← Chapters

ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ရေအရင်းမြစ်ကို အဆိပ်ခတ်ခြင်း။

Vol. 4 Ch. 52

ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ရေအရင်းမြစ်ကို အဆိပ်ခတ်ခြင်း။

Vol. 4 Ch. 52

သံနက်ကန်ထဲမှာ တိရိစ္ဆာန်တစ်ကောင် သေနေတာကြောင့် ဖျားနာကြတာလား။"

မော့ထျဲသည် မြေပြင်ပေါ်ရှိ ကြွက်အလောင်းကို ကြည့်လိုက်သည်။

ရေထဲတွင် ပုပ်ပွနေသော တိရစ္ဆာန်အသေကောင်ကြောင့် ရေသောက်သုံးသူများကို ဖျားနာစေမည့် အလားအလာရှိသည်မှာ အမှန်ပင်။

သို့သော် စူးချန်ခုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။ “ယုတ္တိရှိရှိပြောရရင်..ဒီကြွက်သေကောင်က ရေအောက်မှာ မြှပ်နေတာထက် ရေပေါ်မှာ ပေါ်နေသင့်တာ။ ဦးလေးကျန်းက ဒီကြွက်ကို ရေကန်အောက်ခြေမှာ တွေ့ခဲ့တယ်..”.

ထိုစကားကိုကြားတော့ မော့ထျဲက ချက်ချင်း မျက်လုံးမှေးကျဉ်းပြီး ခါးကနေ ဓားကို ဆွဲထုတ်ကာ ဖောရောင်နေတဲ့ မြေပြင်ပေါ်က ကြွက်အလောင်းကို ခပ်ပြင်းပြင်း ခုတ်ပြီး နှစ်ပိုင်းခွဲလိုက်လေ၏။

ကွဲသွားသော ကြွက်၏ဝမ်းဗိုက်အတွင်းတွင် ပုပ်နေသော အတွင်းအင်္ဂါများ ရှိပြီး ၎င်းအပြင် အနက်ရောင် အရာများစွာလည်း ရှိနေသည်။

"ဒါတွေက ကျောက်တုံးတွေလား"

ကျန်းရှုက တုတ်နဲ့ထိုးပြီး ပြောလိုက်သည်။

ကြွက်၏အလောင်းသည် မျက်နှာပြင်ပေါ်သို့ ပေါ်မလာရသည့် အကြောင်းရင်းမှာ ၎င်း၏ အစာအိမ်တွင် ကျောက်ခဲများဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ မဟုတ်ရင် ရေလာခပ်သူတွေဟာ ရေပေါ်မှာ မျောနေတဲ့ ကြွက်အသေကောင်ကို သတိပြုမိကြလိမ့်မည်။

ပြီးတော့ ကြွက်တစ်ကောင်က ဘာပဲစားစား၊ ဝမ်းဗိုက်ထဲမှာ ကျောက်ခဲတွေကို စားသုံးနိုင်မှာ မဟုတ်ပါ။

ဖြစ်နိုင်ခြေအရှိဆုံးကတော့...

"အဲဒါက လူလုပ်ထားတာပဲ။ တစ်စုံတစ်ယောက်က ကြွက်ဗိုက်ထဲကို ကျောက်ခဲတွေကို တမင်ထည့်ပြီး သံနက်ကန်ထဲကို ပစ်ချလိုက်တာ။ ကြွက်ခန္ဓာကိုယ်ရဲ့ မျက်နှာပြင်မှာ အဖုတွေ ပြည့်နေတဲ့ အနာတွေကို စစ်ဆေးကြည့်တော့ ... စမ်းသပ်ထားတာ ဖြစ်နိုင်တယ်။ အဲဒါက သံနက်အိမ်တော်က လူတွေကို ရောဂါဖြစ်စေတဲ့ မူလဇစ်မြစ်ပဲ။”

စူးချန်ခုန်းသည် မြေပြင်ပေါ်ရှိ ကြွက်သေကောင်ကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးများသည် အေးစက်နေပြီး နှလုံးသားထဲတွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။

