← Chapters

မိမိ ရည်မှန်းချက်မှာ စီးပွားရေးသမား တစ်ယောက် ဖြစ်‌ရေးသာ

Vol. 49 Ch. 734

မိမိ ရည်မှန်းချက်မှာ စီးပွားရေးသမား တစ်ယောက် ဖြစ်‌ရေးသာ

Vol. 49 Ch. 734

“ညီနောင်တို့ စာတမ်းကာကွယ်ရေး ပြီးသွားပြီ.. ဒီည ညစာ စားကြမယ်ဟေ့.. ချွမ်ကျွီသဲကို အတူသွားရအောင်..”

ဘော်ဒါဆောင်တွင် အားလုံးကြားနိုင်သည်အထိ ဖုန်းယွီအော်လိုက်သည်။

“အခုပဲ သွားရအောင်လေ..”

“ဒေါက်.. ဒေါက်.. ဒေါက်…”

“ဖုန်းယွီ ဆိုတာ ဒီအခန်းမှာနေတာလား..”

အဘိုးကြီးမင် အခန်းအတွင်း ဝင်လာရင်း မေးလိုက်သည်။

“အာ.. ဟုတ်ပါတယ်.. ခင်ဗျားက…..”

ထျန်းလိန် သူ့ဘောင်းဘီ ချက်ချင်း ဆွဲတင်ရင်း မေးလိုက်သည်။ ထိုသူ မည်သူနည်း။ မိမိတို့ အခန်းအတွင်း မည်သည့် အတွက် ဇွတ်ဝင်လာသနည်း။

ကံကောင်းသည်မှာ ထိုလူသည် အမျိုးသားတစ်ယောက်ဖြစ်နေခြင်းပင်။ ကောင်မလေး တစ်ယောက် ဝင်လာပါက မည်သို့ လုပ်ရမည် မသိတော့ချေ။

“ငါက စိုက်ပျိုးရေးဝန်ကြီးဌာနကပါ.. ငါ့နာမည် မင် ပါ.. ဖုန်းယွီနဲ့ တွေ့ချင်လို့..”

“အို့.. လောင်စစ်ရေ မင်းကိုတော့ လူတစ်ယောက် လာရှာတယ်ဟေ့..”

ထျန်းလိန် အော်လိုက်သည်။ ထိုလူမှာ အစိုးရ အရာရှိ ဖြစ်ပုံပင်။ ဖုန်းယွီနှင့် ပြဿနာ တစ်ခုခု ရှိနေ၍လော။

ဖုန်းယွီမှာ မည်သူနည်း။

ဖုန်းယွီသည် သူ့ပစ္စည်းများ ထုပ်ပိုးနေပေသည်။ ပစ္စည်းအချို့ ပြန်သယ်သွားပြီးဖြစ်၍ များများစားစားတော့ မကျန်ချေ။

ဖုန်းယွီသည် ထျန်လိန်၏ ခေါ်သံကြားသည့်အခါ ခေါင်းယမ်းလိုက်မိသည်။ အခန်းအတွင်း၌ လူစိမ်းတစ်ယောက် ထပ်ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ့ကို လိုက်ရှာနေပုံပင်။

“အာ.. အဘိုးကြီးကျိုး မင်းဒီကို ဘာလာလုပ်တာလဲ..”

အဘိုးကြီးမင် အဘိုးကြီးကျိုးကို ဆီးဟောက်လိုက်သည်။

ထျန်လိန်မှာ ထိုလူသည် မည်သူဖြစ်ကြောင်း မေးရန်ပြင်ဆင် အဘိုးကြီးမင်၏ သဘောထားကို မြင်သည့်အခါ အသံတိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့ အခန်းအတွင်း ဝင်လာသူမှာ အစိုးရ အရာရှိ ဖြစ်ပုံပင်။ ထျန်လိန်၏ မိသားစုတွင်လည်း အဆက်အသွယ်များ ရှိသည့်တိုင် ဩဇာကြီးမားခြင်းမရှိချေ။ ထို့ကြောင့် ထိုအရာရှိ (၂)ယောက်ကို မစော်ကြားချင်ချေ။

ထျန်လိင် သည် သီးသန့်နေတတ်သော်လည်း လူငယ်အများစုကဲ့သို့ စပ်စုလိုစိတ် ထက်သန်ပေသည်။

ပမ့်မြို့တော်မှ ဝမ်လိန် မတ်တပ်ရပ်ကာ ထို(၂)ယောက်ကို တားလိုက်သည်။

“ခင်ဗျားတို့ (၂)ယောက် ဘယ်ဌာနကလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး.. ဒါပေမယ့် ခင်ဗျားတို့ ယဉ်ကျေးရလိမ့်မယ်.. ဒီလိုပုံစံမျိုးနဲ့ ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ..”

