← Chapters

အနာဂတ်ကို အဆုံးအဖြတ်ပေးသည့် ဆွေးနွေးညှိနှိုင်းခြင်း

Vol. 54 Ch. 879

အနာဂတ်ကို အဆုံးအဖြတ်ပေးသည့် ဆွေးနွေးညှိနှိုင်းခြင်း

Vol. 54 Ch. 879

သံလက်သီးနယ်မြေ လော့ဒ်စံအိမ်ရှိ ကောင်စီခန်းမထဲ၌ အင်ပါယာ(၃)ခုမှ အုပ်ချုပ်သူ(၃)ဦး စုဝေးကြပြန်ပြီး ကြယ်ကြွေတမန် အင်ပါယာမှ ကြင်ရာတော်မင်းသား အက်ဂ်ယောက အထူးဧည့်သည်အနေဖြင့် တက်ရောက်လေသည်။

ယခုတစ်ခေါက် ငြိမ်းချမ်းရေး စကားဝိုင်းက လွန်ခဲ့သော (၂)နှစ်ကနှင့် အတော်လေး ဆင်တူပေသည်။ သို့သော်လည်း အချိန် (၂)နှစ်အတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူတို့က ဆွေးနွေးညှိနှိုင်းသူ(၄)ဦး ဖြစ်ကြသော်လည်း အခြေအနေကက လုံးဝ ပြောင်းပြန်ဖြစ်သွားလေပြီ။

ထိုစဉ်က အားအနည်းဆုံးဖြစ်ခဲ့သော ကြယ်ကြွေတမန် အင်ပါယာက စီးပွားရေးဖြစ်စေ၊ စစ်ရေးဖြစ်စေ၊ အခြားအင်ပါယာနှစ်ခု မော့ကြည့်ရသော တည်ရှိမှု တစ်ခု ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အရေးနိမ့်သော အခြေအနေတွင် အရိပ်နက်အင်ပါယာမှ မဟာကတ်သရင်းက အင်အားမျှခြေညီရန်အတွက် သွေးရောင်အင်ပါယာမှ လော့ဒ် ရိုင်ဇန်နှင့် ပူးပေါင်းသင့်ပေသည်။ သို့သော်လည်း ဧကရီအရှင်မက အက်ဂ်ယောနှင့် တိုက်ပွဲတွင် လူတိုင်းကို အံံ့အားသင့်စေခဲ့သော ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။ အရိပ်နက်အင်ပါယာက ကြယ်ကြွေတမန် အင်ပါယာ၏ မိတ်မက် အင်ပါယာတစ်ခု ဖြစ်နေပြီ ဖြစ်ရာ ရိုင်ဇန်က မတည်ငြိမ်နေနိုင်တော့ပေ။ အုပ်ချုပ်သူ(၃)ဦးမှ သံလက်သီးမြို့တွင် ရှိနေကြသည်ကို အခွင့်ကောင်းယူကာ ချက်ချင်းပင် ဆွေးနွေးညှိနှိုင်းရန် ရိုင်ဇန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထိုဆွေးနွေးညှိနှိုင်းမှုတွင် ကတ်သရင်းနှင့် ရှီရာတို့က အတော်လေး အလေးအနက် ထားနေပုံရသည်။ ကတ်သရင်းက အရိပ်နက်အင်ပါယာကို ကိုယ်စားပြုသည့်အတွက် ချန်လွေ့ကိုပင် မကြည့်ပေ။ ချန်လွေ့ကလည်း ၎င်းကို ကောင်းကောင်းသိသည်။ သို့သော်လည်း ယခုတွင် သူတို့အကြား အထူးတလှယ် စကားပြောနေစရာ မလိုတော့ပေ။ အချစ်က အချိန်၏ စမ်းသပ်ချက်ကို ကြာရှည်တောင့်ခံနိုင်လျှင် နေ့တိုင်း အတူတူ နေစရာ မလိုပေ။

ရှီရာနှင့် ကတ်သရင်းတို့ကလည်း ထုံးစံအတိုင်းပင် အထူး အမူအရာများမရှိဘဲ အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြသည်။

