အခန်း (၁၄၅)
Vol. 10 Ch. 145
လူနှစ်ဆယ်ကျော်ရှိသည့် ထိုအုပ်စုတွင် အားလုံးဟာ သိုင်းသမားများ ဖြစ်ကြသည်။ မီးခိုးရောင် ယူနီဖောင်းကို တူညီစွာ ဝတ်ဆင်ထားကြ၏။
အများစု၏ အင်္ကျီရင်ဘတ်တွင် မြွေဖြူတစ်ကောင်၏ ပုံကို ထိုးထားသည်။ သို့ပေမယ့် တစ်ယောက်တွင်တော့ အနက်ရောင် မြွေပုံကို ထိုးထား၏။
လူအုပ်၏ အလယ်တွင် လူငယ်တစ်ယောက် ရပ်နေ၏။ သူ၏ရင်ဘတ်တွင် ထိုးထားသည့် မြွေမှာ ရေနဂါးအလံပေါ်ရှိ မှင်နက်ရောင်ရှိသည့် နဂါးနှင့် အတူတူဖြစ်၏။ လူတိုင်းဟာ သူ့ကို ခေါင်းဆောင်ဖြစ်မည်ဟု မသိမသာ ကြည့်မိကြသည်။
“အများစုက အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားတွေပဲ။ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားငါးယောက်နဲ့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ပါတယ်.. ဟန်.. ကျွမ်းကျင်သူတစ်ယောက် ရှိတယ်”
လူတိုင်း၏ ခြေသံများနှင့် သွေးချီစီးဆင်းမှုမှတစ်ဆင့် ဟန်ကျောက်ဟာ လူအုပ်၏ ခွန်အားကို အကြမ်းဖျင်း သိလိုက်သည်။ နောက်ဆုံးတွင် လူငယ်ကို ကြည့်၏။
တစ်ဖက်လူ၏ သွေးချီဟာ အလွန်စွမ်းအားကြီးသည်။ သူဟာ အနိမ့်ဆုံး ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက် ဖြစ်၏။ ဒီဒေါသရေနဂါး လူဆိုးဂိုဏ်းဟာ တကယ့်ကို မရိုးရှင်းပေ။
“ဒေါသရေနဂါးဂိုဏ်းရဲ့ အရှင်တို့”
သင်္ဘောပိုင်ရှင်က အပြုံးတစ်ခုနှင့် လျှောက်သွားသည်။
“မင်းဘာလို့ ငါတို့ရဲ့ ခန်းမသခင်လင်းကို မနှုတ်ဆက်သေးတာလဲ”
ရင်ဘတ်တွင် အနက်ရောင် နဂါးပုံရှိသည့် လူလတ်ပိုင်းလူကြီးက သင်္ဘောပိုင်ရှင်ကို လက်ဝှေ့ယမ်းကာ လူငယ်ဆီသို့ သွားရောက်ဦးညွှတ်ရန် လက်ဟန်ပြသည်။
“ခန်းမသခင်လင်းကို တွေ့ဆုံပါတယ်”
သင်္ဘောပိုင်ရှင်က အမြန်ဦးညွှတ်၏။ ခန်းမသခင်လင်းက သူ့ကို တစ်ချက်ကြည့်ကာ မည်သည်ကိုမှ မပြောပေ။
သူတို့၏ စကားများကို ကြားရပြီးနောက် လူတိုင်း၏ နောက်တွင် ကွယ်နေသည့် ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွားပြီး ခန်းမသခင်လင်းကို ကြည့်သည်။ သူဟာ ဒီအတောအတွင်းတွင် မျိုးရိုးအမည် လင်းနှင့် လူများစွာကို ကြုံတွေ့ခဲ့၏။
စူးစိုက်သည့် အကြည့်ကို ခံစားမိသည့်အလား ခန်းမသခင်လင်းက လူအုပ်ကို ကြည့်သည်။ ဟန်ကျောက်ဟာ အမြန် ခေါင်းငုံ့သွား၏။
လူလတ်ပိုင်းလူကြီးက ရှေ့သို့တက်ကာ ပြောသည်။ “သင်္ဘောပိုင်ရှင်.. စည်းမျဉ်းကို မင်းသိတယ်မလား”
“နားလည်ပါတယ်။ နားလည်ပါတယ်”
သင်္ဘောပိုင်ရှင်က အကြိမ်ကြိမ် ခေါင်းညှိတ်သည်။
“လူတစ်ယောက်ကို ငွေ၂လျန်.. လူတိုင်းပေးရမယ်”
“သွား”
