ဆုံးဖြတ်ချက်
Vol. 49 Ch. 723
ကျန်းလွေ့ချန်းနှင့် အတွင်းဝန်ရှုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပေါင်းစည်းခြင်းလော။ ပေါင်းစည်းခြင်း ဆိုသည်မှာ အဘယ်နည်း။
ကျန်းလွေ့ချန်း ဖုန်းယွီအား ကြည့်ရင်း စကားမပြောနိုင် ဖြစ်နေသည်။ ထိုကောင် စကားကို တန်းလန်းကြီး ရပ်ထား ပြန်သည်။ မည်သည့်အတွက် စကားကုန်အောင် မပြောနိုင်ရသနည်း။
“ဘယ်လို ပေါင်းစည်းရမှာလဲဆိုတာ စဉ်းစားရမယ်.. အဲဒါ ပြောပြလေ..”
ဖုန်းယွီ လက်ဖက်ရည် ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ထိုခွက်အတွင်း၌ လက်ဖက်ရည် ကုန်နေပေပြီ။ ကျန်းလွေ့ချန်းသည် ဖုန်းယွီ အတွင်းဝန်ရှုအား သူ့အတွက် လက်ဖက်ရည် ဖျော်ခိုင်းမည်ကို စိုးရိမ်နေမိသည်။ သူ့လက်ဖက်ရည်ခွက်ကို ဖုန်းယွီဘက်သို့ ချက်ချင်း တွန်းပို့လိုက်ပြီး..
“ဒီလက်ဖက်ရည်ခွက် ငါမထိရသေးဘူး..”
ဖုန်းယွီ ထိုခွက်ကို ကောက်ယူကာ ကုန်သည်အထိ သောက်လိုက်သည်။ ထို့နောက် အတွင်းဝန်ရှု၏ ခွက်ကို ကြည့်လိုက်သည်။
ဤသည်က အတွင်းဝန်ရှု၏ ရုံးခန်းဖြစ်ပြီး သူ့တစ်ကိုယ်ရေသုံး ခွက်ကို သုံးနေပေသည်။ ဖုန်းယွီအား မည်သို့ ပေးနိုင်မည်နည်း။ အတွင်းဝန်ရှုသည် သူ့အတွင်းရေးမှူးအား လက်ဖက်ရည် နှစ်ခွက် ချက်ချင်း ပေးရန် လှမ်းပြောလိုက်သည်။
ထိုအချိန်တွင်မှ ဖုန်းယွီက..
“ပေါင်းစည်းခြင်းပုံစံ (၂)မျိုး ရှိတယ်.. ပထမ အနေနဲ့ ကုမ္ပဏီငယ်လေးတွေ အားလုံးကို စုစည်းပြီး လုပ်ငန်း တစ်ခုတည်းက ကိုင်တွယ်ပြီး ကုမ္ပဏီကြီး တစ်ခုအဖြစ် ပေါင်းစည်းလိုက်ပေါ့.. အဲ့လိုနည်းနဲ့ဆို သူတို့ ပိုင်ဆိုင်မှု၊ အတိုင်းအတာ.. အဲ့လိုမျိုးတွေ တိုးလာမှာ.. သူတို့ အရင်းအမြစ်အားလုံး အမှတ်တံဆိပ် တစ်ခုအဖြစ် မိတ်ဆက်နိုင်ဖို့ ပေါင်းစပ်သွားလိမ့်မယ်.. ဒီကုမ္ပဏီက ပိုကြီးလာပြီး သူတို့ အမှတ်တံဆိပ်ကို ဈေးကွက် ချဲ့ထွင်ဖို့ ပိုလွယ်ကူလာ လိမ့်မယ်.. တရုတ်နိုင်ငံမှာ ကုမ္ပဏီ ကြီးကြီးမာမား တိုးလာရင်လဲ အမှတ်တံဆိပ်က နေ့ချင်း ညချင်း ဖြစ်လာမှာ မဟုတ်ဘူး.. အကျိုးသက်ရောက်မှု မြင်ရဖို့ အချိန်လိုတယ်..