ဒါက အဆိပ်ခတ်တာ။ ရေအရင်းအမြစ်ကို အဆိပ်ခတ်ခဲ့တာပင်။

“ဘယ်သူက ဒီလောက်တောင် ရက်စက်ယုတ်မာရတာလဲ။ ဒီလိုအရာမျိုးကို ကျူးလွန်တာက တိရစ္ဆာန်ထက်ကို ဆိုးရွားလွန်းတယ်။”

မော့ထျဲ၏ ဦးရေပြားသည် ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားကာ အံတကြိတ်ကြိတ်နှင့် သွားကြားမှ အသံများပင် ထွက်လာသည်။

ရေအရင်းအမြစ်ကို အဆိပ်ခတ်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးပြုခြင်းမရှိ။ လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်တာထက် ပိုရက်စက်ကာ လူသားတွေကို မျိုးတုဉ်းအောင်လုပ်ခြင်းပင်။

သံနက်ကန်ထဲတွင် ကြွက်အလောင်း တစ်လောင်းထက်မက ရှိနိုင်သည်ကို သဘောပေါက်ကာ အခြားသူများ၏ နှလုံးသားထဲတွင် ချမ်းတုန်မှုများ မြင့်တက်လာခဲ့သည်။ သူတို့ သံနက်အိမ်တော်မှလူများ အားလုံးသည် ရေကန်၏ရေကို သောက်ခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူများ ဆက်တိုက် ဖျားနာလာသည်။

ကိုယ်ကာယ ကွဲပြားမှုကြောင့် အချို့မှာ နာမကျန်းဖြစ်ကြပြီး အချို့ကတော့ မဖြစ်သေး။ သို့ပေမယ့် သံနက်ကန်ထဲက ရေကို အချိန်ကြာကြာ ဆက်သောက်နေမယ်ဆိုရင် အိမ်ကြီးတစ်ခုလုံး ပျက်စီးသွားမှာကို စိုးရိမ်မိသည်။

လူတိုင်းက ဒေါသချောင်းချောင်းထွက်နေပြီး အဆိပ်ခတ်တဲ့ကို အပိုင်းပိုင်း ခုတ်သတ်ချင်နေကြပေမယ့် ဘယ်သူလုပ်မှန်း သူတို့သိမနေကြ။

အသက်ပြင်းပြင်းရှူရင်း မော့ထျဲက ဆိုလေ၏။ "သံကန်နက်ထဲကရေကို သုံးလို့မရတော့ဘူး။ အခုကစပြီး ငါးမိုင်အကွာမှာရှိတဲ့ စမ်းချောင်းက ရေကိုယူလိုက်။ ဘေးကင်းဖို့အတွက် သောက်သုံးရေအားလုံးကို အသုံးမပြုခင် ပိုးသတ်ထား။"

"အင်း"

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သံနက်ကန်က အဆိပ်ခတ်ထားခံရသည်ဟု သံသယရှိသဖြင့် ၎င်းကို မည်သူမျှ မသောက်ဝံ့တော့ဘဲ အဆင်မပြေမှုများကို ရင်ဆိုင်ရန် ဆန္ဒရှိနေကြသည်။

အဲဒီညမှာပဲ မော့ထျဲက သောက်သုံးရေ ပြဿနာရှိနေကြောင်းနဲ့ ဘယ်သူမှ သံနက်ကန်ကြီးရဲ့ ရေကို မထိရဘူးလို့ အမိန့်ထုတ်လိုက်သည်။

သံနက်ကန်၏ရေအသုံးပြုမှုကို ရပ်တန့်ပြီးနောက် နောက်ရက်များတွင် အခြားမည်သူမျှ မဖျားနာခဲ့တော့။

သို့သော် သံနက်အိမ်တော်ရှိ လူတိုင်းသည် အလွန်တရာလေးလံမှုကို ခံစားမှုကို ခံစားခဲ့ရသည်။

"သေပြီ... ချန်ယွဲ့သေပြီ"

