ပြန်ဆုံဆည်းခြင်း
Vol. 54 Ch. 877
အရိပ်နက်အင်ပါယာမှ အမျိုးသမီးနှင့် သော်သော် လက်ညှိုး ထိုးပြကာ “ဖေဖေ”ဟု ခေါ်ခဲ့သော အမျိုးသားတို့က မောင်းမဆောင် အမျိုးသမီးများအား လီလစ်ဇ်မှာ ချန်လွေ့၏ “ပထမဆုံး မိန်းမ” ဖြစ်ကြောင်း သေချာစေခဲ့သည်။ သို့သော်လည်း မစ်-သော်သော်၏ နောက်ထပ်နှစ်ခါ အော်ပြောလိုက်သော “မေမေ” ဟူသော စကားက ထိုအမျိုးသမီးများ၏ ယခင်က အယူအဆကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဆွေမျိုးများနှင့် မိတ်ဆွေများ သိထားသည်ကို ပြောင်းပြန် ဖြစ်စေခဲ့လေသည်။
“အရိပ်နက်အင်ပါယာကအမျိုးသမီး” ဆိုတာက လီလစ်ဇ် မဟုတ်ဘဲနဲ့ အရိပ်နက်အင်ပါယာ ဧကရီ ကတ်သရင်းလား။
အကြံအစည်များသော အစ်ဇဘယ်လာဖြစ်စေ၊ ဟန်ဆောင် ငေးငိုင်တတ်သော ဇိုလာဖြစ်စေ၊ တည်ငြိမ်မှု ဘာမှမဖြစ်သလို နေတတ်သော ရှီရာဖြစ်စေ အားလုံး ကြက်သေသေသွားကြ၏။ ကတ်သရင်း၏ ဝမ်းကွဲ ရိုမန်၏ မယားငယ် မယ်ဒီလူသည်ပင် ကြက်သေသေသွားခဲ့လေသည်။
တစ်ယောက်တည်းသော မနားလည်သူမှာ ဇိုလာကို အတုခိုးပြီး “ဘာပြောတာလဲ”ဟု ပြောချင်နေသော မစ်-နဂါးနက် ဖြစ်ပြီး ထူးဆန်းသော အခြေအနေကြောင့် ကြောက်လန့်နေခဲ့သည်။
ချန်လွေ့က သူ အတော်လေး သတိရနေခဲ့သော ဇာမဏီလေးက မသေသွားခဲ့ဘဲ တကယ့် သမီးအဖြစ် ပြန်ဝင်စီးလာခဲ့ကြောင်း မသိခဲ့ပေ။ မစ်-သော်သော်၏ “ဖေဖေ မေမေ” အော်ခေါ်သံက မောင်းမဆောင်ကို အကြီးမားဆုံး ငလျင်ကြိး ဖြစ်နေစေကြောင်း ကိုလည်း မသိခဲ့ပေ။ သူ၏ မျက်လုံးများက မျက်နှာချင်းဆိုင်မှ ကတ်သရင်းကိုသာ စိုက်ကြည့်နေ၏။
ကတ်သရင်း၏နောက်ဘက်တွင် အဆောင်ပစ္စည်း (၇)မျိုးထဲမှ တစ်မျိုးဖြစ်သော အရိပ်နက် ဝတ်ရုံကို မတွေ့ရပေ။ အဖြူနှင့် အပြာ ဂါဝန်က ပြိုင်ပွဲထက် အခမ်းအနားတစ်ခုအတွက် ဝတ်ထားခြင်း ဖြစ်ပုံရသည်။ သူ၏ မျက်နှာကို ဖုံးကွယ်ထားသော အဖြူရောင် ကလည်း ပုံမှန်ထက် ပိုပါးနေခဲ့ကာ သူ၏ အနုစိတ်ပြီး ပြီးပြည့်စုံသော မျက်နှာအသွင်အပြင်ကို ရေးရေးလေး မြင်နေရစေသည်။
ကတ်သရင်းက အရင်ဦးစွာ ပြောလိုက်သည်။ “ရှင် ရောက်လာပြီပဲ။”
အစပိုင်း၌ နိမ့်ကျနေရာမှ အသာစီးရအောင် ပြောင်းလဲရန် ရည်ရွယ်ချက်တစ်ခု ရှိနေပုံရသည်။ ထိုအရာကလည်း ကတ်သရင်း၏ ပုံစံနှင့် ကိုက်ညီပေသည်။
“အင်း...” ချန်လွေ့ ပြန်ဖြေလိုက်ရာ ထိုအသံ(၂)ခုက ကိရိယာ တစ်ခုခုဖြင့် အသံမြှင့်ထားကြောင်း ရုတ်တရက် တွေ့ရှိသွား၏။ ၎င်းက အမှန်တကယ်ပင် အဝေးသို့ ပျံ့နှံ့သွားပြီး အထူး ပို့လွှတ်ခြင်းမှတဆင့်ဖြစ်ကော နယ်မြေတစ်ခုလုံးကို ပျံ့နှံ့နေခဲ့သည်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်မိသည်။
ကတ်သရင်းက ခပ်တည်တည် ပြုံးပြလိုက်၏။ “တစ်ဦးချင်း ရလာဒ်ကတော့ ဒီဗိုလ်လုပွဲအတွက် ဘာအဓိပ္ပာယ်မှ မရှိသလို သည်းထိတ်ရင်ဖို ဖြစ်စရာလည်း မရှိဘူး။ တကယ့် ဗိုလ်လုပွဲက လွန်ခဲ့တဲ့ (၂)ရက်တုန်းပဲ။”
ထိုစကားက ချန်လွေ့ကို အနည်းငယ် ကြက်သေသေသွား စေခဲ့သည်။ ပြိုင်ပွဲကို မစခင် ကတ်သရင်းက အသံထုတ်လွှင့် နေတာကိုတောင် အမှန်အတိုင်း ပြောခဲ့တယ်။ ဒါက အရှုံးပေး နေတာလား။
သူက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အချိန်သတ်မှတ်ခဲ့တာက လူသိရှင်ကြား အရှုံးပေးဖို့ အတွက်လား။ ချန်လွေ့ ဇဝေဇဝါ ဖြစ်နေစဉ် ကတ်သရင်းက ခေါင်းခါလိုက်ပြန်သည်။ သူ၏ လေသံ ပြောင်းလဲသွား၏။ “ဒါပေမဲ့ အရိပ်နက်အင်ပါယာအတွက်၊ အင်ပါယာ သုံးခုအတွက်၊ နတ်ဆိုးဘုံ တစ်ခုလုံးအတွက် “ဗိုလ်လုပွဲ”က အခုမှစမှာ။ ဒီနေ့က အဆုံးအဖြတ် အခိုက်အတန့် ဖြစ်လာလိမ့်မယ်။”
