← Chapters

လူမှုဖူလုံရေး

Vol. 49 Ch. 721

လူမှုဖူလုံရေး

Vol. 49 Ch. 721

အတွင်းဝန်ရှု ဖုန်းယွီအား ထွက်သွားရန် ပြောလာစဉ် ဖုန်းယွီမှ..

“လူမှုဖူလုံရေး အာမခံချက်အပေါ် ခင်ဗျားအမြင် ဘယ်လိုလဲ..”

အတွင်းဝန်ရှု အံ့ဩသွားသည်။ ဖုန်းယွီ ဤသည်ကို မည်သည့်အတွက် ရုတ်တရက် ပြောရသနည်း။ ကျန်းလွေ့ချန်း သည်လည်း ဖုန်းယွီအား ကြည့်လိုက်သည်။ ဖုန်းယွီသည် အဆေင်မပြေမှုများ ရပ်တန့်စေရေးအတွက် ခေါင်းစဉ် ပြောင်းရန် ကြိုးစားနေသည်လော။

ကျန်းလွေ့ချန်းသည် ထိုမေးခွန်းကို အတွင်းဝန်ရှု ဖြေဆိုခွင့်မပြုနိုင်ဘဲ သူမှပင်..

“လူမှုဖူလုံရေး အာမခံဆိုတာ.. အငြိမ်းစားများ အတွက် ရန်ပုံငွေ တစ်မျိုးပဲလေ.. အရင်က အငြိမ်းစား ဝန်ထမ်းတွေနဲ့ သူတို့ ပင်စင်လစာငွေများ စောင့်ရှောက်ပေးတာက ကုမ္ပဏီများတွေပဲ.. ပြောချင်တာက အငြိမ်းစား ဝန်ထမ်တွေကို ထောက်ပံ့ဖို့ ဝန်ထမ်း (၂၀)မှ (၃၀)ထိ ဝိုင်းပေးရပြီး.. အငြိမ်းစားယူသူတွေ ပိုများလာတာနှင့်အမျှ ထိုအရေအတွက် တိုးလာတာပေါ့.. ပြီးတော့ ဘူး.. ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ကုမ္ပဏီတွေမှာလဲ လုံခြုံရေး အာမခံ မရှိတော့ အသက်ကြီးသူတွေ အလုပ်မလုပ်နိုင်တော့ဘူး..”

အတွင်းဝန်ရှု ဖုန်းယွီအား ကြည့်လိုက်သည်။ ကျန်းလွေ့ချန်းသည် ကောင်းကောင်း တုန့်ပြန်နိုင်ခဲ့ပြီး ဤလူမှုဖူလုံရေး အာမခံနှင့် ပတ်သက်၍ ဖုန်းယွီ ဘာပြောမည်ကို ကြားချင်နေသည်။

“မြို့တော်ဝန်ကျန်း ပြန်ဖြေတာ အရမ်းရိုးရှင်းပါတယ်.. ဒါပေမယ့် ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ ဘယ်လောက် ကြာမယ်ဆိုတာ တွေးဖူးလား.. အခုအချိန် တရုတ်နိုင်ငံက ကုမ္ပဏီတွေကို သူတို့ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေး အာမခံ ပေးဖို့ အစိုးရက ဖိအားပေးနေတယ်..”

“မင်း ဘာပြောချင်တာလဲ.. ဝေ့ဝိုက်မနေနဲ့တော့..”

ကျန်းလွေ့ချန်း ဒေါသထွက်သွားသည်။ ဖုန်းယွီမှ သူ့ဉာဏ်ပညာကိုသာ အမြဲချီးကျူးစေလိုသည်။ ကျန်းလွေ့ချန်း၏ မူဝါဒမှာ အမှန်တကယ် မလေ့လာပါက ဗဟိုအစိုးရမှ လူများပင် လူမှုဖူလုံရေး အာမခံအကြောင်း သေချာမသိ ကြချေ။ ၎င်းတို့အနေဖြင့် စမ်းသပ်မှု တစ်ခုအဖြစ်သာ သဘောထားကြသည်။

“ခင်ဗျားတို့တွေ အငြိမ်းစားယူသွားတဲ့ အချိန်ထိ ဒီမူဝါဒ အောင်မြင်မှာ မဟုတ်ဘူးလို့ ကျုပ်ပြောရဲတယ်..”

“မင်း ဘာပြောလိုက်တယ်.. မင်း ငါတို့ကို လာနောက်နေတာလား.. ဒါ အမျိုးသားရေး မူဝါဒ တစ်ခုလေ.. ဒီတော့ အောင်မြင်ဖို့ အချိန် ဘယ်လောက်ယူရမှာမို့လဲ..”

