ကျင့်နန်ကျစ်
Vol. 56 Ch. 771
လူအုပ်စုက သူတို့အတွေးများကို ဖုံးကွယ်ထားကြ၏။စုမင်က သူငယ်နှပ်စားမဟုတ်သောကြောင့် အဖြစ်အပျက်များကို ရှင်းလင်းစွာ မြင်ခဲ့သည်။သူက ဘဝတစ်လျှောက်လုံး အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပြီး အခြားသူများကို လှည့်ဖြားလူလည်ကျခဲ့သည်။ သူ၏ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ကြောင့် သူက စကားရွှန်းရွှန်းဝေအောင် မပြောတတ်သော်လည်း လူတို့၏အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်လေသည်။
စွန်းခုန်းနှင့်လီလုံက အလင်းလွှာဖန်သားပြင်ကို ဖြတ်၍ပျောက်ကွယ်သွားသည်။ ထျန်းလင်းကလဲ အနီရောင်အသားမျှင်များကြားတွင် နစ်မြုပ်သွားခဲ့သည်။စုမင်က ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အပြင် ထျန်းလင်းတွင် ဖြစ်ပျက်သည့်အရာအားလုံးကို မသိပေ။
သို့သော် အနီရောင်ချည်မျှင်များ နီးကပ်လာချိန်တွင် ယဲ့ရှန်းထုံက အမည်မသိနည်းလမ်းတစ်ခုကို အသုံးပြု၍ သူ့အခြေတည်နတ်ဘုရားကို လွင့်စင်အောင်လုပ်ခဲ့သည်။ စုမင်က နတ်ဘုရားအာရုံကိုသုံး၍ စစ်ဆေးသောအခါ ယဲ့ရှန်းထုံ၏ဝိညာဉ်ကို ရှာမတွေ့ခဲ့ပေ။
“’ဒီလူကို လျှော့တွက်လို့ မရဘူး..သူ့ခန္ဓာကိုယ် ဆုံးရှုံးသွားရင်တောင် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံလို့မရဘူး..သူတို့တစ်ဦးစီက…အသူရာနတ်ဘုရားတွေပဲ..”
စုမင်၏ခန္ဓာကိုယ်က ကျောက်နံရံမှာ ရောထွေးပျော်ဝင်သွားလေသည်။ ထိပ်ပြောင်ကြိုးကြာငှက်က သူ့ရှေ့တွင်ရှိနေပြီး ၎င်း၏ပုံရိပ်ယောင်စွမ်းရည်ဖြင့် သူတို့ကိုယ်သူတို့ ကျောက်နံရံအစိတ်အပိုင်းအဖြစ်ပြောင်းလဲခဲ့သည်။
စုမင်က ပုန်းနေရင်း သူ့နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူက အပြင်ဘက်ရှိသော အခြေအနေကို မတွေးတော့ပေ။ သူ့လက်ရှိအခြေအနေမှာ အတော်ပင် လုံခြုံနေသောကြောင့် ဖြစ်သည်။ အနီရောင်အသားမျှင်များက ငှက်၏အသွင်ပြောင်းမှုကို သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် ၎င်းတို့က အပြင်ဘက်အလင်းလွှာဖန်သားပြင်ကို တိုးဝှေ့တိုက်ခတ်မိသွားလေသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ အမွှေးတစ်တိုင်စာကုန်ဆုံးပြီးနောက် ပြင်းထန်သောပေါက်ကွဲသံကြီးက ဥမင်လိုဏ်ခေါင်းအတွင်း ပဲ့တင်ထပ်လာပြီး အလင်းလွှာမျက်နှာပြင်က အနီရောင်အသားမျှင်များကြောင့်အပိုင်းပိုင်းကွဲသွားခဲ့သည်။
အလင်းလွှာဖန်သားပြင်က ကွဲအက်သွားသည်နှင့် အနီရောင်အသားမျှင်များက လျှောစောက်တစ်ခုကို တွေ့သလိုမျိုး ခုန်ဆင်းသွားလေသည်။ ထို့နောက် အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