ချန်လွေ့က အစမ်းသဘော မေးလိုက်သည်။ “ဘာလို့ ဒီလို ပြောရတာလဲ။”
ကတ်သရင်းက ချန်လွေ့ကို စိုက်ကြည့်လိုက်၏။ “ကျွန်မ အရင်က ပြောခဲ့ပါတယ်။ ဗိုလ်လုပွဲကျရင် အရာအားလုံးကို ပြောပြမယ်လို့။”
“ရွေးချယ်စရာ မေးခွန်းကို ပြောတာလား။”
“ဒါက နောက်ဆုံးအကြိမ် ဖြစ်လောက်တယ်။ ကျွန်မတို့ ကြားက ရွေးစရာ မေးခွန်း။”
သူတို့နှစ်ယောက်အကြားမှ ပြောစကားကို ပြိုင်ကွင်း၌ ကတ်သရင်း ဆင်ထားခဲ့သော ကိရိယာမှ ထုတ်လွှင့်နေပြီး နတ်ဆိုးဘုံ ရုပ်မြင်သံကြား၌ တိုက်ရိုက် ထုတ်လွှင့်နေသည်။ ပထမဆုံး စကားများက မတိုက်ခိုက်ခင် စိတ်ပိုင်းဆိုင်ရာ ဗျူဟာများကဲ့သို့ ဖြစ်နေသော်လည်း နောက်ပိုင်း စကားများက အနည်းငယ် ထူးဆန်းနေသည်။ အတော်များများက မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။
“ကျွန်မတို့”ကြား ရွေးစရာ မေးခွန်းတဲ့လား။
အရေးကြီးပုဂ္ဂိုလ်ဧည့်ခန်းမှ မောင်းမဆောင်အဖွဲ့က ၎င်းကို ကြားသည့်အခါ အထူးသဖြင့် အီစီကလီ လုပ်နေပုံပေါ်နေသည်။ အစပိုင်း၌ မသင်္ကာဖြစ်နေသော ကောင်မလေးများက နောက်ဆုံး လုံးဝ သေချာသွားခဲ့သည်။ ကတ်သရင်းက သေချာပေါက် “အရိပ်နက်အင်ပါယာကမိန်းမ”ပဲ။
နတ်ဆိုးဘုံရဲ့ ထိပ်တန်း မိန်းမလှ၊ ထိပ်တန်း ပညာရှိ ဧကရီ။
အကောင်စုတ်တစ်ကောင်ကတော့ သေသေချာချာ ဝှက်ထားတာပဲ။
လီလစ်ဇ်နှင့် တာဒီလာတို့က ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို အာရုံခံလိုက်မိသည့်အခါ တပြိုင်နက်တည်း ကြက်သီးထသွားကြ၏။
“အဲဒီမတိုင်ခင် ကျွန်မမှာ မေးစရာ နည်းနည်း ရှိတယ်။” ကတ်သရင်းက မောင်းမဆောင် အုပ်စုကို စိုးရိမ်နေစေသော “ရွေးစရာမေးခွန်း”ကို မေးရန် အလျင်မလိုနေခဲ့ပေ။ “နောက်ဆုံး တစ်ခေါက် အင်ပါယာ(၃)ခု ငြိမ်းချမ်းရေးစကားဝိုင်း လုပ်တုန်းက နတ်ဆိုးဘုံကလူတိုင်း စစ်ပွဲကနေ ဝေးဝေးနေရပြီးတော့ ငြိမ်းချမ်းရေးကို ခံစားနိုင်မယ့် “အင်ပါယာ မဟာမိတ်”ကို ဖွဲ့စည်းဖို့ အကြံပြုခဲ့တယ်။ အဲဒါကို အသေးစိတ် ရှင်းပြတာ ကျွန်မ ကြားချင်တယ်။”
အင်ပါယာအကြား ဆွေးနွေးညှိနှိုင်းမှုများက မူလတွင် လျို့ဝှက်ချက် ဖြစ်သော်လည်း ယခုတွင် နတ်ဆိုးဘုံ အရှေ့၌ ၎င်းကို လူသိရှင်ကြား မေးနေခဲ့သည်။ ထိုအရာက ချန်လွေ့ကို အံ့အားသင့် သွားစေခဲ့သည်။
ကတ်သရင်းက ထပ်ပြောသည်။ “ဘာကို တုံ့ဆိုင်းနေတာလဲ။ ဒါမှမဟုတ် အဲဒါက ရှင် အားနည်းနေတုန်းက အချိန်ဆွဲဖို့အတွက် လှည့်ကွက်တစ်ခုပဲလား။”
“မဟုတ်ပါဘူး။ ကျုပ်က အဲဒါကို ဘယ်လို ပြောရမလဲ စဉ်းစားနေတာ။” ချန်လွေ့က ကတ်သရင်း၏ ရည်ရွယ်ချက်ကို ရေးရေးလေး သဘောပေါက်လိုက်သည်။ “ဒီအင်ပါယာ မဟာမိတ်ကို နိုင်ငံများအုပ်စု လို့ ခေါ်တယ်။ အဲဒါကိုယ်တိုင်က အာဏာပိုင် အင်ပါယာတစ်ခု မဟုတ်ဘူး။ အင်ပါယာ အဖွဲ့ဝင်တုန်းက အာဏာပိုင် ဖြစ်ပြီးတော့ ကိုယ်ပိုင် တရားဥပဒေစီမံရေး၊ သံတမန်ရေး၊ ဘဏ္ဍာရေးနဲ့ တခြား အာဏာတွေရှိတဲ့ သီးခြားအင်ပါယာ တစ်ခုပဲ။ အင်ပါယာအားလုံး ပူးပေါင်းပြီးတော့ နည်းပညာ၊ စီးပွားရေး၊ အရင်းအမြစ်နဲ့ တခြားဟာတွေ ဝေမျှရမယ်။ ကြွယ်ဝမှုတွေနဲ့ ဒုက္ခသုက္ခတွေကို ဘုံအနေနဲ့ မျှဝေရမယ်။ မဟာမိတ်နဲ့ ပတ်သက်တာတွေကို ခေါင်းဆောင် အစည်းအဝေးကနေ အတည်ပြုရမယ်....”
