ထန် တွန်းလိုက်ရာ သူ့နောက်မှသစ်ပင်ကြီးက လျင်မြန်စွာကြီးထွားလာကာ ဥမင်လိုဏ်ခေါင်းရှိမျက်နှာကျက်ကို ဖောက်ထွင်းပြီး ကောင်းကင်သို့ တက်သွား၏။ထို့နောက် သစ်ပင်ကြီးက လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ ဘေးသို့ ရုတ်တရက် ပြိုလဲသွားသည်။
သစ်ပင်ကြီးမှအကိုင်းအခက်များသည် ကျောက်နံရံများအတွင်းသို့ တွားသွားကာ အပြင်ဘက်သို့ထိုးဖောက်သွားသည်။ ထို့နောက် ဤဒါဇင်နှင့်ချီသော အကိုင်းအခက်များက ဥမင်မျက်နှာကျက်ကို မြွေဆိုးများကဲ့သို့ အချွန်ဖြင့်ထိုးကြသည်။
စုမင်၏မျက်နှာပေါ်တွင် လေးနက်သော အကြည့်များ ရှိနေပြီး သူ့နောက်ရှိ လေချွန်သံက အခိုက်အတန့်တိုင်းတွင် ပြတ်သားလာ၏။ အခြားသူများက စွမ်းအားအပြည့်အဝအသုံးပြုသည်ကိုမြင်သောအခါတွင်မူ သူက ထုံးစံအတိုင်း တည်ငြိမ်နေလေသည်။ သို့သော် သူက ချိပ်တံဆိပ်ကိုဖွင့်နိုင်သော ငှက်ကို အသုံးပြုရန် ရွေးချယ်ခဲ့ခြင်း မရှိပေ။ ယင်းအစား သူ့ညာလက်ကို မြှောက်လိုက်သည့်အခါ လက်ထဲတွင် လူသတ်ဓါးပေါ်လာလေသည်။
စုမင်က သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး မြေပြင်ကို ဖိတွန်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ပုံမှန်အတိုင်းပင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏စွမ်းအားအားလုံးသည် လူသတ်ဓားပေါ်တွင် လျင်မြန်စွာ စုဆောင်းမိသွားကာ အလင်းတန်းရှည်လျားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက အလင်းလွှာဆီသို့ စူးစူးစိုက်စိုက်ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် စုမင်၏ ဘယ်ဘက်လက်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ညှိုးနွမ်းလာသည်။ တခဏချင်းမှာပဲ သူ့လက်ဖဝါးက နေ ပခုံးကို ပြန့်နှံ့သွားပြီး သူ့ခန္ဓာကိုယ်၊ ခြေထောက်၊ ဦးခေါင်းနှင့် သူ့ခန္ဓာကိုယ်မှာရှိသောအရာအားလုံး… သူ့ညာဖက်လက်ညိုးမှလွဲ၍ လျင်မြန်စွာ ညှိုးနွမ်းသွားလေသည်။
သို့သော် သူ၏ညာဖက်လက်ညိုးတွင် အနက်ရောင်အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပနေသည်။ ဤသည်မှာ စုမင်၏အနှိုင်းမဲ့လိုအင်ဆန္ဒနတ်စွမ်းရည်ဖြစ်၏။ ထိုလက်ချောင်းတစ်ချောင်းက စုမင်၏စစ်မှန်သောရုပ်ပိုင်းဆိုင်ရာစွမ်းအားအားလုံးကို ပိုင်ဆိုင်ရုံသာမက၊ ၎င်းက အရာအားလုံးကို ဝါးမျိုနိုင်သည့် တွင်းနက်ကဲ့သို့ မယုံနိုင်လောက်အောင် ကြီးမားသော စုပ်ယူမှုစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့အပြင် ကြက်သွေးရောင်ဖီးနစ်သားရဲ၏မွေးရာပါ နတ်စွမ်းရည်ကလဲ
စုမင်၏လက်ချောင်းထဲတွင်လည်း ပါရှိသည်။ စုမင်၏ကိစ္စအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် ဥပဒေဿစွမ်းအားမှာ သူ့လက်ချောင်းတစ်ဝိုက် လေထုထဲတွင် စွမ်းအားလှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး အခြားသူများ၏ မြင့်မြတ်သောစွမ်းရည်များနှင့်အတူ အလင်းလွှာပေါ်သို့ ကျရောက်သွားသည်။
“ဗုန်းးးးဗုန်းးးးးဗုန်းးးးး..”