သူတို့ထွက်သွားပြီးချိန်တွင် ဥမင်လိုဏ်ခေါင်းအတွင်းမှ စိမ်းလန်းသောအပင်တစ်ပင်က ရုတ်တရက် ပေါက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဥမင်လိုဏ်ခေါင်းတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်သော သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ ထိုသစ်ပင်၏ပင်စည်ပေါ်တွင် မျက်နှာတစ်ခုရှိပြီး မျက်နှာမှာ ထျန်လင်း၏မျက်နှာနှင့်တူသည်။
ထိုသစ်ပင်ကြီး ပေါ်လာပြီးပင်စည်၏ အလယ်ဗဟိုတွင် အက်ကွဲသွားခဲ့သည်။ ထျန်းလင်းက ထိုနေရာမှ ထွက်လာခဲ့သည်။သူ့မျက်နှာ အနည်းငယ် ဖြူဖျော့နေပြီး လေးနက်သောအမူအရာဖြင့် ခဏတာ လှည့်ပတ်ကြည့်နေသည်။
ထိုအချိန်တွင် ပင်စည်၏အလယ်ဗဟိုရှိ အက်ကွဲကြောင်းရှိအခြေတည်နတ်ဘုရားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ယဲ့ရှန်ထုံ၏ ဖြူဖျော့သောအခြေတည်နတ်ဘုရားဖြစ်သည်။ ထျန်းလင်းထွက်လာပြီးနောက် သူ သစ်ပင်မှထွက်လာ၏။
ယဲ့ရှန်ထုံ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။ သူက
အနီရောင်အသားမျှင်တွေ ချန်ရစ်ခဲ့သောလမ်းကြောင်းကိုကြည့်ရင်း စကားစပြောလိုက်သည်။
“မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ရောင်းရင်းထျန်း..ကျုပ် ဒီကနေဘေးကင်းစွာ ထွက်သွားနိုင်ရင် ကျေးဇူးဆပ်ပါ့မယ်...”
“ရောင်းရင်း.. မင်း အဲ့လောက်ယဉ်ကျေးနေစရာမလိုပါဘူး..တကယ်တော့ ကျုပ်က မင်းကို ခေါ်လာတဲ့သူပဲ..မင်းရဲ့ဘေးကင်းမှုကို ငါအာမခံရမှာပေါ့..မင်း အခုဘာဆက်လုပ်ဖို့ရှိလဲ...”
ထျန်းလင်းက ခေါင်းယမ်းလိုက်သည်။ သူက ယဲ့ရှန်ထုံကို လေးနက်စွာကြည့်ရင်း တိုးညှင်းစွာ မေးလိုက်သည်။
“တာအိုလုံနဲ့ တာအိုစွန်းတို့မှာ ကောင်းချီးရဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြတယ်..
ရောင်းရင်းထျန်း..မင်းရဲ့နတ်ဘုရားအာရုံနဲ့ခန္ဓာကိုယ်ကို နေရာပြောင်းခဲ့တယ်..ပြီးတော့ ဒီသစ်ပင်ကြီးနဲ့လဲ ပေါင်းစပ်ခဲ့တယ်..မင်းရဲ့အသက်စွမ်းအားက ကြီးမားလွန်းလို့ မသေနိုင်ပြီးမပျက်စီးလွယ်တဲ့အခြေအနေကို ရောက်သွားပြီ..အဲဒီကောင်လေးစုမင်တောင် လွယ်လွယ်နဲ့မသေနိုင်ဘူး..အသက်ပြင်းတယ်..ဟိုအရင်ကတည်းက သူ့ရဲ့ကောင်းချီးကိုရဖို့ ဒီနေရာမှာ ရပ်တန့်ခဲ့တာဖြစ်မယ်”
ယဲ့ရှန်းထုံ၏ မျက်နှာက ဖြူဖျော့နေ၏။ သူ ခါးသီးသော အပြုံးဖြင့် စကားပြောနေစဉ် နေရာအနှံ့ကိုလျှောက်ကြည့်နေလေသည်။