ကျန်းလွေ့ချန်း ဒေါသတကြီး ဖြစ်နေသည်။ အထူးသဖြင့် ဖုန်းယွီသည် အငြိမ်းစားယူမည့် ကိစ္စထပ်ပြော နေ၍ဖြစ်သည်။ အတွင်းဝန်ရှု စိတ်ထိခိုက်သွားမှာ ကြောက်နေမိသည်။ ထို့အပြင် ကျန်းလွေ့ချန်းသည်လည်း အငြိမ်းစား မယူမှီ အနည်းဆုံး အချိန်(၁၀)နှစ် ကြာအုံးမည် မဟုတ်ပေလော။ ဖုန်းယွီသည် ထိုမူဝါဒကို မအောင်မြင် နိုင်ကြောင်း မည်သည့်အတွက် ပြောရဲနေသနည်း။

ဖုန်းယွီမှပင်..

“ကျုပ်တို့ရဲ့ မိသားစုစီမံရေးမူဝါဒရော အောင်မြင်ခဲ့လား.. အဲ့မူဝါဒကိုရော အမှန်တကယ် လိုက်နာသူ ဘယ်နှစ်ယောက် ရှိနေလို့လဲ..”

အတွင်းဝန်ရှု ဖုန်းယွီအား တစ်ခုခု တုန့်ပြန်ချင်နေသည်။ သူသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ အစိုးရ မူဝါဒအား မည်သို့ ဝေဖန်ရဲနေသနည်း။

သို့ရာတွင် ဖုန်းယွီသည် မိသားစု စီမံကိန်းမူဝါဒကို နမူနာအဖြစ် သုံးလာသည့်အခါ အတွင်းဝန်ရှု တိတ်ဆိတ်နေလိုက်သည်။

ဤမူဝါဒကို (၁၈၉၇၁)ခုနှစ်တွင် အကြံပြုခဲ့ပြီး (၁၉၈၀)ခုနှစ်တွင် ထိုအကြံပြုချက်ကို စတင်ခဲ့သည်။ ၎င်းတို့သည် အဆင့်အမြင့်ဆုံး အဖွဲ့ဝင်များ၊ ၎င်းတို့၏ လူငယ်အများဖြင့် စတင်ခဲ့သည်။ ဤသည်ကို ထိုအဆင့်မြင့်ဆုံး အဖွဲ့ဝင်များ အပေါ် ပြဋ္ဌာန်းထားပေသည်။ (၁၉၈၂)ခုနှစ်တွင် ထိုမူဝါဒ တရားဝင်ဖြစ်လာပြီး ဥပဒေအဖြစ် သတ်မှတ် ခဲ့သည်။ ယနေ့အထိဆိုပါက ထိုမူဝါဒသည် ဆယ်စုနှစ်တစ်ခု ကျော်လွန်လာပေပြီ။ သို့ရာတွင် လူဦးရေမှ တစ်နှစ်ထက် တစ်နှစ် တိုးလာပြီး အစိုးရမှ ကိုယ့်ကိုကိုယ် ချည်မိနေသည်။ သူတို့ မေးထားသည့် ထိုကလေးများအားလုံးကို လည်ပင်းညှစ်သတ်၍ မရနိုင်ချေ။ (မွေးဖွားမှု ကန့်သတ်ရေး ဥပဒေ)

ကျေးရွာများတွင် တောင်သူလယ်သမားများ လူဦးရေသည် အလွန်အရေးကြီးပေသည်။ ထိုမူဝါဒသည် မြို့ကြီးများ တွင် အဆင်ပြေနိုင်သော်လည်း ကျေးလက်ဒေသရှိ လူများမှာ ထိုမူဝါဒကို လစ်လျူရှုထားကြသည်။ (၁၉၉၁)ခုနှစ်တွင် အစိုးရမှ ဤမူဝါဒကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးချေ။

အစိုးရ၏ အခြေခံမူဝါဒနှင့် ဥပဒေသည် ဆယ်စုနှစ် တစ်ခုကျော်ကြာပြီးသည့်တိုင် မအောင်မြင်သေးချေ။ အစိုးရသည် ထိုအကောင်အထည်ဖော်မှု၌ အရင်းအမြစ်များနှင့် လူအင်အားများစွာ ဖြုန်းတီးခဲ့သည်။ ထို့အပြင် ဤလူမှုဖူလုံရေး မူဝါဒသည် တရုတ်နိုင်ငံ၏ အခြေခံ ဥပဒေအဖြစ် မသတ်မှတ်ရသေးဘဲ မည်သို့ အောင်မြင်နိုင်မည် နည်း။