တတိယမြောက်အလင်းလွှာက ဆယ်ပေအထူရှိ၏။ သို့သော် လူငါးယောက်ကမြင့်မြတ်သောစွမ်းရည်များနှင့် တိုက်ခိုက်သောကြောင့် အကြိမ်အနည်းငယ် တုန်ခါသွားကာ ကွဲအက်သွားခဲ့သည်။ ထို့နောက် လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားအငွေ့အသက်များက လေစီးကြောင်းတစ်ခုလိုအပြင်ဘက်သို့ တိုးထွက်လာပြီး လူအုပ်စု၏မျက်နှာများကိုရိုက်ခတ်လာသည်။
တကယ်တော့ အပြင်ဘက်ရှိရက်စက်ကြမ်းကြုတ်သော သားရဲများကို တံဆိပ်ခတ်ထားသည့် မှော်အစီအရင်များ
အားလုံး တည်ရှိနေသေးပါက၊ ဤတံဆိပ်ကို အလွယ်တကူ ချိုးဖျက်နိုင်မည်မဟုတ်သည်မှာ သေချာ၏။ ထိုအချိန်၌ အလင်းလွှာက အမြစ်မရှိသောသစ်ပင်ကဲ့သို့ လွင့်စင်ပြိုကျသွားသည်။ ချိပ်တံဆိပ်ကအတွင်း မှ ကွဲအက်နေပြီဖြစ်၍ လူငါးယောက်၏တိုက်ခိုက် မှု အောက်တွင် လုံးဝပျက်စီးသွား၏။
စုမင်နှင့်အခြားသူများက ချိပ်တံဆိပ်ကို ဖွင့်လိုက်သည်ဟု ပြောမည့်အစား ဖျက်စီးလိုက်သည်ဟုဆိုခြင်းသည် ပိုမှန်ပေလိမ့်မည်။
ထို့နောက် အလင်းတန်းရှည်ငါးခုက ချိပ်တံဆိပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ အသက်ခုနှစ်ရှိုက်စာခန့်တွင် အနီရောင်အသားမျှင်များက ဤနေရာကိုဖြတ်သွားကာ ၎င်းတို့နောက်သို့ လိုက်နေဆဲဖြစ်သည်။
ထို့နောက် သူတို့နောက်ကိုလိုက်နေသော အန္တရာယ်အငွေ့အသက်ကပိုကြီးလာသည်။ သူတို့ငါးယောက်က မနှေးကွေးဘဲ ခြေကုန်သုတ်ကြလေသည်။ အမွေးတစ်တိုင်စာကုန်ပြီးနောက် အခြားအလင်းလွှာတစ်ခုပေါ်လာသည်။ ဤတစ်ကြိမ်တွင် အလင်းလွှာမျက်နှာပြင်သည် ပေရာနှင့်ချီ ထူထပ်သည်။ ၎င်းတို့ငါးဦးသည် တစ်ချိန်တည်း တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် အလင်းလွှာက အကြိမ်အနည်းငယ်မျှသာ တုန်ခါသွားကာ တိုက်ခိုက်သူများကို ပြန်ကန်ထုတ်နေလေသည်။
ထျန်းလင်းက ပေတစ်ရာထူထပ်သည့် အလင်းလွှာမျက်နှာပြင်ကို ကြည့်ရင်း အသက်ပြင်းပြင်းရှူ ရှိုက်လိုက်သည်။ လုံလီ၏မျက်လုံးများတွင် အေးခဲနေသော အလင်းတန်းများဖြင့် လင်းလက်သွားသည်။ စွန်းခုန်းက စူးရှသောအသံဖြင့် စကားစပြောလိုက်သည်။
“ဒီလိုချိပ်တံဆိပ်တွေ ဘယ်လောက်ကျန်သေးလဲမသိဘူး..ဒါပေမဲ့ ဒါကို ချိုးဖြတ်ဖို့ အချိန်တစ်နာရီလောက်လိုမယ်...”
ယဲ့ရှန်းထုံက အလင်းလွှာမျက်နှာပြင်ကို
စိုက်ကြည့်ကာ သူ့နောက်ဘက်ရှိ ဥမင်လိုဏ်ခေါင်းကို လှည့်ပတ်ကြည့်ရှုရန် ခေါင်းကို လှည့်လိုက်သည်။
“ကျုပ်တို့တွေ အလျင်လိုနေပြီ..အသက်ရှိုက်စာသုံးဆယ်အတွင်းမှာ ဒီချိပ်တံဆိပ်ကို ချိုးနိုင်မယ်လို့ယုံကြည်တယ်.. ဒါပေမဲ့ ကျုပ်ရဲ့စွမ်းရည်ကိုအသက်သွင်းလိုက်တာနဲ့ ကြီးမားတဲ့အဖိုးအခပြန်ပေးဆပ်ရလိမ့်မယ်..ပြီးတော့ ကျုပ် ပြန်ကောင်းလာဖို့ ခက်ခဲလိမ့်မယ်...ဒါ့ကြောင့် ကျုပ်ဆီက ဒါမျိုး ကောင်းချီးရမယ်လို့ မထင်နဲ့..ဘာလို့ဆိုကျုပ် အားနည်းသွားတာနဲ့ သေဖို့ အခွင့်အလမ်းက များတယ်”
ထျန်းလင်းက ယဲ့ရှန်းထုံ၏စကားကို ကြားသောအခါ အားပေးစကားပြောလိုက်သည်။
“အစ်ကိုယဲ့ စိတ်မပူပါနဲ့..မင်း ချိပ်တံဆိပ်ကို ချိုးဖြတ်နေသရွေ့ မင်းရဲ့ဘေးကင်းမှုကို ငါအာမခံပေးမယ်..”