ဝမ်လိန်၏ အသံကြောင့် ခေတ္တငြိမ်သွားကြသည်။ သို့ရာတွင် ယခုအချိန်၌ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာသည်။ သူသည် ဤဘော်ဒါဆောင်အတွင်း ဘွဲ့လွန်ပညာ သင်ကြားမည့် တစ်ဦးတည်းသော လူလည်းဖြစ်သည်။

ဝမ်လိန်သည် ယခုနှစ်အတွင်း အလုပ်မဝင်သေးချေ။ ကျန်အခန်းဖော်များမှာ ဖုန်းယွီ၏ လွှမ်းမိုးမှု ရှိပေသည်။ ထျန်လိန်သည် အစိုးရ ဝန်ထမ်း လုပ်သည်မှ လွဲ၍ ကျန်လူများမှာ ပုဂ္ဂလိက လုပ်ငန်းများသို့ ဝင်ရောက်ရန်သာ ရွေးချယ်ခဲ့ကြသည်။ ပုဂ္ဂလိက လုပ်ငန်းများသည် လစာပိုကောင်းကာ အကျိုးအမြတ် ပိုကောင်းပေသည်။ ဝမ်လိန်သည်လည်း နောင်တွင် ပုဂ္ဂလိက လုပ်ငန်းသို့သာ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရဌာနတွင် အလုပ် လုပ်ရသည်ကို မကြိုက်ချေ။

ဝမ်လိန်သည် အစိုးရဌာနသို့ ဝင်ရန် ရည်ရွယ်ချက် မရှိသဖြင့် ထိုခေါင်းဆောင်များကို ကောင်းကောင်း ဆက်ဆံရန် မလိုချေ။

အဘိုးကြီးကျိုး ခေတ္တရပ်ကာ ရိတ်ထိတ်သွားသည်။ ထိုကျောင်းသား မာနကြီးလွန်းပေသည်။ ခေါင်းဆောင်ကို ဤသို့ ပြောဝံ့သည်လော။ အဘိုးကြီးကျိုး ဝမ်လိန်အား ကြိမ်းမောင်းတော့မည့် အချိန်တွင် အဘိုးကြီးမင် ရယ်ကျဲကျဲဖြင့်..

“တောင်းပန်ပါတယ်ကွာ.. ငါက တံခါးခေါက်ယုံခေါက်တာပါ.. ဒီကောင် တွန်းထည့်လိုက်တာကွ.. ဖုန်းယွီကို ခေါ်ပေး လို့ရမလားကွာ.. ငါ သူနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ..”

အဘိုးကြီးကျိုး ဒေါသထွက်သွားသည်။ ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ထိုကျောင်းသားကို မိမိနှင့် ရန်တိုက်ပေးနေသည်လော။ မိမိရှေ့တွင်ပိတ်ရပ်နေသဖြင့် အခန်းအတွင်း ဝင်မရဖြစ်နေသည်။ ယခုမူ သူ့ကိုယ်သူ မင်းသားယောင်ဆောင်၍ မိမိကို ဗီလိန်ဇာတ်သွင်းရန် ကြိုးစားနေသည်လော။

ထိုစဉ် ဖုန်းယွီ လျှောက်လာကာ..

“ကျုပ်က ဖုန်းယွီပါ.. ခင်ဗျားတို့ ကျုပ်ကို ရှာနေတာလား..”

“ဖုန်းယွီ.. မင်္ဂလာပါကွာ.. ငါက နိုင်ငံခြားရေးဌာနကပါ.. အဘိုးကြီးကျိုးလို့ ခေါ်လို့ရတယ်.. မင်းကို ငါတို့ နိုင်ငံ ခြားရေး ဝန်ကြီးဌာကို ဝင်ဖို့ ဖိတ်ခေါ်ချင်တယ်.. မင်းအရည်အချင်းနဲ့ဆို ရာထူးတိုး အရမ်းမြန်မှာကွ.. နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လက်တွဲလုပ်ကိုင်ရတဲ့ နောက်ထပ် အားသာချက်တစ်ခုက နိုင်ငံတော်တော်များများကို ခရီးထွက်ပြီး ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ တွေ့နိုင်တယ်လေ..”

