လက်စလီ
Vol. 54 Ch. 890
သူ့အရှေ့ နေရာလွတ်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းက ဆံပင်အပြာ၊ မျက်လုံးအပြာရှိသော အမျိုးသမီးငယ်ငယ် တစ်ယောက် ဖြစ်သည်။ သူက ထူးကဲသော အသွင်အပြင်နှင့် ခန္ဓာကိုယ် ရှိသော်လည်း အသီနာနှင့် ခီရာတို့နှင့်ယှဉ်ပါက အတော်လေး ဝေးကွာနေသေးသည်။ ထိုမျက်လုံးများကသာ အထူးသဖြင့် စိတ်လှုပ်ရှားစရာ ကောင်းနေပြီး မျက်တောင် တစ်ချက်ခတ်တိုင်း ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ရမ္မက်လျှမ်း ခံစားချက်များ ပြည့်နှက်နေသည်။ သူက ပုခုံးကို လက်တစ်ဖက်ဖြင့် အုပ်ထားနေခဲ့သည်။
“ဒီဓားက တကယ်ပဲ ကျွန်မရဲ့ ဝိညာဉ်ကို ထိခိုက် စေခဲ့တယ်။ မဟုတ်မှလွဲရော ဒီဓားက....” ထိုအမျိုးသမီး၏စကား မဆုံးခင် မှာပင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ ဝိုင်းရံခြင်းကို ခံလိုက် ရတော့သည်။
ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ ပစ်မှတ်မှာ သူတို့ကိုယ်တိုင် မဟုတ်သော အခြားအရာများအားလုံး ဖြစ်သည်။ ယခင်က ထိုအမျိုးသမီးက ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော ကိုယ်ယောင်ဖျောက် ပါရမီကို သုံးထားသည့်အတွက် ခြေသလုံး အိမ်တိုင် ဝိညာဉ်များ ရှာမတွေ့ခဲ့ကြပေ။ ယခုတွင် ထိုပါရမီက ပေါ်သွားပြီဖြစ်ရာ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကို ခံရပေတော့မည်။
ချန်လွေ့က ဘာမှမပြောဘဲ သရော်ပြုံး ပြုံးလိုက်သည်။ လက်ထဲမှ ကြယ်ကြွေတမန်ဓားကို စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲ ထွက်သွားပြိးနောက် တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဝိညာဉ်ကို နှစ်ပိုင်း ပိုင်းလိုက်သည်။ သူက ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အမဲလိုက်ဖူးသည်မှာ ပထမဆုံး မဟုတ်တော့ပေ။ ၎င်းတို့က သူ့ကို မမျှော်လင့်ထားဘဲ ရှာတွေ့ခဲ့သောအခါ ချန်လွေ့က တစ်ခုခု လွဲနေကြောင်း ခံစားမိလိုက်သည်။ ထိုဝိညာဉ်များထဲတွင် အစွမ်းအထက်ဆုံး၌ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းသာ ဖြစ်သည်။ ထိုအကွာအဝေးမှဆိုလျှင် သူက [ တိတ်တဆိတ် ] ကို အသက် မသွင်းသည့်တိုင် သူပုန်းနေသော နေရာကို လုံးဝ သိနိုင်မည် မဟုတ်ပေ။
နောက်ပိုင်းတွင် သူက နေရာရွှေ့ပြောင်းကာ ခြေသလုံး အိမ်တိုင် ဝိညာဉ်များနှင့် တိုက်ခိုက်နေရင်း [ သရုပ်ခွဲမျက်လုံး ] က အခြား အချက်အလက်များကို ဖော်ပြနေရာ တစ်စုံတစ်ယောက်က တမင်တကာပင် သူ့ဆီကို ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ခေါ်လာပြီး သေစေချင်နေကြောင်း သဘောပေါက်လိုက်သည်။ ထိုသူက နှစ်ဖက်စလုံး ဒဏ်ရာ ရနေစဉ် အခွင့်အရေးယူရန် ကြိုးစားနေခြင်း ဖြစ်လောက်သည်။