“ရောင်းရင်းယဲ့..မင်းတိုက်ခိုက်ဖို့ပဲလိုတယ်.. မင်းရဲ့လုံခြုံရေးကို ကျုပ်သေချာအာမခံတယ်...”
လုံလီက ခပ်ပြတ်ပြတ်ပြောလိုက်သည်။
စွန်းခုန်းက ဘေးက ခေါင်းညိတ်ပြသည် ။သူတို့၏ မျက်နှာပေါ်မှာ အမှန်တကယ် တွေးထားသော အရာကို မည်သူမှ မပြပေ။
“ဟားးး မင်းတို့အားလုံးက ကျုပ်ကို ကလေးထင်နေလား..ကျုပ်လဲ တခြားသူတွေကို ဆယ်ခါမက ကတိတွေပေးခဲ့ဖူးတယ်..ကိုယ့်ကိုယ်ကိုတောင် မယုံဘူး..”
“ကျုပ် တိုက်ခိုက်နိုင်တယ်..ဒါပေမဲ့ မင်းတို့ထဲကတစ်ယောက်ရဲ့အသွေးအသားတွေကို စုပ်ယူဖို့လိုတယ်..ဒါမှ ကျုပ် အလင်းလွှာကို ချိုးဖျက်ရင် ထိခိုက်မှာ မဟုတ်တော့ဘူး.. ပြီးတော့ အသွေးအသားစုပ်ယူခံလိုက်ရတဲ့သူကလဲ သေမှာမဟုတ်ဘူး..သူ့မှာ ခွန်အားတွေ အများကြီး ဆုံးရှုံးသွားပြီး ကျုပ်အစား အားနည်းသွားလိမ့်မယ်...”
ယဲ့ရှန်းထုံက စကားပြောနေစဉ် သူ့အကြည့်က စုမင်အပေါ် ချက်ချင်း ရောက်သွားသည် ။ အေးစက်သော အကြည့်ရှိ ရက်စက်ကြမ်းကြုတ်မှုက
လုံးဝ သိသာလေ၏။
ဥမင်တွင်းရှိတချွီချွီလေချွန်သံများ ပိုမိုရှင်းလင်းလာသည်။ သွေးနီရောင်အသားမျှင်များက သူတို့နှင့် မဝေးလှပေ။
ယဲ့ရှန်းထုံက စုမင်ဆီသို့ ကြည့်လိုက်သောအခါ လုံလီကလဲ စုမင်ကို စိုက်ကြည့်နေသည်။ စွန်းခုန်းလဲ အလားတူပင်ဖြစ်သည်။ ထျန်းလင်းပင် တုံ့ဆိုင်းသွားပြီးနောက် စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ရောင်းရင်းစု..မင်းက ကျုပ်တို့ထဲမှာ ကျင့်ကြံဆင့်အနိမ့်ဆုံးပဲ..မင်း ဘာလို့ ကိုယ့်ကိုယ် ကိုစတေးပြီး ကျုပ်တို့ရဲ့ ပန်းတိုင်ကို ရောက်အောင် မကူညီပေးတာလဲ..မင်း ကောင်းချီးရဖို့ အခွင့်အရေးရှိတယ်လေ.. စိတ်မပူပါနဲ့ ..ကျုပ်က မင်းရဲ့အသွေးအသားကိုးပုံတစ်ပုံပဲ ယူမှာ မင်းအသက်ကို အန္တရာယ် မပေးဘူး..”
ယဲ့ရှန်ထုံက ရက်စက်စွာ ပြုံးလိုက်သည်။ သူ့မျက်နှာမှာ အမာရွတ်များရှိနေသောကြောင့် သူ ပြုံးလိုက်သည့်အခါ ပို၍ကြောက်စရာကောင်းသွားသည်။
စုမင်က ယဲ့ရှန်းထုံကို ကြည့်ကာ စကားပြောလိုက်သည်။
“ကျုပ်က ကျင့်ကြံဆင့်အနိမ့်ဆုံးဆိုတာ ခင်ဗျားသေချာလား..”