လူလတ်ပိုင်းလူကြီးက ခေါင်းညှိတ်ကာ နောက်ရှိ ဂိုဏ်းသားများဆီသို့ လက်ဝှေ့ယမ်းလိုက်သည်။ ဂိုဏ်းသားနှစ်ယောက်ဟာ အနက်ရောင်အိတ်များကို ယူပြီး ပိုက်ဆံလိုက်ကောက်ကြ၏။ လူတိုင်းက ခန္ဓာကိုယ်များ အတွင်းမှ ပိုက်ဆံများကို ထုတ်ကာ အဝတ်အိတ်ထဲသို့ ညီညာစွာ ထည့်ကြသည်။
“ဒမ်း… ကြေးပြား၂၀ လိုသေးတယ်လေ”
ငေါက်သံတစ်ခုနှင့်အတူ ကျယ်လောင်သည့် ပါးရိုက်သံတစ်ခု လူအုပ်အတွင်းမှ ပေါ်လာ၏။
လူတိုင်းဟာ အသံလာရာဆီသို့ ကြည့်လိုက်သည်။ ငွေလက်ခံသည့် ဂိုဏ်းသား လူငယ်က အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည့် ငွေတွင် ကြေးပြား၂၀ လိုနေ၍ အဖိုးအိုတစ်ယောက်၏ ပါးကို ရိုက်လိုက်ခြင်း ဖြစ်၏။
“ကျွန်.. ကျွန်တော်တောင်းပန်ပါတယ်။ တမင်လုပ်တာ မဟုတ်ပါဘူး။ ရေတာ မှားသွားလို့”
အဖိုးအိုက သွေးထွက်လာသည့် ပါးစပ်ထောင့်ကို အုပ်ကာ အမြန်တောင်းပန်သည်။
သင်္ဘောပေါ်တွင် ထိုင်နေသည့် အချို့ သိုင်းသမားများက မနေနိုင်ပဲ ထိုလူငယ်ကို စူးစိုက်စွာ ကြည့်ကြ၏။
“မင်းဘာလုပ်တာလဲ.. ဘယ်လိုလုပ်ပြီး သက်ကြီးရွယ်အို တစ်ယောက်ကို ရိုက်ရတာလဲ”
ခိုင်းသည် လူလတ်ပိုင်း လူကြီးက ပြောဆို၏။ ထို့နောက် သူက ကျယ်လောင်စွာ ဆက်လက်ပြောသည်။
“လူတိုင်းပဲ.. ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ။ ဒီနဂါးတောမြစ်မှာ ကျွန်တော်တို့ ဒေါသရေနဂါးဂိုဏ်းက တည်ငြိမ်အောင် စောင့်ရှောက်ပေးနေရတာ။ အဖွဲ့သားတွေက အန္တရာယ်နဲ့ ရင်ဆိုင်ရလေ့ရှိတယ်။ ဒါ့ကြောင့် လူတိုင်းက ရိုးရိုးသားသား ပေးပေးကြရင် အကောင်းဆုံးပါပဲ”
ထိုစကားကို ကြားရပြီးနောက် လူတိုင်းက ပိုက်ဆံများကို ပိုမိုလျှင်မြန်စွာ ထုတ်ကြသည်။
မကြာခင် ဟန်ကျောက်၏ အလှည့်သို့ ရောက်ရှိလာ၏။ သူက ရင်ဘတ်ထဲသို့ နှိုက်လိုက်သည်။ လက်ထဲတွင် ငွေ၂၀လျန်ရှိသည့် ငွေတုံးတစ်ခု ပေါ်လာ၏။
လာစဉ်တုန်းက သူဟာ ငွေအချို့ လဲလှယ်ခဲ့သေးသည်။ နောက်ဆုံးတွင် သင်္ဘောပေါ်၌ အားလုံးကို အသုံးပြု၍ ကုန်သွားခဲ့၏။
ဟန်ကျောက်၏ ငွေ၂၀လျန်အား အိတ်ထဲသို့ ပစ်ထည့်လိုက်ပုံကို တွေ့ရပြီးနောက် ပိုက်ဆံစုဆောင်းသည့် လူငယ်က စနောက်စွာ ပြောသည်။
“အိုး.. မင်းက ချမ်းသာတာပဲ”
“ငွေအကြွေအားလုံး အသုံးကုန်သွားလို့”
ဟန်ကျောက် ရှင်းပြသည်။
“မင်းပိုက်ဆံက ဘယ်ကထုတ်တာလဲ”
ဟန်ကျောက်၏ အဖြူရောင် ကိုယ်ကြပ်ဝတ်စုံကို ကြည့်ကာ ပိုက်ဆံထည့်နိုင်သည့်ပုံ မရှိရာ လူငယ်က မေးသည်။ သူ၏ ရင်ဘတ်ကို သိလိုစွာ လှမ်းကိုင်၏။
လူတိုင်း၏ ကြည့်နေကြပုံကို ကြည့်ကာ ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွားသည်။ လူငယ်ကို လွှတ်ထားလိုက်၏။
ဟန်ကျောက်၏ ကြွက်သားများနှင့် ရင်ဘတ်ကို ကိုင်မိကာ လူငယ်၏ မျက်လုံးများက မနေနိုင်ပဲ ပြူးကျယ်သွားသည်။
“ဒါကဘာလဲ”
