အခန်း (၁၄၀)
Vol. 10 Ch. 140
သုံးရက်ကြာပြီးနောက်….
ဟန်ကျောက်ဟာ ကိုးသွယ်မြို့သို့ ခရီးနှင်ခဲ့ပြီး ဖြတ်သွားဖြတ်လာ တစ်ယောက်ကို မေးသည်။ မိန်းမလှလေး သုံးယောက်တို့ဟာ ကျန်းယွဲ့စားသောက်ဆိုင်တွင် နေထိုင်ခြင်း ဖြစ်ကြေင်းအား သိခဲ့ရ၏။
သူဟာ ကျန်းယွဲ့စားသောက်ဆိုင်သို့ သွားကာ သတင်းပို့ခိုင်းလိုက်ပြီးနောက် ပထမထပ်ရှိ ခန်းမအတွင်းတွင် ရပ်စောင့်နေလိုက်သည်။ စားသောက်ဆိုင်၏ အဆင့်မြင့်သည့် အပြင်အဆင်များကို ကြည့်ကာ မနေနိုင်ပဲ အနည်းငယ် ပြောစရာစကား မဲ့သွားခဲ့၏။
စားသောက်ဆိုင်၏ အမြင့်ခန်းများဟာ တစ်နေ့တွင် ငွေ၁၀လျန်ကျော် ကုန်ကျပါသည်။ သူ၏ ပြီးခဲ့သည့် ဘဝရှိ ကြယ်ရှစ်ပွင့်ဟိုတယ်ပင်လျှင် ဒီလောက်သာ ဖြစ်ပေလိမ့်မည်။
ပြောကြသည်ကား ညီအစ်မ သုံးယောက်တို့ဟာ ဒီနေရာတွင် တစ်နှစ်ကြာ နေထိုင်ခဲ့ကြသည်ဟု ဆို၏။ ဒီလောကသို့ ပထမဆုံး စတင်ရောက်စဉ်က သူဟာတော့ ကြေးပြားတစ်ပြားကိုပင် တစ်ဝက်ခွဲကာ အသုံးပြုလိုခဲ့သည်။ အဆင်းရဲမှုက လူတစ်ယောက်၏ အတွေးအမြင်ကို ကန့်သတ်ထားသည်ဟုသာ ဆိုရပေမည်။
ယခုအချိန်၌ သူ့အနေနှင့် တတ်နိုင်နေပြီး ဖြစ်ပေမယ့် အချိန်ကြာရှည်စွာ နေရန် လက်ခံနိုင်မည် မဟုတ်ပါ။
“သခင်လေးဟန်…. မိန်းကလေးသုံးယောက်က ခင်ဗျားကို ဖိတ်လိုက်ပါတယ်”
စားပွဲထိုးက အပေါ်ထပ်မှ ဆင်းလာပြီးနောက် လေးစားစွာ ပြောသည်။
“ကောင်းပြီ”
ဟန်ကျောက်ဟာ သူ့နောက်မှလိုက်ကာ ပဥ္စမထပ်သို့ ရောက်ရှိလာခဲ့၏။
“သခင်လေးဟန်… မိန်းကလေးသုံးယောက်တို့ တစ်ဖက်က အခန်းဘီထဲမှာ ရှိပါတယ်”
စားပွဲထိုးက ရပ်တန့်သွားပြီး ပြောသည်။
“ကျေးဇူးပဲ”
ဟန်ကျောက်က ခေါင်းညှိတ်ကာ အခန်းဘီသို့ လျှောက်သွား၏။ အရပ်ရှည်ကာ ချောမောသည့် ဟန်ကျောက်ကို ကြည့်ကာ စားပွဲထိုးဟာ မနာလိုဖြစ်စွာ ခံစားလိုက်ရသည်။
ညီအစ်မ သုံးယောက်တို့ဟာ ရုပ်ရည်ချောမောရုံမက အံ့ဩစရာ ကောင်းလှသည့် ငွေကြေးအရင်းအမြစ်လည်း ရှိပါသည်။ ဒါတင်မကသေး သူမတို့အပေါ် မကောင်းသည့် စိတ်ကူးရှိခဲ့သည့် လူအားလုံးလည်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။
သိသာစွာပင် သူမတို့ဟာ အတွေ့အကြုံနည်းပါးသူများ မဟုတ်ကြပေ။ ယုံကြည်ချက်အပြည့် ရှိသောကြောင့်သာ ကြွယ်ဝမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြကြခြင်း ဖြစ်၏။