ယဲ့ရှန်းထုံက ယုတ်မာစွာပြုံးရင်း စုမင်ဆီကို အရှိန်တင်လိုက်သည်။
လုံလီမှာ ထိုကိစ္စကနေ လက်ရှောင်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ခဲ့သည်။ စွန်းခုန်း၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူလည်း နောက်သို့ ဆုတ်သွားခဲ့သည်။ တုံ့ဆိုင်း နေသောထျန်းလင်း၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်ပေါ်လာသော်လည်း ယဲ့ရှန်းထုံကို တားရန် ဘာမှ မလုပ်ခဲ့ပေ။ သို့သော် ထျန်းလင်းက ယဲ့ရှန်းထုံကို စုမင်၏ ရှစ်ရောင်ခြယ်သလင်းကျောက်အကြောင်း သတိမပေးခဲ့ပေ။
စုမင်က ငြိမ်ကျသွားလေသည်။ ယဲ့ရှန်းထုံက သူ့ဆီ လျှောက်လာစဉ် သူ့ဘယ်ဘက်မျက်လုံးတွင် နေတစ်စင်းပေါ်လာပြီး ညာဘက်မျက်လုံးတွင် လတစ်စင်းပေါ်လာသည်။ သူ့နှလုံးသားက ကြယ်တစ်စင်းဖြစ်ပြီး ထိုသုံးခုက သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းကြိုးကွင်းတစ်ခုကို ဖြစ်ပေါ်စေဧ။်။ သူက မီးလျှံဂြိုလ်တွင်ရရှိခဲ့သော နေတစ်စင်း၊ လတစ်စင်း နှင့်ကြယ်တစ်ပွင့်ပုံရိပ်ယောင်စွမ်းရည်ကို အသက်သွင်းခဲ့သည်။
သူက ထိုစွမ်းရည်ကို အသက်သွင်းပြီးချိန်တွင် ယဲ့ရှန်းထုံ၏အမူအရာက ပြောင်းလဲသွား လေသည်။ သူ့မျက်လုံးထဲတွင် မင်သက်နေသော အကြည့်တစ်ခု ပေါ်လာပြီး
စုမင်ကို လှမ်းကြည့်သည်။စုမင်၏ အမူအရာမှာ အေးစက်ပြီး သူ့မျက်နှာပေါ်တွင် ခံစားချက်အရိပ်အမြွက်မျှ ပေါ်လွင်နေခြင်းမရှိပေ။ သူက မျက်တောင်တစ်ချက်ခတ်ပြီး ပြိုင်ဘက်နား အသာနီးကပ်လာပြီး ရှေ့ကို လက်သီးနှင့် ထိုးလိုက်သည်။
စုမင်က လက်သီးဖြင့် ထိုးလိုက်သော် ယဲ့ရှန်းထုံက သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ စုမင်က သူ့လျှာဖျားကိုကိုက်ပြီး သူ့သွေးခုန်နှုန်းမြန်အောင် တွန်းအားပေးလိုက်သည်။ ထို့နောက် ယဲ့ရှန်းထုံက ကျယ်လောင်စွာဟိန်းဟောက်လိုက်စဉ် ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ဝက်ကို ထွန်းတောက်လာကာ စုမင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
“ဗုန်းးးးးဗုန်းးးးး”
စုမင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူ့အမူအရာမှာ ပို၍အေးစက်လာသည်။ သူ့မျက်လုံးများတွင် လှောင်ပြောင်သရော်မှုနှင့် သတ်ဖြတ်လိုစိတ်များပင် ရှိနေသည်။
ယဲ့ရှန်းထုံက ရက်စက်ကြမ်းကြုတ်စွာပြုံးလိုက်သော်လည်း စုမင်၏လက်သီးနောက်မှာ ပါလာသောအရိပ်မည်းတစ်ခုကို သတိမပြုမိခဲ့ပေ။ တကယ်တော့ ထျန်းလင်းနှင့်အခြားသူများပါ သတိမထားမိခဲ့ကြပေ။
“အစကတည်းက မင်းရဲ့အစွမ်းအစကို ဖုံးကွယ်ထားမှန်း ငါသိတယ်...ဟမ်”
ယဲ့ရှန်းထုံဧ။်အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ညာဘက်လက်ကောက်ဝတ်မှာ ဆွေးမြေ့နေသောအနက်ရောင်အစက်အပြောက်တစ်ခု ပေါ်လာပြီး အကောင်တစ်ခုခု အကိုက်ခံရသလို ခံစားလိုက်ရသည်။