← Chapters

ပိုင်တာ့စန်း လော

Vol. 49 Ch. 727

ပိုင်တာ့စန်း လော

Vol. 49 Ch. 727

ရက်အနည်းငယ် ကြာသည့်အခါ ဖုန်းယွီ ပေကျင်းသို့ ပြန်လာခဲ့သည်။ သူ၏ စာတမ်း ပြီးမြောက်ကာ ပထမဆုံး ပြန်လည်သုံးသပ်ရန်အတွက် ပါမောက္ခထံ တင်ပြခဲ့သည်။ သူ့စာတမ်း တင်သွင်းပြီးနောက် ကျန်းလွေ့ချန်း ထံမှ ဖုန်းဆက်လာပြီး ပမ့်မြို့တော်သို့ ချက်ချင်း ပြန်လာရန် ဆင့်ခေါ် ခံလိုက်ရသည်။ ပြည်နယ်အစိုးရသည် ဖုန်းယွီ၏ ထင်မြင်ချက် သိရှိရန် တိုင်ပင်ချင်နေပေသည်။

ဖုန်းယွီ မည်သည့်လုပ်စရာ မရှိသဖြင့် ထိုစက်ရုံများ ဝယ်ယူရေး တိုးတက်မှု အခြေအနေ မြင်ချင်နေသဖြင့် ပမ့်မြို့တော်တို့ ပြန်သွားလိုက်သည်။

ဖုန်းယွီ ကျန်းလွေ့ချန်း၏ ရုံးခန်းအတါင်း ဝင်လာကာ ဆိုဖာပေါ်တွင် မိမိအိမ်သကဲ့သို့ ဝင်ထိုင်လိုက်သည်။ သူဘာမှ မပြောမီ အတွင်းရေးမှူးလျိုမှ လတ်တလော ဖျော်ထားသည့် လက်ဖက်ရည်တစ်ခွက် ယူလာပေးသည်။

“ရှောင်လျို လာဗျာ.. ကျုပ်နဲ့ အတူထိုင်..”

အတွင်းရေးမှူးလျို အံ့ဩသွားသည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ဖုန်းယွီ အနားတွင် ထိုင်လိုက်သည်။ သို့တိုင်အောင် သူ့အမူအရာမှာ စစ်သား တစ်ယောက်ကဲ့သို့သာပင်။ ကျောပြင်သည် ဖြောင့်တန်းနေပြီး လက်များကို ဒူး‌ပေါ်တင်ထားပေသည်။

ဖုန်းယွီ စိတ်ဝင်တစားဖြင့်..

“ငါတို့တွေ ထိုင်နေတာ အနားယူဖို့လေ.. မင်း မပင်ပန်းဘူးလား.. အဲ့လိုကြီးပဲ ထိုင်တတ်တာလား..”

အတွင်းရေးမှူးလျို စိတ်ရှုတ်သွားသည်။ မည်သို့သော မေးခွန်းကြီးမျိုးနည်း။ မည်သို့ ပြန်ဖြေရပါမည်နည်း။

အတွင်းရေးမှူးလျို၏ ပုံစံမှာ မပင်ပန်းဟုပြောပါက လိမ်ရာကျပေအုံးမည်။ သို့ရာတွင် သူ့ခေါင်းဆောင်ရှေ့တွင် ပင်ပန်းနေသည်ဟု မည်သို့ ဖြေနိုင်မည်နည်း။

ကျန်းလွေ့ချန်း ဖုန်းယွီအား စိုက်ကြည့်ကာ သူ့အတွင်းရေးမှူးအား..

“ဒီကောင်ကို မရှိသလိုသာနေ.. စိတ်လျော့ထားလိုက်.. ဒီမှာ စည်းကမ်းတွေ သိပ်မရှိဘူး..”

အတွင်းရေးမှူးလျို စိတ်သက်သာရာရသွားသည်။ သို့ရာတွင် အနည်းငယ် စိတ်တင်းနေသေးသည်။ ဖုန်းယွီ ထိုင်နေသည့် ပုံစံမျိုးကဲ့သို့ ခြေထောက်များ ချိတ်၍ မထိုင်ဝံ့ချေ။

“ဘာဖြစ်နေတာလဲ.. မင်းအခု ဘာပြဿနာ ကြုံနေရလို့လဲ..”