အင်္ကျီကော်လံ၌ ချိတ်ဆွဲထားသည့် အနီရောင် ကြိုးတစ်ခုကို တွေ့ရပြီးနောက် လက်ကိုလှမ်းကာ ဖမ်းဆွဲ၏။ ချည်အိတ်ဟာ ပါလာခဲ့၏။
ဟန်ကျောက်၏ မျက်လုံးများက အေးစက်သွားပြီး ရုတ်တရက် ရိုက်ထုတ်လိုက်သည်။
“ဘုန်း”
လူငယ်၏ ရင်ညွန့်ရိုးဟာ ကျိုးသွားပြီး ခန္ဓာကိုယ်က လွင့်စင်ကာ နောက်ရှိ သစ်နံရံနှင့် ဝင်ဆောင့်သည်။
“ဝေါ့”
သူ၏ ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာ၏။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး ဟန်ကျောက်ကို ကြည့်သည်။
ဒီလူကို တိုက်ခိုက်ရဲမည်ဟု ထင်မထားခဲ့ပေ။ ပါးစပ်ကိုဖွင့်ကာ အော်ချင်၏။ သို့ပေမယ့် သူ၏ မျက်လုံးများဟာ လျှင်မြန်စွာဖြင့် အရောင်များ ပျောက်ဆုံးသွားသည်။
“အားး”
လူတိုင်းကာ အသံပြုမိကြ၏။ ဟန်ကျောက်ကို ဒေါသရေနဂါးဂိုဏ်းမှ လူအား သတ်ဖြတ်ရဲမည်ဟု သူတို့ ထင်မထားခဲ့ပေ။
ဟန်ကျောက်ဟာ ဆန်မာရုအိတ်ကို သူ၏ ရင်ဘတ်ထဲသို့ ပြန်ထည့်သည်။
“ရဲတင်းလိုက်တာ”
လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် ခန်းမသခင်လင်းက အော်ကာ လက်သီးဖြင့် ထိုးသည်။ ဟန်ကျောက်ဟာ သုံးပါးသော အနှစ်သာရအား ၂၀%ကို လက်ဝါးဆီသို့ လှည့်လည်ကာ ရိုက်လိုက်၏။
“ဘုန်း”
လက်သီးနှင့် လက်ဝါးတို့ တွေ့ဆုံကြသည်။ ခန်းမသခင်လင်းနှင့် ဟန်ကျောက်တို့ဟာ နှစ်ယောက်လုံး နောက်သို့ ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းလောက် ဆုတ်သွားကြရ၏။
“ကျွမ်းကျင်သူတစ်ယောက်ပဲ.. သူငါ့ရဲ့ အတွင်းအား ၅၀%ကို ခုခံနိုင်တယ်”
ခန်းမသခင်လင်း၏ မျက်လုံးများက လင်းလက်သွားသည်။
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွား၏။ ဒေါသနဂါးဂိုဏ်း၏ ခန်းမသခင်တစ်ယောက်ကို အလွန် စွမ်းအားကြီးမည်ဟု ထင်မထားခဲ့ပေ။ တကယ့်ကို သူထင်ထားသည်ထက် ကျော်လွန်၏။ စီရင်စုမြို့တော်ဟာ အမှန်တကယ်ကို ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပါသည်။
“ဒီအကွက်ကိုခံကြည့်လိုက်”
ခန်းမသခင်လင်းက နောက်ရှိ သစ်နံရံကို ရုတ်တရက် ကန်လိုက်သည်။ သူ၏ ခြေထောက်များဟာ ကတ်ကြေးသဖွယ် ရှိနေပြီး ဟန်ကျောက်ကို ကန်၏။ ထက်မြသည့် အတွင်းအားက သန်မာသည့် လေလှိုင်းများကို ဖြစ်ပေါ်စေသည်။
“ဘုန်း”
ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လက်နှစ်ဖက်ကို ကြက်ခြေခတ်ခံလိုက်သည်။ သူဟာ တစ်ဖက်လူ၏ ခြေသလုံးကြွက်သားကို ကိုင်ကာ ပြင်းထန်စွာ ဆွဲလိုက်၏။
ထို့နောက် ဒူးကိုမြှောက်ကာ သုံးပါးသော အနှစ်သာရအားကို အားကုန် သုံးလိုက်သည်။ ချက်ချင်းပင် တစ်ဖက်လူ၏ အကာအကွယ် အတွင်းအားလွှာကို ထိုးဖောက်သွားပြီး ခန်းမသခင်လင်း၏ အောက်ပိုင်းခန္ဓာကို ထိမှန်၏။
“အား..”
