#လျိုကျိယု၊ ကျွန်တော့်မှာ တခြားရွေးချယ်စရာရှိသေးလား#
Vol. 71 Ch. 1005
လုချန်ရှန်းနှင့် လျိုကျိယုတို့ အမှောင်ပိုင်နက်ကနေ ထွက်ခွာသွားပြီးနောက် အမှောင်သခင်လှည့်ကာ အရင်ဆုံး အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်၏ ခွန်အားကို အာရုံခံကြည့်သည်။
တစ်ခဏအကြာတွင် အဖိုးအိုတစ်ဦးလည်း ရောက်လာသည်။
ဒီအဖိုးအိုက အကြီးအကဲယန်ဖြစ်သည်။
အမှောင်သခင် အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ကို ကြည့်ရင်း လေးနက်သည့် အမူအရာဖြင့်မေးသည်။
"အကြီးအကဲယန်၊ ဒီအမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်က ဘယ်လောက်ထိ တိုးတက်လာခဲ့လဲ"
အမှောင်သခင်၏ လက်ရှိခွန်အားအရ ဒီအဆင့်က အစီအရင်၏ နက်ရှိုင်းမှုကို သူ့အဖို့ မြင်နိုင်ရန်ဟူသည် မဖြစ်နိုင်ပါ။
အကြီးအကဲယန်၏ အမူအရာကလည်း အလွန်အမင်း လေးနက်နေတာကို သူမသိခဲ့ပေ။ အကြီးအကဲယန် ဖြည်းဖြည်းလေးပြောသည်။
"လက်ရှိအမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ကို အင်မော်တယ်နယ်မြေမှာတောင် ထိပ်တန်းအဆင့်အစီအရင်တစ်ခုလို့ မှတ်ယူလို့ရတယ်"
"ဒါ့အပြင် လုချန်ရှန်း ဒီအစီအရင်ကို တိုးတက်အောင်လုပ်ဖို့အတွက် အမွေးတိုင်နှစ်တိုင်စာပဲ ကြာခဲ့တယ်...."
အမွေးတိုင်နှစ်တိုင်စာအတွင်း ဒီလောက်ထိ တိုးတက်အောင်လုပ်နိုင်သည်။
ဒါက အကြီးအကဲယန်အား ထိတ်လန့်မှုကို ခံစားရစေသည်။
အမှောင်သခင်သက်ပြင်းချသည်။
"ကြည့်ရတာ စီနီယာလုရဲ့ခွန်အားကို တကယ်တိုင်းတာလို့ မရသေးဘူး၊ ဒီလိုကျွမ်းကျင်သူတစ်ယောက်နဲ့ ကျုပ်တို့မိတ်ဆွေပဲဖွဲ့လို့ရပြီး ရန်သူတွေဖြစ်လာလို့မရဘူး"
အကြီးအကဲယန်ခေါင်းညိတ်သည်။
"ကံကောင်းချင်တော့ အမှောင်ပိုင်နက်နဲ့ လုချန်ရှန်းကြားက ဆက်ဆံရေးက ကောင်းမွန်တဲ့ ဦးတည်ချက်တစ်ခုနဲ့ ဖွံ့ဖြိုးနေတုန်းပဲ"