“အခု ကျုပ်မှာနတ်ဘုရားအာရုံတစ်ခုပဲ ကျန်တော့တယ်..ကျုပ်စိတ်မကောင်းဖြစ်ရတယ်..ဒီနေရာကို တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်တယ်..ရောင်းရင်းထျန်း.. ကျေးဇူးပြုပြီး ကျုပ်ကိုထွက်သွားခွင့်ပြုပါ”
ယဲ့ရှန်းထုံ၏စကားများမှာ အဓိပ္ပါယ်ရှိပြီး အမှန်အတိုင်းပြောသလိုခံစားရစေသည်။ နောက်ဆုံး သူ့နေရာမှာ အခြားသူဆိုလျှင် ကောင်းချီးရရှိရေးအတွက် အသက်ကိုဦးစားပေးစဉ်းစားကြမည်ဖြစ်၏။
ထျန်းလင်း၏မျက်လုံးများက လင်းလက်လာသည်။ သူက ပြုံးမပြမီ ယဲ့ရှန်းထုံကို တစ်ချက်ကြည့်လိုက်သည်။
ယဲ့ရှန်းထုံက ထျန်းလင်း၏အပြုံးကို မြင်သောအခါ သူက ရွှင်ပျစွာနှင့်ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူက ထျန်းလင်းကို အရိုအသေပြုလိုက်သည်။
“အစ်ကိုထျန်းလင်း.. ကျေးဇူးပြုပြီး ကျုပ်ကို ထွက်သွားခွင့်ပြုပါ.. မင်းရဲ့ကြင်နာမှုကို သေချာပေါက် ကျေးဇူးဆပ်မှာပါ..”
ယဲ့ရှန်းထုံ..”
ထျန်းလင်း၏ အပြုံးသည် ပို၍ တောက်ပလာသော်လည်း သူ့အကြည့်များက အေးစက်သွားသည်။
“ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် သိလာတာ နှစ်အတော်ကြာပြီ..မင်း စစ်မှန်တဲ့လောကရဲ့အစောင့်နဲ့ တွေ့ဖူးပြီး အဲဒီတွေ့ဆုံမှုကနေ မင်းမသေဘူးဆိုတဲ့ ကောလဟာလတွေ ရှိခဲ့တယ်..လူတော်တော်များများက ဒါကို မယုံကြဘူး... ဒါပေမဲ့ ကျုပ် ယုံတယ်...”
ယဲ့ရှန်းထုံက မျက်မှောင်ကြုတ်လိုက်သည်။သူ့အမူအရာက ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။ စုမင်က သူတို့နှင့် သိပ်မဝေးသော ဥမင်လိုဏ်ခေါင်းနံရံတွင် ရှိနေသည်ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြပေ။ စုမင် မျက်လုံးမှိတ်ထားနိုင်သော်လည်း သူတို့၏အသံများကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
ငှက်၏ ကျောက်နံရံအသွင်ပြောင်းမှုက မယုံနိုင်လောက်အောင် တကယ့်အစစ်အမှန်နှင့်တူပြီး ထျန်းလင်းနှင့်ယဲ့ရှန်းထုံပင် သတိမထားမိလိုက်ပေ။
“မင်း ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ဖြတ် တောက်ချင်တာကြောင့် စုမင်ကို ချက်ချင်း နှောင့်ယှက်ခဲ့တယ် မဟုတ်လား.. ကျုပ်တို့က ရင်းနှီးတဲ့မိတ်ဆွေတွေ မဟုတ်ဘူးဆိုတာ တခြားသူတွေကို ပြောပြဖို့ ဒီအခွင့်အရေးကို အသုံးချချင်ခဲ့တာ.. အဲဒါက မင်းနဲ့ တခြားသူတွေ လက်တွဲဖို့ အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိမ့်မယ်”
“မင်းအကြံနဲ့မင်း အဟုတ်ထင်ပြီး ဆက်လုပ်ခဲ့တယ်..ဒါပေမဲ့ ရောင်းရင်းစုကြောင့်
ဒီလောက်ဒဏ်ရာကြီးကြီးရလိမ့်မယ်လို့ မင်းမမျှော်လင့်ထားဘူးမလား...”