ဖုန်းယွီ မည်သို့မှ မတုန့်ပြန်နိုင်မှီ အကျိုးကြီးကျိုးသည် ဖုန်းယွီ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ လွှတ်မပေးတော့ချေ။

ဖုန်းယွီ သူ့ညာလက်ကို ပြန်ဆွဲထုတ်မည်အချိန် သူ့ဘယ်လက်အား နောက်တစ်ယောက် လာကိုင်ထားပေသည်။

“ဖုန်းယွီ.. ငါက မင်သဲမောင် ပါ.. စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆိုပါတော့.. မင်းကို ငါတို့ဌာနဝင်ဖို့ ဌာနကိုယ်စာ ဖိတ်ခေါ်ပါတယ်.. မင်းအတွက် အကျိုးကျေးဇူးတွေ ပေးမယ်.. မင်းဝင်ပြီးတာနဲ့ တိုက်ခန်း သီးသန့် ပေးမယ်.. မင်းလက်ထပ်ပြီးရင် အိပ်ခန်း(၃)ခန်းပါတဲ့ တိုက်ခန်း တစ်ခု ပေးအုံးမယ်ကွာ.. ဒီကောင့် အိမ်မှာတောင် အိပ်ခန်း (၂)ခန်းထဲနဲ့ ရွာလည်နေတာ.. မင်းနေရမယ့် အိမ်ယာမှာ ဝန်ထမ်းတွေဆိုလဲ အများကြီးပဲ.. မင်း (၃)နှစ်အတွင်း အချိန် တန်တာနဲ့ ခေါင်းဆောင် ဖြစ်လာမယ်လို့ ကတိပေးတယ်ကွာ..”

ဝမ်လိန် အံ့ဩသွားသည်။ အိပ်ခန်း (၃)ခန်းပါ တိုက်ခန်းလော။ ယခင်ကတည်းက လုပ်ရိုးလုပ်စဉ် ဖြစ်သော်လည်း အစိုးရမှ ရပ်တန့်ပစ်ရန် ကြိုးစားနေပေသည်။ သို့ရာတွင် ထိုအလေ့အကျင့်သည် တည်ရှိနေဆဲပင်။ (၃)နှစ်အတွင်း ဆိုသည်က များလွန်းအားကြီးနေသည်။ ဤသည်မှာ ဘွဲ့လွန်ကျောင်းသားများအပေါ် ဆက်ဆံသည့် ပုံစံဖြစ်သည်။

ထို့အပြင် ထို(၂)ယောက်မှာ နိုင်ငံခြားရေးဌာနနှင့် စိုက်ပျိုးရေး ဝန်ကြီးဌာနတို့မှ ဖြစ်သည်။ ဗဟိုအစိုးရ ဌာနများ ဆိုလျှင်လည်း မမှားချေ။ လူအင်အား ပြတ်နေသည်လော။ မည်မျှ ပြတ်လပ်နေသဖြင့် ထိုအစိုးရ အရာရှိများသည် ကျောင်းသား အဆောင်အထိ လူသစ် စုဆောင်မှု လုပ်နေကြရသနည်း။

ဖုန်းယွီ သူ့လက်များကို ခါ၍ မနည်း ဆွဲထုတ်လိုက်ရသည်။ ထျန်လိန်သည် အရာရှိ (၂)ယောက်အတွက် ခုံ(၂)လုံး ယူလာ လိုက်သည်။ ကျန် အခန်းဖော်များမှ ထိုအရာရှိ (၂)ယောက်ကို ဂရုမစိုက်ကြသော်လည်း သူ့အနေဖြင့် လျစ်လျူ မရှုနိုင်ချေ။ သူသည် မကြာမှီ အစိုးရဝန်ထမ်း လုပ်ရပေတော့မည်။ ထိုခေါင်းဆောင် (၂)ဦးမှ တစ်ယောက် ယောက်သည် နောင်အခါ သူ့အထက်အရာရှိ မဖြစ်နိုင်ဟု မည်သူ ပြောနိုင်မည်နည်း။

