သံကန်နက်ထဲက ကြွက်။
Vol. 4 Ch. 51
တစ်ဖက်တွင် စွမ်းရည်တန်ဖိုးသည် ၃ မှတ်တင်းတင်းဖြင့် တိုးလာရာ အလားတူပင် အလွန်တရာ ကြီးမားသော မြှင့်တင်မှုတစ်ခုဖြစ်သည်။
စွမ်းရည်တန်ဖိုး တိုးတက်လာမှုသည် စူးချန်ခုန်းကို ပို၍ထူးခြားလာစေမည်ဖြစ်ပြီး သိုင်းပညာအမျိုးမျိုး၏ လေ့ကျင့်မှုကို ပိုမိုလွယ်ကူရိုးရှင်းစေကာ အကျိုးရှိရှိ တိုးတက်လာစေသော စက်ဝန်းတစ်ခုဖြစ်လာစေသည်။
ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်းတွင် အဆင့်တက်သွားခြင်းဖြင့် စူးချန်ခုန်းသည် အချိန်အတော်ကြာ တမ်းတနေခဲ့ရသော သက်တောင့်သက်သာမှုကို ခံစားခဲ့ရသော်လည်း သူသည် ပျင်းကြောဆွဲမနေခဲ့။
"နတ်ဘုရား ရဲစွမ်းသတ္တိနယ်ပယ်ရဲ့ အထက်မှာ ပိုသန်မာတဲ့ သိုင်းပညာရှင်တွေ ရှိမှာပဲ။ မြို့လေးတစ်ခုမှာ စွမ်းအားကြီးနေရုံနဲ့ တကယ် ကျွမ်းကျင်တာ မဟုတ်ဘူး။"
စူးချန်ခုန်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်သည် သိုင်းပညာရှင်တစ်ဦးအတွက် ပထမဆုံးနယ်ပယ်မျှသာဖြစ်သည်။ သာလွန်သည့်လူဆိုတာ ရှိစမြဲ၊ တစ်တောင်ပြီးတစ်တောင် တက်ရစမြဲဖြစ်ရာ ဝံကြွား၍ မနေသင့်ပေ။
စူးချန်ခုန်းသည် နေ့တိုင်း သူ့ထုံးစံအတိုင်း အလေ့အကျင့်ကို ဆက်လုပ်သည်။ ပန်းပဲပညာ သို့မဟုတ် ဓါးနည်းပညာတွင် တိုးတက်မှု ပိုမိုလွယ်ကူလာပြီး လျင်မြန်လာသည်ကို သူခံစားမိသည်။ အဆင့် (၇) နယ်ပယ်သို့ တက်လှမ်းနိုင်သည်မှာ ပြင်းထန်သော လေ့ကျင့်မှုကြောင့်သာ ဖြစ်သည်။
ဆောင်းက လက်ပြနှုတ်ဆက် ထွက်ခွါပြီး နွေဦးတစ်လီ ရောက်လာချေပြီ။ ဆောင်းရာသီ၏ ပြင်းထန်သော အအေးဓာတ်တို့ ပျောက်ပြယ်သွားပြီးနောက် မျှတသော အနွေးဓာတ်တို့က တစ်ကျော့ပြန်ရောက်လာခဲ့သည်။
"ဒေါင် ဒေါင် ဒေါင်"
တစ်မနက်တွင် စူးချန်ခုန်းသည် ဝူချင်းရှီကို လေ့ကျင့်ပြီးသောအခါ သံနက်အိမ်တော်တစ်လျှောက်တွင် လူစုရန် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ထုံးစံအတိုင်း လူတိုင်းက အိမ်ခြံဝင်းထဲမှာ စုဝေးကြပြီး ကြီးကြပ်ရေးမှူးလျိုက နာမည်တွေ အော်ခေါ်သည်။
"ချန်ယွဲ့! ချန်ယွဲ့ မရောက်သေးဘူးလား"
သို့သော် ကြီးကြပ်ရေးမှူးလျိုသည် မည်သူမျှ ပြန်မဖြေသည့် နာမည်တစ်ခုကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ အော်နေရင်း မျက်မှောင်ကျုံ့လိုက်သည်။
" ချန်ယွဲ့... သူ ဒီနေ့ နေမကောင်းဖြစ်နေတဲ့ပုံပဲ။ အခန်းထဲမှာ အနားယူနေတယ်"
ခဏကြာတော့ လူတစ်ယောက် စကားလာပြောသည်။
"ဟမ်... ရာသီ အပြောင်းအလဲဆိုတော့ လူတိုင်းက အပူချိန်ပြောင်းလဲတာကို သတိထားသင့်တယ်။"
ကြီးကြပ်ရေးမှူးလျိုက ဒီကိစ္စကို ကြားတာနဲ့ ဆက်ပြီး လိုက်မေးမြန်းမနေတော့ပေ။ လူတစ်ရာကျော်တွင် အအေးမိခြင်း သို့မဟုတ် ဖျားနာခြင်းမှာ သာမန်ကိစ္စသာ။
စူးချန်ခုန်းက အစတုန်းကတော့ သိပ်ဂရုမစိုက်ပေမယ့် ဒီအဖြစ်အပျက်က သာမန်ထက် ထူးထူးခြားခြား ဖြစ်နေသည်။
နှစ်ရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး နာမည်ခေါ်သည့် စုဝေးပွဲ ရောက်ရှိလာပြန်သည်။
“လုယီ၊ သူ အအေးမိနေလို့ သူ့ကိုယ်စား ခွင့်တောင်းပေးဖို့ ကျွန်တော့်ကိုပြောခဲ့တယ်!”
