စိုက်ပျိုးရေး လုပ်ငန်းအစီအစဉ်
Vol. 49 Ch. 726
လက်အောက်မှ လူများမှာ ရှေ့ဆက်ချင်စိတ် မရှိကြသော်လည်း ရွေးစရာမရှိချေ။ ရှုချန်ယို အလွန် ဒေါသထွက်နေ ပေသည်။ စုချန်ယို၏ လွှမ်းမိုးနိုင်မှု စရိုက်ကြောင့် ညှိနှိုင်းမှုများ ချောမွေ့သွားပေသည်။
လီမင်သဲသည် စက်ရုံငယ်များနှင့် ညှိနှိုင်းရန် တာဝန်ယူခဲ့သည်။ စက်ရုံများမှ ခေါင်းဆောင် အများစုကို သူသိထား ပေသည်။ ၎င်းတို့အထဲမှ မည်သူ အရည်အချင်းရှိကာ မည်သူ အသုံးမကျသည်ကိုပင် သိထားသေးသည်။
လီမင်သဲသည် ဤစက်ရုံများကို တာဝန်ခံအဖြစ် ဆက်လက် ရပ်တည်နိုင်သူများကို စည်းရုံးခဲ့သည်။ ၎င်းတို့သည် နောင်တွင် ပမ့်မြို့တော်သို့ ပြောင်းရွှေ့ခံရသည့် အခွင့်အရေးများပင် ရရှိနိုင်သေးသည်။ ၎င်းတို့သည် ကုမ္ပဏီ ရှယ်ယာ အနည်းငယ်ကို ဆုများအဖြစ် ရရှိနိုင်ပေသည်။ အသုံးမဝင်သည့် ခေါင်းဆောင်များကိုမူ လီမင်သဲ၏ အဆက်အသွယ်များကို သုံး၍ လွဲပြောင်း ရယူရေး စည်းရုံးခဲ့သည်။ သို့မဟုတ်ပါက စက်ရုံများ ဝယ်ပြီးနောက် အလုပ် ထုတ်ခံရနိုင်ပေသည်။
ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မည်သူ့ကိုမျှ အလုပ်ထုတ်မည် မဟုတ်ကြောင်း ကတိပြုထားသည်။ သို့ရာတွင် စက်ရုံငယ်လေးများကို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းအဖြစ် ဆက်လက် ထားရှိပါက ယခုနှစ်ကုန်တွင် ပြဿနာ ရှိနိုင်သည် မဟုတ်ပေလော။ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီသည် ထိုစက်ရုံများကို အမှန်တကယ် စုံစမ်းပါက ထိုလူများသည် အလုပ်ထုတ် ခံရရုံသာမက အကျင့်ပျက် ခြစားမှုဖြင့် အဖမ်းခံရနိုင်ပေသည်။
ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေချိန်၌ ပြည်နယ် အစိုးရသည် ယှဉ်ပြိင်စွမ်းရှိသည့် ကုမ္ပဏီများ တည်ထောင် ရန် ပြည်နယ်၏ အရင်းအမြစ်များကို မည်သို့ ပြန်လည်ဖွဲ့စည်းရမည် ဖြစ်ကြောင်းနှင့် ထိုကုမ္ပဏီများသည် ပြည်နယ် စီးပွားရေးကို မည်ကဲ့သို့ မြှင့်တင်နိုင်မည်ကို ဆွေးနွေးကြတော့သည်။
**********
“ကျုပ်တို့ လောင်ကျင်း ပြည်နယ်က စိုက်ပျိုးရေး ပြည်နယ်တစ်ခု ဆိုတော့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာကုမ္ပဏီ တစ်ခု တည်ထောင်ဖို့ စိုက်ပျိုးရေး အရင်းအမြစ် အားလုံး ပေါင်းစည်းသင့်တယ်..”
ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး နျူကျန် မှ ပြောလိုက်သည်။
လူတစ်ယောက် ချက်ချင်း ထကန့်ကွက်တော့သည်။
“လယ်ယာထွက် စားနပ်ရိက္ခာ ကုမ္ပဏီလား.. လာနောက်နေတာလား.. တွေ့ကရာ အကြံပြုတိုင်း အလုပ်ဖြစ်မယ် မထင်နဲ့.. ကျုပ်တို့က စိုက်ပျိုးရေး ပြည်နယ်တစ်ခု ဆိုပေမယ့် နိုင်ငံတော် လယ်ယာမြေ ပြန်လည်ပြင်ဆင်ရေး ဝန်ကြီးဌာန ရှိနေတုန်းဆိုတာ မမေ့နဲ့.. အဲ့ကုမ္ပဏီက နိုင်ငံတော် လယ်ယာမြေ ပြန်လည် ပြင်ဆင်ရေး ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်..”
“ကျုပ်ကတော့ ဒီကိစ္စ သဘောတူတယ်.. ကုမ္ပဏီတစ်ခု ထူထောင်သင့်တယ်.. ဒါပေမယ့် အဲ့ကုမ္ပဏီက ပြည်နယ် အစိုးရရဲ့ လက်အောက်မှာပဲ ထားသင့်တယ်..”
ကန့်ကွက်သူ အတွေးနက်သွားသည်။ အကယ်၍ ထိုကုမ္ပဏီသည် ပြည်နယ်အစိုးရ လက်အောက်တွင် ဆိုပါက လယ်ယာမြေများကို စိုက်ပျိုးရေး ဦးစီးဌာန အစား ပြည်နယ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိပေလိမ့်မည်။ ဤနည်းအားဖြင့် ပြည်နယ်အစိုးရ၏ ဝင်ငွေ တိုးလာမည် ဖြစ်သည်။
ဤသည်က အကြံကောင်း တစ်ခုပင်။ စိုက်ပျိုးရေး ဦးစီးဌာနမှ သွယ်ဝိုက်သော နည်းလမ်းဖြင့် လယ်ယာမြေများ ပြန်လည် သိမ်းယူမည် ဖြစ်သည်။ သို့ရာတွင် အထက်လူကြီးများ သဘောတူမည်လော။
“ဒီကုမ္ပဏီအတွက် အစီအစဉ်တွေ ပြောပြပါအုံး.. ဘယ်လိုကိုင်တွယ်ပြီး.. ဘယ်လို စီမံခန့်ခွဲမယ်ဆိုတာလေ..”
ရှုချန်ယို စိတ်ဝင်စားသွားသည်။ ဤသည်က အကြံကောင်း ဖြစ်ပုံရပေသည်။
“အမေရိကန်နဲ့ ဩစတြေးလျမှာ ဒီလိုမျိုး စိုက်ပျိုးရေး ထွက်ကုန် ကုမ္ပဏီတွေ ရှိတယ်.. မနှစ်က လေ့လာရေး ခရီးစဉ်မှာ အမေရိကန်ကို သွားလည်တုန်းက သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံတွေ လေ့လာခဲ့ရတယ်.. အဲ့က ပြန်လာမှ လယ်ယာမြေနဲ့ လိုက်ဖက်မယ့် လည်ပတ်မှုပုံစံ အစီအစဉ် ဆွဲဖြစ်တာပါ..
ကျုပ်တို့ လယ်သမားတွေနဲ့ စာချုပ်တွေ ချုပ်ပြီး လိုချင်တဲ့ သီးနှံတွေ စိုက်ခိုင်းတယ်… ဥပမာပြောရရင်.. လယ်သမား တွေဆီက ပြောင်းနဲ့ ဂျုံဝယ်.. သေချာစီမံပြီးမှ ရုရှားကို တင်ပို့လို့ရတယ်.. ကောက်ပဲသီးနှံတွေကို အခြောက်ခံတဲ့ လုပ်ငန်းစဉ်တစ်ခုလေးကတောင် အမြတ်ကောင်းကောင်း ရနိုင်တယ်.. ကောက်ပဲ သီးနှံတွေကို ဆီ ဒါမှမဟုတ် ဂျုံမှုန့်အဖြစ် စီမံပြီး ကျန်တာကို တရုတ်နိုင်ငံတစ်ဝှမ်း တင်ပို့လို့ရတယ်..”