“ကျနော့်အမြင်အရတော့ မင်းက ရောင်းရင်းစုရဲ့အသွေးအသားတွေကို ဝါးမျိုပြီး အလင်းလွှာကိုချိုးဖျက်မယ်.. ပြီးရင် မင်းရဲ့ တခြားပန်းတိုင်ကို ရောက်ဖို့ ပင်ပန်းနွမ်းနယ်နေဟန်ဆောင်လိမ့်မယ်..နောက်ထပ်က မင်း ဒီနေရာကို ထွက်သွားဖို့ပဲ”
ထျန်းလင်းကဖြည်းညှင်းစွာပြောလိုက်သည်။ သူပြောသမျှစကားတိုင်းကြောင့် ယဲ့ရှန်းထုံ၏မျက်နှာက ပို၍ ပျက်ယွင်းလာသည်။
“ရောင်းရင်းထျန်း..မင်းရဲ့အတွေးတွေက မမှန်ဘူး..ကျုပ်တို့ ကောင်းချီးရဖို့ ဒီနေရာကို အတူတူသွားမယ်လို့ ကတိပြုခဲ့ကြတယ်လေ..ကောင်းချီးမရခင်..ကျုပ် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ..အခုကျတော့ ကျုပ်မှာ ရွေးချယ်စရာမရှိလို့ ထွက်သွားရတာပါ..”
ယဲ့ရှန်းထုံက ချက်ချင်းပြောလိုက်ပြီး ထျန်းလင်း သူ့ကို နားလည်မှုလွဲသွားမှာကိုစိုးရိမ်နေလေသည်။
ထျန်းလင်းက ယဲ့ရှန်းထုံ၏စကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
“ဪ စစ်မှန်တဲ့လောကရဲ့အစောင့်နဲ့တွေ့ဖူးတာ ဘယ်လိုခံစားရလဲ..”
“မဟုတ်သေးဘူး..စစ်မှန်တဲ့လောကရဲ့အစောင့်ရဲ့သူလျှိုတစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားချက်လဲ...”
“ရောင်းရင်းထျန်း.. မင်းဘာကိုဆိုလိုတာလဲ..မင်းပြောတာကို ငါနားမလည်ဘူး..”
ယဲ့ရှန်းထုံ ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် သူ့မျက်နှာက ဖြူဖျော့မနေတော့ပေ။ ယင်းအစား သူ့မျက်နှာပေါ်တွင် ထူးဆန်းပြီး ရက်စက်ယုတ်မာသောအကြည့်တစ်ခု ပေါ်လာ၏။ သူ့မျက်လုံးထဲတွင် အမှောင်အလင်းတန်းတစ်ခု ပေါ်လာသည်။
“မင်း ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို မင်းရဲ့သခင်ကို ပြောပြချင်တာကြောင့် မင်းထွက်သွားချင်တာ... ပြီးတော့ ဒီကိစ္စကို သူ့ဆီ သတင်းပို့ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ် - မင်းရဲ့ကိုယ်ပွားတွေထဲက တစ်ခုကို မီးရှို့ပစ်ဖို့ပဲ...”
“တိုက်ဆိုင်လိုက်တာ.. ဒီ အဖိုးတန်သစ်ပင်ကြီးနဲ့ ပေါင်းစပ်ပြီးတဲ့အခါ သစ်ပင်ရဲ့စွမ်းရည်အချို့ကို ကျုပ် ရရှိခဲ့တယ်..လူတစ်ယောက်ဟာ အစစ်အမှန် ဒါမှမဟုတ် ကိုယ်ပွားဟုတ်မဟုတ် ပြောနိုင်တယ်..မင်းရဲ့တကယ့်ခန္ဓာကိုယ်နဲ့တူတဲ့ကိုယ်ပွားတစ်ခုကို တွေ့ခဲ့တယ်..”
“မင်းမှာ ရုပ်ခန္ဓာနဲ့ အခြေတည်နတ်ဘုရား ရှိတယ်..လက်တွေ့အားဖြင့် မင်းတို့နှစ်ယောက်ကြားမှာ ကွာခြားချက်မရှိဘူး..