“ဒမ်း.. ဂလု”
စားပွဲထိုးဟာ နှလုံးသားထဲတွင် ကျိန်ဆဲပြီးနောက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ အခန်းထဲတွင် ဖြစ််ပျက်တော့မည့် မြင်ကွင်းကို စိတ်ကူးကြည့်ရုံနှင့် လက်သီးများကို ပြင်းထန်စွာ ဆုပ်မိ၏။
“မစ္စတာဟန်… ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"
ဟန်ကျောက်က အခန်းဘီ၏ တံခါးဝသို့ သွားရောက်ကာ တံခါးခေါက်တော့မည် အပြုတွင် လျန်ချန်းရွှယ်၏ ပျော်ရွှင်နေသည့် အသံကို ကြားလိုက်ရသည်။ သူဟာ တံခါးကိုဖွင့်ကာ ဝင်သွား၏။
လျန်ညီအစ်မ သုံးယောက်တို့ဟာ စားပွဲဝိုင်းတွင် ထိုင်နေကြသည်။ ဟန်ကျောက်၏ လျှောက်ဝင်လာပုံကို တွေ့ရပြီးနောက် မတ်တပ်ရပ်ကြ၏။ လျန်ချန်းယုက လက်သီးနှစ်ဖက်ကို မိုးကာ ပြုံးသည်။ လျန်ချန်းရွှယ်နှင့် လျန်ချန်းပင်တို့က ဦးညွှတ်ကြ၏။
“မင်္ဂလာပါ မိန်းကလေးတို့… အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်”
ဟန်ကျောက်က ပြုံးသည်။
“မစ္စတာဟန်.. ကျေးဇူးပြုပြီး ထိုင်ပါ”
လျန်ချန်းရွှယ်၏ မျက်လုံးများက လင်းလက်သွားသည်။ ဟန်ကျောက်က စားပွဲတွင် ဝင်ထိုင်၏။ ထပ်တူညီလုနီးပါး ရှိသည့် ညီအစ်မသုံးယောက်၏ စိုက်ကြည့်နေမှုက ဟန်ကျောက်ကို အနည်းငယ် ထူးဆန်းစွာ ခံစားရစေသည်။ အနီးကပ် ကြည့်ရှုမှသာ ခြားနားချက်ကို တွေ့မြင်နိုင်၏။
အလယ်တွင် ထိုင်နေသူမှာ အကြီးဆုံးအစ်မ လျန်ချန်းယုဖြစ်သည်။ သူမဟာ တည်ငြိမ်ပြီး သုံးယောက်အကြားတွင် အရင့်ကျက်ဆုံး ဖြစ်လိမ့်မည်။ ညာဘက်ရှိ တစ်ယောက်မှာတော့ လျန်ချန်းပင်ဖစ်သည်။ သူမ၏ ပုံစံက အနည်းငယ် တိတ်ဆိတ်၏။ အထူးသဖြင့် သူမ၏မျက်လုံးများဟာ အချိန်တိုင်းတွင် ငိုင်တိုင်နေသည့်သဖွယ် ရှိနေပါသည်။
ဘယ်ဘက်ရှိ တစ်ယောက်မှာတော့ သိသာလှသည့် လျန်ချန်းရွှယ် ဖြစ်သည်။ သူမဟာ သူနှင့်ပက်သက်ပြီး ပိုမိုကာ အားတက်သရော ရှိ၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
ညီအစ်မသုံးယောက်၏ ရုပ်ရည်များဟာ တူညီလုနီးပါး ရှိပေမယ့် လျန်ချန်းရွှယ်၏ မျက်လုံးများဟာ အကောင်းဆုံးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သူမ၏ ဘယ်ဘက်မျက်လုံးအောက်တွင် မှဲ့တစ်ခုရှိပြီး ကြည့်ရတာ ပိုမို ဆွဲဆောင်မှု ရှိ၏။ မက်မွန်မျက်လုံးအစုံဟာ စကားပြောနိုင်သည့်အလား လူကို ဆွဲဆောင်နိုင်သည်။