“ကျုပ်တို့ ပြည်နယ်မှာ အစားအသောက် ပြုပြင်ရေး စက်ရုံကြီး တစ်ခုရှိတယ်.. ဒါပေမယ့် ထုတ်ကုန်တွေ အကန့်အသတ် ရှိတုန်းပဲ.. သူတို့က ဝက်သားနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ကောင်းတွေဆို တရုတ်နိုင်ငံရဲ့ အကောင်းဆုံး တွေထဲက တစ်ခုပဲ.. ဒါပေမယ့် တခြားထုတ်ကုန်တွေနဲ့ ပတ်သက်ရင်တော့ သိပ်မကောင်းတော့ဘူး..”
ရှုချန်ယို ကြားဖြတ် မေးလိုက်သည်။
“မင်း ထိုင်ဟွာ ဝက်ပေါင်ခြောက် အကြောင်း ပြောနေတာလား..”
“မှန်ပါတယ်.. ထိုင်ဟွာ ဝက်ပေါင်ခြောက်က ဝက်နဲ့ တိရစ္ဆာန်အစာတွေဆို တရုတ်နိုင်ငံမှာ အကောင်းဆုံးပဲ.. အခု သူတို့က ဝက်ပေါင်ခြောက်နဲ့ စည်သွတ်ဝက်သားလိုမျိုး ဝက်သားနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို ထုတ်နေ လိုက်တာ တရုတ်ပြည်မှာ အကောင်းဆုံးပဲ.. ဒါပေမယ့် စိုက်ပျိုးရေး လုပ်ငန်းက တခြားပြုပြင်ထားတဲ့ ထုတ်ကုန်တွေ အများကြီးရှိသေးတယ်.. ဥပမာ.. အမဲသား၊ ကြက်သား လိုမျိုး တခြားအသားတွေ ထုတ်လုပ်နိုင်တယ်လေ.. အဲ့ထုတ်ကုန်တွေက ကြက်သား ဒါမှမဟုတ် မွေးမြူရေး လုပ်ငန်းနယ်ပယ်ထဲက လူကြိုက်များရင် သူတို့ထက် ဈေးကွက် အားသာချက်ရှိတယ်..
ဒီပြည်နယ်မှာ နို့ထွက်ပစ္စည်းစက်ရုံဆို တစ်ခုမကဘူး… နို့ထွက်ပစ္စည်းစက်ရုံကြီး တစ်ခုအဖြစ် ပေါင်းစည်း ပစ်လို့ရတယ်.. ပြီးတော့ ပြည်နယ်ထဲမှာ သစ်တောကြီး တစ်ခုလဲရှိတယ်.. ထင်းရှူးစေ့၊ သစ်ကြားသီး အဲ့လိုမျိုး အဖိုးတန်ပစ္စည်းတွေ အများကြီးပဲ.. လယ်သမားတွေဆီကနေ အစုလိုက်အပုံလိုက်ဝယ်ပြီး တခြားဒေသကို ရောင်းလို့ ရတာပဲ…
ရလဒ် စောစောစီးစီး မြင်နိုင်မယ့် အကြံတစ်ခုတော့ရှိတယ်.. ဒါပေမယ့် စည်းမျဉ်းနဲ့တော့ နည်းနည်းလေး ဆန့်ကျင်နိုင်တယ်.. ကျုပ်တို့တွေ မြေလွတ်မြေရိုင်မှာ ကိုယ်တိုင် စိုက်ပျိုးပြီး ဧရာမ လယ်ကွင်းကြီး တစ်ခု တည်ထောင်လို့ရတယ်..”
