← Chapters

စည်းကမ်းချက်များ

Vol. 49 Ch. 724

စည်းကမ်းချက်များ

Vol. 49 Ch. 724

ရှုချန်ယို (အတွင်းဝန်ရှု) သည် ဖုန်းယွီကို ထိုကုမ္ပဏီငယ်များကို အထိုင်ချနိုင်မည်ဟု ကတိပေးခဲ့သော်လည်း ဖုန်းယွီကမူ ခေါင်းသာ ခါနေပေသည်။

“အဲ့ဒါ မတန်ဘူး.. ရင်းနှီးမြုပ်နှံရတဲ့ ရည်ရွယ်ချက်က ငွေရှာဖို့ပါ.. မြို့တော်ဝန်ကျန်းက ပမ့်မြို့တော် ယန္တရားကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ဆိုင်မထားရင် အစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်နေသေးရင် အစက်ရုံလေးတွေကို ကုမ္ပဏီနဲ့ ပေါင်းစည်းခွင့် ပေးမှာလား..”

ကျန်းလွေ့ရှန်း ရှက်သွားပုံပေါ်လာသည်။ သေချာပေါက် သဘောတူမည် မဟုတ်ချေ။ ဖုန်းယွီ ပြောသကဲ့သို့သာပင်။ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီ တိုးချဲ့လိုပါက တောင်ပိုင်းဒေသများတွင်သာ တိုးချဲ့သင့်ပေသည်။ ထို့အပြင် ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည် အခြားမြို့များတွင် စက်ရုံခွဲများ တည်ထောင်ထားပြီး ဖြစ်သည်။ ပြည်တယ်တစ်ခု တည်းအတွင်း၌ အရင်းအမြစ် ခွဲဝေသုံးစွဲခြင်းသည် ပညာရှိရာ မရောက်ချေ။

သို့ရာတွင် ပြည်နယ်အစိုးရ အရာရှိ တစ်ဦးအနေဖြင့် ထိုအဆိုပြုချက်ကို ထောက်ခံရမည်ဖြစ်သည်။ ဤစက်ရုံငယ်များသည် ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်အားလုံးကို စောင်ကျင်း အမှတ်တံဆိပ် သို့တည်းမဟုတ် ပမ့်မြို့တော် စိုက်ပျိုးရေးပစ္စည်း အမှတ်တံဆိပ်အောက်တွင် ရောင်းချမည် ဖြစ်သည်။ အကျိုးအမြတ်မှာမူ ယခင်ကထက် အလွန်များပြားလာပေလိမ့်မည်။

ဒေသဆိုင်ရာ အစိုးရများသည် ၎င်းတို့၏ အခွန်ငွေကို တိုးမြှင့်နိုင်မည် ဖြစ်ပြီး အလုပ်သမားများ၏ လစာအားလုံး တိုးမြှင့်ပေးမည် ဖြစ်သည်။ သို့ရာတွင် ပမ့်မြို့တော် ယန္တရားကုမ္ပဏီအတွက် ထိုစက်ရုံများကို စီမံခန့်ခွဲရန် ပို၍ ခက်ခဲ ပေလိမ့်မည်။

ဖုန်းယွီသည် စိုက်မျိုးရေးနှင့် ဆေးဝါးလုပ်ငန်းများတွင် ကူညီပေးနိုင်ပေသည်။ သို့ရာတွင် ဖုန်းယွီ၏ သဘောထားမှာ တစ်စုံတစ်ရာ ပြန်မရသရွေ့ သဘောတူမည်မဟုတ်ချေ။

“ဖုန်းယွီ .. မင်း ပမ့်မြို့တော် ယန္တရားကုမ္ပဏီကို စက်ပစ္စည်းစက်ရုံတွေ ဒါမှမဟုတ် သတ္တုလုပ်ငန်း စက်ရုံတွေနဲ့ ပေါင်းစည်းခွင့်ပေးမယ်ဆိုရင် ဒီနှစ် အခွန်ထောက်ပံကြေး နည်းနည်း ခွင့်ပြုပေးလို့ရတယ်.. နောက်ပြီးတော့ မင်းစက်ရုံတွေ တိုးချဲ့ဖို့ လိုလာရင် မြေကွက်တွေ ငါကူညီပေးမယ်.. အဲ့အဆိုပြုချက်ကိုရော လက်ခံဖို့ ဆန္ဒရှိလား..”