ဖုန်းယွီ မေးလိုက်သည်။

ဖုန်းယွီနှင့် ကျန်းလွေ့ချန်းတို့သည် ပြီးခဲ့သည့်နှစ်အတွင်း တွေ့ဆုံကြိမ် နည်းသွားပေသည်။ မေးခွန်းမှာ ပို၍ပင် ခက်ခဲလာသည်။ ကျန်းလွေ့ချန်းသည် ပြီးခဲ့သည့် နှစ်များအတွင်း တိုးတက်လာခြင်းကြောင့်မဟုတ်ဘဲ ရာထူး ပိုမိုမြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ရင်ဆိုင်ရသည့် အခက်အခဲများ တိုးလာပေသည်။

ဖုန်းယွီသည် နိုင်ငံရေးနှင့် သိပ်မရင်းနှီးဘဲ ကျန်းလွေ့ချန်းကို ထိုနယ်ပယ်အတွင်း ကူညီရန် ခက်ခဲပေသည်။

“ခင်ဗျားတို့လို့ပဲ အရင်းအမြစ်တွေကို ပေါင်းစည်းပြီး ကုမ္ပဏီကြီး တစ်ခု ထူထောင်ပြီး အမှတ်တံဆိပ်တစ်ခုတည်း အာရုံ စိုက်ဖို့ အကြံပေးထားတယ်လေ.. မင်းအကြံပေးတဲ့အတိုင်း ပြည်နယ်အစိုးရက စဉ်းစားပြီး စိုက်ပျိုးရေး လုပ်ငန်း ကစဖို့ ဆုံးဖြတ်လိုက်ကြတယ်..”

ဖုန်းယွီ ခေါင်းညိတ်ပြလိုက်ကာ…

“ကျုပ်တို့ ပြည်နယ်က စိုက်ပျိုးရေးပြည်နယ် တစ်ခုလေ.. ကျုပ်တို့မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ မြေပြန့်ဧရိရာ တော်တော်ကျယ်တယ်.. ကျုပ်တို့ရဲ့ ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်ကလဲ တရုတ်နိုင်ငံ မှာ အတိုးတက်ဆုံးပဲ.. ဒါ တော်တော် ကောင်းတဲ့ အကြံပဲလေ.. ပြဿနာ တစ်ခုခု ရှိလို့လား..”

“မွေးမြူရေးနဲ့ ကောက်ပဲသီးနှံလုပ်ငန်းကနေ စဖို့ ငါတို့ စဉ်းစားနေတယ်.. အဲ့ အကြံအစည်ကရော ဘယ့်နှယ့်လဲ.. အဆင်ပြေနိုင်လောက်ပမလား..”

ကျန်းလွေ့ချန်း မေးလိုက်သည်။

“ပြဿနာ မရှိပါဘူး. မွေးမြူရေး လုပ်ငန်းက အကြီးစား အမှတ်တံဆိပ်တစ်ခု တည်ထောင်လိုက်ရင် တော်တော် ထိရောက်လိမ့်မယ်.. ကျုပ်တို့ ထိုင်ပေဝက်တွေကိုပဲကြည့်လေ.. တရုတ်တစ်ပြည်လုံးက ဝက်တွေ အကြောင်း သိတယ်လို့တော့ မပြောဝံ့ပေမယ့် မြို့ပြက လူတိုင်းနီးပါး ကျုပ်တို့ ဝက်တွေ အကြောင်း သိတယ်.. ပြီးတော့ မွေးမြူရေး လုပ်ငန်း ကြီးလေ ကုန်ကျစရိတ်လဲ ပိုသက်သာပြီး စားသုံးသူတွေရဲ့ ယုံကြည်မှု ရအောင်ယူနိုင်လိမ့်မယ်.. ကောက်ပဲ သီးနှံတွေကိုတော့ တီထွင်ဖန်တီးရမှာပေါ့.. အရောင်းပိုင်းနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ကြုံရင် ကျုပ် ခင်ဗျားအတွက် ဖြန့်ဖြူးသူလုပ်ပေးပြီး ခင်ဗျား ထုတ်လုပ်တဲ့ ထုတ်ကုန်တိုင်း ထိုင်ဟွာကုန်တိုက်မှာ ရောင်းပေးနိုင်တယ်.. ကောင်းပါတယ်.. ကုန်တိုက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကဏ္ဍတစ်ခု မိတ်ဆက်ပေးလို့ရတာပေါ့.. အဲလိုဆို တခြားထုတ်ကုန်တွေနဲ့ ကွဲထွက်ပြီး အမြတ်ငွေတောင် တိုးပွားလိမ့်အုံးမယ်..”