အရေးအကြီးဆုံးမှာ လူမှုဖူလုံရေး အာမခံသည် ကုမ္ပဏီနှင့် ဝန်ထမ်းများကို ပေးဆောင်ရန် လိုအပ်ပေသည်။ ပထမဆုံးအနေဖြင့် ဝန်ထမ်း တော်တော်များများမှ ဤသည်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့ လစာမှ မည်သည့်အတွက် နှုတ်သင့်သနည်း။ ရှေးယခင်က အငြိမ်စားယူခဲ့သည့် သူများအားလုံး သူတို့၏ ပင်စင်အတွက် (၁)ရာခိုင်နှုန်းပင် မပေးခဲ့ကြချေ။ အငြိမ်းစားယူပြီးနောက် ကုမ္ပဏီ သို့တည်းမဟုတ် စက်ရုံများမှ မည်သည့်အတွက် ဂရုမစိုက်နိုင်သနည်း။ ကုမ္ပဏီအတွက် တစ်သက်တာလုံးနီးပါး ပေးဆပ်ခဲ့ကြပေသည်။

အလုပ်သမားများသည် လူမှုဖူလ့ုရေး အာမခံသည် အာမခံကြေးအားလုံးကို ကုမ္ပဏီများမှ ပေးဆောင်စေလို ကြသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ရန် မည်သည့်ကုမ္ပဏီကမှ မတတ်နိုင်ကြချေ။ အငြိမ်းစားယူတော့မည့် အလုပ်သမားများကို ထည့်သွင်းစဉ်းစားပါက ထိုပမာဏသည် နည်းနည်းနောနော မဟုတ်ချေ။ လူမှုဖူလုံရေး အာမခံ အတွက် မိမိတို့ မတတ်နိုင်ပေ။ မိမိတို့အား ပေးဆောင်ခိုင်းပါက ကုမ္ပဏီ ဒေဝါလီခံကာ အလုပ်သမားမျး အလုပ်လက်မဲ့ ဖြစ်သွားပေလိမ့်မည်။

“ဒီမူဝါဒ အောင်မြင်ဖို့အဆိုရင် ကုမ္ပဏီအာမခံနဲ့ လူမှုဖူလုံရေးအာမခံ နှစ်ခုစလုံး ပေါင်းပြီး အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်.. ခက်တာက မှန်ကန် မျှတအောင် ဘယ်လိုလုပ်ကြမလဲ.. လူမှုဖူလုံရေး အာမခံမှာ လူများလွန်းရင် အစိုးရက ကောက်ခံထားတဲ့ အာမခံကြေးတွေက ပြည်သူတွေအတွက် လုံလောက်မှာ မဟုတ်ဘူး.. အာမခံကြေး အရမ်းများနေရင်လဲ ကုမ္ပဏီတွေက ဒီမူဝါဒကို လက်ခံကြမှာ မဟုတ်ဘူး..”

အခြားနိုင်ငံများတွင် အစိုးရများသည် လူမှုဖူလုံရေး အာမခံအတွက် ပရီမီယံကြေးများ စုဆောင်းသည့် နည်းလမ်း များစွာရှိနေပေသည်။ ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီမှ အချိုးကျ ပံ့ပိုးကူညီမှုများ သို့တည်းမဟုတ် ကုမ္ပဏီများနှင့် တစ်ဦးတစ်ယောက်ချင်း နှစ်ဖက်စလုံးထံမှ တူညီသော ပံ့ပိုးမှုများကို အကောင်အထည်ဖော်ခြင်းသည်သာ ၎င်းတို့အတွက် ပိုကောင်းမွန်လိမ့်မည်။

ထိုနည်း(၂)မျိုးမှာ အခြားနိုင်ငံများတွင် ပို၍ အသုံးများပေသည်။ သို့ရာတွင် (၂)မျိုးစလုံး၌ အားနည်းချက် အားသာချက်များ ရှိပေသည်။ တရုတ်နိုင်ငံသည် အကောင်အထည်ဖော်ရန် ကြိုးစားနေသည်မှာ ပုံသေအချိုးအစား အလိုက် ကုမ္ပဏီများနှင့် ဝန်ထမ်းများမှ ပံ့ပိုးမှုများ ဖြစ်သည်။ ဖုန်းယွီသည် သူ့ယခင်ဘဝတွင်ပင် ဤမူဝါဒ သက်ရောက် ခံခဲ့ရပေသည်။