“သခင်လေးဟန်.. ကျွန်မတို့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ မသိဘူး”
လျန်ချန်းယုက မေးသည်။ သို့ပေမယ့် စားပွဲအောက်ရှိ သူမ၏လက်ဟာ ဒုတိယညီမ၏ ခါးဆီသို့ ရောက်သွား၏။ တစ်ယောက်က ဆွဲလိမ်ကာ တစ်ယောက်က တွန့်လိမ်နေသည်။
“အာ့”
လျန်ချန်းရွှယ်က နာကျင်စွာ အသံပြုသည်။ သူမ၏အစ်မကို ကြောင်တောင်စွာ ကြည့်၏။
လျန်ချန်းယုက သူမကို စိုက်ကာကြည့်သည်။ ဒီသခင်လေးဟန်၏ ရုပ်ရည်ဟာ အလွန်ချောမောပြီး သူမပင်လျှင် အမြင်ကောင်း ရှိပေမယ့် ယခုကဲ့သို့ စိုက်ကြည့်နေသည်မှာ အလွန် ရှက်ဖို့ကောင်းလှပါသည်။
“မကြာခင် ကျွန်တော် ယွမ်ကန်းကောင်တီက သိုင်းပညာအကယ်ဒမီကို သွားပြီး သိုင်းပညာလေ့လာတော့မှာ။ ဒါပေမယ့် ဒီမှာ ကျွန်တော် စိုးရိမ်ရတဲ့ လူတွေနဲ့ အရာတွေ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော့အနေနဲ့ ယုံကြည်နိုင်ပြီး ကျွန်တော့အပေါ် ကူညီနိုင်မယ့် စွမ်းရည်ရှိတဲ့ လူကလည်း အရမ်းကို နည်းပါးတယ်။ ဒါ့ကြောင့် ဒီကိုလာပြီး အကူအညီလာတောင်းတာပါ”
သူက လေးနက်စွာ ပြော၏။
ပြီးခဲ့သည့် အစမ်းရှင်သန်မှု နှစ်ခုအတွင်းတွင် သူဟာ ညီအစ်မ သုံးယောက်တို့နှင့် ရင်းနှီးစွာ အလုပ်လုပ်ခဲ့၏။ နှစ်ကြိမ်လုံးတွင် လျန်ချန်းယုနှင့် လျန်ချန်းရွှယ်တို့ဟာ သူမတို့ကိုယ်သူမ စတေးကာ ဒီဗိုင်းလက်နက်များကို အသုံးပြုပြီး သူနှင့် လျန်ချန်းပင်နှင့် သူ့ကို အဝေးသို့ ပို့ပေးခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီး သုံးယောက်တို့ဟာ အမှန်တကယ်ကို ကျေးဇူးသိကာ သစ္စာရှိသူများ ဖြစ်ကြောင်းကို တွေ့မြင်နိုင်ပါသည်။ မဟုတ်ပါက သူ၏ စစ်မှန်သည့် နောက်ခံအား သူမတို့ကို ပြောမည်မဟုတ်ပေ။
ကျောက်နက်မြို့တွင် ဂရုစိုက်ပေးမည့် လုယီနှင့် ကောင်တီအုပ်ချုပ်သူ ဝူဒီကဲ့သို့ သိုင်းသခင်များ ရှိပေမယ့် မည်သည့် စိုးရိမ်မှုမှ မဖြစ်ရစေရန် သူဟာ အပိုပြင်ဆင်မှုများကို လုပ်ရပေမည်။ ဘာပဲဖြစ်ဖြစ် ကျောက်နက်မြို့ဟာ ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်နှင့် ကီလိုမီတာ ၅၀၀ကျော် ကွာဝေးပါသည်။ တစ်ခုခု ဖြစ်ပါက ချက်ချင်း ပြန်လာလို့ ရမည်မဟုတ်ပေ။