ချန်လွေ့က “နိုင်ငံများအုပ်စု ”အကြောင်း သိထားသမျှ ရှင်းပြလိုက်သည်။ သူ နဂို နေခဲ့သော ကမ္ဘာမြေ၌ ဗြိတိသျှ ဓနသဟာယအသင်းနှင့် အိုင်အက်စ် ဓနသဟာယအသင်းတို့က နိုင်ငံများအုပ်စုစနစ် အသုံးပြုကြသည်။
နိုင်ငံများအုပ်စုနှင့် ဓနသဟာယအသင်းတို့က စုပေါင်း အင်ပါယာ တည်ဆောက်ပုံတွင် ပါဝင်သော်လည်း ကြားထဲ၌ ခြားနားချက် ကြီးကြီးမားမား ရှိပေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် နိုင်ငံများအုပ်စု က “အင်ပါယာသမ္မဂ”ဖြစ်ပြီး ဓနသဟာယ အသင်းက “အင်ပါယာများပေါင်းစည်းခြင်း” ဖြစ်သည်။ အင်ပါယာ (၃)ခု၏ ပုံစံအရဆိုလျှင် နိုင်ငံများအုပ်စု က အသင့်တော်ဆုံး မဟာမိတ် အဖွဲ့အစည်း ဖြစ်ပေသည်။
နိုင်ငံများအုပ်စုစနစ်က ချန်လွေ့၏ အနှိုင်းမဲ့ ပန်းတိုင်ဖြစ်ပြီး နတ်ဆိုးဘုံအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို ရရှိစေရန် ဖြစ်သည်။ သူ စီစဉ်ထားခဲ့သော စီးပွားရေးစစ်ပွဲ၊ စစ်ရေးပြ အခမ်းအနားနှင့် ထိုပြိုင်ပွဲတို့အားလုံးက ထိုအတွက်သာ ဖြစ်သည်။ သူ၏လက်သီးကို အရင်ပြသပြီး အကြောင်းရင်းကို ရှင်းပြပေမည်။ မမျှော်လင့်ထားဘဲ ကတ်သရင်းက ထိုကဲ့သို့ အရေးကြီးသော အခြေအနေမျိုး၌ ထိုကိစ္စကို ဦးစွာ ပြောပြလာလေသည်။
နတ်ဆိုးဘုံ၏ လက်ရှိအခြေအနေက အကောင်းဆုံး မဟုတ်ပေ။ ကြယ်ကြွေတမန်အင်ပါယာက စစ်ရေးနှင့် စီးပွားရေးအရ လုံးဝ အသာစီး ရရှိနေသည်။ နောက်တစ်ဆင့်က သေချာပေါက် သွေးရောင် အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့ ပူးပေါင်းပြီး ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်ကာ စစ်ပွဲ ဖြစ်လာ ပေလိမ့်မည်။
ပြည်သူများက သေချာပေါက် စစ် မဖြစ်ချင်ကြပေ။ အထူးသဖြင့် စစ်ရေးပြ အခမ်းအနားမှ ကြယ်ကြွေတမန် အင်ပါယာ၏ ကြောက်မက်ဖွယ်ရာ အင်အားစုကို မြင်ခဲ့ပြီးနောက် ဖြစ်သည်။ ငွေကြေးကပ်ဘေးနှင့် ပေါင်းလိုက်လျှင် သူတို့က ပို၍ပင် ကြောက်နေခဲ့သည်။ “နိုင်ငံများအုပ်စု”အကြောင်း ကမ်းလှမ်းမှုက မမျှော်လင့်ထားသော အလှည့်အပြောင်းများကို ဖြစ်စေခဲ့ပြီး နတ်ဆိုးဘုံမှ ပြည်သူများအား အမှန်တကယ် ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို မြင်နိုင်သွားစေသည်။ အရေးကြီးဆုံးမှာ ထိုစနစ်အသစ်ကို ကြယ်ကြွေတမန်အင်ပါယာမှ ကြင်ရာတော် မင်းသား “အက်ဂ်ယော” ကမ်းလှမ်းခဲ့ခြင်းပင်။
ကတ်သရင်းက အရေးပါသော မေးခွန်းအချို့ကို မေးပြီး ချန်လွေ့က တစ်ခုချင်း ပြန်ဖြေခဲ့သည်။ အများပြည်သူ နေရာ အချို့၌ လူများ တဖြည်းဖြည်း ပိုများလာပြီး သေသေချာချာ နားထောင် နေခဲ့ကြသည်။ ထိုအရာက စိတ်လှုပ်ရှားစရာ တိုက်ပွဲတစ်ခု ဖြစ်ရမည်ကို သူတို့ မေ့နေကြဟန်တူသည်။