ယနေ့ခေတ် အလုပ်ရရေးသည် ထိုအရာရှိများအပေါ် မူတည်ပေသည်။ အဖွဲ့ဝင်အသစ်များသည် အထက်အရာရှိ ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ အရာရှိများမှ မိမိတွင် မည်သည့် ထူးခြားချက် ရှိသည်ကို ဂရုမစိုက်ကြချေ။ အထက်အရာရှိ၏ နှစ်သက်မှုအအပေါ် မူတည်၍ အလုပ်ခန့်ကြခြင်းပင်။ ကွန်ပျူတာ သိပ္ပံဘွဲ့ရများ ဆက်သွယ်ရေးဌာနတွင် အလုပ်လုပ်ကိုင်လေ့ရှိသည်ကို တွေ့ရတတ်ပေသည်။

အဘိုးကြီးကျိုး ထိုင်တော့မည် ဖြစ်သော်လည်း အဘိုးကြီးမင်မှာ လက်ဝှေ့ယမ်းလိုက်ပြီး..

“မလိုပါဘူး.. ကျေးဇူးတင်ပါတယ်.. ငါဒီအတိုင်း ရပ်လျှက်ပဲ ဖုန်းယွီနဲ့ စကားပြောတော့မယ်..”

အဘိုးကြီးကျိုး၏ နှလုံးသားအတွင်း ကျိန်ဆဲနေမိသည်။ အဘိုးကြီးမင်၏ ရာထူးမှာ ဒု-မြို့တော်ဝန်နှင့် ညီမျှပေသည်။ ကျောင်းသားတစ်ယောက်ကို ခေါ်ယူနိုင်ရေး ဤမျှ စိတ်အားထက်သန်နေစရာ လိုသည်လော။

“ဖုန်းယွီ.. ငါတို့ စိုက်ပျိုးရေးဌာနကို စဉ်းစားကြည့်လိုက်.. မင်းအရည်အချင်းတွေ ဖြုန်းတီးရာ မရောက်စေရဘူး..”

အဘိုးကြီးမင် ဖုန်းယွီအား ကြည့်လိုက်သည်။ သူ့ကမ်းလှမ်းချက်များ ပေးပြီးဖြစ်၍ ဖုန်းယွီ သေချာပေါက် လက်ခံ လိမ့်မည်ဟု ယုံကြည်နေသည်။

ပုဂ္ဂလိက ကုမ္ပဏီများနှင့် စာချုပ် ချုပ်ထားသည့် အခန်းဖော်များသည်လည်း ဖုန်းယွီအား မနာလို ဖြစ်နေကြသည်။ အစိုးရဌာန တစ်ခုခုမှ သူတို့အတွက် ထိုသို့သော အကျိုးခံစားခွင့်များ ပေးလာပါက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း မည်မဟုတ်ချေ။

သို့တိုင်အောင် ဖုန်းယွီအနေဖြင့် ထိုအရာရှိ (၂)ယောက်၏ ကမ်းလှမ်းချက်ကို မည်သည့်အခါတွင်မှ သဘောတူမည် မဟုတ်ကြောင်း ၎င်းတို့အားလုံး သိထားကြပေသည်။ ဖုန်းယွီ၏ နောက်ခံအကြောင်း ထိုအရာရှိ(၂)ဦး သိကြ၏လော။ ဖုန်းယွီသည် အလွန်ချမ်းသာပြီး အစိုးရ ဌာနတစ်ခုတွင် ဝန်ထမ်းတစ်ယောက်အဖြစ် မည်သို့ နေနိုင်မည်နည်း။

“ဟုတ်ကဲ့.. မင်္ဂလာပါဗျာ.. ခက်တာက ခင်ဗျားတို့ ခေါ်ဖို့ လာပေမယ့် ကျုပ်ဝင်ဖို့ မဖြစ်လို့ပါ.. အစိုးရဌာနထဲ ဝင်ဖို့ ကျုပ်စိတ်မဝင်စားဘူးဆိုတာ သေသေချာချာ ပြောထားပြီးသားပါ..”