“ပြီးတော့ လီယိရောပဲ။ သူလည်း နေမကောင်းဘူး။ မနက်စောစောက ထိုးအန်နေတာ။ ဒီနေ့ အလုပ်မဆင်းနိုင်တော့ဘူးတဲ့။”
တစ်ယောက်ပြီးတစ်ယောက် ပြောတာများလာလေလေ ကြီးကြပ်ရေးမှူးလျိုရဲ့ မျက်မှောင် ပိုကြုပ်လာလေလေပင်။ "တုပ်ကွေးများလား" ထိုအချိန်တွင် စူးချန်ခုန်း ရင်ထဲ ဒိန်းကနဲ ဖြစ်သွားသည်။ လူတော်တော်များများ တစ်ပြိုင်တည်း နာမကျန်းဖြစ်တာက အလွန်ထူးခြားပါသည်။ ကူးစက်တတ်သော တုပ်ကွေးရောဂါအကြောင်း သူတွေးလိုက်မိသည်။
“အဟွတ် အဟွတ် အဟွတ် … ငါလည်း ဖျားနေပြီထင်တယ်…”
ထိုအချိန်တွင် အမျိုးသားတစ်ဦးသည် ပြင်းထန်စွာ ချောင်းဆိုးလာပြီး မျက်နှာက ဖြူဖျော့လာသည်။
ဒီလူကို သံနက်အိမ်တော်က ပန်းပဲဆရာ စွန်းချန်လို့ အမည်ရကြောင်း စူးချန်ခုန်းမှတ်မိပါ၏။
" အဟွတ်… အဟွတ် အဟွတ်!"
စွန်းချန် ချောင်းဆိုးတာ ပြင်းထန်လွန်းသဖြင့် သူ့အဆုတ်တောင် ထွက်ကျလာမည်ဟု ထင်ရသည်။ အနီးနားရှိလူများသည် မသိစိတ်အရ အနည်းငယ် နောက်ပြန်ဆုတ်သွားကာ မျက်နှာများက စိုးရိမ်တကြီးနှင့်။ စွန်းချန်က ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။
ဆယ်ခါကျော်လောက် ချောင်းဆိုးပြီးနောက် စွန်းချန် ရပ်တန့်သွားသည်။ သို့သော် သူ့လက်ချောင်းများကြား နေရာလွတ်တွင် သွေးချင်းရဲရဲနီနေ၏။
“ဒါ… ဒါ…” စွန်းချန်သည် သူချောင်းဆိုးလိုက်ရာမှ ပါလာသော သွေးများကို ကြည့်ရင်း ဖြူစုတ်သွားလေ၏။ သူက အမြဲတမ်း ကျန်းမာကြံ့ခိုင်နေခဲ့တာ ဖြစ်သည်။ သူ ဘယ်လိုလုပ်ပြီး ချောင်းဆိုးရင် သွေးပါလောက်အောင် ဖျားသွားရတာလဲ။
“စွန်းချန်ကို အနားယူဖို့ လူနှစ်ယောက်လောက် ခေါ်သွားလိုက်ပါ။ နောက်ပြီး ချန်ယွဲ့နဲ့ တခြားသူတွေ... သူတို့ကို အပြင်မထွက်စေဘဲ တခြားသူတွေနဲ့ အဆက်အသွယ်မလုပ်စေဘဲ အိမ်ထဲမှာနေခိုင်းလိုက်ပါ။"
ဒါကိုမြင်တာနဲ့ ကြီးကြပ်ရေးမှူးလျိုက အရင်ကထက် ပိုလေးနက်သည့် မျက်နှာထားနှင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဟုတ်!”