နောက်တစ်ခုက တည်ထောင်ထားတဲ့ အမှတ်တံဆိပ်ကို သုံးဖို့ပဲ.. စက်မှုလုပ်ငန်း တူညီတဲ့ တခြား ကုမ္ပဏီ ငယ်လေးတွေအားလုံး အဲ့အမှတ်တံဆိပ်နဲ့ ပေါင်းစည်းပြီး ကုမ္ပဏီခွဲတွေ ဖြစ်လာမယ်.. သူတို့ ထုတ်ကုန်တွေကိုလဲ အဲ့ အမှတ်တံဆိပ် သုံးလို့ရမယ်.. ကုမ္ပဏီအားလုံး သူတို့အမြတ်ငွေတိုးလာပြီး ပထမနည်းလမ်းထက် ပိုမြန်မယ်.. အကျိုးရလဒ်ကို အချိန်တိုအတွင်း မြင်ရနိုင်တယ်..”
ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ကို ဒုတိယနည်းလမ်း ရွေးဖို့ ပြောချင်နေတာလား.. စက်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းကုမ္ပဏီနဲ့ ပေါင်းစည်းဖို့ စဉ်းစားနေတာလား..”
ဖုန်းယွီ ဂုဏ်ယူဝံ့ကြွားသည့် လေသံဖြင့်..
“ခင်ဗျား ချွတ်ခြုံကျလုနီးပါး ဖြစ်နေတဲ့ ကုမ္ပဏီတွေကို ပေါင်းစည်းပြီး ကျုပ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွဲ ဖြစ်လာစေချင် လို့လား.. ကျုပ်ကုမ္ပဏီက ဝန်ထမ်းတွေကို သူတို့တွေ ဆန္ဒရှိ/မရှိ ပြန်ပေးကြည့်မှ ရမယ်..”
ကျန်း ဉာဏ်ကောင်းလာပေသည်။ မိမိဘာတွေနေသည်ကို ပြောနိုင်နေသည်လော။
ဖုန်းယွီသည် ထိုစက်ရုံငယ်များကို သူ့ကုမ္ပဏီအတွက် ကန်ထရိုက်အလုပ်များ လုပ်ခွင့်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထို ယန္တရား စက်ရုံငယ်များသည် စက်ကောင်းကောင်း၊ အင်ဂျင်ကောင်းကောင်းများ မထုတ်လုပ် နိုင်သေးပေ။ သို့ရာတွင် ပင်မ စက်ရုံအတွက် အစိတ်အပိုင်း အချို့ ထုတ်လုပ်ပေးရန်မူ ပြဿနာ မရှိလောက်ချေ။
မည်သို့ပင်ဖြစ်စေ ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည်လည်း အပိုပစ္စည်း များစွာကို ဝယ်ယူခဲ့ရသည်။ အပိုပစ္စည်း ထုတ်လုပ်ခြင်းမှာ အမြတ်အစွန်း များလွန်းပေသည်။ ကားနှင့် ဆိုင်ကယ် အပိုပစ္စည်းများသည် စောင်ကျင်း အမှတ်တံဆိပ် ဖြစ်ပါက၊ စောင်ကျင်း မော်တော်ယာဉ် ပိုင်ဆိုင်သူများသည် စောင်ကျင်း အပိုပစ္စည်းများကို သေချာပေါက် ရွေးချယ်မည် ဖြစ်သည်။ လူအများစုသည် မူရင်း အစိတ်အပိုင်းများကို နှစ်သက်ကြပေသည်။
ဤအစီအစဉ်မှ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ပြီး အမြတ်ငွေ တိုးစေလိမ့်မည်။ ပြည်နယ်အစိုးရ၏ ခေါင်းခဲနေရမှုကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်သည်။