"ဒါဆို ကျုပ်လျိုကျိယုကို ပိုပြီးသတိထားဖို့အတွက် အသိပေးလိုက်ရမလား" အမှောင်သခင် အကြီးအကဲယန်ကို လှည့်ကြည့်သည်။
အကြီးအကဲယန်ခေါင်းခါယမ်းပြသည်။
"သူ့ကိုတမင်တကာသတိပေးနေစရာ မလိုဘူး၊ သဘာ၀လမ်းကြောင်းအတိုင်း သွားပါစေ၊ အရမ်းဝေးသွားရင်တောင် အရမ်းဝေးသွားပါစေတော့"
"သတင်းကို ကြားပြီးတဲ့အချိန် လုချန်းရှန်း ဘယ်လိုတုံ့ပြန်ခဲ့လဲ" အကြီးအကဲယန် အမှောင်သခင်ကို လှမ်းကြည့်လာသည်။
အမှောင်သခင်ပြန်လည်သတိရပြီးနောက် မြင်ကွင်းအား သရုပ်ဖော်ပြလိုက်၏။
အကြီးအကဲယန် အနည်းငယ် မျက်မှောင်ကြုတ်သည်။
"ကြည့်ရတာ ဒါကသူနဲ့တနည်းနည်း သက်ဆိုင်နေပုံပဲ၊ လုချန်ရှန်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကတောင် မဖော်ထုတ်နိုင်တဲ့ လူတစ်ယောက်ပဲ၊ အခုဖြစ်ပျက်နေတဲ့ ကပ်ဘေးအားလုံးက လုချန်ရှန်းနဲ့ ဆက်စပ်နေလောက်တယ်၊ သူကပ်ဘေးထဲ ၀င်ပါမလား ဒါမှမဟုတ် ဒါတွေကို ဖြေရှင်းမလားဆိုတာကိုတော့ ငါလည်း မသိတော့ဘူး....."
အမှောင်သခင်ခေါင်းညိတ်သည်။
"ဒီကပ်ဘေးက ကျုပ်တို့ရဲ့အမှောင်ပိုင်နက်ကို မထိခိုက်စေဖို့ပဲ မျှော်လင့်ပါတယ်..."
.....
ထာ၀ရသက်တမ်းကမ္ဘာသို့ အပြန်လမ်း၌ လျိုကျိယု လုချန်ရှန်းကို ကြည့်နေပြီး စကားမပြောရဲပေ။
လုချန်ရှန်း သူ့ကိုကြည့်ပင်မကြည့်လေရာ ဒါက လျိုကျိယုကို ထိတ်လန့်စေသည်။
ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်ရောက်ပြီးနောက် သူတို့နှစ်ယောက်ကို မြင်သောအခါ ဟွမ်ချင်း ပထမဆုံးပြောဆိုသည့်အရာက:
"အိုး၊ ရှောင်လျို ဘာလို့လုံး၀ဒဏ်ရာမရရတာလဲ၊ ဒီလိုမဖြစ်သင့်ဘူးလေ"
လျိုကျိယုနောက်လှည့်ပြီး ထွက်ပြေးလုမတတ်ပင်။
အစ်မ၊ ကျုပ်အခုတောင် လည်ပင်းကို မြှုပ်ထားရတယ်၊ ခင်ဗျားဆက်လုပ်နေရင် ကျုပ်တကယ်ပဲ အသက်ရှင်လျက် မြေမြှုပ်ခံရတော့မယ်!
လုချန်ရှန်းလက်ဝှေ့ယမ်းသောအခါ ဝါးကုလားထိုင်က သူ့ရှေ့တွင် ပေါ်လာသဖြင့် သူထိုင်လိုက်သည်။
ခရက်ခ်.....ခရက်ခ်....!