လူတိုင်းက ပြောတဲ့အတိုင်း လိုက်လုပ်ကြသည်။ အားလုံးက လေးနက်သော မျက်နှာထား ကိုယ်စီနှင့်။
တုပ်ကွေးရောဂါလို တစ်ခုခုဖြစ်ရင် အရမ်းဆိုးမှာမဟုတ်ပေမယ့် ကပ်ရောဂါဖြစ်ရင် ဒုက္ခရောက်လိမ့်မည်။
"ဒါက ကပ်ရောဂါလား။ အခုမှ ဆောင်းရာသီ ကုန်ခါစလေ။” စူးချန်ခုန်းသည် ရှေးခေတ်က ကြောက်စရာအကောင်းဆုံးအရာမှာ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူလုပ်ဘေးဆိုးများသာမဟုတ်ဘဲ ၎င်းတို့နှစ်ခု ပေါင်းစပ်ခြင်းသာဖြစ်ကြောင်း သိလျက်နှင့် မျက်မှောင်နက်နက်ကြုတ်လိုက်သည်။
ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု အကန့်အသတ်နှင့် သန့်ရှင်းရေးအခြေအနေများကြောင့် ရှေးခေတ်တုန်းက လူတစ်ယောက်သည် ကပ်ရောဂါဖြစ်ပါက ကံကောင်းခြင်းမှာ သည်းခံနိုင်လျှင် အသက်ရှင်လိမ့်မည်။ မဟုတ်ရင် သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ။
ကြီးကြပ်ရေးမှူးလျိုက အခြေအနေကို အလေးအနက်ထားခဲ့တဲ့ အိမ်တော်အရှင်မော့ထျဲကို ချက်ချင်း သတင်းပို့လိုက်သည်။ သူ၏နည်းလမ်းမှာ ရိုးရှင်းပါ၏။ ချန်ယွဲ့နှင့် နာမကျန်းဖြစ်နေသော အခြားသူများကို သီးခြားခွဲထားရန်၊ တစ်စုံတစ်ဦးမှ အစာနှင့်ရေကို ပို့ဆောင်ပေးပြီး အခြားသူများနှင့် ထိတွေ့မှုကို တားဆီးရန်ပင်။
သို့ပေမယ့် အခြေအနေက အဲဒီ့မှာတင် မပြီးသွားခဲ့။ နောက်တစ်ရက်ကြာတော့ ရောဂါလက္ခဏာပြတဲ့လူ လေးယောက်ကနေ ခုနစ်ယောက်အထိ တိုးလာပြီး ထပ်တိုး ၃ ယောက်က ချန်ယွဲ့၊ တခြားသူတွေနဲ့ သာမန်ရက်တွေမှာ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ကြပေမယ့် ဖျားနာနေကြဆဲပင်။
သံနက်အိမ်တော်တစ်လျှောက် ကြောက်ရွံ့ထိတ်လန့်မှုများ ပျံ့နှံ့သွားလေ၏။
“ဒါက မှားနေတယ်… ဒါက ကူးစက်ရောဂါ ဒါမှမဟုတ် တုပ်ကွေးရောဂါလို့ မထင်ဘူး။”
ထိုညနေခင်းတွင် ဝူချင်းရှီကို လေ့ကျင့်ပြီးနောက် စူးချန်ခုန်းသည် ရေအိုးတစ်လုံးကို ကိုင်ဆောင်ပြီးနောက် တစ်ချိုက်နှစ်ချိုက်သောက်လိုက်ရာ ရုတ်တရက် ရင်ထဲမှာ ဒိတ်ကနဲနှင့် စိတ်ထဲမှာ တစ်စိုးတစ်စ အသိဝင်လာသည်။
“ထွီး!”