ဒါပေမဲ့ ကိုယ်ပွားတစ်ခုက ကိုယ်ပွားဖြစ်နေတုန်းပဲ...”
“ မင်းရဲ့ကိုယ်ပွားကို လောင်ကျွမ်းပြီး မှော်အစီအရင်အသက်သွင်းဖို့ အချိန်သုံးရက်ယူရမယ်.. ပြီးတော့ မင်းရဲ့ကိုယ်ပွား မသေခင်က မှတ်ဉာဏ်တွေကို စစ်မှန်တဲ့လောကရဲ့အစောင့်ကို ခံစားခွင့်ပေးပြီး ဒီမှာရှိတဲ့ အရာအားလုံးကို မြင်စေမှာပဲ”
“ဒါဆို မင်းအတွက် ဆုတစ်ခုရလိမ့်မယ်..တကယ်လို့ မင်းအရေးကြီးတာတစ်ခုရှာတွေ့ထားရင် မင်းရဲ့သခင်က တခြားစစ်မှန်တဲ့အစောင့်တွေနဲ့ ဆက်သွယ်ပြီး မင်းကိုလွတ်မြောက်ခွင့်ပေးမယ်လို့ထင်လား..”
ထျန်းလင်းက အေးဆေးတည်ငြိမ်စွာနေ၏။ သို့သော်လည်းသူက ‘ လွတ်မြောက်ခွင့်’ ဆိုသော စကားလုံးကို ပြောနေချိန်တွင် သူ့နှလုံးသားများက တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။
ထိုအချိန်တွင် ယဲ့ရှန်းထုံ၏ မျက်နှာအရောင်သည် လုံးဝပြောင်းလဲသွားသည်။ သူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး သူ့မျက်လုံးထဲရှိအမှောင်အလင်းတန်းက ပြင်းပြင်းထန်ထန် တောက်လောင်နေဆဲဖြစ်သည်။
“မှန်တယ်..ရောင်းရင်းထျန်း..မင်းသိသွားပြီဆိုတော့ ဆက်ဖုံးကွယ်နေစရာ မလိုတော့ဘူး..ဒါပေမဲ့ မင်းက ဘာလို့အသေးစိတ်သိနေတာလဲ..မင်းလဲ သူလျှို
တစ်ယောက်လား”
ယဲ့ရှန်းထုံက ထျန်းလင်းကို စိုက်ကြည့်နေလေသည်။ ထိုအချိန်တွင် သူ၏နှလုံးသားက တသိမ့်သိမ့်တုန်လှုပ်သွားခဲ့သည်။ ဤအရာမှာ သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပြီး၊ ဤအကြောင်းကို မည်သူမျှ မသိဟု သူထင်ထားခဲ့သည်၊ ထို့ကြောင့် ထျန်းလင်းက ဤမျှ လွယ်ကူစွာပြောနိုင်လိမ့်မည်ဟု
မမျှော်လင့်ခဲ့ပေ။
သူ့နှလုံးသားက တုန်လှုပ်သွားလေသည်။ သူ့အလိုဆန္ဒကိုဆန့်ကျင်သော နှလုံးသား၏နက်နဲရာတွင် မြှုပ်နှံထားသော အမှတ်တရတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ပင်ဖြစ်သည်။သူက စစ်မှန်သောလောကအစောင့်တပ်၏လိုက်ဖမ်းခြင်းကို ခံရစဉ်တွင်ဖြစ်၏။သူက သေရေရှင်ရေးအကျပ်အတည်းများစွာကို တွေ့ကြုံခဲ့ရပြီး ထိုလူက သူ့ကို အမှန်တကယ် သတ်ပစ်လိုပါက ယဲ့ရှန်းထုံက စောစောသေဆုံးသွားလိမ့်မည်။
အဆုံးမှာတော့ ထိုလူက သူ့ရင်ဘတ်မှာ သံကွင်းတစ်ခုကို ချန်ထားခဲ့သည်။ ထိုကွင်းဆက်က ချိပ်တံဆိပ်ကဲ့သို့ သူ့အသားထဲတွင် ကြီးထွားလာသည်။ ထိုအချိန်မှစ၍ သူက စစ်မှန်သောလောကအစောင့်တပ်၏ သူလျှိုဖြစ်လာခဲ့သည်။
“ငါ့မွေးရပ်မြေက ကြက်သွေးရောင်မီးလျှံဂြိုလ်နဲ့ဝေးတယ်... ဘာလို့ ဒီနေရာကို ရောက်လာတာလဲ သိလား”
ထျန်းလင်းက ယဲ့ရှန်းထုံကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
“ဘာလို့ဆို မင်းကြောင့်ပဲ..မင်းကိုယ်ပေါ်မှာ ကျင့်နန်ကျစ်ရဲ့တည်ရှိမှုရှိတယ်..”