ခဏအကြာ ဆွေးနွေးညှိနှိုင်းခြင်း စတင်တော့သည်။

ထင်ထားသည့်အတိုင်းပင် ထိုအစည်းအဝေး၏ အဓိက အကြောင်းအရာက ဗိုလ်လုပွဲတွင် ချန်လွေ့ပြောခဲ့သော “နိုင်ငံများအုပ်စု စနစ်” ဖြစ်လေသည်။ လွန်ခဲ့သော(၂)နှစ်က ရိုင်ဇန်သည် အင်ပါယာ(၃)ခု မဟာမိတ် စနစ်ကို ပယ်ဖျက်ခဲ့သည်။ သို့သော်လည်း ယခုတွင် သွေးရောင်အင်ပါယာအတွက် သေရေး ရှင်ရေးဖြစ်နေရာ ရိုင်ဇန်က ခေါင်းကိုငုံ့ထားပြိး ထိုအရာကို ပြန်ရွေးချယ်ရတော့သည်။ ပြောရမည်ဆိုလျှင် ထိုစနစ်သစ်က အင်ပါယာ(၃)ခုကို စစ်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အမှန်တကယ် အတူတကွ ဖွံ့ဖြိုးတိုးတက်နိုင်စေခြင်းမှာ အတော်လေး ဆွဲဆောင်မှု ရှိနေသည်။

ချန်လွေ့ကလည်း နတ်ဆိုးဘုံ အခြေအနေကို စဉ်းစားပြီး ထို “နိုင်ငံများအုပ်စု စနစ်”ကို ထပ်မံတိုးမြှင့်ရန် စဉ်းစားနေခဲ့ပြီး သူ့အတွေးများနှင့် နားလည်မှုများကို မျှဝေခဲ့သည်။ ကတ်သရင်းက သက်ဆိုင်ရာ အိမ်စာများ လုပ်ထားခဲ့ပြီး အရိပ်နက်အင်ပါယာ အတွက် အကျိုးအမြတ်ပိုရမည့် စိတ်ဝင်စားစရာ အကြောင်းအရာ များကို တင်ပြခဲ့သည်။

ရှီရာကလည်း သတ်မှတ်ချက်များကို တင်ပြသည်။ လက်ရှိတွင် ကြယ်ကြွေတမန်အင်ပါယာက အင်အားအကြီးဆုံး ဖြစ်သော်လည်း ချန်လွေ့ကြောင့်သာ ဖြစ်သည်။ ဗိုလ်လုပွဲ၌ ချန်လွေ့ သစ္စာဆိုခဲ့ခြင်း အရဆိုင်လျှင် သူက နိုင်ငံများအုပ်စု အတွင်းရေးကိစ္စများကို အမှန်တကယ် ဝင်ရောက်စွက်ဖက်ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် အနာဂတ် မဟာမိတ်တွင် ကြယ်ကြွေတမန် အင်ပါယာ၏ ရေရှည်လွှမ်းမိုးမှုနှင့် ပြောပိုင်ခွင့် ရှိနေစဉ် ကိုယ်ပိုင် အကျိုးအမြတ်များ သေချာစေရန် ရှုထောင့်အမျိုးမျိုး၌ ချိန်ညှိ ရပေမည်။

အစပိုင်း၌ ရိုင်ဇန်က ဘာမှ မပြောဘဲ နားထောင်နေခဲ့သည်။ သူ ပထမဆုံး ပြောလိုက်ခြင်းမှာ တော်ဝင်မိသားစုပြင်ပမှလူများက နိုင်ငံများအုပ်စုထဲ ဝင်နိုင်ပြီး သီးခြားပြောပိုင်ခွင့် ရှိရန်ကို ကန့်ကွက်ရန် ဖြစ်သည်။

ကတ်သရင်း၏ ရည်ရွယ်ချက်က “ပိတ်ပင်မည့်အစား လမ်းကြောင်းပြောင်းရန်”ပင်။ ကျန်ရှိသော တော်ဝင်မိသားစု (၄)ခုကို နေရာ တစ်ခု ပေးလိုက်ခြင်းက နတ်ဆိုးဘုံ ပဍိပက္ခ ဖြစ်နေခြင်းကို အခြေခံအားဖြင့် ရှင်းလင်းနိုင်သွားပေမည်။ ထိုစဉ် ရိုင်ဇန်၏ ထင်မြင်ချက်က ပုန်းကွယ်နေသော အန္တရာယ်များကို ဖယ်ရှားရန်အတွက် အညံ့မခံသော ကျရှုံး တော်ဝင်မိသားစုများ အားလုံးကို ဖိနှိပ်ရန် သို့မဟုတ် သုတ်သင်ရန် ကြမ်းတမ်းသော နည်းလမ်းများ အသုံးပြုမည် ဖြစ်သည်။

