← Chapters

အခန်း (၁၄၉)

Vol. 10 Ch. 149

အခန်း (၁၄၉)

Vol. 10 Ch. 149

ဟန်ကျောက်ဟာ မြန်ဆန်စွာ ပြေးလွှားနေရင်းမှ အစအနတို့ ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်ဟာ ရုတ်တရက် သေးငယ်သွား၏။ ဝတ်စုံဖြူပင်လျှင် အရှိန်နှင့် ရှေ့သို့ ဆက်လက်ရွေ့လျားသွားသည်။

“ဖလက်”

မြစ်ပြင်ပေါ်တွင် လှိုင်းတစ်ခု ထလာ၏။ ၂မီတာလောက် ရှည်သည့် ရှည်ရှည်မျောမျော စတာဂျင်ငါးဟာ လှိုင်းအတွင်းမှ ရုတ်တရက် ခုန်ပွက်လာခဲ့သည်။

ပါးစပ်ကိုဖွင့်ကာ အဝတ်များနှင့် ဆန်မာရုအိတ်ငယ်အား ဖမ်းလိုက်၏။ ထို့နောက် မြစ်ပြင်တွင် လျှင်မြန်စွာ ကူးခတ်သွားသည်။

“ဘယ်လောက် မှော်ဆန်တဲ့ ခံစားချက်လဲ”

ဟန်ကျောက်ဟာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ကစားစရာအသစ် တစ်ခုအား ရရှိသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ရှိ၏။

သူ၏ ပြီးခဲ့သည့်ဘဝတွင် သူဟာ ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး မြစ်များ၊ ကန်များနှင့် ပင်လွယ်များတွင် ကူးလူးချင်သည့် စိတ်ကူး၊ ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး တောင်ပံများကို ဖြန့်ကျက်က ကောင်းကင်တွင် လှည့်လည်လိုသည့် စိတ်ကူးကို တစ်ကြိမ်မက တွေးကြည့်ခဲ့ဖူးသည်။ ယနေ့တွင် တကယ်ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။

ပတ်ဝန်းကျင်ရှိ ငါးငယ်များနှင့် ပုစွန်တုပ်များကို ကြည့်ကာ အနက်ပိုင်းသို့ ဆက်လက် ကူးခတ်၏။

စတာဂျင်တစ်ကောင် အဖြစ်သို့ ပြောင်းလဲပြီးနောက် သူဟာ အသက်အောင့်ရန်ပင် လိုအပ်ခြင်း မရှိပါ။ ရေအောက်တွင်လည်း ပုံမှန်အတိုင်း အသက်ရှူနိုင်၏။

လက်ရှိ အခြေအနေနှင့် သူဟာ သိုင်းသူတော်စင် ဆိုပါက အာမမခံရဲပေမယ့် စစ်ဘုရင်များသာ ဆိုပါက သေချာပေါက် သူ၏ပုံရိပ်ကို မြင်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ လူသားအဖြစ် ရေငုပ်ခြင်းထက် များစွာ ပိုမိုပျော်ဖို့ကောင်း၏။

“အစ်ကိုဟန်ကို ငါးစားသွားပြီ”

ကောင်းကင်ရှိ ယုနျန်က အသံပြုသည်။

“ငတုံးမ.. သူက ငါးဖြစ်သွားတာ… အစားခံရတာ မဟုတ်ဘူး”

ယုရွှမ်ကျီက ပြော၏။

“နင့်ရဲ့ သွေးမျိုးဆက် ဆက်နွယ်မှုကနေ သူ့ကို မခံစားနိုင်ဘူးလား”

“ဟုတ်သားပဲ..”