ကျင့်နန်ကျစ်၏နာမည် ကြားလိုက်ရစဥ် ယဲ့ရှန်းထုံ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ကျင့်နန်ကျစ်.. ထိုနာမည်မှာ သူ့ကိုယ်ပေါ် တံဆိပ် ချန်ထားခဲ့သောစစ်မှန်သောလောကအစောင့်၏နာမည်ပင်ဖြစ်သည်။
“မင်းနဲ့ ပိုရင်းနှီးဖို့ ရည်ရွယ်ချက်နဲ့ ငါ ဒီနေရာကို လာခဲ့တာ.. ငါက နီးကပ်လွန်းရင်လဲ မင်း ငါ့ကို သံသယဝင်မိမှာကို စိုးရိမ်တယ်.. ဒါကြောင့် ငါ မီးလျှံဂြိုလ် မှာနေဖို့ ဆုံးဖြတ်ခဲ့တယ်.. ဒါဆို ငါတို့က သိပ်မနီးမဝေးမှာ ရှိနေခဲ့ကြတာ...”
“မင်းကြောင့် ဒီအဖိုးတန်သစ်ပင်နဲ့ ပေါင်းစည်းခဲ့တာ... ဒါတွေအားလုံးကို မင်းကို ဘာလို့ပြောပြနေတာလဲ သိလား”
ထျန်းလင်းက နှုတ်ခမ်းကွေးအောင်ပြုံးလိုက်စဉ် ယဲ့ရှန်းထုံဧ။်မျက်လုံးတွင် ညို့ယူခံရသလိုထုံမှိုင်းမှိုင်းအကြည့်များပေါ်လာသည်။ သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး ဘေးသို့ လဲကျသွားသည်။ သစ်ပင်အကိုင်းအခက်များက သူ့အပေါ်၌ လျင်မြန်စွာနီးကပ်လာကာ ပိုးအိမ်အဖြစ် ထုပ်ပိုးထား၏။
“လူတစ်ယောက်က အစစ်အမှန်လား ကိုယ်ပွားလားဆိုတာကို ပိုင်းခြားသိမြင်နိုင်တဲ့အပြင် ငါ့အဖိုးတန်သစ်ပင်မှာ ဒုတိယမွေးရာပါစွမ်းရည်ရှိသေးတယ်..လူတစ်ယောက်သတိမထားမိဘဲ မေ့မြောသွားအောင်လုပ်နိုင်တယ်..ပြီးတော့ ဒီ အဖိုးတန်သစ်ပင်လေးက ကိုယ်ပွားရဲ့အခြေတည်ဝိညာဉ်ထဲကိုပေါင်းစပ်ပြီး အိမ်မက်မက်ခြင်းစွမ်းရည်ကို အကောင်အထည်ဖော်နိုင်တယ်...”
“ယဲ့ရှန်းထုံ.. ငါဒီနေ့ကိုစောင့်နေတာကြာပြီ.. လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းရဲ့အသားထဲက သံကွင်းကြီးထွားလာတာကို မြင်တော့ မင်းရဲ့အတိတ်ကို ငါစုံစမ်းခဲ့တယ်၊ ပြီးတော့ မင်းဟာ ထျန်းမိသားစုကို သတ်ဖြတ်ခဲ့တဲ့ကျင့်နန်ကျစ်က ရွေးချယ်တဲ့ သူလျှိုတွေထဲက တစ်ယောက်ဆိုတာကို သိခဲ့တယ်..”