ကုမ္ပဏီနှင့် လူမှုဖူလုံရေး အာမခံများကို အတူတကွ အကောင်အထည် ဖော်မည်လော။ ကျန်းလွေ့ချန်းနှင့် အတွင်းဝန်ရှုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ (၂)ခုစလုံးကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် အဖြစ်မှန်မှာ ဖုန်းယွီပြောခဲ့သည့်အတိုင်းသာပင်။ အာမခံအမျိုးအစား (၂)ခုစလုံးကို အတူတကွ မလုပ်ဆောင်ပါက ထိုမူဝါဒ အောင်မြင်မည် မဟုတ်ချေ။ ကုမ္ပဏီများသည် ၎င်းတို့၏ အငြိမ်းစား ဝန်ထမ်းများကို ပြုစု စောင့်ရှောက်ရန် လူမှုဖူလုံရေး အာမခံကို ပေးဆောင်ရမည်ဖြစ်သည်။ ကုမ္ပဏီ ဘဏ္ဍာရေးအရ ခက်ခဲပေလိမ့်မည်။

အတွင်းဝန်ရှု ဖုန်းယွီအား ကြည့်၍..

“ပမ့်မြို့တော် ယန္တရားကုမ္ပဏီကရော အလုပ်သမားတွေအတွက် လူမှုဖူလုံရေး အာမခံ ဘယ်လိုပေးမှာလဲ..”

“ကျုပ်တို့ ကုမ္ပဏီနဲ့ ဝန်ထမ်းတွေ အာမခံကြေး အတူတူ ပေးနေကြတာ.. ဒါ အစိုးရ လိုချင်တာ မဟုတ်ဘူးလား.. ဒီအချက်ကို ဗဟိုအစိုးရက အကြံပြုထားရုံပဲရှိပြီး ကုမ္ပဏီတွေကို လိုက်နာဖို့ တွန်းအားပေးမထားဘူး.. ဘာလို့လဲ ဆိုတော့ အစိုးရက အလုပ်သမားတွေ ဘယ်လိုတုံ့ပြန်လာမယ်ဆိုတာ မသေချာသေးလို့ပဲ..”

“မင်းအလုပ်သမားတွေ အကုန်လုံး ဒီအစီအစဉ်ကို သဘောတူကြလား..”

အတွင်းဝန်ရှု စိတ်ဝင်တစား မေးလိုက်သည်။ လူမှုဖူလုံရေး အာမခံကြောင့် အလုပ်သမား အများအပြားသည် ၎င်းတို့၏ ကုမ္ပဏီများအတွက် အခက်အခဲများ ဖန်တီးနေကြကြောင်း သူ့လူများထံမှ ကြားသိထားရသည်။ အချို့က သပိတ်မှောက်ကြပြီး အချို့မှ အထက်သို့ တက်ကြသည်။ အားလုံး ထိုမူဝါဒကို မလိုလားကြချေ။

“ဒါ အရမ်းရိုးရှင်းပါတယ်.. အဲ့အလုပ်သမားတွေရဲ့ လစာ တိုးပေးလိုက်ရုံပဲလေ.. လူမှုဖူလုံရေး အာမခံအတွက် တစ်လကို ယွမ်(၄၀)ပေးရမယ်ဆိုရင် လစာယွမ်(၁၀၀)တိုးပေးမယ်.. ဘယ်သူ ကန့်ကွက်မှာလဲ.. ကုမ္ပဏီက အာမခံ အများစုအတွက် ပေးနေရတုန်းပဲ.. အလုပ်သမားတွေကို သေသေချာချာ ရှင်းပြရင် နားလည်မှာပဲလေ..”

ဖုန်းယွီ၏ မျက်နှာပေါ်တွင်မူ ‘ဘာမဟုတ်တာတွေ လာမေးနေတယ်’ ဟူသည့် မျက်နှာထား ပေါ်နေပေသည်။

အတွင်းဝန်ရှု ပြောစရာမဲ့သွားသည်။ တရုတ်နိုင်ငံရှိ ကုမ္ပဏီများအားလုံးကို သူ၏ ပမ့်မြို့တော် ယန္တရားကုမ္ပဏီနှင့် အတူတူဟု အထင်ရောက်နေသည်လော။ အလုပ်သမားများ၏ လစာတိုးရန် မည်သို့ တတ်နိုင်ကြမည်နည်း။ အလုပ်သမားများကို သေချာရှင်းပြပါက နားလည်ကြမည်ဆိုသည်မှာ မည်သို့နည်း။ လစာတိုးပေးခြင်းသည် ထိုလူမှုဖူလုံရေး အာမခံကို ၎င်းတို့လက်ခံရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။