ခန်းမသခင်လင်းက စူးရဲစွာ အော်၏။
“ဘုန်း၊ ဘုန်း”
ဟန်ကျောက်ဟာ ညာဘက်လက်ကို မြှောက်ကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို သင်္ဘောနှင့် ရိုက်သည်။ အချိန်တိုအတွင်းတွင် ဆယ်ချက်ကျော်သွာ၏။
“ဘုန်း”
ကျယ်လောင်သော အသံနှင့်အတူ ကုန်းပတ်တွင် လူပုံသဏ္ဍာန် အပေါက်တစ်ခု ပေါ်လာခဲ့သည်။ ဟန်ကျောက်နှင့် တစ်ဖက်လူတို့ နှစ်ယောက်လုံး အောက်ရှိ သင်္ဘောအတွင်းသို့ ကျဆင်းသွား၏။
“မင်းငါ့ကို လှည့်စားတာလား”
ခန်းမသခင်လင်းက သွေးများကို အန်ကာ အားနည်းစွာ ပြောသည်။
“ငါသာ သတိမပြတ်ခဲ့ရင်.. ငါ..”
“ခရက်”
ဒဏ်ရာအပြင်းအထန် ရပြီးသည့် တိုင်အောင် တစ်ဖက်လူ၏ အသက်ရှင်နေသေးပုံကို ကြ့်ကာ ဟန်ကျောက်ဟာ သူ၏လည်ပင်းကို ချိုးကာ ငရဲသို့ ပို့ပေးလိုက်သည်။ ထို့နောက် အလောင်းကို ကျွမ်းကျင်စွာ ရှာဖွေ၏။
“ကလန်”
အစိမ်းနုရောင် တံဆိပ်ပြားတစ်ခု ကြမ်းပျဉ်ပေါ်သို့ ကျဆင်းသွားသည်။ ကောက်ယူကြည့်ပြီးနောက် အရှေ့ဘက်တွင် ၂၉၅ဟူသည့် ဂဏန်းကို တွေ့ရ၏။ နောက်ကျောတွင်တော့ ခန်းမသခင်လင်း၏ ပုံတူရှိသည်။ ၎င်းဟာ အလွန်ရှင်းလင်းလှပြီး ရောင်ပြန်နေပါသည်။
“ဘဇ်၊ ဘဇ်၊ ဘဇ်..”
ထိုအချိန်၌ ကျောက်စိမ်းတံဆိပ်ပြားဟာ ရုတ်တရက် အစိမ်းရောင်အလင်းတစ်ခု ထုတ်လွှတ်လာ၏။
ခန်းမသခင်လင်း၏ ပုံတူဟာ ပျောက်ဆုံးသွားပြီး တည်ကြည်ကာ အေးစက်သည့် မျက်နှာနှင့် လူငယ်တစ်ယောက်၏ပုံ ပေါ်လာခဲ့သည်။ ရှည်လျားသည့် အနက်ရောင်ဆံပင်များကို စည်းနှောင်ထားပြီး ထည်ဝါသည့် ချောမောမှုကို ပြသနေပါသည်။
“ဘာဖြစ်တာလဲ”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
တစ်ချိန်တည်းတွင် ကီလိုမီတာ ရာနှင့်ချီကာ ကွာဝေးသည့် ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တွင်..