ဖုန်းယွီသည် သူ့အကျိုးအတွက် တစ်ခုခု စောင့်နေကြောင်း ကျန်းလွေ့ချန်း ခံစားမိသည်။ သို့မဟုတ်ပါက ဖုန်းယွီ ဤသည်ကို ထုတ်ပြောမည် မဟုတ်ချေ။ ဤသည်မှာ ဖုန်းယွီ၏ ပုံမှန် အလေ့အထ တစ်ခုဖြစ်သည်။ လူအများကို ထောင်ချောက်အတွင်း တွန်းပို့တတ်ပေသည်။

သို့ရာတွင် ယခုအချိန်၌ ကျန်းလွေ့ချန်းသည် ရပ်တည်ရမည့်ဘက် ရွေးချယ်ရပေတော့မည်။ ရှုချန်ယိုကို ကူညီရမည် ဖြစ်ပြီး ဤသည်မှာ ပြည်နယ် တစ်ခုလုံးအတွက် ကောင်းသော အရာဖြစ်ပေလိမ့်မည်။

ဖုန်းယွီသည် နံရံပေါ်ရှိ ပြည်နယ်နှင့် ပမ့်မြို့တော် မြေပုံကို ကြည့်လိုက်သည်။ ထို့နောက် လက်ထလျှောက်ကာ လက်ချောင်းများဖြင့်ပင် စက်ဝိုင်း(၂)ခု ဆွဲလိုက်သည်။

“ဒီမြေကွက် (၂)ကွက် နောက်လဆို လေလံတင်တော့မှာ မို့လား.. ပြဿနာ ဖြေရှင်းပေးထားတော့ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုကို ရောင်းပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်..”

ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီသည် ဤမြေကွက်(၂)ကွက်ကို ယမန်နှစ်ကတည်းက လိုချင်နေပေသည်။ သို့ရာတွင် ဖျက်သိမ်းခြင်း၊ ပြောင်းရွှေခြင်းများ နှောင့်နှေးမှုကြောင့် မြေကွက်များ လေလံတင်ရောင်းချမှုကို နောက်လအထိ ရွှေ့ဆိုင်းထားရသည်။ ဖုန်းယွီ ထိုမြေကွက်များကို ယခင်ကတည်းက စိုက်ကြည့်နေခြင်းလော။

ရှုချန်ယိုသည် ကျန်းလွေ့ချန်းအား ကြည့်လိုက်သည်။ ထိုမြေကွက်သည် ပမ့်မြို့တော်တွင်ရှိပြီး ကျန်းလွေ့ချန်းမှာ ထိုနေရာနှင့် ပို၍ ရင်းနှီးပေသည်။

“ဒီမြေကွက်(၂)ကွက်က ပမ့်မြို့တော်ရဲ့ အဓိက နေရာပါ.. အဲ့ဒါကို စီးပွားရေးဇုန်အဖြစ် ပြောင်းမလို့ပါ..”

ဖုန်းယွီ ပုခုံးတွန့်ပြကာ..

“ကျုပ်တို့ ထိုင်ဟွာကုန်တိုက်တွေ ဘယ်လောက် အောင်မြင်နေတယ်ဆိုတာ မတွေ့ဘူးလား.. ကျုပ်တို့ ကုန်တိုက် တွေနဲ့အတူ လူသွားလူလာ တိုးလာလိမ့်မယ်.. ကျုပ်တို့က မြို့အတွက် ပံ့ပိုးမှု ကြီးကြီးမားမား ကူညီနေတာလေ.. မြို့တော်တော်များများ သူတို့ဒေသမှာ ကျုပ်တို့ မဟာကုန်တိုက်တွေ လာတည်ထောင်ဖို့ ဖိတ်ခေါ်ထားတယ်.. ပြီးတော့ ကျုပ်တို့ ကုန်တိုက်တွေက စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေအဖြစ် သတ်မှတ်လို့ မရဘူးလား..”

“ဒီမြေကွက်(၂)ကွက်က ယွမ်သန်း(၄၀)တန်တယ်..”