လျှပ်စစ်နှင့် ဆေးဝါးစက်ရုံများအတွက်လည်း အလားတူပင်ဖြစ်သည်။ အခြားထုတ်ကုန်များအတွက် ထိုကုမ္ပဏီများ သည် လူကြိုက်အများဆုံး အမှတ်တံဆိပ်အောက်တွင် ပေါင်းစည်းနိုင်ပေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အမှတ်တံဆိပ် တစ်ခုတည်းအောက်တွင် အမှတ်တံဆိပ် တစ်ခု၏ အသိအမြင်များ တိုးမြင့်လာစေရန် ၎င်းတို့၏ အရင်းအမြစ်များ အားလုံး ပေါင်းစပ်သွားပေလိမ့်မည်။ မိမိကိုယ်တိုင်အတွက် ရုန်းကန် တိုက်ပွဲဝင်နေရသည့် ကုမ္ပဏီ ငယ်လေးများနှင့် ယှဉ်ပါက ပိုလွယ်ကူသွားပေလိမ့်မည်။
ကြော်ငြာကွက် လေလံပွဲများတွင် လွန်ခဲ့သည့်နှစ် CCTV ၏ အသုံးစရိတ်အများဆုံးဖြစ်သော ကွန်ဖြူးရှပ် ပေါင်းခံရည်ကို ကြည့်ရပေလိမ့်မည်။ ထိုကုမ္ပဏီသည် ကုမ္ပဏီငယ်များစွာ၏ အရင်းအမြစ်များကို အမှတ်တံဆိပ် အောက်တွင် ပေါင်းစည်းထားပေသည်။ ဤသည်မှာ အလွန်ထိရောက်ပြီး ယမန်နှစ်က ရောင်းအား အလွန် ကောင်းမွန်ခဲ့သည်။
ယခုနှစ်တွင် ကွန်ဖြူးရှပ် ပေါင်းခံရည်သည် ရိုးရာ ကွန်ဖြူးရှပ် ပွဲသုံးဝိုင်ကို မိတ်ဆက်ခဲ့ပြီး CCTV ကြော်ငြာကွက်များကို လေလံတင်ရောင်းချမှု၏ အမြင့်ဆုံး လေလံပွဲ ဖြစ်ခဲ့သည်။ ထိုဝိုင်သည် အလွန်ရေပန်းစားခဲ့ပြီး စံချိန်တင်အောင် ရောင်းချနိုင်ခဲ့သည်။
ယခုအခါ ကွန်ဖြူးရှပ်ဝိုင်ကို ပြည်ပသို့တိုင် တင်ပို့နေပေပြီ။ ဖောက်သည် အများအပြားသည် ပိုင်ကျွီ အမှတ်တံဆိပ်ကို စားသောက်ဆိုင်များ၌ ဦးစားပေးရွေးချယ်မှုအဖြစ် မှာယူကြပေလိမ့်မည်။ အထက်တန်း ပညာပင် မတတ်ခဲ့သည့် သူဌေးများသည် ကြော်ငြာဆောင်ပုဒ်ကြောင့် ထိုအမှတ်တံဆိပ်ကို ကြိုက်နှစ်သက်ကြသည်။ ‘ကွန်ဖြူးရှပ် ပွဲတည်ဝိုင်ကို သောက်ကာ အကောင်းဆုံး စာတမ်းများ ရေးလိုက်ကြပါ’။
ထိုသူဌေးများသည် မူလတန်း ကျောင်းစာစီစာကုံးကိုပင် ဖြောင့်ဖြောင့် မရေးနိုင်ကြချေ။
ကွန်ဖြူးရှပ် ပွဲတည်ဝိုင်သည် ပေါင်းခံရည် ဆိုင်ငယ်များ ပေါင်းစည်းပြီး ပေါ်ထွက်လာသည့် ထုတ်ကုန် ဖြစ်သည်။ ၎င်းတို့သည် အမှတ်တံဆိပ် တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ စီမံခန့်ခွဲခဲ့သည်။ ဝိုင်အမှတ်တံဆိပ်သည် ရေပန်းစား လာသည်နှင့်အမျှ အရက်ဆိုင်များအားလုံး ငွေရှာနိုင်ခဲ့ကြသည်။ ၎င်းတို့ တစ်ဦးစီသည် ကိုယ်ပိုင်အမှတ်တံဆိပ်များ ဈေးကွက်တင်ရန် ကြိုးစားသည်ထက် ပိုမိုကောင်းမွန်ပေသည်။