အမေး အဖြေ ပြိးနောက်တွင် ကတ်သရင်းက ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။ “ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ရှင့်မှာ ရွေးစရာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက အရိပ်နက် အင်ပါယာနဲ့ သွေးရောင် အင်ပါယာကို စစ်ကြေညာပြီးတော့ အကြွင်းမဲ့ အုပ်စိုးမှုကို စတင်ဖို့ပဲ။ မျက်နှာဖုံးကို ချွတ်ပြီးတော့ တကယ့်မျက်နှာအမှန်ကို ပြသပြီးတော့ နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားအောင်လည်း လုပ်လို့ရတယ်။ ရှင်က အထူး အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်လို့ တစ်ဦးချင်း စွမ်းအားကို သုံးလို့ မရရင်တောင် ရှင့်ရဲ့ စီးပွားရေးကို ချုပ်ကိုင်တဲ့ ကြောက်စရာ နည်းလမ်းတွေနဲ့ ယခုလက်ရှိ ပြိုင်စံရှား စစ်တပ်အင်အားနဲ့ဆိုရင် ရှင်ကလည်း နတ်ဆိုးဘုံမှာ ထိုက်တန်တဲ့ နံပါတ်(၁)ပဲ။ အရိပ်နက် အင်ပါယာကတော့ လက်လျှော့မှာ မဟုတ်ဘူး။ ရိုင်ဇန်လည်း အတူတူပဲဆိုတာ ကျွန်မ ယုံကြည်တယ်။ ရှင်က နောက်ဆုံး အနိုင်ရသွားရင်တောင် ကြီးကြီးမားမား ပေးဆပ်ခဲ့ရမှာပဲ။ ဒုတိယ ရွေးချယ်စရာကတော့ အင်ပါယာ(၃)ခုက နိုင်ငံများအုပ်စု မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းဖို့ပဲ။ ဒါပေမဲ့ ရှင်က အဲဒီအဖွဲ့ရဲ့ အုပ်ချုပ်ရေးကို ဝင်မနှောင့်ယှက်ဘူးလို့ ဝိညာဉ်နဲ့ သစ္စာဆိုရမယ်။ နိုင်ငံများအုပ်စု အမှန်တကယ် တည်ရှိတာလာတဲ့အခါ စစ်ပွဲနဲ့ နတ်ဆိုးဘုံကို ထိန်းချုပ် အုပ်စိုးဖို့ကို ထာဝရ လက်လျှော့ရမယ်။ ကျွန်မပြောတဲ့ ထိန်းချုပ်မှုက စစ်တပ်နဲ့ အင်အားစုတင် မကဘူး။ ရှင့်ရဲ့ နက်နဲလှတဲ့ စီးပွားရေး စစ်ဗျူဟာတွေ အပါအဝင်ပေါ့။”
တစ်ခုက စစ်ပွဲနဲ့ အကြွင်းမဲ့အုပ်စိုးတာ၊ တခြားတစ်ခုက စစ်ပွဲနဲ့အုပ်စိုးကို လက်လျှော့တာ။ ကတ်သရင်းရဲ့ စကား အရဆိုရင် “အက်ဂ်ယော”က ကြယ်ကြွေတမန်အင်ပါယာရဲ့ တကယ့် နောက်ကွယ်ကလူပဲ။ တစ်နည်းပြောရရင်တော့ ကြင်ရာတော် မင်းသားက မဟာရှီရာကို အပြည့်အဝ ကိုယ်စားပြုနိုင်တယ်။
ထိုရွေးချယ်စရာနှစ်ခုကို ပြောလိုက်သည်နှင့် လူအတော် များများက အချင်းချင်း တီးတိုးပြောလိုက်ကြသည်။
“အုပ်စိုးဖို့ကို ထာဝရ လက်လျှော့ရမှာလား။” ချန်လွေ့က အနည်းငယ် စဉ်းစားလိုက်သည်။ “တတိယ ရွေးချယ်စရာ ရှိမလား မသိဘူး။”
ကတ်သရင်းက ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေ လိုက်သည်။ “ရှိတယ်။ အဲဒါကတော့ ဒီပြိုင်ပွဲမှာ ကျွန်မကို သတ်ပစ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်မက အသက်ကို ရင်းပြီးတော့ သေတဲ့အထိ တိုက်ခိုက်မယ်။ ကျွန်မသေတာနဲ့ ရှင် ရွေးချယ်စရာ မလိုတော့ဘူး။”
“ခင်ဗျားက သေဖို့ ဆုံးဖြတ်ပြီးတော့ ရောက်လာတာကိုး။ ကျုပ်က ပထမတစ်ခုကို ရွေးခဲ့ရင်လည်း ခင်ဗျား ဒီလိုပဲလုပ်မှာ မဟုတ်လား။” ချန်လွေ့က ကတ်သရင်း၏ ဝတ်ရုံကိုကြည့်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် အရိပ်နက် ဝတ်ရုံက ဒီမှာ မရှိတာကိုး။ အရင် (၂)ရက်အတွင်းမှာ ခင်ဗျားက ကိစ္စတော်တော်များများကို လွှဲထားပြီးလောက်ပြီ။ ခင်ဗျားက ဆက်ခံသူနဲ့ စျာပနအတွက် လုံးဝ ပြင်ဆင်ထားပြီ ဆိုမှတော့ အထူးအစွမ်းထက်ပုဂ္ဂိုလ်တွေက သာမန်စစ်ပွဲကို နှောင့်ယှက်လို့ မရဘူးဆိုတဲ့ စည်းမျဉ်းကြောင့် ခင်ဗျားသေတာက အရိပ်နက် အင်ပါယာရဲ့ တိုက်ခိုက်ရေးအင်အားကို ထိခိုက်သွားစေမှာ မဟုတ်ဘဲနဲ့ စစ်သည်တွေကို ပိုပြီးတော့ စိတ်အားတက်ကြွ လောစေလိမ့်မယ်။ မခံမရပ်နိုင်ဖြစ်နေသော စစ်တပ်က အနိုင်ရမှာပဲ။ ဒါပေမဲ့ ခင်ဗျားဘဝရဲ့ အဖိုးတန်းဆုံး အသက်ကို စတေးတာက.... ထီးနန်း၊ တာဝန်နဲ့ ပြည်သူတွေ အပြင်ကို ခင်ဗျားကို ဘာရှိသေးလဲ။ အဲဒါက ထိုက်တန်တယ်လို့ ထင်လား။”