ကျန်းလွေ့ချန်း နှုတ်ဖျားမှ ဈေးနှုန်းထွက်လာသည်။ ထိုမြေကွက်(၂)ကွက်၏ အကျယ်အဝန်းသည် ကြီးကြီးမားမား မဟုတ်သော်လည်း ယမန်နှစ်က တန်ဖိုးသည် ယွမ်သန်း(၃၀)ဝန်းကျင်ဖြစ်သည်။ မြေကွက်ကို လေလံတင်ပါက သန်း(၃၀)ကျော် ရနိုင်ပေသည်။ ကျန်းလွေ့ချန်းသည် လေလံပွဲတွင် ယွမ်သန်း(၄၀)ရနိုင်မည် မထင်ချေ။ ဖုန်းယွီသည် သူဌေးကြီး တစ်ယောက်ဖြစ်သဖြင့် ရည်ရွယ်ချက် ရှိရှိ ဈေးမြှင့်တင်ထားရမည်ကို သူသိပေသည်။

ရုတ်တရက် ဖုန်းယွီ သူ့နဖူးသူပုတ်ကာ..

“အင်း.. ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုက ပမ့်မြို့တော်နဲ့ ပတ်ဝန်းကျင်မြို့တွေမှာ ကုန်တိုက်တွေ ထပ်မဖွင့်ချင်တော့တာ မေ့သွားတာပဲ.. မြို့တော်က အဲ့မြေကွက်တွေ လေလံတင်လိုက်တာ ပိုကောင်းပါတယ်.. လေယာဉ်အမှီ သွားရအုံးမှာဆိုတော့ ကျုပ်အရင် သွားနှင့်တော့မယ်..”

ကျန်းလွေ့ချန်း အံ့ဩသွားသည်။ ရှုချန်ယို ကြောင့်သာ မဟုတ်ပါက ဖုန်းယွီအား အော်ဆဲမိပေလိမ့်မည်။ ဈေးကြီးလျှင် ကြီးကြောင်း တည့်တိုး မပြောချေ။

“ဘယ်လောက်ဆို သင့်တော်မယ်ထင်လဲ..”

ကျန်းလွေ့ချန်း မျက်နှာတည်ကြီးဖြင့် မေးလိုက်သည်။

“ဈေးနှုန်းက မစိုးပါဘူး.. ကျုပ်လူတွေ အဲ့နေရာကို အကဲဖြတ်ထားတယ်.. နယ်မြေလဲ သိပ်မကျယ်ဘူးလေ.. ဒါတွေကို ဝယ်ဖို့ ယွမ်(၃၂)သန်း ကမ်းလှမ်းဖို့ ဆန္ဒရှိတယ်..”

ဖုန်းယွီ ကျန်းလွေ့ချန်းအား ကြည့်ကာ ပြောလိုက်သည်။

“ယွမ်(၃၅)သန်း… အဲ့ဒါ လေလံပွဲမှာ ရနိုင်တဲ့ ပေါက်ဈေးပဲ..”

ကျန်းလွေ့ချန်း အံကြိတ်ကာ ဆက်ဖြေလိုက်သည်။

“ဟုတ်ပါပြီဗျာ.. ဈေးနည်းနည်း ပိုသွားပေမယ့် လက်ခံရမှာပေါ့.. ကျုပ်ဇာတိက ပမ့်မြို့တော် ဖြစ်နေတာကိုး..”

ဖုန်းယွီ အခွင့်အရေးယူထားအုံးပေါ့ ဆိုသည့် လေသံဖြင့် ပြောလိုက်သည်။

အမှန်တကယ်တွင် ကျန်းလွေ့ချန်းမှ သန်း(၄၀)ပြောစဉ်ကတည်းက ဖုန်းယွီ သဘောတူလုလု ဖြစ်ပေသည်။ ထိုင်ဟွာ ကုန်တိုက်သည် ထိုမြေကွက်နှစ်ခုကို လေလံတင်ရောင်းချရန် ရည်ရွယ်ထားပြီး အခြား ကုမ္ပဏီ (၂)ခုသည်လည်း စိတ်ဝင်စားကြောင်း သိထားပေသည်။ နောက်ဆုံးဈေးနှုန်းသည် တန်ဖိုးဖြတ်ထားမှုထက် များစွာ ပိုမည်မှာ သေချာပေသည်။