ထိုအမျိုးသမီးက လီဗျာသန် တော်ဝင်မိသားစုမှ ဖြစ်သည်။ သူ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်ဘဲ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်၏။ သူ့တွင် အဝေးသို့ ချောင်းကြည့်နိုင်သော စွမ်းရည် တစ်မျိုးမျိုး ရှိရပေမည်။ သူက ကိုယ်ယောင်ဖျောက် ပါရမီနှင့် ပုန်းအောင်းနေခဲ့သည်။ ချန်လွေ့၏ တည်နေရာကို ရှာတွေ့ပြိးနောက် သူက အောင်အောင်မြင်မြင်နှင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို မျှားခေါ်လာခဲ့၏။ သို့ရာတွင် ချန်လွေ့က သူရှိသောနေရာကို မြင်နိုင်ပြီး တမင်တိုက်ခိုက်ကာ သူ့နေရာသို့ ဆုတ်ခွာလာပြီး [ ဓားထိန်းချုပ်မှု ] ဖြင့် တိုက်ခိုက် လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုတိုက်ခိုက်မှုက [ မီးသင့်နဂါး ဝင်စီးခြင်း] စွမ်းအားနှင့် ပေါင်းစပ်ထားပြီး ထိုသူ၏ နဖူးကို ချိန်ထားခြင်း ဖြစ်၏။ သို့သော်လည်း ထိုသူက အတော်လေး သတိရှိလှသည်။ သူက အရေးကြီးသော အခိုက်အတန့်၌ ရှောင်တိမ်းနိုင်ခဲ့ပြီး ပုခုံးကသာ ဒဏ်ရာရသွားခဲ့သည်။ သို့သော်လည်း ထိုအချိန် ထိုအမျိုးသမီးက ကိုယ်ယောင်ဖျောက် ပါရမီကို မသုံးနိုင်တော့သည့်အတွက် ခြေသလုံး အိမ်တိုင် ဝိညာဉ်များ၏ ပစ်မှတ် ဖြစ်လာတော့သည်။
တိုက်ခိုက်နေစဉ်အတွင်း ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ထွက်ပြေးသွားမည်ကို စိုးရိမ်စရာ မလိုပေ။ အကြောင်းမှာ အသိစိတ် ဆုံးရှုံးသွားခြင်းကြောင့် ရန်လိုသော ဝိညာဉ်များသာ ကျန်ရှိနေခြင်းကြောင့်ပင်။ ထို့ကြောင့် သူတို့ တိုက်ခိုက်သည်နှင့် သေသည်အထိ တိုက်ခိုက်ကြလေသည်။
နှစ်ပိုင်းပြတ်သွားသော တိုင်းပြည်အဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်က အတော်လေး ကြမ်းတမ်းလှသည်။ သုံးလေးခေါက် ထိသွားသော်လည်း ခန္ဓာကိုယ်တဝက်က ချန်လွေ့ထံ ပြေးလာနေဆဲ ဖြစ်သည်။
[ မီးသင့်နဂါးဝင်စီးခြင်း ] အခြေအနေအတွင်းရှိ ချန်လွေ့၏ သေစေနိုင်ခြင်းက အတော်လေး တိုးတက်နေခဲ့သည်။ ကြယ်ကြွေ တမန်ဓားက တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သော ဓားချီစွမ်းအင်များ လှိမ့်တက်လာသည်။ နှစ်ပိုင်းဖြစ်သွားသော ဝိညာဉ်က ရာနှင့်ချီ ပြတ်ထွက်သွားတော့သည်။ ထပ်နေသော ဓားချီစွမ်းအင်ထဲ၌ သူတို့၏ အသက်ဓာတ်များက လုံးဝကို ဖြတ်တောက် ခံလိုက်ရတော့၏။
ခဏကြာပြီးနောက် လေထဲ၌ ဥပဒေသ အပိုင်းအစတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဥပဒေသ အပိုင်းအစ...” ထိုအမျိုးသမီးက လွှတ်ခနဲ ပြောလိုက်၏။ တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ် (၄)ကောင်၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း သူက ထိုဘက်ကို စောင့်ကြည့်ရန် အင်အား ရှိနေသေးသည်။