စူးချန်ခုန်းသည် ချက်ချင်းပင် ရေများကို ထွေးထုတ်လိုက်ပြီး သူ့မျက်နှာထားမှာ ပြောင်းလဲသွားသည်။
“ရေအရင်းအမြစ်… ပြဿနာက ရေအရင်းအမြစ်နဲ့ ပတ်သက်နေတာများလား။”
စူးချန်ခုန်းက သူ့လက်ထဲက ရေအိုးကို လှမ်းကြည့်ရင်း အတွေးတစ်ခု ပေါ်လာ၏။
သံနက်အိမ်တော်တွင် လူခုနစ်ဦး ဖျားနာခဲ့သော်လည်း သူတို့ထဲက အချို့မှာ တစ်ဦးနှင့်တစ်ဦး ပုံမှန်ထိတွေ့မှု မရှိသလောက် နည်းပါးသည်။ နေ့တိုင်း လူတိုင်းလုပ်တဲ့ အရာက စားတာနှင့် သောက်တာပင်။
ရေဆိုတာ လူတိုင်း နေ့စဉ်သောက်သုံးရမည့် အရာဖြစ်သည်။ ရေအရင်းအမြစ်ကြောင့် လူတွေ ရုတ်တရက် နေမကောင်း ဖြစ်တာလား။
“အိမ်တော်သခင်ကို သွားရှာရမယ်။”
စူးချန်ခုန်းသည် ဤအချက်ကို စုံစမ်းရန် လိုအပ်သည်ဟု ခံစားမိသောကြောင့် သူချက်ချင်းထကာ မော့ထျဲကိုရှာရန် သံနက်အိမ်တော်၏ အနောက်ဘက်ခြံဝင်းသို့ သွားလိုက်သည်။
အချိန်က ညနေစောင်းနေပြီဖြစ်သည်။ အခန်းတစ်ခုအတွင်း မော့ထျဲက မျက်မှောင်တင်းတင်း ကျုံ့ထားလျက်။ "လူတော်တော်များများ နေမကောင်းဖြစ်နေတယ်... တုပ်ကွေးလား ပလိပ်ရောဂါလား။ မနေ့က သမားတော်လျိုကို ခေါ်ဖို့ ချင်းရွှေမြို့ထဲကို လူတစ်ယောက်ပို့လိုက်ပေမယ့် သမားတော်လျိုက အခြေအနေအကြောင်း ကြားတာနဲ့ သံနက်အိမ်တော်ကို လာဖို့ လုံးဝ ငြင်းဆန်ခဲ့တယ်။"
သာမန်ဖျားနာမှုများသည် ဖြစ်နေကျအရာတစ်ခုဖြစ်သော်လည်း ပလိပ်ရောဂါနှင့်ပတ်သက်သော သံသယလက္ခဏာများကြောင့် အထွေထွေဆရာဝန်များက သူတို့အား ပလိပ်ရောဂါ မကူးစပ်စေရန် ရှောင်ရှားစေခဲ့သည်။ မော့ထျဲသည် ချင်းရွှေမြို့မှ သမားတော်များကိုဆက်သွယ်ခဲ့ပြီး ထိုသမားတော်များက ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် ရောဂါရှိသူတို့နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် ရောဂါလက္ခဏာရှိသောသူများကို သီးခြားခွဲထားရန် အကြံပေးခဲ့သည်။
"ဒုတ် ဒုတ် ဒုတ်”
တံခါးခေါက်သံ ထွက်ပေါ်လာ၏။။
"ဝင်ခဲ့ပါ။ တံခါးကို သော့ခတ်မထားဘူး"
မော့ထျဲက အာရုံတွေပြန်လည်လာပြီးနောက် ပြောလိုက်သည်။
"ကျွီ!"
အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။ ထိုလူက စူးချန်ခုန်း ဖြစ်သည်။
"ချန်ခုန်း? ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။" မော့ထျဲ အနည်းငယ် အံ့သြသွားသည်။ စူးချန်ခုန်းသည် ခပ်လျှိုလျှိုသာနေတတ်ပြီး သူကိုယ်တိုင် လာရှာခဲသည်။
“အိမ်တော်သခင် ခုတလော အိမ်တော်က လူတွေတော်တော်များများ နာမကျန်းဖြစ်နေကြတယ်။ အဓိကအကြောင်းရင်းက အစာတွေ ရေတွေနဲ့ ဆက်စပ်နေမလားလို့ပါ။” စူးချန်ခုန်းက ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ လိုရင်းသို့ တည့်ပြောလိုက်သည်။
ရေနှင့်အစားအစာ- စူးချန်ခုန်းပင်လျှင် ရေသောက်ရပြီး သူ့အချိန်နှင့်သူ စားသောက်ရသည်။ တစ်ခုခုနဲ့ ပြဿနာဖြစ်ခဲ့ရင် သံနက်အိမ်တော်မှာရှိတဲ့ လူတိုင်း ဒုက္ခရောက်မှာပင်။