ကတ်သရင်းက ချန်လွေ့ကို တိတ်တိတ်လေး ကြည့်လိုက်ပြီး တစ်လုံးချင်း လေးလေးနက်နက် ပြန်ဖြေလိုက်၏။ “ထိုက် တန် တယ်။”
ခုနက အနည်းငယ် ဆူညံနေခဲ့သော ပြိုင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ အရေးကြီးပုဂ္ဂိုလ်အခန်းလည်း ထိုကဲ့သို့ ဖြစ်လေသည်။ ထိုအချိန်၌ လီလစ်ဇ်တို့ လင်မယား အပါအဝင် အသီနာ၊ ဇိုလာ၊ အစ်ဇဘယ်လာ တို့အားလုံး တိတ်ဆိတ် နေကြသည်။ မျက်နှာလွှား ဝတ်ထားပြီး အထီးကျန်ကာ ပြတ်သားစွာ ဆုံးဖြတ်ထားသည့် အမျိုးသမီးကို ကြည့်နေရင်း သူတို့က ကိစ္စ အတော်များများကို ရုတ်တရက် နားလည် သွားကြသည်။
ရှီရာက နားလည်နိုင်ဆုံး ဖြစ်ပြီး သူ၏ ခရမ်းရောင် မျက်လုံးထဲ၌ နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ဖေဖေ...မေမေ....”
ခုနက ငြိမ်သွားခဲ့သော သော်သော်က ရုတ်တရက် ရုန်းထွက်သွားရာ အသီနာက သတိလက်လွတ် ဖြစ်သွားခဲ့သည်။ သော်သော်က အရေးကြီးပုဂ္ဂိုလ်အခန်းမှ အလျင်အမြန် ထွက်ပြေး သွားခဲ့သည်။ ခန္ဓာကိုယ် အသေးလေးက ရုတ်တရက် မီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်ကို ပျံကတ်သွား၏။ ဇိုလာက အမြန်ဆုံး တုံ့ပြန်လိုက်သည်။ သူ၏လက်ထဲ၌ အနီရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မီးကိုမီးနှင့် ချုပ်ထိန်းကာ သော်သော်ကို မနာကျင်စေဘဲ တားဆီးရန် ရည်ရွယ်လိုက်၏။ ထိုအချိန်၌ ဇာမဏီအော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မီးတောက်က ရုတ်တရက် ဇာမဏီငှက် နိမိတ်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ဇိုလာ၏ စွမ်းအားက ၎င်းကို တားဆီးရန် ကျရှုံးသွားခဲ့ရုံသာမက ဇာမဏီက ၎င်းကို အခွင့်ကောင်းယူပြီး ပို၍ပင် ရှေ့သို့ မြန်မြန် ရောက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ဇာမဏီငှက်ငယ်လေး၏ ပုံရိပ်ကို ကြည့်ရင်း အသီနာက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သကဲ့သို့ပင် မယုံကြည် နိုင်သော အမူအရာတစ်ခု ပြသလိုက်၏။
“ခင်ဗျားက ခေါင်းမာနေတုန်းပဲ။ ခင်ဗျားက အတော်များများ လက်လျှော့ခဲ့တယ်။ ခင်ဗျားနောက်က လူပေါင်း သောင်းနဲ့ချီ အတွက် ပုခုံးပေါ်က တာဝန်တွေအတွက် အသက်ကိုတောင် စွန့်လွှတ်ခဲ့တယ်။” ချန်လွေ့က သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးပေါ် လက်တင်လိုက်သည်။ “ခင်ဗျားကို ဂုဏ်ယူတဲ့အနေနဲ့ ကျုပ် အမှန်တကယ် ဖြေပေးပါ့မယ်။”
ထိုအချိန် လူတိုင်းက အသက်အောင့်ထားကြပြီး မျက်နှာဖုံး ကိုင်ထားသောလက်ကို စိုက်ကြည့်နေကြသည်။
မျက်နှာဖုံးကို ချွတ်၊ သရုပ်မှန်ကို ပြသပြီးတော့ နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်သွားစေမှာလား။ အရိပ်နက်အင်ပါယာနဲ့ သွေးရောင်အင်ပါယာကို စစ်ကြေညာပြီးတော့ အကြွင်းမဲ့ အုပ်စိုးခြင်းကို စတင်မှာလား။