ချန်လွေ့က ၎င်းကို သိမ်းရန်ပြင်လိုက်စဉ် တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ခြေသလုံးအိမ်တိုင် ဝိညာဉ်တစ်ကောင်က ပျံသန်းလာပြီး အပြင်းအထန် တိုက်ခိုက်တော့သည်။ ရုတ်တရက် ဓားချီစွမ်းအားထဲ၌ နူးညံ့သော ရေဒြပ်စင်စွမ်းအားတစ်ခု ရှိနေပြီး ဥပဒေသထံ တိတ်တိတ်လေး လှိမ့်သွားသည်ကို ချန်လွေ့ သေသေချာချာ အာရုံခံလိုက်မိသည်။
ချန်လွေ့၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင် လက်ခနဲ ဖြစ်သွားပြိး ဓားအငွေ့အသက် ပြောင်းလဲသွားခဲ့သည်။ ကြယ်ကြွေ တမန်ဓားက ထုတ်လွှတ်သော ဓားချီစွမ်းအင်က လှိုင်းတွန့်များ အဖြစ်သို့ ပြောင်းလဲသွားကာ ချဉ်းကပ်လာသော ဝိညာဉ်များ အားလုံးကို အလွန်ကြီးမားသော ဆုပ်ကိုင်မရသည့် လက်တစ်ဖက်က တွန်းထုတ်လိုက်သကဲ့သို့ပင် နောက်ဆုတ် သွားစေသည်။ ထို့နောက်တွင် “လက်ကြီး”က နူးညံ့သော ရေဒြပ်စင် စွမ်းအားကို စုပ်ယူပြီး ဖိခြေလိုက်တော့သည်။
ဓားချီစွမ်းအင် ဆွဲဆောင်မှုအတွင်း ဥပဒေသ အပိုင်းအစက ချန်လွေ့ထံ ရောက်လာကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားတော့သည်။
ထိုမြင်ကွင်းက အမျိုးသမီး၏ မျက်လုံးများက အဆုံးမရှိသော အမုန်းတရားများဖြင့် လင်းလက်သွားစေပြီး အပြာရောင် မျက်လုံးက ရုတ်တရက် မည်းနက်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် လီဗျာသန် တော်ဝင်မိသားစု၏ ညာမျက်လုံးက နတ်မိစ္ဆာမျက်လုံး ဖြစ်သော်လည်း ထိုအမျိုးသမီးက နှစ်ဖက်လုံး ဖြစ်နေသည်။ ထိုအရာက ဘရော့ခ်ကဲ့သို့ ထူးထူးခြားခြား ရှားပါးသော ပါရမီတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ထိုအမျိုးသမီးအရှေ့တွင် ဘရော့ခ်၏ စွမ်းအားက ပိုးစုန်းကြူးတစ်ကောင်၏ အလင်းရောင်လောက်ပင် မရှိချေ။
နတ်ဆိုးဘုံ သမိုင်းကြောင်းက အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် မျိုးသုဉ်းသွားခြင်းကို အသာထား၊ သီခြားနေထိုင်ကြသော အထူးအစွမ်းထက် ပုဂ္ဂိုလ်များနှင့် ပါရမီရှင်များ၏ သက်တမ်းကိုလည်း မသိနိုင်ပေ။ ချန်လွေ့က အထူး-အဆင့်သို့ မရောက်ရှိခဲ့လျှင် ထိုအဆင့်ကို အမှန်တကယ် ထိတွေ့နိုင်မည် မဟုတ်ဘဲ နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးအရှင်သခင်အဆင့် သာမန်အစွမ်းထက် ပုဂ္ဂိုလ်များနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
အထူး-အဆင့်က စမှတ် အသစ်ပဲ။ ပြီးတော့ ရှေ့မှာ လမ်းအရှည်ကြီး ရှိနေသေးတယ်။ ချန်လွေ့က ထိုအရာကို သိထားပြီးသည်မှာ ကြာခဲ့လေပြီ။