ရှုချန်ယို ချက်ချင်း လက်ကာပြကာ..
“ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စဆို ဆက်မပြောနဲ့တော့.. မင်းပြောခဲ့တာတွေ အရမ်းကောင်းတယ်.. အရင်ကတည်းက အဲ့လို့ အကြံဉာဏ်တွေ ဘာလို့ မတင်ပြတာလဲ..”
“ဒါက စိတ်ကူးတစ်ခုပဲလေ.. အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကျ ပြဿနာကြီး တစ်ခုရှိနေတယ်..”
“ဘာပြဿနာရှိလဲပြော.. ငါ ဖြေရှင်းပေးမယ်..”
ရှုချန်ယို စိတ်လှုပ်ရှားသွားသည်။ ပြဿနာအားလုံးတွင် အဖြေရှိစမြဲမို့ သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။ ထို နျူကျန်ကို ယခင်က မည်သည့်အတွက် သတိမထားမိရသနည်း။ တော်တော်လေး အစွမ်းထက်ပေသည်။
လောင်ကျင်းပြည်နယ်၏ စိုက်ပျိုးရေး လုပ်ငန်းသည် အလားအလာကောင်းကာ တရုတ်နိုင်ငံတွင် အကြီးစား စိုက်ပျိုးရေးကုမ္ပဏီ မရှိသေးချေ။ သူတို့အနေဖြင့် ထိုကုမ္ပဏီကို တည်ထောင်နိုင်ပါက လောင်ကျင်းပြည်နယ်သည် အခြားပြည်နယ်များထက် သာလွန်ပေလိမ့်မည်။
ဤသည်က ပြည်နယ်အတွက် အလွန်ကောင်းသည့် အခွင့်အရေး တစ်ခုဖြစ်သည်။ ပြဿနာများလော။ ဤလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲအားလုံး ကျော်ဖြတ်ရပေလိမ့်မည်။
“ငွေလေ.. ဒီလိုမျိုး အကြီးစား ကုမ္ပဏီတစ်ခု ထူထောင်ဖို့အတွက် ကျုပ်တို့မှာ ငွေအများကြီး လိုတယ်.. ပြည်နယ် အစိုးရတောင်မှ အဲ့ပမာဏနဲ့ ကုမ္ပဏီတစ်ခု ထူထောင်ဖို့ ငွေရှိမှာ မဟုတ်ဘူး..”
နူကျန်သည် ယမန်နှစ်ကတည်းက ထိုအကြံအစည် ရှိထားသော်လည်း အကောင်အထည် မဖော်နိုင်ချေ။ ဤအစည်း အဝေးတွင် သူသည် ရုံးခန်း ထိုင်သည့် အလုပ်ထက် ပိုအစွမ်းထက်ကြောင်း သက်သေပြကာ ရှုခန်ယိုမှ ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသည်။
“ခရိုင်အစိုးရအနေနဲ့တောင်မှ ငွေပမာဏ တော်တော်များတယ်လား.. အဲ့အစီအစဉ်အတွက် ဘယ်လောက်တောင် လိုလို့လဲ..”