မြို့တွင်းပိုင်းအလယ်ရှိ ကွင်းပြင်တွင် ဆယ်မီတာ မြင့်မားသည့် ကျောက်တိုင်ကြီးနှစ်ခုဟာ တစ်ဖက်တစ်ချပ်တွင် ထောင်မတ်စွာ ရှိနေ၏။ ကျောက်တုံးများ၏ မျက်နှာပြင်ဟာ မှန်ကဲ့သို့ ချောမွေ့သည်။ ဖန်သားများကဲ့သို့ ရှိ၏။
အချို့ စွမ်းအားကြီးမားသည့် သွေးချီနှင့် မျက်လုံးစူးရှသည့် သိုင်းသမားအချို့ ဆိုပါက ထိုကျောက်တိုင်များ၏ မျက်နှာပြင်ပေါ်တွင် ထိပ်ဖျားမှ အောက်ခြေအထိ လူသားပုံရိပ်များဖြင့် ပြည့်နှက်နေကြောင်းကို သေချာပေါက် မြင်ရပေလိမ့်မည်။
၎င်းတို့၏ နောက်တွင် စကားလုံးများလည်း ရှိ၏။ ဒီအချိန်၌ ဘယ်ဘက်ရှိ ကျောက်တိုင်ဟာ အစိမ်းရောင်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ကြည့်လိုက်ဦး”
“ချီလင်အဆင့် ပြောင်းလဲနေပြီ”
“အဆင့်ထဲက တစ်ယောက်ယောက် သေပြီထင်တယ်”
ဖြတ်သွားဖြတ်လာများဟာ ထိုမြင်ကွင်းကြောင့် စိတ်ဝင်စားသွားကြသည်။ အားလုံး ဝိုင်းအုံလာကြ၏။
သိုင်းသမားတစ်ယောက်က လူအုပ်၏အစွန်မှ ကျောက်တိုင်ကြီးကို စူးစမ်းကြည့်သည်။ နောက်ဆုံးအကြောင်းရှိ ပုံနှင့် စကားလုံးတို့ ပြောင်းလဲသွားကြောင်းအား တွေ့ရ၏။ သူက ကျယ်လောင်စွာ ဖတ်သည်။
“နံပါတ်၂၉၅… အမည်မသိ.. အရင်းအမြစ်မသိ… သိုင်းပညာမသိ… အဆင့်- ခွန်အားသန့်စင်ခြင်းအဆင့်”
“ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်က စစ်ဘုရင်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ လူတစ်ယောက်ကို သတ်နိုင်တာလား။ ဒါကြီးက ကောင်းကင်ကို ဆန့်ကျင်သွားပြီမလား”
“ဖာခ့်.. ဒါဘယ်လို ကြမ်းကြုတ်တဲ့ လူမျိုးလဲဟ”
ကြည့်ရှုနေသူများက ဆွေးနွေးကြသည်။
“ဘဇ်၊ ဘဇ်၊ ဘဇ်..”
လူတိုင်းက အဆင့်ပြဇယားရှိ လူကို ခန့်မှန်းနေကြစဉ် ညာဘက်ရှိ ကျောက်တိုင်ဟာ ရုတ်တရက် ရွှေရောင်အလင်းဖြင့် လင်းလာက်လာ၏။
“အိုး.. ဘုရားရေ”
“ချန်ကောင်းကင် အဆင့်ပြဇယားလည်း ပြောင်းလဲတာလား”
“သိုင်းသူတော်စင်အဆင့်က ထိပ်တန်းသိုင်းသမားတစ်ယောက် သေသွားတယ်..”
“ကြည့်လိုက်ဦး… ထိပ်တန်းဆယ်ခုကို..”
“နံပါတ်၁၀က ၈ကို မြင့်တက်သွားတယ်”
“တိမ်စီရင်စု စောင့်ရှောက်သူ ချီယွင်ထန်က ရှောင်မိသားစုရဲ့ လက်နက်သခင် ရှောင်ဟန်ကို သတ်လိုက်တယ်”
“တစ်ခုခု မှားနေတာလား”
“ဘာမှားတာလဲ.. ကြယ်တာယာ စံအိမ်က မမှားနိုင်ဘူး” လူတိုင်းဟာ ချန်ကောင်းကင်အဆင့်ကို ကြည့်ကာ အချိန်အတော်ကြာအောင် မတည်ငြိမ်နိုင်ပဲ ဖြစ်ကုန်ကြသည်။
“တစ်ယောက်က ကြီးမြတ်တဲ့ မျိုးရိုးနာမည် ငါးခုရဲ့ ကိုင်းကွဲထဲက.. နောက်တစ်ယောက်က မိသားစုကြီး ဆယ်ခုထဲက တစ်ယောက်။ ပွဲကောင်းတော့ လာတော့မယ်”
ချီလင်အဆင့်၏ ပြောင်းလဲမှုဟာ စကားစမြည် ပြောစရာတစ်ခုသာ ဖြစ်သည်။ သို့ပေမယ့် ချန်ကောင်းကင်အဆင့်၏ ပြောင်းလဲမှုမှာတော့ စီရင်စုမြို့တွင် ကြီးမားသည့် ငလျှင်တစ်ခုကို ဖြစ်စေနိုင်၏။