ယုနျန်ဟာ စိတ်သက်သာရာ ရသွား၏။

“ဒီကောင်လေးက ဘာဖြစ်တာလဲ။ သူ့မှာလည်း စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက် ရှိတာလား”

“မဟုတ်ဘူး.. စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်ရှိရင်တောင် ဒီအဆင့်အထိ ပုံစံမပြောင်းနိုင်လောက်ဘူး”

“ပြီးတော့.. ထူးလည်းထူးဆန်းတယ်။ ငါဘာလို့ ဒီထူးဆန်းတဲ့ ငါ့ကို မြင်လိုက်တာနဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ခံစားရတာလဲ။ ကိစ္စကောင်းတစ်ခုခု ဖြစ်တော့မယ့်ပုံနဲ့”

မကြာခင် ဟန်ကျောက်ဟာ ဒီမြစ်နေရာ တစ်ဝိုက်တွင် လှည့်လည်ကူးခတ်ခဲ့သည်။ ယုနျန်လည်းပဲ ကောင်းကင်တွင် တောင်ပံဖြန့်ကာ သွေးမျိုးဆက် ဆက်နွယ်မှုအတိုင်း အနီးကပ်လိုက်၏။

ခဏအကြာ၌ မီတာ၅၀လောက် ရှည်လျားကာ ၁၀မီတာကျော် ကျယ်သည့် စစ်သင်္ဘောကြီးတစ်ခု မြစ်ပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ဟန်ကျောက် အမြန်ပြေးသွားသည့် ဘက်သို့ အရှိန်မြင့်စွာ ရွက်လွှင့်လာ၏။

သင်္ဘောရွက်တိုင်တွင် ချိတ်ဆွဲထားသည့် အလံတွင် အနက်ရောင် ဒေါသရေနဂါးတစ်ကောင် ပါရှိသည်။ ယခုကဲ့သို့ ကြီးမားသည့် စစ်သင်္ဘောတစ်စီးကို ဒေါသရေနဂါးဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်များနှင့် ဒေသဆိုင်ရာ သံတမန်များသာလျှင် စီးနင်းရန် အဆင့်မှီပါသည်။

ဒီအချိန်၌ ဒေါသရေနဂါးဂိုဏ်းမှ ကျွမ်းကျင်သူ ဆယ်ယောက်ကျော်တို့ဟာ သင်္ဘောကုန်းပတ်ပေါ်၌ ရပ်နေကြသည်။ ရှေ့ဆုံးရှိ နှစ်ယောက်ဟာ အနည်းဆုံး အသက်၅၀၊ ၆၀လောက် ရှိပံုပေါ်၏။

သူတို့၏ ရုပ်ရည်များဟာ ၇၀၊ ၈၀%လောက် ဆင်တူကြသည်။ နှစ်ယောက်စလုံးဟာ ခါးများတွင် ရှည်လျားသည့် ဆေဘာများကို ချိတ်ထားပြီး လက်ဝါးများက ကြမ်းတမ်းကာ ထွားကြိုင်းကြသည်။

“ထူးဆန်းတယ်.. ဒီနားမှာ ရှိသင့်တာကို”

“စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် ဆိုရင်တောင် ဒီလိုမြစ်ပြင်ပေါ်မှာ အတွင်းအားနဲ့ ပြေးမယ်ဆိုရင် ငါတို့သင်္ဘောထက် မမြန်နိုင်ဘးူ”

အဖိုးကြီးနှစ်ယောက်၏ အမြင်အာရုံဟာ သာမန်လူများထက် များစွာ သာလွန်ပါသည်။ သူတို့ဟာ မီတာ၁၀၀လောက်က မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်၏။ သို့ပေမယ့် ခန်းမသခင်လင်းကို သတ်ဖြတ်ခဲ့သည့် သိုင်းသမားအား မတွေ့နိုင်ပဲ ဖြစ်နေပါသည်။

သင်္ဘောပေါ်ရှိ ခရီးသည်များနှင့် သင်္ဘောပိုင်ရှင်ကတော့ လိမ်ရဲမည် မဟုတ်ကြောင်းကို သူတို့ယုံကြည်သည်။