“ဟုတ်သား… ရေ၊ ရေအရင်းမြစ်ကို သွားစစ်ကြည့်။”
ဒါကိုကြားတော့ မော့ထျဲက ရုတ်ချည်း မတ်တပ်ထရပ်လိုက်သည်။
မူလက ၎င်းတို့သည် တုပ်ကွေးနှင့်တူသည်ဟု ယူဆခဲ့ကြသော်လည်း ရေအရင်းအမြစ်တွင် ပြဿနာရှိနေတာ ဖြစ်နိုင်လား။
"လူအိုကြီးလျို၊ ငါနဲ့ အနောက်ဘက်က တောင်ပေါ်က သံနက်ကန်ကို လိုက်ကြည့်ဖို့ လူနှစ်ယောက်သုံးယောက် ခေါ်လာခဲ့" ဟူ၍ ကြီးကြပ်ရေးမှူးလျိုကို တွေ့တာနဲ့ မော့ထျဲက အမိန့်ပေးလိုက်သည်။
“ကျွန်တော်လည်း လိုက်မယ်။" စူးချန်ခုန်းက အခင်းဖြစ်ရာဆီသို့ သူတို့နှင့် လိုက်သွားရန် ပြင်လိုက်သည်။ ဘာမှမသိတာထက်စာလျှင် တစ်ခုခုသိသွားတာက ပိုကောင်းတဲ့ ပြင်ဆင်မှုပဲလေ။
မော့ထျဲ၊ ကြီးကြပ်ရေးမှူးလျို၊ စူးချန်ခုန်းနှင့် မော့ထျဲ ယုံကြည်စိတ်ချရသော လက်ထောက်နှစ်ဦးတို့ ပါဝင်သော လူငါးဦးတို့အုပ်စုသည် သံနက်အိမ်တော်၏ အနောက်ဘက်တောင်ပေါ်သို့ ဦးတည်သွားကြသည်။
သံနက်ကန်သည် သံနက်အိမ်တော်၏ တောင်များနောက်တွင်ရှိသော ရေကန်တစ်ခုဖြစ်သည်။
သံနက်အိမ်တော်ရှိ လူတစ်ရာကျော်၏ ရေလိုအပ်ချက်ကို ရေတွင်းတစ်ခုမျှဖြင့် မဖြည့်ဆည်းပေးနိုင်ပေ။ သံနက်ကန်သည် အိမ်ကြီး၏ ရေအရင်းအမြစ်ဖြစ်သည်။ သောက်ရေပဲ ဖြစ်ဖြစ်၊ ပန်းပဲလုပ်တဲ့အခါ ငြှိမ်းသတ်ဖို့အတွက် သုံးတဲ့ရေပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက သံနက်ကန်က လာတာဖြစ်သည်။
သံနက်ကန်သည် ကြည်လင်နေပြီး ရေပြင်ပေါ်တွင် သစ်ရွက်လေးများ မျှောနေ၏။ လေပြေတိုက်လာသောအခါ ရေကန်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းခွက်လေးများ ဖြစ်ပေါ်လာသည်။
အပေါ်ယံမှကြည့်လျှင် သံနက်ကန်နှင့်ပတ်သက်ပြီး ပြဿနာမရှိပုံရသည်။
“အဘိုးကျန်း၊ ဆင်းကြည့်လိုက်ပါဦး” မော့ထျဲက အမျိုးသားတစ်ဦးကို ညွှန်ကြားသည်။
ကျန်းရှုဟုခေါ်သော ဤလူသည် ရေကူးတတ်၏။
“ကောင်းပြီ!”
ကျန်းရှုက ခေါင်းညိတ်ပြပြီး သူ့အဝတ်နဲ့ ဖိနပ်တွေကို ချွတ်ကာ သူ့အတွင်းခံကိုသာချန်ပြီး စူးစမ်းလေ့လာဖို့ သံနက်ကန်ထဲကို ခုန်ဆင်းသွားတော့သည်။
သူသည် ရံဖန်ရံခါ အသက်ရှူရန် ရေပေါ် ပေါ်လာသည်။
အမွှေးနံ့သာတစ်ချောင်း မီးရှို့ချိန်လောက် ကြာပြီးနောက်တွင် ရှာဖွေတွေ့ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အရှင်ရေ... ဒါကိုကြည့်ပါဦး"
ကျန်းရှုက ရေကန်ထဲမှ လှမ်းအော်သည်။
ကျန်းရှု၏လက်ထဲတွင် ကြွက်တစ်ကောင်ကို ကိုင်ထားသည်။
အတိအကျပြောရရင် ကြွက်သေတစ်ကောင်။
ကျန်းရှုသည် ကမ်းပေါ်သို့တက်ကာ ကြွက်သေကောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဤကြွက်၏အလောင်းသည် ထူးခြားသည်။ ရေထဲတွင်စိမ်ထားသောကြောင့် ဖောင်းပွနေကာ ၎င်း၏အမွေးများ ကျွတ်ထွက်နေပြီး ၎င်း၏ကိုယ်ထည်မှာ သေးသေးလေးနှင့် အဖုအထစ်များဖြင့်က ဖုံးအုပ်နေလျက်။