ထိုအမျိုးသမီးက နတ်မိစ္ဆာမျက်လုံးကို အသက်သွင်းပြီးနောက် အပေါ်ယံတွင် ပြောင်းလဲမှု မရှိခဲ့ပေ။ ထိုအစား သူက သတိလွတ် သွားခြင်းကြောင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူက ချက်ချင်းပင် နာကျင်သော အမူအရာတစ်ခု ပြသလိုက်ပြီး ချက်ချင်းပင် မရေမတွက်နိုင်သော ဝိညာည်များက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတော့သည်။ ပူလောင်သော ခန္ဓာကိုယ်က တဖြည်းဖြည်း ကြိးလာခဲ့ပြီးနောက် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားလေ၏။
ပေါက်ကွဲမှုနှင့် ပြန့်ကျဲသွားခြင်းတို့က ရေဒြပ်စင် ကြေးမုံ ပုံရိပ်များသာ ဖြစ်ကြောင်း ချန်လွေ့ သေသေချာချာ မြင်နေရသည်။ ကြည့်ရတာ ဒီမိန်းမက ကိုယ်ယောင်ဖျောက် ပါရမီကို ထပ်ပြီး သုံးလိုက်တဲ့ပုံပဲ။ သူက ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို သုံးပြီးတော့ ငါ့ကို အားကုန်အောင် လုပ်ချင်နေတာပဲ။
အသေအချာပင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက “သေသွားသော” ပစ်မှတ်ကို သတ်ပြီးနောက် ချက်ချင်း ချန်လွေ့ကို တိုက်ခိုက်တော့သည်။
ချန်လွေ့က နှာမှုတ်လိုက်ပြီး ခန္ဓာကိုယ်က အဆက်မပြတ် နေရာပြောင်းရွှေ့သွားခဲ့သည်။ ဓားပေါ်မှ လှိုင်းတွန့်များကလည်း ပိုမို၍ အေးစက်လာခဲ့ပြီး ရှေ့မှ လေထဲ၌ တဖြည်းဖြည်း အေးခဲ လာသော ပုံရိပ်တစ်ခု ရှိနေသည်။ ထိုအရာက ထိုအမျိုးသမီးပင်။ လီဗျာသန် တော်ဝင်မိသားစုက ရေဒြပ်စင်ကျွမ်းကျင်မှု ရှိသည့်အတွက် သာမန် ရေဒြပ်စင် အေးခဲမှုများက လုံးဝ အလုပ်ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအေးစက်မှု ရေဒြပ်စင်စွမ်းအားနှင့် လုံးဝကွဲပြားနေပြိး ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၏ အေးစက်မှုနှင့်လည်း မတူညီပေ။ ထိုအရာက ရပ်တန့်၍မရသော ပျက်စီးခြင်းစွမ်းအား ပါရှိသည့် နောက်ထပ် အလွန်အမင်း အေးစက်မှု တစ်ခုပင်။
ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ ဆုပ်ကိုင်မရသော ဝိညာဉ် ခန္ဓာကိုယ်သည်ပင် တဖြည်းဖြည်း နှေးကွေးသွားပြီး အားနည်းသူများက ရေခဲရုပ်ထုများ ဖြစ်သွားကာ လေထဲ၌ ပေါလောပေါ်နေတော့သည်။
ထိုအမျိုးသမီးက အလျင်အမြန် တုံ့ပြန်လိုက်၏။ ကိုယ်ယောင်ဖျောက် ပါရမီ ပေါ်သွားကြောင်း မြင်သည့်အခါ သူက ဆက်လက် မတိုက်ခိုက်ချင်တော့ပေ။ သူက ဥပဒေသ အပိုင်းအစကို မလိုချင်တော့ပေ။ သူက ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အသုံးချပြိး ထိုအန္တရာယ်များသောလူဆီမှ အမြန် ထွက်ပြေးချင်နေခဲ့သည်။ ထိုအစီအစဉ်က အတော်လေး ပါးနပ်ပေသည်။ သူက သေသေချာချာ အကွက်ချ စီစဉ်တတ်ပြီး သတိထားသော ပုံစံမျိုးဖြစ်ကြောင်း မြင်နိုင်ပေသည်။ သို့သော် ချန်လွေ့က သူ၏ အစီအစဉ်က တစ်ချက်တည်း မြင်သွားသည်က ဝမ်းနည်းစရာပင်။ ချန်လွေ့က သူ၏ ကိုယ်ယောင်ဖျောက် အစွမ်းကို ပျက်စေရန် နောက်ထပ်နည်းလမ်းတစ်ခု အသုံးပြုခဲ့လေသည်။