ရှုချန်ယို မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“အနည်းဆုံး ဘီလီယံနဲ့ ချီပြီး လိုမှာ.. (၁၀)ဘီလီယံကျော်ရင် ပိုကောင်းမယ်.. တောင်သူတွေဆီက ကောက်ပဲသီးနှံ တွေ၊ ထုတ်ကုန်တွေ ဝယ်ဖို့ ရန်ပုံငွေ လိုတယ်.. စက်ရုံတည်ဆောက်ဖို့ ရန်ပုံငွေ လိုတယ်.. အရေးအပေါ် အခြေအနေ၊ ဈေးကွက် ချဲ့ထွင်ရေး၊ စက်ယန္တရား.. အဲ့ဒါတွေအတွက် ရန်ပုံငွေ လိုတယ်.. ခရိုင် အစိုးရအဖွဲ့အနေနဲ့ စိုက်ထုတ်နိုင်မှာလား…”
နျူကျန်သည် ရှုချန်ယိုအား စိတ်အားထက်သန်စွာ ကြည့်နေသည်။ ပြည်နယ်အစိုးရ အနေဖြင့် ထိုပြဿနာများ အားလုံးကို ဖြေရှင်းနိုင်ပါက ချေးငွေ ထပ်မံ ရနိုင်ပေလိမ့်မည်။
အနည်းဆုံး ယွမ်ဘီလီယံချီ ရမည် ဖြစ်သည်။ ပြည်နယ်အစိုးရ မည်သို့ တတ်နိုင်မည်နည်း။
သိန်းရာဂဏန်းဆိုပါက ပြည်နယ်အစိုးရ အနေဖြင့် ဖြေရှင်း၍ ရနိုင်သေးသည်။ အထက်လူကြီးများထံမှ ဘဏ္ဍာငွေ လျှောက်ထားနိုင်ပြီး မြို့များမှ ပမာဏ တိုးမြှင့်တောင်းခံခြင်း၊ ဘဏ်ချေးငွေ ထုတ်ခြင်းတို့ ပြုလုပ်နိုင်သည်။
သို့ရာတွင် ပြည်နယ် အစိုးရအနေဖြင့် ဘီလီယံချီ သောငွေကြေး ထုတ်ရန် မဖြစ်နိုင်ချေ။
ရှုချန်ယို ခေါင်းငုံ့နေသည်ကို မြင်ရသည့်အခါ နျူကျန်း၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွား တော့သည်။ မဖြစ်နိုင်ဘူးလော။ ပြည်နယ်အစိုးရပင် မဖြေရှင်နိုင်ပါက ထိုကုမ္ပဏီ ထူထောင်ရန် မဖြစ်နိုင်ချေ။
ဤသည်က စိတ်ကူး တစ်ခုအနေဖြင့်သာ ကျန်တော့မည့် ပုံပင်။
*********
ရှုချန်ယိုသည် သူ့ရုံးခန်းသို့ ပြန်လာခဲ့သည်။ ခေတ္တ စဉ်းစားပြီး ကျန်းလွေ့ချန်းအား သူ့ရုံးခန်းသို့ ခေါ်လိုက်သည်။ ကျန်းလွေ့ချန်းတွင် ဖြေရှင်းနည်း တစ်စုံတစ်ရာ ရှိ/မရှိ သိချင်ပေသည်။
ကျန်းလွေ့ချန်းသည် ပြည်နယ်အစိုးရမှ ဘီလီယံချီသည့် ငွေကြေး လိုအပ်ကြောင်း ကြားရသည့်အခါ ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ပြည်နယ်အစိုးရတွင်ပင် ထိုအတိုင်းအတာ မရှိပါက ပမ့်မြို့တော်အနေဖြင့် ပြောစရာပင် မလိုတော့ချေ။
သို့ရာတွင် ကျန်းလွေ့ချန်းသည် တစ်စုံတစ်ယောက် ရုတ်တရက် သတိရသွားသည်။ ထိုလူ့ထံတွင် အဖြေရှိကောင်း ရှိနိုင်ပေသည်။
ကျန်းလွေ့ချန်းသည် ပြဿနာများ ဖြေရှင်းရမည့်အခါတိုင်း ထိုသူသည်သာ သူ့အတွက် အမြဲတမ်း ဖြေရှင်းပေးနိုင် ပေလိမ့်မယ်။ ထိုလူတွင် အရာအားလုံးအတွက် အဖြေရှိနေပေသည်။
-------*****--------