နံနက်စောစောတွင် ကြေကွဲဖွယ်သတင်းသည် သံနက်အိမ်တော်တစ်လျှောက် ပျံ့နှံ့သွားလေ၏။

ဖျားနာခြင်း၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် အခြားမည်သူမျှ မဖျားနာတော့သော်လည်း ယခင်က ချန်ယွဲ့ကဲ့သို့ မကျန်းမမာဖြစ်ဖူးသူများအတွက်မူ ယင်းမှာ အမှန်တကယ် ဖြစ်နေပြီဖြစ်သည်။

ပထမဆုံးဖျားနာခဲ့သော ချန်ယွဲ့ကို အခန်းထဲတွင် တစ်ယောက်ထဲထားပြီး သူ့ကို နေ့တိုင်း အစားအသောက်များ ပို့ဆောင်ပေးခဲ့သော်လည်း နောက်ဆုံးတွင် သူသည် မကျော်ဖြတ်နိုင်တော့ဘဲ သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရသည်။ သူသည် သွေးများ အကြိမ်ကြိမ် ချောင်းဆိုးခဲ့ပြီး အရေပြားတွင် အဖုအနာများ ပေါက်ထွက်ခဲ့သည်။

သူတစ်ယောက်တည်းတော့ မဟုတ်ပါ။ နာမကျန်းသူ ခုနစ်ဦးတွင် သုံးဦးသည် မသေဆုံးမီတွင် ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော်လည်း ကျန်လေးဦးသည် သူတို့၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာကြောင့် ပြင်းထန်စွာ ထိခိုက်မှု မရှိခဲ့ပေ။ သို့သော်လည်း ဘေးကင်းစေရန်အတွက် သူတို့အား မလွှတ်ပေးမီ ရက်အနည်းငယ်ကြာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သေဆုံးသွားသူ သုံးဦး၏ ရုပ်အလောင်းများကို သူတို့၏ အဝတ်အစားများ၊ အိပ်ယာများနှင့်အတူ မီးသဂြိုလ်ခဲ့ပြီး ၎င်းတို့၏ မိသားစုများက မူးမေ့မတတ် ယူကျုံးမရ ငိုကြွေးခဲ့ကြသည်။

“အင်း… သဘာဝတရားကြီးနဲ့ လူဖန်တီးတဲ့ ကပ်ဘေးတွေကြောင့် အခုခေတ်မှာ ရှင်သန်ဖို့ တကယ်ကို ခက်ခဲပါလားနော်”

"ငါတို့ အချိန်မီလုပ်ခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် လူအနည်းငယ်ထက် ထပ်သေတော့မှာ။"

သံနက်အိမ်တော်မှလူများ အားလုံး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။ ထိုအဖြစ်အပျက်ကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့သည့်အတွက်လည်း ကံကောင်းခဲ့ကြသည်။ မဟုတ်ပါက အများစုမှာ ဒုက္ခရောက်ကြပေမည်။

စူးချန်ခုန်းသည် တဟုန်းဟုန်း တောက်လောင်နေသော ဒေါသများနှင့် သူ့နှလုံးသားထဲတွင် ပေါက်ထွက်နေသော လူသတ်ချင်စိတ်များကို တိတ်တဆိတ် ခံစားနေရသည်။

စူးချန်ခုန်းသည် ချန်ယွဲ့နှင့် အခြားသူများ သေဆုံးရခြင်းက သဘာဝဘေးဒဏ် မဟုတ်ဘဲ လူဖန်တီးထားခြင်း ဖြစ်သည်ကို သိခဲ့ရသည်။

တစ်စုံတစ်ယောက်သည် ရေပေးဝေမှုကို အဆိပ်သင့်စေခဲ့ပြီး ချန်ယွဲ့နှင့် အခြားသူများသည် ရောဂါဝေဒနာကြောင့် နာကျင်စွာ သေဆုံးသွားခဲ့ရသည်။