ထိုကြောက်မက်ဖွယ်ရာ ပျက်စီးခြင်း အငွေ့အသက်က အလွန်ပင် ကိုင်တွယ်ရ ခက်ခဲပေသည်။ သူ၏ ခုခံမှုကို အလျင်အမြန် ပျက်စီးစေရုံသာမက ဝိညာဉ်ကိုလည်း တဖြည်းဖြည်း ကျူးကျော် လာနေခဲ့သည်။ ထိုအမျိုးသမီး၏ နတ်မိစ္ဆာမျက်လုံးကလည်း အရောင်တောက်လာပြီး ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရေစီးကြောင်းကဲ့သို့ မတည်ငြိမ်မှုများ ပေါ်ထွက်လာသည်။ [ ဝိညာဉ် အချုပ်အနှောင် ] စွမ်းအားရှိသော စိတ်ဝိညာဉ် အချုပ်အနှောင် များက ထူးဆန်းသော တိုင်းပြည်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း သူက အစွမ်းအထက်ဆုံး ပျက်စီးခြင်း ဥပဒေသဖြင့် ပေါင်းစပ်ထားသော [ ဆောင်းပိုင်နက် ] မှ မလွတ်မြောက် နိုင်သေးပေ။ မဟုတ်ပေ။ ထိုအရာကို [ ဆောင်းတိုင်းပြည် ] ဟူ၍ ခေါ်သင့်ပေသည်။
ထို့အပြင် [ ဆောင်းတိုင်းပြည် ] ၏ အဟန့်အတားကြောင့် သူက ပုန်းကွယ်ရန် အကွက်ဟောင်း သုံးမရတော့သည့်အတွက် အေးခဲမှုကို ခုခံရင်း တိုက်ခိုက်လာသော ခြေသလုံးတိမ်တိုင် ဝိညာဉ်များကို ရင်ဆိုင်ရတော့သည်။
ချန်လွေ့က ဓားကို လှုပ်ရမ်းလိုက်ရာ [ ဝိညာဉ် လောင်မြိုက်ခြင်း ] ပါရှိသော မရေမတွက်နိုင်သည့် ဓားချီစွမ်းအင်များ ထွက်လာ၏။ ရေခဲရုပ်ထုများက အမှုန့်ဖြစ်သွားကြပြီး အေးခဲနေသော ခြေသလုံး အိမ်တိုင် ဝိညာဉ်များလည်း ချေမှုန်းခံလိုက်ရသည်။ ကြယ်ကြွေ တမန်ဓား၏ စွမ်းအားအောက်တွင် သူက ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို တစ်ကောင်ပြီတစ်ကောင် သတ်ပစ်နေပြီး ဥပဒေသ အပိုင်းအစတစ်ခု ရရှိသွားပြန်သည်။
ချန်လွေ့ ပတ်ပတ်လည်မှ ခြေသလုံး အိမ်တိုင် ဝိညာဉ်များ တဖြည်းဖြည်း ကုန်သွားသည်ကို မြင်သောအခါ ထိုအမျိုးသမီးက တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။ သူက အကျိုးအမြတ် အချို့အတွက် ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ထိန်းထားရန် ထိုသူကို အသုံးချချင်ခဲ့လေသည်။ သူ့အကြံအစည် ကျရှုံးသွားပြီး သူကိုယ်တိုင်က ခြေသလုံးအိမ်တို်င ဝိညာဉ်များကို အချိန်ဆွဲရန် သူ၏ အသုံးချခံ ဖြစ်သွားကာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။
ချန်လွေ့က ချက်ချင်းပင် ထိုအမျိုးသမီး အရှေ့သို့ ရောက်ရှိ လာခဲ့ပြီး သူ့ဆီကို ချဉ်းကပ်လာသော ခြေသလုံးအိမ်တိုင် ဝိညာဉ်က ကြောက်မက်ဖွယ်ရာ ဓားအလင်းရောင်ကြောင့် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထိုအမျိုးသမီးက ပျက်စီးခြင်းစွမ်းအင် သုံးလေးဆ ရုတ်တရက် ပိုတိုးသွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ ခြေထောက်ပင် စတင်၍ အေးခဲလာခဲ့သည်။ သူက ကြောက်လန့်လာခဲ့ပြိး အော်ပြောလိုက်၏။ “ကျွန်မ အရှုံးပေးတယ်။”