ထိုအရာ ကတ်သရင်းနှင့် ရိုင်ဇန်တို့၏ စရိုက်လက္ခဏာကို ဖော်ပြပေးနေ၏။ ကတ်သရင်းက ခေါင်းမမာပေ။ သူက သိုင်းပြိုင်ပွဲမှ လျို့ဝှက်အစွမ်းထက် ပုဂ္ဂိုလ်များကို ဥပမာအနေဖြင့် ထားလိုက်ပြီး နတ်ဆိုးဘုံတွင် ကျယ်ဝန်းသော ပိုင်နက်များရှိကြောင်း ထောက်ပြသည်။ ကျရှုံးသွားသော တော်ဝင်မိသားစု အားလုံးကို ရှင်းပစ်နိုင်ရန် မဖြစ်နိုင်ပေ။ အနည်းငယ် မှားယွင်းသွားလျှင် ဒုက္ခရောက်သွားနိုင်ပေသည်။ သူတို့ကို နိုင်ငံများအုပ်စုထဲ ဝင်ပါစေခြင်းက ကြင်နာမှုတစ်မျိုးသာမက ရှေ့တက်ရန် နောက်ဆုတ်သော နည်းဗျူဟာတစ်မျိုးလည်း ဖြစ်ပေသည်။

ကတ်သရင်း၏ စကားပြောစွမ်းရည်နှင့် အစီအစဉ်တို့က အမှန်တကယ် ထူးခြားလှပေသည်။ ရိုင်ဇန်က မငြင်းနိုင်တော့ဘဲ ပြောလိုက်သည်။ “တကယ်လို့ အဲဒီ တော်ဝင်မိသားစုတွေက ခေါင်းမာမယ်ဆိုရင်..”

“ကြင်နာမှုက အားနည်းချက်မျိုး၊ ချော့မော့တာမျိုး မဟုတ်ဘူး။ အင်ပါယာနဲ့ မဟာမိတ် ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့သူတွေကို နတ်ဆိုးဘုံတစ်ခုလုံးက သုတ်သင်ပစ်မယ်။ ပြိးတော့ ကျွန်မ ကိုယ်တိုင်လည်း သွေးစွန်းတဲ့ဓားကို ဆွဲကိုင်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။” ကတ်သရင်းက အသာလေး ပြောလိုက်သော်လည်း သူ့လေသံထဲ၌ မဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ် ရှိနေ၏။

ထို“မိတ်ဆွေဟောင်း”က မည်ကဲ့သို့ နန်းတက်လာခဲ့ကြောင်း ရိုင်ဇန် ကောင်းကောင်းသိသည့်အတွက် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ ကတ်သရင်းက ရိုင်ဇန်ကို စည်းရုံးပြီးနောက် စကားဝိုင်းက မှော်ဂိမ်းဆီ ရောက်သွား၏။

သူက ကြယ်ကြွေတမန် အင်ပါယာအား မှော်ဂိမ်း နည်းပညာနှင့် အကျိုးအမြတ်များကို လုံးဝ မျှဝေပေးရန် အထူးသတ်မှတ်ပြီး တောင်းဆိုခဲ့သည်။ စီးပွားရေးအရသာမက စစ်ရေးအရလည်း ဖြစ်၏။

လွန်ခဲ့သော ရက်ပိုင်းက ကြယ်ကြွေတမန် အင်ပါယာ၏ စစ်ရေးပြ အခမ်းအနားသည် မှော်ဂိမ်းက ဝင်ငွေရပေါက်ကြီး သာမက တကိုယ်တော် လေ့ကျင့်ရေးကို တိုးမြှင့်ပေးနိုင်သော အထူးလောက အပြင် စိတ်ကူး၍မရနုင်သော “အထူးအင်အားစု” လေ့ကျင့်ရေး အခြေစိုက်စခန်းလည်းဖြစ်ကြောင်း သိစေခဲ့သည်။ ယခုတွင် မှော်ရိုင်ဖယ် စစ်သည်များနှင့် စုစည်းရုပ်သေးများက ကြယ်ကြွေတမန်အင်ပါယာ၏ တရားဝင် ဗိုလ်ခြေများ ဖြစ်လာကြပြီး အနာဂတ်တွင် တပ်သားများ ပိုမိုပေါ်ထွက်လာနိုင်ပေသည်။