"တကယ်လို့ ငါ့ရဲ့ ကိုယ်ခန္ဓာသာ မသန်မာခဲ့ဘူးဆိုရင် ငါလည်းပဲ ဒီအတိုင်း နေမကောင်းဖြစ်ခဲ့မှာ။ သူတို့နဲ့ တူညီတဲ့ ကံကြမ္မာကို ရင်ဆိုင်ရင်း စိတ်ပျက်အားငယ်စွာနဲ့ နာကျင်စွာ သေဆုံးသွားရမှာ။"

စူးချန်ခုန်း၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူလည်း ထိုရေကို သောက်ခဲ့သည်။ သူသည် လူအများစုကဲ့သို့ပင် ကံကောင်းခဲ့ပြီး သန်မာသောကိုယ်ခန္ဓာကြောင့် ဖျားနာခြင်းမရှိခဲ့ပေ။ ခန္ဓာကိုယ် သန့်စင်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိထားသည့် သိုင်းပညာရှင်များအတွက် သာမာန်အဆိပ်များသည် လက်တွေ့တွင် အသုံးမဝင်ပေ။

စူးချန်ခုန်းသည် ဒေါသနှင့် လူသတ်လိုစိတ် နှစ်ခုစလုံးကို ခံစားခဲ့ရသော်လည်း အဆိပ်ခတ်သူ၏ အမည်ကိုပင် မသိသောကြောင့် သူ့စိတ်ထဲတွင် ဒေါသကို မျိုသိပ်ထားရုံသာ။

သံနက်အိမ်တော်တွင် ရုန်းရင်းဆန်ခတ်မှု ငြိမ်ကျသွားခဲ့သည်။ သေတဲ့သူတွေက သေကုန်ပြီး ရှင်တဲ့သူတွေကတော့ ဆက်လက်ရှင်သန်ရမှာပင်။ သံနက်အိမ်တော်သည် တစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်ခဲ့ခြင်းဖြစ်သည်ကို လူအနည်းငယ်မျှသာ သိရှိသဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

ရန်သူသည် ရေကို အဆိပ်ခတ်ကာ ကြီးစွာသော ဝေဒနာကို ခံစားစေခဲ့ပြီး သူတစ်ပါးကို အန္တရာယ်ပြုခဲ့သော်လည်း သူတို့အတွက် အကျိုးမရှိခဲ့ပေ။ သို့သော် သူတို့၏ ရည်ရွယ်ချက် အတိအကျကိုမူ လူတိုင်း မသိနိုင်ပေ။

"ပဓာနချီစွမ်းအင် ပျံ့နှံ့ခြင်းဆေးအတွက် ဆေးဖက်ဝင်အပင်တွေ အကုန်နီးပါးသုံးပြီးပြီ။ မနက်ဖြန် ဂျင်ဆင်းမြို့ကို သွားဝယ်ဦးမှပဲ။"

သံနက်အိမ်တော်တွင် အနှောင့်အယှက်များ ဖြစ်ပြီးနောက် တစ်ပတ်ကြာသွားခဲ့လေပြီ။ စူးချန်ခုန်းသည် ပုံမှန်အတိုင်း သူ့ထိုးချက်များနှင့် ကျွမ်းကျင်မှုများကို လေ့ကျင့်ကာ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းခဲ့သော်လည်း ကုန်လုနီးပါးဖြစ်နေသော ပဓာနချီစွမ်းအင် ပျံ့နှံ့ခြင်းဆေးအတွက် ၎င်း၏ ဆေးရွက်များ ဖြည့်တင်းရန် လိုအပ်သည်။

စူးချန်ခုန်းရဲ့ လိပ်အသက်ရှူနည်းကို ဆဌမနယ်ပယ်အထိ ပြုစုပျိုးထောင်ပြီးကတည်းက သူ့ရဲ့ ခွန်အားတွေ သိသိသာသာကို တိုးတက်လာပြီး ပဓာနစွမ်းအင်ပျံနှံ့ခြင်းရဲ့ သက်ရောက်မှုတွေက သိသိသာသာ လျော့ကျလာပေမယ့် ဘာမှမမှီဝဲတာထက်တော့ ပိုကောင်းပါသေးသည်။