ထို့အပြင် ဖုန်းယွီ၏ စံနှုန်းအရ ယွမ်သန်း(၄၀)ဆိုသည်မှာ ဈေးပေါပေသည်။ မြေယာများ၏ တည်နေရာသည် ပမ့်မြို့တော်တွင် အကောင်းဆုံး ဖြစ်သည်။ သူ၏ ယခင်ဘဝတွင် လမ်းဆုံနှင့် ဝေါမာ့ခ် တို့မှ ထိုမြေကွက်များကို ပိုင်ဆိုင်ပေသည်။ ၎င်းတို့ လုပ်ငန်းများ အလွန်ကောင်းပေ၏။ အနီးတစ်ဝိုက်တွင် အခြားသော ဈေးဝယ်စင်တာများနှင့် လူနေအိမ်ခန်းများစွာ ရှိထားနှင့်ပြီးဖြစ်သည်။

“မင်း တောင်းဆိုချက်ကို ငါသဘောတူပြီးပြီ.. ငါတို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မင်း တစ်ခုခု မပြောသင့်ဘူးလား..”

ကျန်းလွေ့ချန်း မေးလိုက်သည်။

“ခင်ဗျားပြောတာက ပမ့်မြို့တော် ယန္တရာကုမ္ပဏီက အခွန်ငွေတွေ ကင်းလွတ်ခွင့် ပေးမှာနော်..”

“ငါပြောတာ အခွန် ထောက်ပံ့ကြေးပဲလေ..”

ကျန်းလွေ့ချန်း ဖုန်းယွီစကားကို ပြင်ပေးလိုက်သည်။ အခွန်ကင်းလွတ်ခွင့်နှင့် အခွန်ထောက်ပံ့ကြေးမှာ အလွန် ကွာခြားပေသည်။

“(၂)မျိုးစလုံး အတူတူပဲကို.. ခင်ဗျားက ကျုပ်တို့ကို ထောက်ပံ့ကြေး ဘယ်လောက် ပေးမှာလဲ..”

ကျန်းလွေ့ချန်း ရှုချန်ယိုကို ကြည့်ကာ..

“ဒီနှစ် အစက်ရုံအားလုံးကို အခွန်(၁၀)ရာခိုင်နှုန်း ပေးမယ်..”

“စက်ရုံတွေ အများကြီး မဝယ်နိုင်သေးတာ ရုတ်တရက် သိလိုက်ရတယ်ဗျာ.. ဒါပေမယ့်လဲ ခင်ဗျားပြောတဲ့အတိုင်း အခြားရှယ်ယာရှင်တွေနဲ့ ဆွေးနွေးပြီး စက်ရုံ(၂)ရုံ ဝယ်ပေးပါ့မယ်..”

“(၂၀)ရာခိုင်နှုန်း.. အဲ့ဒါ အများဆုံးပဲ.. စက်ရုံအသစ်မှာ ရင်းနှီးမြုပ်နှံရမှာလဲ မဟုတ်ဘူး.. အဲ့စက်ရုံတွေက မင်းလက်ထဲ ရောက်တာနဲ့ ချက်ချင်း အလုပ်စလုပ်နိုင်တယ်.. မင်းအတွက် အခွန် အများကြီး နှုတ်ပေးလို့ မရဘူးကွ..”

ကျန်းလွေ့ချန်း ဒေါသတကြီး ပြန်ဖြေလိုက်သည်။

ဖုန်းယွီ ခေါင်းညိတ်ကာ..

“ကောင်းပါပြီဗျာ.. တခြား အပေးအယူမရှိတော့ရင် ကျုပ်သွားတော့မယ်..”

“ငါတို့ မပြီးသေးဘူးလေ.. မင်းဘာလို့ ထွက်သွားမှာလဲ.. ပမ့်မြို့တော် ဆေးဝါးစီမံကိန်းကလဲ ဟို ဆေးဝါးစက်ရုံ လေးတွေကို ဝယ်ထားရမယ်.. အဲ့ဒါ အဆင်ပြေတယ်မို့လား..”