ထိုထုတ်ကုန်များ တင်ပို့နိုင်ပေသည်။ ညီနောင်ကီ အလွန်ပျော်နေပေတော့မည်။

“ပြောချင်တာက ဒီအကြံအစည် အလုပ်ဖြစ်မယ်လို့ မင်းထင်လား.. အရောင်းနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိနိုင်လား..”

ကျန်းလွေ့ချန်း မေးလိုက်သည်။

“ထုန်ကုန်တွေ အရည်အသွေးကောင်းရင် ရောင်းအားအတွက် စိတ်ပူစရာ မလိုဘူး.. ကျုပ်ကုမ္ပဏီက ဖြန့်ဖြူးရေး ကွန်ယက် ထူထောင်ထားတော့ ပြည်နယ် အားလုံးမှာ မိတ်ဖက်တွေ ရှိတယ်.. ခင်ဗျား စိုးရိမ်ရင် ကျုပ်တို့ ထိုင်ဟွာ ကုန်တိုက်နဲ့ တွဲပြီး ထိုင်ဟွာ သီးနှံထုတ်ကုန် အမှတ်တံဆိပ် အောက်မှာ ရောင်းလို့ရသေးတာပဲ..”

“မင်းအမှတ်တံဆိပ်ကို သုံးရမှာလား.. လုံးဝ မစဉ်းစားနဲ့.. ငါတို့ ကိုယ်ပိုင် အမှတ်တံဆိပ် ဖန်တီးချင်တာ.. မင်း အပိုင်ထဲ အကုန်ဆွဲထည့်လို့ မရဘူးကွ..”

ကျန်းလွေ့ချန်း ဖုန်းယွီအား အော်လိုက်တော့သည်။

ဖုန်းယွီ ပြုံးလိုက်သည်။ အမြတ်အစွန်းရှိသည့် လုပ်ငန်းတစ်ခု တွေ့တိုင်း သူ့လက်အတွင်း ဆွဲယူထားတတ်သည့် အကျင့်ပါနေပေပြီ။ ထိုလုပ်ငန်းမှာ အလွန်အကျိုးအမြတ် များပေလိမ့်မည်။

“ဒါဆို ဒီကိစ္စတွေ ဘာလို့ လာပြောနေတာလဲ.. ကျုပ်အမြင် လိုချင်တာလား.. ဒီလုပ်ငန်းက အရမ်းကောင်းတယ်.. ပြည့်ပြည့်စုံစုံ ပြောပြပေးရင် ပိုကောင်းမယ်..”

ဖုန်းယွီ နည်းနည်း စပ်စုကြည့်လိုက်သည်။ ဤကိစ္စ သူ့နှင့် တိုင်ပင်ရန် လိုအပ်သည်လော။ ပြည်နယ် အစိုးရ ခေါင်းဆောင်များအနေဖြင့် ထိုမျှ ရိုးရှင်းသည့် ဆုံးဖြတ်ချက် မလုပ်နိုင်ကြသည်လော။