သူဟာ လျန်ညီအစ်မ သုံးယောက်တို့၏ အတူတူ ပူးပေါင်းကာ ဒီဗိုင်းလက်နက်အား အသုံးပြုမှု၏ စွမ်းအားကို ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ စစ်ဘုရင်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်လျှင်တောင် သေချာပေါက် သေဆုံးရမှာပါ။
ကျောက်နက်မြို့ကဲ့သို့ စစ်ဘုရင်အဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါးရှိသည့် နေရာတစ်ခုတွင် သူမတို့သာ ရှလင်၊ လုယီ၊ ကျောက်ယွမ်ထုနှင့် အခြားလူများ၏ လုံခြုံရေးကို ကူညီကြည့်ရှုပေးမည် ဆိုပါက အဆင်ပြေပါပြီ။ ကုန်သွယ်ရေးလုပ်ငန်း ကြီးထွားလာပါက ပိုကောင်း၏။ မဟုတ်လျှင်လည်း သူဂရုမစိုက်ပါ။
သူဟာ စီရင်စုမြို့တော်တွင် ခိုင်မာစွာ အခြေချရပ်တည်နိုင်ပြီးမှ ရှလင်တို့ကို ခေါ်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာရှိ အရင်းအမြစ်များဟာ ရှလင်အား အတွင်းအားကို ဖမ်းဆုပ်နိုင်ရန်တွက် လုံလောက်ပါသေးသည်။ ပြောင်းလဲထားသည့် သက်ရှည်ကျမ်းကိုလည်း သင်ပေးထားရာ သူမအတွက် ကျင့်ကြံရန် လုံလောက်၏။
“သခင်လေးဟန်.. ရှဆိုလိုတာက… ကျွန်မတို့သုံးယောက်ကို လူအချို့ကို ကာကွယ်စေချင်လို့လား”
လျန်ချန်းယုက ဟန်ကျောက်၏ ဆိုလိုရင်းကို နားလည်လိုက်သည်။
“ဟုတ်ပါတယ်”
ဟန်ကျောက်က ခေါင်းညှိတ်သည်။
“မင်းတို့သုံးယောက်မှာ ပိုက်ဆံမလိုတာကို ငါသိပါတယ်။ မင်းတို့လိုနေတာက ယင်စွမ်းအင်ပဲ”
“တကယ်တော့ အနာဂတ်မှာ မင်းတို့ဆီမှာ ပြဿနာတစ်ခုခု ရှိလာတာ… ဒါမှမဟုတ် ထူးခြားမှုထဲကို သွားဖို့ရှိတာတွေ ရှိရင် ကျွန်တော်အကောင်းဆုံး ကူညီပေးပါမယ်”
“အဲ့ဒီအတွက် ကျွန်တော့လူတွေကိုလည်း အကောင်းဆုံး ကူညီကာကွယ်ပေးပါ”
ထိုသို့ဆိုပါက သူမတို့အနေနှင့် အမှန်တကယ်ကို မဖြေရှင်းနိုင်သည့် ပြဿနာ ကြုံလာပါက သူဟာ အစမ်းရှင်သန်ခြင်းတွင် တွေ့မြင်နိုင်မှာ ဖြစ်သည်။ ထိုအခါ စီရင်စုမြို့တော်မှ ကြိုတင်ကာ ပြန်လာလို့ရနိုင်၏။
လျန်ညီအစ်မ သုံးယောက်တို့သာ သူ့ကို အကောင်းဆုံး ကူညီပေးပါက နောင်တွင် သူမတို့ အန္တရာယ်ကြုံလာသည့်အခါ သူကလည်း အကောင်းဆုံး ပြန်လည်ကူညီပေးမည် ဖြစ်သည်။
“သခင်လေးဟန်… ရှင်က ကျွန်မတို့ အသက်တွေကို ကယ်တင်ခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မတို့ကလည်း… ဝူးးး”
ထိုစကားကို ကြားရပြီးနောက် လျန်ချန်းရွှယ်က သဘောတူသည်ဟု ပြောတော့မှာပါ။ လျန်ချန်းယုက သူမ၏ ပါးစပ်ကို အမြန်အုပ်၏။