ထိုပျက်စီးခြင်းစွမ်းအားက ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ချန်လွေ့ စကား မပြောနိုင်ခင်မှာပင် ပြင်းထန်သော လှိုင်းများ ထုတ်လွှတ်နေသော ဒူးလေးနက် တစ်လက်က ထိုအမျိုးသမီး၏ လက်ထဲတွင် ပေါ်ထွက်လာသည်။ ချန်လွေ့တွင် ရှောင်တိမ်းရန် အချိန် မလုံလောက်ခဲ့ပေ။ ထက်မြက်သော မြား(၃)ချောင်းက သူ၏ ရင်ဘတ်ကို တိတိကျကျ စိုက်ဝင်သွားတော့သည်။
ထို(၉)ချက်ပစ် ဒူးလေးက ထိုအမျိုးသမီး၏ ကြီးမားသော ဝှက်ဖဲတစ်ခု ဖြစ်လေသည်။ ၎င်း၏ အရည်အသွေးက အဆောင်ပစ္စည်း-ယောင်အဆင့် ရောက်နေလေပြီ။
“ဟမ့်။ လက်စလီဆိုတဲ့ ငါ့ကို အညံ့ခံစေချင်တယ် ဟုတ်လား။”
တစ်ဖက်လူ၏ ရင်ဘတ်အကာက အပေါက်ရာ တိမ်တိမ်လေး (၃)ခုသာ ဖြစ်သွားကြောင်း မြင်လိုက်ရာ ထိုအမျိုးသမီး၏ လှောင်ပြောင်သံက ရုတ်တရက် အေးခဲသွားခဲ့သည်။ ၎င်းတို့က တစ်ဖက်လူကို လုံးဝ မဖောက်ထွင်းနိုင်ခဲ့ပေ။ ထိုအပေါက်များက အလျင်အမြန်ပင် မည်သည့် ထိခိုက်မှုမှ မခံရသကဲ့သို့ပင် မူလပုံစံ ပြန်ပြောင်းသွားတော့သည်။
“ဘယ်လို....” ထိုကဲ့သို့ မြင်ကွင်းမျိုးမှ ယခုမှ လက်စလီ မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ထိတ်လန့်သွား၏။ ချပ်ကာ မပြောနဲ့၊ ဒူးလေးက ဒိုင်းကာကိုတောင် လွယ်လွယ်လေး ဖောက်ထွင်းနိုင်တယ်။ ဒါက ဘယ်လိုချပ်ကာမျိုးလဲ။
အံ့အားသင့်သွားသော်လည်း လက်စလီက လှုပ်ရှားမှုများကို မရပ်ခဲ့ပေ။ ဒူးလေးကို ဆက်ပစ်လိုက်ပြန်ပြီး ကျန်ရှိသော (၆)ချောင်းလုံးကို ချပ်ကာ မဖုံးကွယ်နိုင်သော မျက်နှာဆီ ပစ်လိုက်၏။
ချန်လွေ့အရှေ့တွင် ရုတ်တရက် ရှေးကျပြီး ရိုးရှင်းသော ပုံစံကွက် ရှိနေသည့် ဒိုင်းကာတစ်ခု ပေါ်ထွက်လာကာ မြား၏ ပစ်မှတ်ကို အစားထိုးလိုက်သည်။
“ဒေါင်....ဒေါင်.....ဒေါင်......”
ယခုတစ်ခေါက်တွင် အပေါက်တစ်ခုမှ မကျန်ခဲ့ပေ။ ဒိုင်းကလည်း ဘာမှ မဖြစ်ပေ။
ဒိုင်းကာကြီးကို မြင်သောအခါ လက်စလီ၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ “နတ်ဆိုးဒိုင်း....”
လက်စလီက ထိုစဉ်က ထင်ယောင်မှား နတ်ဆိုးအင်ပါယာ၏ တော်ဝင်ဆွေးမျိုးတစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူက ထိုဒိုင်းကာနှင့် မစိမ်းပေ။ တစ်နည်းပြောရလျှင် ထိုဒိုင်းကာက မည်သည်ကို ဆိုလိုကြောင်း လီဗျာသန် တော်ဝင်မိသားစုတိုင်း သိကြပေသည်။
နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း (၇)ခုထဲမှ တစ်ခုဖြစ်သော လီဗျာသန် တော်ဝင်မိသားစု၏ အဆင့်မြင့်ဆုံး အဆောင်ပစ္စည်း ဖြစ်သည့် ထင်ယောင်မှား နတ်ဆိုးဒိုင်းကာပင်။
ချန်လွေ့က လက်စလီ သတိလက်လွတ် ဖြစ်သွားမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ အနီရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး ချိန်းကြိုးနှစ်ခု ပျံထွက်သွားခဲ့သည်။ ချိန်းကြိုးများက ထူးဆန်းသော မီးတောက်အငွေ့အသက် ထုတ်လွှတ်နေပြီး လက်စလီကို ကြက်ခြေခတ် ပုံစံဖြင့် ချည်နှောင်လိုက်၏။