နောက်ဆုံးတော့ စစ်ပွဲကို ရင်ဆိုင် ရတော့မှာလား။ လူအများ အတော်လေး စိုးရိမ်နေခဲ့ကြသည်။
မျက်နှာဖုံးကို တဖြည်းဖြည်း ချွတ်လိုက်၏။ ၎င်းက အရိပ်နက်အင်ပါယာ ယန္တရားပြိုင်ပွဲနှင့် ကြယ်ကြွေတမန် အင်ပါယာ ဆေးရည်ပညာရှင်ပြိုင်ပွဲ၌ ပေါ်လာခဲ့သော ရင်းနှီးသောမျက်နှာ ဖြစ်သည့် ဆရာသခင် အာသာ ဖြစ်နေသည်။
ထိုအရာက သူ၏ မျက်နှာ အစစ်အမှန် မဟုတ်ပေ။
ကတ်သရင်း၏ နှလုံးသားက သိမ့်သိမ့်တုန်သွားပြီး ထိုမျက်နှာ၏ အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့လေပြီ။
ချက်ချင်းပင် ထိုမျက်နှာက ဝေဝါးဝါး ရင်နှီးနေသော အပြုံးတစ်ခု ပြသပြီး စကားတစ်ခွန်း ပြောလိုက်၏။ “မင်း နိုင်ပါတယ်။”
ထိုစကားက အဝေးသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
“နိုင်ငံများအုပ်စု အမှန်တကယ် တည်ရှိပြီးတော့ နတ်ဆိုးဘုံက အမှန်တကယ် ငြိမ်းချမ်းမယ်ဆိုရင် ကျုပ်က နတ်ဆိုးဘုံကို ထိန်းချုပ် အုပ်စိုးဖို့ လုံးဝ လက်လျှော့မယ်လို့ ကျုပ်ရဲ့ဝိညာဉ်နဲ့ သစ္စာဆိုပါတယ်။” ချန်လွေ့က ကတ်သရင်းကို ကြည့်နေရင်း ပြုံးလိုက်သည်။ “ကျုပ် ပြောချင်တာကတော့ ဒါက တကယ်ကို ကျုပ်ရဲ့ အကြီးမားဆုံးဆန္ဒဆိုတာပါပဲ။”
ထိုကဲ့သို့ သစ္စာဆိုခြင်းက စစ်ပွဲကို စွန့်လွှတ်ရန် လူသိရှင်ကြား ကြေညာလိုက်ခြင်းနှင့် ညီမျှပေသည်။ ရိုင်ဇန်နှင့် ကတ်သရင်းတို့က ထိုကဲ့သို့ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး ငြိမ်းချမ်းရေး ရရှိမည့် နိုင်ငံများအုပ်စု ကို တည်ဆောက်ရန် သဘောတူလိုက်ပါက လူအများ အစိုးရိမ်ကြဆုံးဖြစ်သော စစ်ပွဲက တဖန် ပြန်ဖြစ်လာမည် မဟုတ်တော့ပေ။ စစ်မှန်သော ငြိမ်းချမ်းရေး အမှန်တကယ် ဖြစ်လာနိုင်၏။
ချက်ချင်းပင် ပြိုင်ကွင်းတစ်ခုလုံး၊ နယ်မြေတစ်ခုလုံးနှင့် နတ်ဆိုးဘုံ တစ်ခုလုံးက မိုးခြိမ်းသံကဲ့သို့ အော်ဟစ် ကြွေးကြော် သံများ ပေါက်ကွဲထွက်သွားတော့သည်။ ရှေးစစ်မြေပြင် အဝေးမှပင် ကြွေးကြော်သံများကို ကြားနေရ၏။
အဝေးမှ ကြွေးကြော်သံများနှင့် ထိုအပြုံးကို ကြည့်နေရင်း ကတ်သရင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။ သူ့ကို ထောက်ပံ့ပေးနေသော အင်အားတစ်မျိုမျိုးက တိတ်တိတ်လေး အဝေးသို့ ရောက်သွားခဲ့လေသည်။
သူက မတ်မတ်ရပ်လိုက်ပြန်၏။ “အဲဒီသီချင်းရဲ့နာမည်ကို ကျွန်မ သိချင်တယ်။”
သူက ချန်လွေ့ကို ရာဇသံ ပေးရန်အတွက် အမှောင်လသို့ ခရစ္စတီးနား အနေဖြင့် သွားခဲ့စဉ် “ထိုသီချင်း”ကို နားထောင် ခဲ့ရသည်။ သူက တစ်ခေါက်သာ ကြားခဲ့ရသော်လည်း အတော်လေး သဘောကျခဲ့သည်။ ထိုကဲ့သို့ နက်ရှိုင်းပြီး လွမ်းမောတမ်းတဖွယ် ဂီတသံက သူ၏ အိပ်မက်ထဲ၌ ထပ်ကာထပ်ကာ ပဲ့တင်ထပ်နေခဲ့၏။
ချန်လွေ့က အကြောင်းအရာကို ရုတ်တရက် သဘောပေါက် လိုက်သော်လည်း မသေချာသေးပေ။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အကြည့်တစ်ခု ရှိနေပြီး သူက ပြန်ဖြေလိုက်သည်။
“ထာဝရ အစောင့်အရှောက်...”