“ငါတို့ စိတ်ကူးတွေအားလုံး တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်နိုင်ပါ့မလား သတိချင်တာ.. ဒီလုပ်ငန်းမှာ နွား၊ ဆိတ်၊ ကြက် မွေးမြူရေး.. နို့ထွက်ပစ္စည်းနဲ့ ပြုပြင်ထားတဲ့ အသီးအနှံတွေလဲ ပါတယ်.. ငါတို့မှာ သစ်တောထဲကနေ ထင်းရှူး၊ သစ်ကြား အဲ့ဒါတွေ ထုတ်လုပ်နိုင်မယ်.. ငါတို့များ လွဲနေလားမသိဘူး.. ထုတ်ကုန် တစ်ခုစီတိုင်း ကိုင်တွယ်ဖို့ ဒါမှမဟုတ် ကုမ္ပဏီ တစ်ခုထဲအောက်မှာ ငါတို့ ထုတ်ကုန်တွေ အားလုံး ရောင်းချဖို့ ကုမ္ပဏီတွေ ခွဲပြီး တည်ထောင်သင့်လား..”

“ကုမ္ပဏီ တစ်ခုတည်းက ပိုကောင်းတဲ့အပြင် ပင်မကုမ္ပဏီအောက်မှာ ရုံးခွဲတွေ ထူထောင်နိုင်တယ်လေ.. ကုမ္ပဏီ တစ်ခု တည်ထောင်ခြင်းရဲ့ အကျိုးကျေးဇူးက အမှတ်တံဆိပ် ပိုခိုင်မာအောင် စီမံခန့်ခွဲဖို့ပဲ.. အမှတ်တံဆိပ် တစ်ခုစီမံ ခန့်ခွဲတာက အမှတ်တံဆိပ်တွေ အများကြီး စီမံခန့်ခွဲရတာထက် ကုန်ကျစရိတ် သက်သာပြီး ပိုထိရောက်တယ်.. ပမ့်မြို့တော် ယန္တရာ ကုမ္ပဏီကိုပဲ ကြည့်လေ.. ကျုပ်တို့ ကားတွေကို စောင်ကျင်း အမှတ်တံဆိပ် သုံးနေတယ်.. သုံးစွဲသူတွေက အဲ့အမှတ်တံဆိပ်ကို ယုံကြည်မှုရှိတော့ ကျုပ်တို့ကားတွေ ရောင်းအားကောင်းတယ်.. အဲ့အမှတ်တံဆိပ်ကပဲ ကျုပ်တို့ ဆိုင်ကယ်ရောင်းအား တိုးစေတာပဲ..”

“အဓိက ကုမ္ပဏီ တည်ထောင်ပြီး ပင်မအမှတ်တံဆိပ် အရင်တည်ထောင်သင့်တယ်လို့ ပြောနေတာလား.. အဲ့ဒီကနေမှ အမှတ်တံဆိပ်ခွဲတွေ ဒါမှမဟုတ် ထုတ်ကုန်အမျိုးအစားကွဲအောင် ထူထောင်ရမယ်ပေါ့..”

“မှန်တယ်..”

ဖုန်းယွီ၏ မျက်နှာပေါ်တွင်မူ စိတ်အနှောက်အယှက် ဖြစ်နေသည့် အကြည့်များ ပေါ်လာပေသည်။ ဆရာ တစ်ယောက်မှ တပည့်တစ်ဦးကို သင်ပေးနေရသကဲ့သို့ ဖြစ်နေသည်။

ကျန်းလွေ့ချန်းကမူ လျစ်လျူရှုကာ..

“ပြောချင်တာက အားလုံးကို တစ်ခါတည်း အကောင်အထည်ဖော်ရင် အဆင်ပြေမယ်လို့ မင်းထင်တယ်.. ပဋိပက္ခ တွေ ပေါ်လာစရာ အကြောင်းမရှိဘူးပေါ့..”

“ဘာလို့ ပေါ်လာစရာလိုမလဲ.. သီးနှံတွေကနေ အရည်အသွေးကောင်းတဲ့ အစေ့/အသီးတွေ ခွဲထုတ်ပြီး အာမခံနဲ့ ရောင်းလို့ရတယ်.. ကျန်တာတွေကို နွား၊ ဆိတ်၊ ကြက် အဲ့လိုတွေအတွက် တိရစ္ဆာန် အစာတွေ ထုတ်လုပ်ဖို့ စီမံနိုင်တယ်.. ဒီနည်းနဲ့ တိရစ္ဆာန် အစာအတွက် ကုန်ကျစရိတ် လျှော့ချလို့ရတယ်..

မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို အသားအဖြစ် ပြန်ရောင်းလို့ရတယ်.. ရောင်းလို့ရတဲ့ ကြက်နဲ့ ဘဲတွေလဲ သီးသန့် ရနိုင်တယ်.. ဥတွေကို ဆေးဘဲဥလိုမျိုးလဲ လုပ်နိုင်တယ်.. တိရစ္ဆာန် မစင်တွေကို သီးနှံအတွက် မြေဩဇာ ပြန်ပြင်သုံး လို့ရတယ်.. အရောင်းအဝယ်တောင် ဖြစ်နိုင်သေးတယ်.. အားလုံးလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်လာမှာပဲ.. ထုတ်ကုန်တွေကို သဘာဝမြေဩဇာ သုံးထားတဲ့အပြင် ပိုးသတ်ဆေးလဲ မသုံးဘူး.. ကြက်နဲ့ ဘဲတွေ မွေးတဲ့ နည်းနဲ့ သီးသန့် ကြက်ဥ၊ ဘဲဥတွေ ထွက်လာပြီး ဈေးတောင် ပိုရနိုင်သေးတယ်..

နို့စားနွားနဲ့ ဆိတ်တွေ များများ မွေးပြီး နွားနို့နဲ့ ဆိတ်နို့ ရောင်းချနိုင်တယ်.. ဆိတ်နို့က နွားနို့ထက် ပိုပြီး အဟာရ ဖြစ်တယ်.. အကုန်လုံးကို ဆိတ်နို့မှုန့်သာ ထုတ်လုပ်နိုင်ရန် အမြတ်များနိုင်တယ်.. နို့ထွက်ပစ္စည်းတွေလဲ ထုတ်လုပ်နိုင်တယ်.. နို့ထွက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ကြုံလာရင် လီဟဟတောင် နို့ထွက်ပစ္စည်း စက်ရုံ တည်ဆောက်ဖို့ စိတ်ပူနေတယ် ကြားတယ်.. ပမ့်မြို့မှာတောင် ဒိန်ချဉ် ထုတ်လုပ်သူတွေ ရှိနေတာပဲ..

အဲ့ထုတ်ကုန်တွေအားလုံး အပြန်အမလှန် ဆက်စပ်နေတာလေ.. ဒါတွေ အားလုံး အတူပေါင်းလုပ်ရင် ကုန်ကျစရိတ် သက်သာပြီး အမြတ်အစွန်း ပိုလာမယ်.. ကုမ္ပဏီကို ဂေဟစနစ် စိုက်ပျိုးရေး ခြံအဖြစ်တောင် ဈေးကွက် တင်လို့ ရသေးတယ်.. စိုက်ပျိုးရေး အခြေခံ အနေနဲ့ သုံးမယ်.. ဒုတိယနဲ့ တတိယအဆင့်မှာ စက်မှုလုပ်ငန်း တိုးတက်လာမယ်.. သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်မယ့်အပြင် တစ်ချိန်တည်းမှာ လိုချင်တဲ့ ထုတ်ကုန်တွေ မြင့်လာလိမ့်မယ်.. ဒါဆိုရင် တရုတ်နိုင်ငံအတွက် ပထမဆုံး လုံလောက်တဲ့ ရန်ပုံငွေပဲ.. အော်.. ဒါနဲ့ ကုမ္ပဏီ အသစ်ရဲ့ နာမည်က ဘာလဲ..”

အတွင်းရေးမှူး လျိုမှပင်ဝင်၍ ..

“ပိုင်တာ့စန်း အုပ်စု..”

ပိုင်တာ့စန်း အုပ်စုလော။ ထိုအမှတ်တံဆိပ် အလွန်စောနေသည်လော။

-------*****--------

All Chapters