ကတ်သရင်းက တမင်တကာပင် ချန်လွေ့၏ စကားများကို ပြန်သုံးခဲ့သည်။ နိုင်ငံများအုပ်စု၏ မူလ ရည်ရွယ်ချက်က စစ်ပွဲမှ ဝေးဝေးနေပြီး ငြိမ်းချမ်းရေး မျှဝေရန် ဖြစ်သည်။ အင်ပါယာ(၃)ခုက စီးပွား‌ရေးနှင့် စစ်ရေးတွင် အချင်းချင်း ဝေမျှသင့်သည်။ ကြယ်ကြွေ တမန် အင်ပါယာက ဗိုလ်မကျသင့်ပေ။ သို့မဟုတ်ပါက နိုင်ငံများ အုပ်စု၏ တကယ့်အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။ အကယ်၍ ကြယ်ကြွေတမန် အင်ပါယာက မမျှဝေချင်လျှင် မှော်ဂိမ်းကို တားမြစ်သင့်ပေသည်။

ချန်လွေ့က တိတ်တိတ်လေး ပြောလိုက်သည်။ ကလေးအမေက တကယ် ရက်စက်တာပဲ။ ဒါပေမဲ့ ဒါကို တားမြစ်ဖို့ ငါ သေချာပေါက် သဘောမတူနိုင်ဘူး။ မှော်ဂိမ်းက စီးပွားရေးနဲ့ စစ်ရေးနဲ့ ပတ်သက် နေသလို၊ ယုံကြည်မှုစွမ်းအား စုဆောင်းမှုနဲ့ ငါ့လေ့ကျင့်ရေးနဲ့လည်း ပတ်သက်နေတယ်။ ဒါက နတ်ဆိုးဘုံ အနာဂတ်နဲ့လည်း သက်ဆိုင်နေတယ်။

ချန်လွေ့၏ ကန့်ကွက်ခြင်းကို ခံရသောအခါ ကတ်သရင်း၏ အမူအရာက လုံးဝကို တင်းမာနေခဲ့သည်။ သူက ချန်လွေ့နှင့် ကိုယ်ရေးကိုယ်တာ ပတ်သက်မှုကြောင့် လုံးဝ အလျှော့မပေးပေ။ ဆွေးနွေးညှိနှိုင်းရေး စားပွဲတွင် သူက အရိပ်နက်အင်ပါယာ၏ အကျိုးအမြတ်ကို ကိုယ်စားပြုပေသည်။

ရိုင်ဇန်ကလည်း ထိုသတ်မှတ်ချက်ကို ထောက်ခံသည်။

“စီးပွားရေး အကျိုးအမြတ် မျှဝေဖို့ကို စဉ်းစားလို့ရတယ်။ စစ်ရေးကိုလည်း တစ်စိတ်တစ်ပိုင်း မျှဝေလို့ ရတယ်။ ဒါပေမဲ့ နည်းပညာကတော့ မဖြစ်နိုင်ဘူး။ မှော်ဂိမ်းကို တားမြစ်ဖို့ဆိုရင် ပိုပြီးတောင် မဖြစ်နိုင်ဘူး။” ချန်လွေ့က ခဏစဉ်းစားပြီး ပတ်ပတ်လည်မှ အစောင့်များနှင့် အတွင်းရေးမှူးများကို ကြည့်လိုက်သည်။ “ကျုပ်က ကိုယ့်ကိုယ်ကိုယ် အတွက်နဲ့ ကြယ်ကြွေတမန်အင်ပါယာအတွက်ပဲ စဉ်းစားနေတာမဟုတ်ဘူး။ ကျုပ် ရှင်းပြပေးလို့ရတယ်။ ဒါပေမဲ့ ဒီမှာ ငါးယောက်မြောက်လူ ရှိနေလို့ မရဘူး။”

ရိုင်ဇန်က လက်ကို ဝှေ့ရမ်းလိုက်ရာ အားလုံး နောက်ဆုတ် သွားကြပြီး အုပ်ချုပ်သူ (၃)ဦးနှင့် ချန်လွေ့က ကျန်ခဲ့သည်။ ထို့နောက် သူက အသံလုံ မှော်စက်ဝိုင်းကို အသုံးပြုလိုက်၏။

“အရင်ဆုံးအနေနဲ့ ကျုပ် ရှင်းပြပါရစေ။ ကျုပ်ရဲ့ စွမ်းအားက တကယ်တော့ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အထူး အမွေအနှစ်က လာတာ။”