သူ့ရဲ့အနားယူတဲ့နေ့မှာ စူးချန်ခုန်းဟာ ​​လိပ်အသက်ရှူနည်းကိုအသုံးပြုပြီး သူ့ရဲ့အရိုးဖွဲ့စည်းပုံကိုပြောင်းလဲကာ ဂျင်ဆင်းမြို့သို့ တစ်ယောက်တည်းထွက်ခဲ့သည်။ သူသည် အနက်ရောင်ကို ၀တ်ဆင်ထားပြီး လျှောက်ပတ်သွားနေသည့် ခရီးသွားတစ်ဦးနှင့် ဆင်တူလှသည်။

ဂျင်ဆင်းမြို့သို့ရောက်သောအခါ မွန်းတည့်နေပြီဖြစ်သည်။

"ငါဒီကိုမရောက်တာ နှစ်လသုံးလလောက်ရှိပြီ... ဂျင်ဆင်းမြို့က ဘယ်လိုတောင် ပြောင်းလဲသွားရတာလဲ"

ဂျင်ဆင်းမြို့ကို ရောက်တာနဲ့ စူးချန်ခုန်းအနည်းငယ် အံ့သြသွားလေ၏။

ယခင်က ယာဉ်အသွားအလာများဖြင့် အဆက်မပြတ် စည်ကားနေခဲ့သော ဂျင်ဆင်းမြို့သည် ယခုအခါ အတော်လေး လူဆိတ်ငြိမ်နေပြီဖြစ်သည်။ လမ်းများပေါ်တွင် လူနေကျဲပါးပြီး လမ်းသွားလမ်းလာများ အချင်းချင်း ဝေးကွာနေလေ၏။

စိတ်ရှုပ်သွားသော်လည်း စူးချန်ခုန်းသည် တုံ့ဆိုင်းမနေဘဲ ဂျင်ဆင်းအိမ်တော်သို့ ဦးတည်သွားခဲ့သည်။

"ယန်စုန့်"

သို့သော် အပြင်ဘက်တွင် သစ်ပင်ငယ်တစ်ပင်စိုက်ထားသည့် အိမ်တံခါးဝ၌ လူတစ်ယောက် တံခါးခေါက်နေသည်ကို မြင်သောအခါ စူးချန်ခုန်း၏ ခြေလှမ်းများ နှေးကွေးသွားခဲ့သည်။

ထိုလူက ယန်စုန့်ကလွဲလို့ တခြားသူမဟုတ်။

"ကျဲအာ"

ခဏကြာတော့ တံခါးပွင့်လာပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက် တံခါးဝမှာ ပေါ်လာ၏။ အနည်းငယ် နီရဲနေသော မျက်လုံးများဖြင့် သူမသည် မျက်တွင်းများ ကျနေပုံရသည်။

"ယန်လန်"

တံခါးဝက ယန်စုန့်ကို မြင်လိုက်ရတော့ အမျိုးသမီးလေးရဲ့ မျက်နှာဟာ ရွှင်လန်းမှုနှင့် ကြည်လင်တောက်ပလာ၏။

"ကျဲအာ၊ အထဲမှာ စကားပြောရအောင်လေ။" ယန်စုန့်က သူမကို နှစ်သိမ့်ပေးရင်း အသံတိုးတိုးဖြင့် ဆက်ပြောသည်။

“အင်း” ထိုအမျိုးသမီးက ညင်သာစွာ ခေါင်းညိတ်ပြကာ ယန်စုန့်ကို ခြံထဲ ဝင်ခွင့်ပြုလိုက်ပြီး သူတို့နောက်က တံခါးကို ပိတ်လိုက်လေ၏။

"အဲဒီမိန်းမကို နည်းနည်း ရင်းနှီးနေတဲ့ပုံပဲ။ ယန်စုန့်နဲ့ သူနဲ့ ဆက်ဆံရေးက ဘယ်လိုပါလိမ့်။"

နှစ်ယောက်သား တံခါးဝမှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စူးချန်ခုန်း အနည်းငယ် သိချင်လာသည်။

All Chapters