“ကျင့်နန်ကျစ်က... ငါ့ဘိုးဘေးက မင်းရဲ့သူလျှိုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ မင်းလိုချင်တဲ့ သတင်းမျိုးစုံကို စုံစမ်းပြီး စုဆောင်းခဲ့တယ်... မင်းက ထျန်းမိသားစုလွတ်မြောက်မှုပေးဖို့ ကတိပေးခဲ့တယ်.. ဒါပေမဲ့ ဒီလွတ်လပ်မှုဟာ ငါ့မိသားစုကို ဖျက်ဆီးပစ်တဲ့ သွေးချောင်းစီးမှုပဲ..ဒါက မင်းပြောခဲ့တဲ့ လွတ်လပ်မှုပဲ...”
“အရင်တုန်းက မင်း ကျုပ်ကိုမသတ်ခဲ့တာ မင်းရဲ့အကြီးမားဆုံးအမှားပဲ..မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်...”
ထျန်းလင်း၏အမူအရာက ဒေါသစိတ်ဖြင့် တုန်လှုပ်နေလေသည်။ဥမင်လိုဏ်ခေါင်းထဲတွင် ထျန်းလင်း၏ရယ်မောသံများက ပဲ့တင်ထပ်ကာ နက်နဲရာသို့ အရှိန်တင်ခဲ့သည်။
“ကျင့်နန်ကျစ်.. မင်းဒီနေရာကိုရောက်ဖို့ ဆယ်ရက်ပဲလိုတော့တယ်.. မင်းရဲ့သင်္ချိုင်းက အဆင်သင့်မဖြစ်သေးဘူးဆိုပေမဲ့ မင်းကို သွားခွင့်မပေးနိုင်ဘူး..
ယဲ့ရှန်းထုံရဲ့ကိုယ်ပွားကို နိုးထအောင်လုပ်ပြီး သူလုပ်စရာရှိတာကို ပြီးအောင်လုပ်ခိုင်းလိုက်မယ်....သူက မင်းကို ဒီနေရာအကြောင်းအကုန်ပြောပြလိမ့်မယ်”
ထျန်းလင်း၏ ရယ်မောသံသည် အဝေးသို့ တဖြည်းဖြည်း ပျံ့လွင့်သွားပြီး ဥမင်လိုဏ်ခေါင်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
တစ်နာရီခန့်အကြာတွင် ယခုအခါ တိတ်ဆိတ်နေသောဥမင်လိုဏ်ခေါင်း၏ မြေပြင်မှ အညွန့်အချို့ ပေါက်ထွက်လာသည်။ သူ၏နတ်ဘုရာအာရုံများနှင့်အတူ စုစည်းထားသည့်ထျန်းလင်း၏ မှုန်ဝါးသောပုံရိပ် ပေါ်လာလေသည်။
“ကြည့်ရတာ စုမင်က တကယ်ထွက်သွားပြီး ဒီမှာ မရှိတော့ဘူး”
ထျန်းလင်းက ခေါင်းယမ်းလိုက်သည်။သူ၏နတ်ဘုရားအာရုံဖြင့် ဖန်ဆင်းထားသောခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။
နောက်ထပ်လေးနာရီကြာသွားလေ၏။ ထျန်းလင်းဧ။်ပုံရိပ်က ဤနေရာတွင် တစ်ဖန်ပေါ်လာသည်။ ယခုတစ်ကြိမ်မှာတော့သူ့ကိုယ်သူ စကားမပြောဘဲ ဥမင်ထဲသို့အရှိန်တင်လိုက်သည်။
ကျောက်နံရံတွင် ပုန်းနေသောစုမင်က မျက်လုံးဖွင့်လိုက်လေ၏။ သူက အဝေးမှထွက်ခွာသွားသော ထျန်းလင်း၏ပုံရိပ်ကိုကြည့်ကာ သူ့နှလုံးသားထဲတွင် အေးစက်စွာရယ်မောနေတော့သည်။