“ဖြစ်နိုင်တာက ဒီလူက ရေကူးတတ်ပြီး ရေထဲကို ငုပ်သွားတာလား”

“ရေကူးရာမှာ ငါတို့ ဒေါသရေနဂါးဂိုဏ်းက သိုင်းသမားတွေနဲ့ ဘယ်သူက နှိုင်းယှဉ်နိုင်မှာလဲ”

“… တစ်ဖက်လူကို ဘယ်သူ အရင်ရှာနိုင်မလဲလို့ ပြိုင်ကြမလား”

“ကောင်းတယ်”

အဖိုးကြီးနှစ်ယောက်တို့ဟာ မြစ်ထဲသို့ တစ်ပြိုင်နက် ခုန်ဆင်းကာ ရေငုပ်သွားကြသည်။

ကံဆိုးစွာပင် သူတို့ဟာ မြစ်များ၊ ကန်များနှင့် ပင်လယ်များအတွင်းတွင် တစ်နှစ်ပတ်လုံး ကျင်လည်ကြသည့် စစ်ဘုရင်အဆင့် သိုင်းသမားများ ဖြစ်ကြပေမယ့် သူတို့ဟာ လူသားများသာ ဖြစ်ကြပါသည်။ ဟန်ကျောက်မှာတော့ လူသားမဟုတ်တော့ပေ။

နှစ်ယောက်သားက ရေငုပ်ကာ လူသတ်သမားကို ရှာဖွေနေစဉ် ဟန်ကျောက်ဟာ ကမ်းစပ်ဆီသို့ ရောက်ရှိနေပြီး ဖြစ်၏။ မြစ်၏ လူသူပြတ်လပ်သည့် ကမ်းတစ်ခု ဖြစ်၏။

“ဖူး..”

ပြောင်းလဲမှုကို ရုတ်သိမ်းပြီးနောက် သူက အဝတ်ဖြူနှင့် ဆန်မာရုအိတ်ငယ်တို့ကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။

“ပြဿနာပဲ.. ပြောင်းလဲပြီးရင် အဝတ်ဗလာ ဖြစ်ဖြစ်သွားမှာ။ အခြားလူတွေမြင်ရင် ငါ့ကို လူယုတ်မာလို့ ထင်ကုန်ကြဦးမယ်”

ဟန်ကျောက်ဟာ သူ၏ ဗလာကျင်းလင်း ခန္ဓာကိုယ်ကို ကြည့်သည်။

သို့ရာတွင် သေခြင်းရှင်ခြင်း အခြေအနေ၌ အဝတ်ဗလာ ဖြစ်တော့ရော ဘာဖြစ်သနည်း။ သူ၏ အသက်သာလျှင် အရေးကြီးဆုံး ဖြစ်သ်ည်။

ကောင်းကင်တွင် ယုနျန်ဟာ ဟန်ကျောက်၏ ကမ်းဆီသို့ ရောက်လာမှုကို တွေ့ရပြီးနောက် ပျံသန်းဆင်းကာ သွားတွေ့တော့မှာပါ။ သို့ပေမယ့် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲမှုကို တွေ့လိုက်ရ၏။

“ရွှီး.. ဘုတ်”

ယုနျန်ဟာ နေရာမှာတင် ထိုးကျသွားပြီး ဦးခေါင်းဟာ မြစ်ဘေးရှိ မြေနုအတွင်းသို့ စိုက်ဝင်သွားသည်။

“ယုနျန်.. ဘာဖြစ်လို့လဲ”

သန့်ရှင်းသည့် အဝတ်များကို ပြောင်းလဲဝတ်ဆင်ပြီးနောက် ဟန်ကျောက်ဟာ ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။ အမြန်ရှေ့တက်ကာ ယုနျန်ကို မြေကြီးထဲမှ ဆွဲထုတ်၏။

ယုနျန်ဟာ သူမ၏ မျက်လုံးများကို တောင်ပံများဖြင့် ကာထားသည်။

All Chapters