အတွင်းဝန်ရှု တုံ့ဆိုင်းနေပေသည်။ ဖုန်းယွီ ပြောစကား မှန်ပုံရပေသည်။ လောင်ကျင်း ပြည်နယ်ရှိ လူကြိုက် အများဆုံး အမှတ်တံဆိပ်မှာ ပမ့်မြို့တော် ယန္တရားကုမ္ပဏီနှင့် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း တို့ဖြစ်သည်။ ထိုကုမ္ပဏီ (၂)စလုံးမှာ ဖုန်းယွီ၏ ကုမ္ပဏီများပင်။ ထိုကုမ္ပဏီ (၂)ခုမှလွဲ၍ အခြားကုမ္ပဏီများ၏ အမှတ်တံဆိပ်များ မကျော်ကြားခဲ့ချေ။ ထိုင်ပေဝက်များ၏ နာမည်ကြီး အမှတ်တံဆိပ် တစ်ခုလည်း ရှိပေသည်။ ဤသည်မှာ ဖုန်းယွီ၏ ကုမ္ပဏီ မဟုတ်ဘဲ သူ့ဖခင်၏ ကုမ္ပဏီပင်။
ဆိုလိုသည်မှာ ဖုန်းယွီ သို့တည်းမဟုတ် သူ့ကုမ္ပဏီများသည် ဤပေါင်းစပ်မှုတွင် မပါဝင်ပါက ပြည်နယ် အစိုးရသည် ဖုန်းယွီပြောခဲ့သည့် ပထမ နည်းလမ်းကို အသုံးပြုရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကုမ္ပဏီငယ်များကို ပေါင်းစည်းကာ အမှတ်တံဆိပ် တစ်ခုအဖြစ် မိတ်ဆက်ပေးလိုကြသည်လော။
သို့ရာတွင် ဖုန်းယွီ ပြောခဲ့သလိုသာပင်။ အောင်မြင်မည် ဖြစ်သော်လည်း အချိန်ကြာပေလိမ့်မည်။ အတွင်းဝန်ရှု မစောင့်နိုင်ချေ။
အတွင်းဝန်ရှုအနေဖြင့် ရလဒ်များ အမြတ်လိုနေသည်။ မကြာမီကာလအတွင်း ထူးခြားသော ရလဒ်များ မရရှိပါက ရာထူးမှ အနားယူရန် ဖိအားပေးခံရလိမ့်မည်။
ထို့အပြင် အခြား ပြဿနာ တစ်ခု ရှိနေသေးသည်။ ဤ အစီအစဉ်ကို အကောင်အထည်ဖော်ရန် အချိန်အနည်းငယ် ကြာပေလိမ့်မည်။ ပထမနည်းလမ်းကို ရွေးချယ်ပါက ရလဒ်များကို မမြင်မီ ထားခဲ့ရပေလိမ့်မည်။ သူထားခဲ့ပြီးနောက် ထိုအစီအစဉ် မည်သို့ ဖြစ်သွားမည်နည်း။
သို့အတွက် အစိုးရ အရာရှိများ အားလုံး အနည်းဆုံးအားဖြင့် သက်တမ်းတစ်ခု ဆက်ရှိနေမှ ရပေလိမ့်မည်။ သက်တမ်း တစ်ခုမှာ အတိုဆုံး (၂)နှစ်ဖြစ်ပြီး အများဆုံ (၅)နှစ် ဖြစ်သည်။ ဤသည်မှာ အစိုးရ အရာရှိများ သူ့ကို တောင်းဆိုထားသည့် လွှဲပြောင်းလက်ခံ အကောင်အထည်ဖော်ရမည် အချိန်ရှိရန်သာ ဖြစ်သည်။
သို့ရာတွင် ပြောင်းလဲမှုတိုင်းသည် ချက်ချင်း အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ချေ။
‘မန်နေဂျာဖုန်း.. ပမ့်မြို့တော် ယန္တရား ကုမ္ပဏီက ယန္တရားစက်ရုံငယ်လေးတွေနဲ့ ပေါင်းစည်းတာ.. ဒါမှမဟုတ် မင်းသာ လိုချင်ရင် အပိုင်ဝယ်နိုင်လိမ့်မယ်လို့ ငါထင်တယ်..”
အတွင်းဝန်ရှု ပြောလိုက်သည်။၊
ဖုန်းယွီ ခေါင်းယမ်းကာ..