ကျန်းလွေ့ချန်း ဖုန်းယွီအား ဆွဲထားကာ ပြောလိုက်သည်။ မိမိတို့ မြေကွက်(၂)ကွက် ရောင်းပေးထားသည်ကိုပင် တောင်းဆိုချက် (၁)ခုတည်းသာ သဘောတူထားသည်လော။

“ပမ့်မြို့တော်ရဲ့ နိင်ငံတော်ပိုင်ဆိုင်မှု ကြီးကြပ်ရေးနဲ့ စီမံခန့်ခွဲရေး ကော်မရှင်က ပမ့်မြို့တော် ဆေးဝါးစီမံကိန်းရဲ့ အကြီးဆုံး ရှယ်ယာရှင်လေ.. ကျုပ်က အဆင်ပြေပါတယ်..”

ပြည်နယ်အတွင်း ဆေးဝါးစက်ရုံငယ် (၃)ခု၊ (၄)ခုသာ ရှိပေသည်။ ထိုစက်ရုံငယ်များသည် ရိုးရှင်းသော ဆေးဝါးအနည်းငယ်သာ ထုတ်လုပ်နိုင်ပေသည်။ ထိုဆေးများကို ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အောက်တွင် ရောင်းချနိုင်ပါက ရောင်းအား ဆိုးရွားမည် မဟုတ်ချေ။

“ဒါဆို ထိုင်ဟွာ စားသောက်ကုန် လုပ်ငန်းကရော.. ဝက်ခြံနဲ့ စားသောက်ကုန် ပြုပြင်ရေး စက်ရုံလေးတွေ ဝယ်နိုင်မလား..”

ကျန်းလွေ့ချန်း ဆက်မေးလိုက်သည်။

“ကျုပ်တို့က နောက်ထပ် ဝက်ခြံတွေ ထပ်ဝယ်တော့မှာ မဟုတ်ဘူး.. အဲ့ ဝက်ခြံလေးတွေနဲ့ ပူးပေါင်းပြီး အကောင်းကောင်း အလုပ်လုပ်လို့ရတယ်.. စားသောက်ကုန် ပြုပြင်ရေး စက်ရုံတွေကိစ္စကတော့ ဆွေးနွေးလို့ ရပါတယ်.. ဒါပေမယ့် သူတို့ဆီက ဘာလုပ်ဖို့ဝယ်ရမှာလဲ.. ကျုပ်တို့ လောင်ကျင်းပြည်နယ်မှာ နို့မှုန့်အမှတ်တံဆိပ်က ရှိပြီးသားလေ.. ကျုပ် အကြံပေးချင်တာတော့ စက်ရုံလေးတွေကို ပူးပေါင်းပြီး အဲ့အမှတ်တံဆိပ်အောက်မှာ နှို့မှုန့် ရောင်းခိုင်းဖို့ပဲ..

အားလုံးက စားသောက်ကုန် ပြုပြင်ရေး စက်ရုံတွေကို ပြန်ဖွဲ့စည်းပြီး စုစည်းနိုင်တယ်လေ.. ဥပမာပြောရရင်.. မုန့်မှုန့်စက်တွေ၊ အရက်သေစာ အဲ့လိုမျိုးတွေ ပေါင်းပြီး လုပ်ငန်းကြီးတစ်ခု ဖြစ်လာအောင်လုပ်… ယှဉ်ပြိုင်နိုင်စွမ်း မြင့်လာမှာပေါ့.. ဘယ်လိုလုပ်သင့်လဲဆိုတာတော့ ကိုယ်ပိုင် အစီအစဉ်တွေ ရှိကြမှာ သေချာပါတယ်.. ခင်ဗျားတို့ အမှတ်တံဆိပ်အောက်မှာ တည်ဆောက်နေတုန်း ပြဿနာ တစ်ခုခု ကြုံလာရင် ကျုပ်ကူညီပေးနိုင်ပါတယ်..”

ဖုန်းယွီသည် သူ့ယခင်ဘဝမှ အောင်မြင်သည့် ထုတ်ကုန် အနည်းငယ် ပြောပြလိုက်သည်။ ထိုနယ်ပယ်တွင် အတွေ့အကြုံမရှိချေ။ ပြည်နယ်အစိုးရကို ကိုင်တွယ်ခွင့် ပေးလိုက်သည်က ပိုကောင်းပေသည်။ အစိုးရ ဝန်ထမ်းများတွင် စွမ်းဆောင်ရည်ရှိသူ အနည်းငယ် ရှိနေသည် မဟုတ်ပေလော။

-------*****--------

ဘ

All Chapters