လက်စလီ အလစ်တိုက်ခိုက်မည်ကို ချန်လွေ့ မှန်းဆထားခဲ့ သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူက အတော်များများ လှုပ်ရှား ခဲ့သည်မှာ လက်စလီကို အရှင်ထားနိုင်ရန်ပင်။
ချိန်းကြိုးများက နိမိတ်ပုံရိပ်များ ဖြစ်နေဟန်တူပြီး ခဏအကြာ လက်စလီ၏ ခန္ဓာကိုယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ချန်လွေ့က လက်စလီကို ဂရုမစိုက်တော့ပေ။ သူက ကြယ်ကြွေတမန် ဓားနှင့်အတူ [ ဆောင်းတိုင်းပြည် ] ကို အသုံးချပြီး ကျန်ရှိသော ခြေသလုံးအိမ်တိုင် ဝိညာဉ်အားလုံးကို သုတ်သင်ကာ နောက်ထပ် ဥပဒေသ အပိုင်းအစ(၃)ခု ရလာခဲ့သည်။
ယခုတစ်ခေါက်တွင် သူက စုစုပေါင်း ဥပဒေသ အပိုင်းအစ (၅)ခု ရရှိခဲ့သည်။ ယခင်နေ့များက ရရှိခဲ့သည်များနှင့် ပေါင်းလျှင် စုစုပေါင်း (၉)ခု ရှိပြီဖြစ်ကာ မနည်းလှပေ။
ချန်လွေ့က ဥပဒေသ အပိုင်းအစများကို သိမ်းပြီးနောက် လက်စလီကို ကြည့်လိုက်သည်။
ထိုအချိန် လက်စလီက လေထဲ၌ လွင့်ပျံနေသည်။ သူ့ ပတ်ပတ်လည်မှ တိုင်းပြည် မရှိတောသည်မှာ ကြာလေပြီ။ သူ၏ အသက်က ချန်လွေ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ စွမ်းအားက ဆုပ်ကိုင်မရသော ချိန်းကြိုး နှစ်ခုကြောင့် လုံးဝ ချုပ်တည်းခံရလုနီးပါး ဖြစ်နေသည်။ အမှန်တကယ်၌ သူက အင်အားအကုန်ဖြင့် ရုန်းကန်သော်လည်း ရုန်းကန်လိုက်သည်နှင့် ချိန်းကြိုးမှ ကြောက်မက်ဖွယ်ရာ စုပ်ယူခြင်း ဖြစ်ပေါ်လာပြီး သူ၏ အသွေးအသားကို စတင်စုပ်ယူလေ၏။ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့ရသည်။ ကံကောင်းစွာပင် သူ မလှုပ်သရွေ့ ဝါးမျိုခြင်းစွမ်းအားက အလိုလို ပျောက်ကွယ် သွားလေသည်။
အစစ်အမှန် မီးတောက် အချုပ်အနှောင်။
ထိုအရာက လူသားလောကမှ တောင်ပံ(၄)ခု တမန်တော် အစ်ဇ်ယိုရူးလ်က ချန်လွေ့အပေါ် အသုံးပြုခဲ့သော စွမ်းအားကြီး အဆောင်ပစ္စည်းတစ်ခု ဖြစ်၏။ ၎င်းကို ကောင်းကင်တမန် သံုးပါးထဲမှ တစ်ပါးဖြစ်သော ရာဖယ်ရယ်က ပေးကမ်းထားခြင်း ဖြစ်သည်။ သော်သော်ကသာ ချန်လွေ့ကို ကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် မစတေးခဲ့ပါက ချန်လွေ့သည် အစစ်အမှန် မီးတောက် အချုပ်အနှောင်ကြောင့် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့ပေမည်။
ထို့နောက်တွင် အစစ်အမှန်မီးတောက် အချုပ်အနှောင်၏ ဥပဒေသကို လုံးဝစုပ်ယူပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲရန် အချိန် (၂)နှစ် ကြာခဲ့၏။
ချန်လွေ့ အသုံးပြုလိုက်သော အစစ်အမှန်မီးတောက် အချူပ်အနှောင်က ယခင်ကကဲ့သို့ မကြမ်းတမ်းသော်လည်း ချုပ်တည်းမှု စွမ်းရည်က ပိုအားကောင်းလာခဲ့သည်။
“လက်စလီ။ ဟုတ်လား။” ချန်လွေ့က တိတ်ဆိတ် နေသော အမျိုးသမီးကိုကြည့်ပြီး အေးစက်စက်နှင့် ပြုံးလိုက်သည်။ “မင်းက စေတန်ရဲ့ လက်အောက်ခံ ဟုတ်တယ်မလား။”