ကတ်သရင်းက မျက်လုံးကို အသာအယာ မှိတ်လိုက်ပြီး ဂီတသံများကို နားထဲ၌ ပြန်ကြားယောင်နေဟန်တူသည်။
အသံတိတ်ညစိမ့်မြေ။ ထိုသူက သူ၏ နောက်ဆုံး အင်အားကို အသုံးပြုပြီး ဘရော့ခ်နှင့်အတူ တယ်လီပို့ခုန်ခဲ့သည်။
သလင်းကျောက်တောင်ကြား။ သူက တုံ့ဆိုင်းမှုမရှိဘဲ သူ့ နှလုံးသားကို ကြေမွစေခဲ့သည်။
ဂျာဂယ်ခံတပ် ကွင်းပြင်ငယ်။ ပြိုင်စံရှား ရိုင်ဇန်ကို ရင်ဆိုင် နေရစဉ် ထိုသူက ပြုံးဖြီးဖြီးနှင့် သူ့ကို ပြောခဲ့သည်။ “မြန်မြန် ပြေးတော့။”
သေစေနိုင်သော [ နိဗ္ဗာန်မီးတောက် ] ထဲ၌ ထိုသူက ချေမှုန်းခံရလု နီးပါးဖြစ်နေသော သူ့ကို အသည်းအသန် ပွေ့ဖက် ထားခဲ့သည်။ “ကိုယ် မင်းကို မိပြီ။”
“မင်းရဲ့ ခေါင်းမာမှုက လူတိုင်းကို ကာကွယ်ဖို့အတွက်ဆိုရင် ငါ့ရဲ့ အခုလက်ရှိ ခေါင်းမာမှုက မင်းကို ကာကွယ်ဖို့သက်သက်ပဲ။”
ထာဝရ အစောင့်အရှောက်။
ကတ်သရင်းက မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး “သူ”အားလုံးက ရှေ့မှ လူတစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ လရောင်အောက်ရှိ ကောင်းကင်ထဲကရဲတိုက် ကဲ့သို့ပင် သူ့အိပ်မက်နှင့် မှတ်ဉာဏ်များထဲမှလူက ထိတွေ့၍ရနိုင်သော တကယ့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေပြီ။
ကတ်သရင်း၏ အမြင်များ ဝေဝါးသွားခဲ့ပြီး မျက်နှာပေါ်မှ မျက်နှာလွှားက ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြီးပြည့်စုံသော မျက်နှာကို ပြသလိုက်၏။
ပထမဆုံးအနေဖြင့် သူက မျက်နှာကို ထိုသူအပါအဝင် လူတိုင်းအရှေ့၌ ပြသခဲ့လေသည်။
ရင်သပ်ရှုမောဖွယ်ရာ အလှတရားနှင့် နိဗ္ဗာန် (၅)ဆင့် စွမ်းအား တို့က သူ၏ အသွင်အပြင်နှင့် စိတ်နေသဘောထားကို ပြီးပြည့်စုံ စေခဲ့သည်။ ယခုတွင် ဇိုလာသည်ပင် သူ့ထက် အနည်းငယ် နိမ့်ကျနေ၏။
ထိုအရာက ခုနက အုတ်အော်သောင်းတင်းဖြစ်နေသော ပရိသတ်များကို တိတ်ဆိတ်သွားစေပြန်သည်။
ကတ်သရင်းက ရုတ်တရက် ပြုံးလိုက်သည်။ “ထာဝရ အစောင့်အရှောက် ဟုတ်လား။ ဒါကို အမြဲတမ်း ရူးမိုက်တာလို့ပဲ နားလည်ရမလား။”
ချန်လွေ့လည်း ပြုံးလိုက်သည်။ “ရတာပေါ့။”
ကတ်သရင်းက မျက်လုံးထဲမှ ကျလာနေသော မျက်ရည်များကို မထိန်းချုပ်ဘဲ ချန်လွေ့ကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။ “ဒါဆိုရင် ရှင်က မရူးမိုက်ဘဲနဲ့ ခေါင်းမာတဲ့ တကိုယ်ကောင်းဆန်တဲ့ အမြဲစိတ်ပြောင်းတဲ့ ရက်စက်တဲ့ မိန်းမမျိုးကို လက်ခံဦးမှာလား။”
ကတ်သရင်းက ထိုကဲ့သို့ အခြေအနေမျိုး၌ ယောက်ျား တစ်ယောက်ကို ထိုကဲ့သို့ မေးခွန်းမျိုး မေးမည့် နေ့ရက်မျိုး ရောက်လာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သို့သော်လည်း ယခုတွင် သူက တုံ့ဆိုင်းနေမှု အားလံုးကို ဘေးဖယ်ထားပြီး ရိုးရှင်းစွာပင် ထိုကဲ့သို့ မေးလိုက်၏။
နတ်ဆိုးဘုံအရှေ့၌ သူက ထိုယောက်ျားကို အရှုံးပေးမည်ဟု လုံးဝ စိတ်မကူးထားခဲ့ပေ။
သို့သော်လည်း ထိုသူက ပြုံးပြပြီး “မင်း နိုင်ပါတယ်” ဟု ပြောလိုက်သောအခါ မိမိ ရှုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်၏။
ကတ်သရင်းက ထိုသူကို လုံးဝ ရှုံးနိမ့်သွားလေပြီ။
ပြိုင်ကွင်းနှင့် မှော်ရုပ်ြမင်သံကြား အရှေ့မှ လူတိုင်းက တဖန် ထိတ်လန့်သွားပြန်ပြီး နိုင်ငံများအုပ်စု စနစ် အကြောင်း ကြားခဲ့ စဉ်ကထက်ပင် ပိုမို ထိတ်လန့်သွားခဲ့သည်။ သူတို့နှစ်ဦးအကြား ပတ်သက်မှုကို အရူးတစ်ယောက်ပင် မြင်နိုင်၏။
နတ်ဆိုးဘုံရဲ့ ထိပ်တန်း မိန်းမလှ၊ ထိပ်တန်း ပညာရှိ၊ အရိပ်နက် အင်ပါယာရဲ့ ဧကရီက တကယ်ပဲ.....