ဒီဝါးကုလားထိုင်၏အသံက လျိုကျိယုကို အန္တရာယ်ကို ခံစားရစေသည်။
လုချန်ရှန်းပြုံးရင်းမေးသည်။
"ပြောပါဦး၊ မင်းရှင်းပြချင်တာ တစ်ခုခုများရှိလား"
လျိုကျိယု၏ အမူအရာကအေးခဲသွားပြီး တထစ်ထစ်ပြောလိုက်၏။
"စီနီယာလု....ခင်ဗျား..... ကျေးဇူးပြုပြီး ကျွန်တော့်အကြောင်းရင်းကို နားထောင်ပေးပါ၊ အာ.... မဟုတ်ဘူး..... ကျွန်တော့်ရှင်းပြချက်ကို နားထောင်ပေးပါ"
လုချန်ရှန်းမေးစေ့မော့လိုက်၏။
"ကျေးဇူးပြုပြီး တင်ဆက်မှုကိုစလိုက်ပါ"
"ဒီလိုမှပေါ့" လျိုကျိယုမျက်ရည်စက်လက်ဖြင့် ပြောသည်။
"ကျိချန်းယောင် နဂါးငွေ့တန်းကြယ်စင်စုမှာ ရှိမယ်ဆိုတာ ကျွန်တော်တကယ်ထင်ခဲ့မိပေမယ့် ဒီအကြောင်းကို တွေးမိတဲ့အချိန် စီနီယာက ထွက်သွားခဲ့ပြီလေ၊ ကျွန်တော် စီနီယာနောက်ကို အကြာကြီးလိုက်ခဲ့တယ်"
"ဒါပေမယ့် စီနီယာရဲ့ခွန်အားနဲ့ ကျွန်တော် စီနီယာကို ဘယ်လိုလုပ် အမီလိုက်နိုင်မှာလဲ"
လျိုကျိယုပိုပြောလေလေ ပို၍ယုံကြည်မှု ရှိလာလေလေဖြစ်သည်။ သူယုတ္တိရှိရှိပြောသည်။
"ကျွန်တော် စီနီယာနောက်ကနေ နဂါးငွေ့တန်းကြယ်စင်စုကို အမီလိုက်နိုင်လာတုန်းမှာ စီနီယာက အမှောင်ပိုင်နက်ကို ရောက်သွားပြီ၊ ကျွန်တော် အမှောင်ပိုင်နက်ကို ရောက်သွားတဲ့အချိန်မှာတော့ မြန်နှုန်းအပြည့်နဲ့ ခရီးသွားပြီးနောက် ကျွန်တော် ဘယ်လောက် သနားစရာကောင်းသလဲဆိုတာ စီနီယာလည်းတွေ့တာပဲ"
"ဒီလိုလား" လုချန်ရှန်း ခပ်ရေးရေးပြုံးရင်းမေးသည်။
"ဟုတ်ကဲ့၊ လုံး၀ကိုမှန်ပါတယ်" လျိုကျိယုလေးလံစွာပြောသည်။
"တကယ်လို့ စီနီယာ ကျွန်တော့်ကို မယုံဘူးဆိုရင် သူ့ကိုမေး...."
သူဟွမ်ချင်းကို လှမ်းကြည့်မိသည်နှင့် ရုတ်တရက်ပြန်လှည့်ကာ လေးနက်စွာပြောသည်။
"မေးစရာမလိုပါဘူး၊ ကျွန်တော်ပြောတာ မှန်ပါတယ်၊ ကျွန်တော်စီနီယာလုကို မလိမ်ပါဘူး"
လုချန်ရှန်း ဟွမ်ချင်းကိုလှမ်းကြည့်သည်။
"ကြည့်ရတာ တကယ်ပဲတစ်ခုခုဖြစ်နေပုံပဲ၊ ဟွမ်ချင်း မင်းထပ်ဖြည့်ချင်သေးလား"
ဒါကိုကြားသော် လျိုကျိယု၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူလုချန်ရှန်းမမြင်နိုင်သည့် နေရာသို့ တိတ်တဆိတ်လျှောက်သွားပြီး ဟွမ်ချင်းရှေ့တွင် လက်ဖဝါးနှစ်ဖက်ပူးရင်း သူမအား တောင်းဆိုနေလေသည်။
ဒါကိုမြင်သောအခါ ဟွမ်ချင်းပြုံးသည်။
"ကျွန်မသိတာပေါ့"
ရှောင်လျိုပြောတာက တကယ်ပဲ အမှန်တရားပါ"
လျိုကျိယု စိတ်သက်သာရာရစွာ သက်ပြင်းချရုံပဲရှိသေး ဟွမ်ချင်း အကြောင်းအရာကို ပြောင်းပစ်သည်။
"ဒါပေမယ့်...."