“အဲ့ စက်ယန္တရား စက်ရုံလေးတွက်ရဲ့ စက်ပစ္စည်း အများစုက ဟောင်းနွမ်းနေတဲ့အပြင် နည်းပညာလဲ မရှိကြဘူး.. အဲ့မှာ အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေ မကျွမ်းကျင်ကြဘူး.. ပြီးတော့ လက်လှမ်းမမှီတဲ့ နေရာမှာ ရှိနေကြတာ.. ဒါတွေ သွားဝယ်ဖို့ မတန်ဘူး.. နောက်ပြီးတော ဒေသဆိုင်ရာ အစိုးရကလည်း ရောင်းချင်ကြမှာ မဟုတ်ဘူး..”
“သူတို့တွေ အဲ့စက်ရုံတွေကို ရောင်းချင်လောက်တယ်.. ငါမင်းကို ကတိတစ်ခုပေးတယ်..”
အတွင်းဝန်ရှုသည် သူ့လက်ရှိရာထူးကို တက်လှမ်းနိုင်ခဲ့ခြင်းမှာ လွှမ်းမိုးနိုင်သူ တစ်ယောက် ဖြစ်သောကြောင့်ပင်။ သူ့လက်အောက်ငယ်သားများကို မထိန်းချုပ်နိုင်ပါက အငြိမ်းစားယူရမည်မှာ ကြာပေပြီ။
အတွင်းဝန်ရှုသည် ထိုကုမ္ပဏီငယ်များကို တည်ထောင်ထားသော အမှတ်တံဆိပ်တစ်ခုနှင့် ပေါင်းစည်းရန် လိုအပ်ပေသည်။ ထိုကုမ္ပဏီများကို ဝယ်ရမည် ဆိုလျှင်ပင် ကောင်းသေးသည်။ သူ့အတွက် အဓိက လိုအပ်ချက်မှာ ရလဒ်သာပင်။ လစဉ် ရှင်သန်နိုင်ရေး ကြိုးစားနေသည်ထက် ရုန်းကန်နေရသည့် အစိုးရပိုင် ကုမ္ပဏီများကို ရောင်းလိုက်သည်က ပိုကောင်းပေသည်။ ထိုကုမ္ပဏီများသည် တည်ထောင်ထားသော ကုမ္ပဏီတစ်ခုမှ ဝယ်ယူပါက ပိုကောင်းမွန်ကာ တိုးတက်မှုနှင့် အမြတ်အစွန်းများ မြင့်မားပေလိမ့်မည်။ ပြည်နယ်အစိုးရသည်လည်း အခွန်ငွေ တိုးလာပေလိမ့်မည်။
အရေးအကြီးဆုံးမှာ လူမှုဖူလုံရေး အာမခံမူဝါဒကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
အတွင်းဝန်ရှုသည် နောက်ဆုံး၌ ဖုန်းယွီသည် လူမှုဖူလုံးရေး အာမခံ မူဝါဒကို မည်သည့်အတွက် ပြောခဲ့ကြောင်း နားလည်သွားသည်။ ထိုမူဝါဒသည် ဗဟိုအစိုးရမှ ချမှတ်ထားပြီး နောက်တစ်ဆင့်တွင် အပြည့်အဝ အကောင်အထည် ဖော်ရန် လိုအပ်ပေသည်။ အတွင်းဝန်ရှုသည် ထိုမူဝါဒကို အခြားသူများထက်စော၍ လောင်ကျင်းပြည်နယ်တွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက သူသည် ထိုမူဝါဒကို တာဝန်ယူရန် ဗဟိုအစိုးရသို့ ဝင်ရောက်ခွင့် ရမည် ဖြစ်သည်။
အတွင်းဝန်ရှု ရာထူးမတိုးနိုင်သော်လည်း ခရိုင် ဝန်ကြီးအဆင့် အရာရှိကြီးတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ ဤသို့ဆိုလျှင်မူ သူကျေနပ်ပေမည်။
ဖုန်းယွီ ပြောသမျှစကားများသည် ဆက်စပ်နေပေသည်။ ဖုန်းယွီ၏ ရည်ရွယ်ချက်သည် မည်သို့ရှိစေကာမူ သူ့အကြံဉာဏ်သည် အတွင်းဝန်ရှု၏ မျှော်လင့်ချက်ရောင်ခြည် ထွန်းတောက်စေခဲ့သည်။ သူ့နောင်ရေး အသက်မွေး ဝမ်းကြောင်း တိုးတက်မှုကို မြင်နိုင်ပေသည်။
-------*****--------