ပြီးတော့ အဲဒီယောက်ျားက ကြယ်ကြွေတမန်အင်ပါယာ ဧကရီရဲ့ ကြင်ရာတော်မင်းသား ဖြစ်နေတယ်။
ချန်လွေ့၏ မျက်လုံးများက လှပသော တလက်လက် ဖြစ်နေသည့် မျက်လုံးများကို စိုက်ကြည့်နေရင်း မျက်ရည်များ ဝဲလာခဲ့သည်။ သူက ပင့်သက်ရှိုက်ပြီး ခေါင်းကို အသာလေး ငုံ့ကာ လက်ကို ဆန့်ထုတ်လိုက်၏။ “အရင်အတိုင်းလိုပါပဲ။ ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါ။”
ကတ်သရင်းက ညင်သာစွာဖြင့် လက်ကို ဆန့်တန်းလိုက်သည်။ သူ၏လက်က တုန်ခါနေသော်လည်း နောက်ဆုံးတွင် ချန်လွေ့၏ လက်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ရမ္မက်ပြင်းသော ပွေ့ဖက်ခြင်းများ၊ နမ်းရှိုက်ခြင်းများမရှိဘဲ တစ်ယောက်ချင်းစီ၏ လက်ထဲ၌ အရေးအပါဆုံး အရာများကို ကိုင်ထားသကဲ့သို့ပင် လက်ချင်း ဆုပ်ကိုင်ထားနေကြသည်။
“ကျွန်မတို့ တဖြည်းဖြည်း ဝေးသွားမှာကို အမြဲတမ်း ကြောက်နေခဲ့တာ။ အချိန်ရဲ့ စမ်းသပ်ချက်ကို ကျွန်မ မတောင့်ခံ နိုင်တော့မှာ ကြောက်ခဲ့တာ။ ပြီးတော့ ရှင့်ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုရောပေါ့။ ဒါပေမဲ့ ရှင်က ကျွန်မကို ပြန်ဖမ်းမိခဲ့တယ်။”
“ထီးနန်း၊ တာဝန်နဲ့ ပြည်သူတွေ အပြင်ကို ကျွန်မ.... ကျွန်မ နောက်ဆုံးတော့ ရှင့်ကို ရခဲ့ပြီ။”
“အမြဲတမ်းအတွက် ကျေးဇူးပါ။ ကျွန်မ ချစ်ရတဲ့သူ။ ကျွန်မရဲ့ တစ်ဦးတည်းသော ယောက်ျား။ ကျွန်မ သမီးလေးရဲ့......အဖေ။”
နောက်ဆုံးစကားက ချန်လွေ့ကို တုန်လှုပ်သွားစေ၏။ သူက ရုတ်တရက် ဘယ်လက်မှ အပူရှိန်က ဖော်ပြ၍မရအောင် အားကောင်းလာကြောင်း ခံစားလိုက်ရသည်။ သူက အင်္ကျီလက်ကို ဆွဲဖြဲလိုက်သည်နှင့် စက်ဝိုင်းပုံ အမှတ်အသား တစ်ခုကို မြင်လိုက်ရ၏။ ထိုအမှတ်အသား၏ အလယ်တွင် တောင်ပံဖြန့် ထားသော ဇာမဏီငှက်တစ်ကောင် ရှိနေသည်။
မီးဇာမဏီ။
ချန်လွေ့၏ နှလုံးသား အပြင်းအထန် တုန်ခါနေခဲ့သည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်ရာ လေထဲ၌ မီးတောက်တစ်ခု ပျံသန်း နေသည်ကို မြင်လိုက်ရသည်။ မီးတောက်ထဲ၌ အမှန်တကယ်ပင် ဇာမဏီငှက်ငယ်လေး၏ အရိပ် ရှိနေသည်။
“ဖေဖေ...”
ချန်လွေ့က မိုးကြိုး အပစ်ခံလိုက်ရသလိုပင် ကြက်သေသေသွား ခဲ့သည်။ ပျံသန်းလာသော ပုံရိပ်ငယ်လေးက သူ့ဆီကို မျက်စိ တစ်မှိတ်အတွင်း ရောက်လာခဲ့ပြီး ချစ်စရာ ကလေးငယ်လေးအဖြစ် အသွင်ပြောင်းကာ သူ့ရင်ဘတ်ထဲသို့ အပြေးဝင်လာတော့သည်။
မရင်းနှီးသောမျက်နှာ ဖြစ်သော်လည်း ရင်းနှီးသော ခံစားချက် ဖြစ်နေ၏။ အထူးသဖြင့် ရင်းနှီးသော အသံနှင့် ရင်းနှီးသော အမူအရာတို့ပင်။
ချန်လွေ့က တုန်ယင်စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ကလေးမလေး၏ ငိုနေသော မျက်နှာကို မယုံကြည်နိုင်စွာဖြင့် အသာအယာ ပွတ်သပ်လိုက်၏။ ဒါက တကယ်ပဲ။ နွေးထွေး လိုက်တာ။
“သော်သော်...” မတုံ့ဆိုင်းနေဘဲ သူက ကလေးမလေးကို အတင်းအကြပ် ပွေ့ဖက်လိုက်ကာ မျက်ရည်များကို မထိန်းထား နိုင်တော့ဘဲ အရူးအမူး ငိုချလိုက်တော့သည်။
သော်သော်က ဘယ်လိုပဲ ပြန်ရှင်လာ ပြန်ရှင်လာ၊ သူက ဇာမဏီ ဟုတ်ဟုတ် မဟုတ်ဘဲ ငါ သူ့ကို မဆုံးရှုံးခဲ့ရတာ ကံကောင်းတာပဲ။
ကတ်သရင်းက အနည်းငယ် အံ့အားသင့် သွားသည်။ မိတ်ဆက်ပေးစရာမလိုပဲ အဖေဖြစ်သူကို တစ်ခါမှ မမြင်ဖူးသည့် သမီးက ချန်လွေ့ကို ရှာတွေ့ခဲ့ပြီး ချန်လွေ့ကလည်း သမီးဖြစ်သူ၏ နာမည်ကို ခေါ်ခဲ့လေသည်။
ဒီလူသားက ပုံပြင်တချို့ ပြောခဲ့ဖူးတယ်။ ပုံပြင်ထဲကအတိုင်း အတိတ်ဘဝမှာ သူတို့က သားအဖ ဖြစ်ခဲ့တာနေမယ်။
ဇိုလာနှင့် အဝေးမှ ရောက်လာသော အခြားသူများက သော်သော်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး မျက်ရည်များ ကျနေသော ချန်လွေ့ကို ကြည့်နေလိုက်သည်။ အားလုံး တိတ်ဆိတ် နေကြပြီး မည်သူကမှ အသံမထွက်ကြပေ။