ဒါပေမယ့်!
"ဒါပေမယ့် ရှင့်ထွက်သွားပြီးနောက်မှာ ဒီအကြောင်းကို တွေးမိတော့ ရှောင်လျိုရဲ့ ပထမဆုံးတုံ့ပြန်မှုက ရှင့်နောက်ကနေ တိုက်ရိုက်လိုက်ဖို့်မဟုတ်ဘူး၊ အဲဒီအစား သူက ၀မ်းဗိုက်ကိုကိုင်ပြီး မျက်ရည်ကျလာတဲ့အထိ အူလှိုက်သည်းလှိုက်ရယ်မောနေခဲ့တယ်၊ သူစကားပြောနေရင်းနဲ့တောင် ရယ်နေခဲ့သေးတယ်"
ဟွမ်ချင်း လျိုကျိယု၏ အမူအရာကို တုပပြလိုက်သည်။
"ဒီခရီးစဉ်မှာ စီနီယာလုကတော့ ခေါင်းကိုက်တော့မှာ ငါကြောက်မိတယ်...."
"ဒါပါပဲ"
လျိုကျိယု ချက်ချင်းအေးခဲသွားပြီး ဆွံအကာ ကြက်သေသေနေသည်။
မဟုတ်ဘူး၊ အစ်မကြီး၊ ခင်ဗျား!!!
ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားက ဒီလိုကစားတာပေါ့!
ခင်ဗျားကျယ်ကျယ်ပြောရုံတင်မကပဲ ဒါကို အရမ်းပြီးချဲ့ကားပြီး အမူအရာနဲ့တောင် လုပ်ပြလိုက်သေးတယ်!
ဒါဘယ်လိုအာဃာတလဲ!
လျိုကျိယုလှုပ်ရှားချင်းသော်လည်း သူဟွမ်ချင်းကိုလည်း အနိုင်မယူနိုင်ပါ။
ဒီအခိုက်အတန့်မှာပင် လျိုကျိယု မကြားချင်ဆုံးအသံက သူ့အပေါ် ဖိသိပ်ကျဆင်းလာသည်။
"အိုး၊ ဒီလိုလား ရှောင်လျို၊ ကြည့်ရတာ အဲဒီတုန်းက မင်းအတော်ပျော်ခဲ့ပုံပဲ"
လျိုကျိယုပြန်လှည့်ကာ ၀မ်းနည်းနေသည့် မျက်နှာနှင့် လုချန်ရှန်းကို ကြည့်ရင်း ချက်ချင်းဒူးထောက်ပစ်သည်။
"စီနီယာလု၊ တကယ်ပဲဒီလောက်ထိ မဟုတ်ပါဘူး၊ ဒါကအရမ်းချဲ့ကားလွန်းတယ်၊ ကျွန်တော် စီနီယာကို ဘယ်လိုလုပ် ဒီလို ဆက်ဆံနိုင်မှာလဲ"
"စီနီယာမှာ စီနီယာရဲ့ ကိုယ်ပိုင်အတွေးတွေ ရှိသင့်တယ်၊ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ ရှင်းနေတာပဲလေ"
ဟွမ်ချင်း၏ အမူအရာက အရမ်းချဲ့ကားလွန်းသည်။ သူမက အမှန်တရားကို ချဲ့ကားထားခြင်းဖြစ်ရပေမည်။
လုချန်ရှန်းခေါင်းညိတ်သည်။
"မင်းပြောတာမှန်တယ်"
လျုကျိယုစိတ်သက်သာရာရစွာ သက်ပြင်းချသည်။
"ဒါပေမယ့် ငါဟွမ်ချင်းကိုယုံတယ်"
လျိုကျိယုသေချင်သွားသည်။
"လုံလောက်ပြီ" လုချန်ရှန်းရုတ်တရက် ဆေးပုလင်းများစွာ ထုတ်လိုက်၏။
အထဲတွင် အရောင်အမျိုးမျိုးနှင့် ဆေးလုံးအများအပြားရှိသည်။ တကယ်တမ်းတွင် တစ်ချို့ဆေးလုံးများကို ဖော်ပြ၍မရနိုင်သည့် အနံ့အသက်များကိုပင် ထုတ်လွှတ်နေသည်။