ဖုန်းယွီ ခေါင်းခါလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုလူ(၂)ယောက်သည် မိမိအား တစ်ချန်တည်း လာခေါ် နေသည်ကို အံ့ဩနေမိသည်။

ဖုန်းယွီမှာ သူ့စာတမ်းကို ဌာနဆိုင်ရာများသို့ လမ်းကြောင်းအသီးသီးမှ ဖြန့်ဝေခဲ့သည်ကို မသိခဲ့ချေ။ အခကြေးငွေပင် မပေးခဲ့ရချေ။ ထိုကိစ္စကို တက္ကသိုလ်မှလည်း ဖုန်းယွီအား အသိပေးမထားချေ။

တက္ကသိုလ်သည် ရွေးချယ်ထားသည့် ဘွဲ့လွန်ကျောင်းသားများ၏ စာတမ်းကို အထက်အဆင့်ဆင့်သို့ တင်ပြရမည် ဖြစ်သည်။ ဤသည်ကို ကျောင်းသားများ အားလုံး သိထားပေသည်။ ဖုန်းယွီသည်လည်း ထိုအကြောင်း သိထား သော်လည်း သူ့စာတမ်း တင်ပြလိမ့်မည်ဟု ထင်မထားချေ။

အဘိုးကြီးကျိုးနှင့် အဘိုးကြီးမင်တို့သည် ဖုန်းယွီကိုယ်တိုင် ငြင်းဆိုသည်ကို ကြားလိုက်ရသည့်အခါ အံ့ဩသွား ကြသည်။ ၎င်းတို့မှာ ဤမျှ ကောင်းမွန်သည့် ကမ်းလှမ်းချက်များ ပြုလုပ်ခဲ့သည့်တိုင် ဖုန်းယွီမှ ထိုသို့ ငြင်းပယ်ခဲ့သည် လော။

“ဖုန်းယွီ.. ကျေးဇူးပြုပြီး ပြန်စဉ်းစားကြည့်ပါအုံး.. မင်းမှာ တောင်းဆိုစရာရှိရင် ငါတို့နဲ့ ဆွေးနွေးနိုင်တယ်.. မင်း တောင်းဆိုတာတွေ ငါတို့ဆောင်ရွက်ပေးမှာပါ..”

အဘိုးကြီးမင် ရှေ့သို့တိုးကာ ပြောလိုက်သည်။ သူ့အထက်အရာရှိမှ ဖုန်းယွီအား မည်မျှကုန်ကျသည်ဖြစ်စေ ခေါ်ယူရန် ညွှန်ကြားထားပေသည်။

ဖုန်းယွီ ခေတ္တမျှ စဉ်းစားကာ သူ့အိတ်ထဲမှ ကားသော့ ထုတ်လိုက်သည်။ ထိုလူ(၂)ယောက်အား ပြကာ..

“ကျုပ်မိသားစုက ချမ်းသာပြီး စီးပွားရေးပဲ လုပ်ဖို့ ရည်မှန်းထားပါတယ်.. အစိုးရဌာနထဲ ဝင်ရင် ဘယ်လောက်ကြာမှ ကားဝယ်နိုင်မှာလဲ.. ပြီးတော့ ကျုပ်ကားက ခင်ဗျားတို့ အထက်အရာရှိကားတွေထက် ပိုဈေးကြီးပါတယ်.. ငွေရှိလို့တောင် ဝယ်လို့မရပါဘူး..”

ဖုန်းယွီ သူ့အခန်းဖော်များ အားလုံးဘက်သို့ လှည့်ကာ..

“မင်းတို့ အသင့်ဖြစ်ပြီလား.. သွားကြစို့.. ချွမ်ကျွီသဲမှာ မင်းတို့ စားချင်တာ အကုန်စားကွာ..”

ဝမ်လိန်သည် နောက်ဆုံးမှ အခန်းထဲက ထွက်လာသည်။ အဘိုးကြီး ကျိုးနှင့် အဘိုးကြီး မင်တို့ကို ကြည့်ကာ..

“ခင်ဗျားတို့ သွားဖို့ သင့်ပါပြီ.. ကျုပ်အခန်းကို သော့ခတ်ရတော့မယ်..”

အဘိုးကြီး ကျိုးနှင့် အဘိုးကြီးမင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထွက်သွားကြတော့သည်။ အဘိုးကြီးကျိုး ဤသည်ကို လက်ခံနိုင်သော်လည်း အဘိုးကြီးမင်မှာ လက်မခံနိုင်သေးချေ။ သူ့အထက်အရာရှိအား မည်သို့ ရင်ဆိုင်ရမည်ကို မသိတော့ချေ။

-------*****--------

All Chapters