ဝန်ထမ်းများအတွက် အရေးအကြီးဆုံမှာ မည်သည်နည်း။ ၎င်းတို့၏ လစာသာပင်။

အတွင်းဝန်ရှု စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ထိုပမ့်မြို့တော် ယန္တရာကုမ္ပဏီ အမှန်တကယ် ချမ်းသာပေသည်။ ၎င်းတို့ အလုပ်သမားများ၏ လစာကို မြင့်မြင့်မားမား ပေးထားသည့်အပြင် လစာကို ယွမ်(၁၀၀)တိုး ပေးချင် နေပေသည်။ ဆိုလိုသည်မှာ အဆင့်(၈)အလုပ်သမားများသည် တစ်လလျှင် ယွမ်(၁၀၀၀)ကျော် ရပေလိမ့်မည်။ ပမ့်မြို့တော်အတွက် ပျမ်းမျှ တစ်နှစ်လစာသည် ယမန်နှစ်က ယွမ်(၅၀၀၀) သာသာလေးပင် ရှိပေသည်။ ဖုန်းယွီကြောင် ထိုပျမ်းမျှလစာသည် ယွမ်(၆၀၀၀)ကျော်အထိ တိုးလာမည်လော။

“ဖုန်းယွီ.. မင်းနည်းလမ်းက တခြားကုမ္ပဏီတွေအတွက် အလုပ်မဖြစ်နိုင်ဘူး.. တခြား ကုမ္ပဏီတွေကရော သူတို့ အလုပ်သမားတွေကို လစာ ဘယ်လောက်ထိ တိုးပေးနိုင်မှာလဲ..”

ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့လဲ အလုပ်သမားတွေရဲ့ လစာ တိုးပေးရတာပဲ.. မနှစ်က ငွေကြေးဖောင်းပွမှုကြောင့် လစာတိုးတာ မဟုတ်ဘူးလား.. ဒီနှစ် စီးပွားရေးက မနှစ်ကထက် ပိုကောင်းတယ်.. ကုမ္ပဏီတွေ ဘာလို့ လစာမတိုးနိုင်ရမှာလဲ.. အဲ့ ကုမ္ပဏီတွေက အစိုးရကို အခွန်ပိုပေးပြီး အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး အာမခံအတွက် အစိုးရကို ပေးခိုင်းနေ လို့လား..”

ဖုန်းယွီ ပြန်မေးလိုက်သည်။

အလုပ်သမားများ၏ လစာတိုးခြင်းသည် ကုမ္ပဏီများ၏ ကုန်ကျစရိတ် တိုးမြင့်စေပြီး ၎င်းတို့၏ အမြတ်ငွေ လျော့ကျ ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီများမှ ပေးဆောင်သော အခွန်များကိုလည်း လျော့ချပေးမည် ဖြစ်ရာ ဒေသဆိုင်ရာ အစိုးရများမှ အခွန်ငွေ/ဝင်ငွေ နည်းပါးသွားမည် ဖြစ်သည်။

သို့ရာတွင် ကုမ္ပဏီများသည် အလုပ်သမားများ၏ လစာ တိုးမြှင့်မပေးပါက ထိုလူမှုဖူလုံရေး အာမခံ မူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည် မဟုတ်ချေ။ ဖုန်းယွီသည် ယမန်နှစ်က နိုင်ငံတော် အခွန်ငွေနှင့် လယ်ယာမြေ အခွန်ကို ခွဲခြားထားခြင်းကြောင့် လူမှုဖူလုံရေး အာမခံနှင့် သက်ဆိုင်သည်ဟု သံသယ ပေါ်လာသည်။ အပေါ်ယံအားဖြင့် ဒေသဆိုင်ရာ အစိုးရသည် အခွန်ငွေ ပိုမိုရရှိလိမ့်မည် ဖြစ်သော်လည်း လက်တွေ့တွင် ၎င်းတို့၏ တာဝန် တိုးလာခဲ့သည်။

အတွင်းဝန်ရှုနှင့် ကျန်းလွေ့ချန်းတို့ အတွေးရေယဉ်ကျော မြောသွားတော့သည်။ ဖုန်းယွီ ပြောခဲ့သည်မှာ မှန်သောလည်း ထိုအတိုင်း ဆက်လုပ်သင့်သည်လော။

-------*****--------

All Chapters