လျိုကျိယု သူ့နှလုံးခုန်သံကိုပင် ချက်ချင်းခံစားမိသည်။
လုချန်ရှန်း ဆေးပုလင်းများကို ညွှန်ပြရင်း အပြုံးဖြင့်ပြောသည်။
"ငါမင်းကိုရိုက်မှာမဟုတ်ဘူး၊ ဒီဆေးလုံးအသစ်တွေကို စမ်းကြည့်ကြရအောင်"
"မစိုးရိမ်ပါနဲ့၊ မင်းစားရင်းသေမှာမဟုတ်ဘူး၊ မင်းစားရင်း သေသွားမယ်ဆိုရင်တောင် ငါမင်းကို ကယ်တင်ဖို့အတွက် နည်းလမ်းတစ်ခု စဉ်းစားမှာပါ"
လျိုကျိယု၏မျက်နှာက ဖြူရော်နေသည်။
"ကျွန်တော့်မှာ တခြားရွေးချယ်စရာတွေရှိတယ်မလား..."
"စီနီယာလု၊ ဒီအစား ဘာလို့ ကျွန်တော့်ကို မရိုက်ရတာလဲ"
လုချန်ရှန်းပြုံးသည်။
"မရဘူး၊ ဒါပေမယ့် မင်းမှာခုခံဖို့ ခွန်အားမရှိတော့တဲ့အထိ ငါ့ကိုရိုက်နှက်ခွင့်ပေးနိုင်တယ်၊ ပြီးရင်တော့ ဆေးလုံးတွေကို မင်းပါးစပ်ထဲ သွန်ထည့်မယ်"
မျက်ရည်များနှင့် လျိုကျိယုဆေးပုလင်းများရှိရာသို့ လျှောက်သွားသည်။
"ကျွန်တော်ထွက်သွားတဲ့အခါကျရင် ကျေးဇူးပြုပြီး လျိုကျိမိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ စီနီယာလု"
လုချန်ရှန်းအပြုံးဖြင့် ခေါင်းညိတ်သည်။
....
နဂါးငွေ့တန်းကြယ်စင်စုတွင် ကျိချန်းယောင် ကျင့်ကြံခြင်းအခြေအနေကနေ နိုးထလာပြီဖြစ်သည်။
လက်ရှိတွင် သူမက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို အောင်မြင်စွာ ရောက်သွားခဲ့သည်။
ရှေးဦးမူလခရမ်းချီနှင့် ကျောက်စိမ်းရေကန်နှလုံးကျမ်းတို့၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုးတက်မှုက ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည်။
ကျိချန်းယောင် သူမဆရာကို လှမ်းကြည့်ရင်း မေးသည်။
"ဆရာ၊ သူထွက်သွားပြီလား"
ကျိလျိုချီခေါင်းညိတ်သည်။
ကျိချန်းယောင် လုချန်ရှန်းကို ရှာနေသည့်အလား နဂါးငွေ့တန်းကြယ်စင်စုအပြင်ဘက်သို့ ကြည့်နေမိသည်။
သူမအချိန်အတော်ကြာ ကြည့်နေပြီးနောက် အနည်းငယ် သက်ပြင်းချရင်း သူမ၏ မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်များနှင့် ပြည့်နှက်နေသည်။
"နောက်တစ်ကြိမ် ကျွန်မတို့တွေ့တဲ့အခါကျရင် စီနီယာလုကို ကျွန်မခွန်အားနဲ့ ကူညီပေးရမယ်"
အပိုင်း(1006) coming။