ထိုသို့ပြောလိုက်သည်နှင့် ရှီရာမပြောနှင့်၊ ရိုင်ဇန်နှင့် ကတ်သရင်းတို့ကပင် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ ချန်လွေ့က ထိုအကြောင်းကို ကတ်သရင်းထံ ပြောပြပြီးပြီ ဖြစ်သည်။ ရိုင်ဇန်ကလည်း မှော်ဆရာခံတပ် ကောင်းကင်တွင် အလွန်ကြီးမားသော ရဲတိုက်ကို မြင်ခဲ့ပြီးလေပြီ။ ထို့ပြင် ကြယ်ကြွေတမန်အင်ပါယာ စစ်‌ရေးပြအခမ်းအနား၌ ပေါ်ထွက် လာခဲ့သော ရှေးအစောင့်အရှောက် အများအပြားက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းကြောင့် ဖြစ်လောက်ပေသည်။ ထိုအရာက “အက်ဂ်ယော”သည် မည်သည့်အတွက်ကြောင့် နတ်ဆိုးဘုံကို တုန်ခါစေနိုင်သော မဟာ့မဟာ အဂ္ဂိရတ် ဆရာသခင် ဖြစ်နိုင်ခဲ့ကြောင်း အကျိုးအကြောင့်သင့် ရှင်းပြနိုင်ပေသည်။ ထို့ကြောင့်ပင် အက်ဂ်ယော၏ စွမ်းအားက သာမန်ထက် တိုးတက်မှု ပိုမြန်ခြင်းလည်း ဖြစ်ပေလိမ့်မည်။

“မှော်ဂိမ်းရဲ့ နည်းပညာနိယာမက တိုင်းပြည်နဲ့ ဆင်တူတဲ့ ပုံရိပ်ယောင် တစ်ခုပဲ။ အသံုးပြုသူတွေက ပုံရိပ်ယောင်ထဲမှာ တကယ့် လေ့ကျင့်လေးနဲ့ သက်ရောက်မှုတွေ ရနိုင်တယ်။ ဂိမ်းခေါင်းစွပ်တစ်ခုစီမှာ မှော်စွမ်းအား ပမာဏ တစ်ခု သိုလှောင်ထားတဲ့ ဆန်းကြယ်သလင်းကျောက်တစ်ခု ရှိတယ်။ မှော်စွမ်းအား ကုန်သွားတာနဲ့ ပြန်ဖြည့်လို့တယ်။ အဲဒါကြောင့် ဂိမ်းကို အားပြန်ဖြည့်လို့ လိုတာ။ တိုင်းပြည်ပုံရိပ်ယောင် စွမ်းအားက အထူးအစွမ်းထက်ပုဂ္ဂိုလ်ရဲ့ တိုင်းပြည်နဲ့ မတူဘူး။ အဲဒါကို ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ဗဟိုချက် အသက် သလင်းကျောက်က အမြုတေအနေနဲ့ အထူးစွမ်းအားကို ထုတ်ပေးတယ်။ အဲဒါကို ဆက်ခံသူဖြစ်တဲ့ ကျုပ်က လွဲပြီးတော့ ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး။ အဲဒါကြောင့် အရှင်မ ကတ်သရင်းပြောတဲ့ နည်းပညာ မျှဝေဖို့က လက်တွေ့ရော၊ စိတ်ကူးအရရော မဖြစ်နိုင်ပါဘူး။”

ကတ်သရင်းနှင့် ရိုင်ဇန်တို့က မှော်ဂိမ်းကို လေ့လာရန်အတွက် တစ်စုံတစ်ယောက်ကို ညွှန်ကြားထားခဲ့သည်မှာ ကြာခဲ့လေပြ။ သူတို့က ၎င်းကို “ကူးယူရန်” ကြိုးစားခဲ့သော်လည်း ခြွင်းချက်မရှိ ကျရှုံးခဲ့သည်။ ချန်လွေ့၏ ရှင်းပြချက်က ဝတ်ကြေတမ်းကြေ မဟုတ်ကြောင်း သူတို့ ပြောနိုင်လေသည်။

“တကယ်တော့ ဒီမှော်ဂိမ်းကို ကျုပ်ဖန်တီးခဲ့တာက အကျိုးအမြတ်အတွက်နဲ့ ရှေးလက်နက် ထိန်းချုပ်သူ အနည်းငယ် လေ့ကျင့်ဖို့အတွက်ပဲ မဟုတ်ဘူး။ နောက်ထပ် တခြား အကြောင်းရင်း တစ်ခု ရှိသေးတယ်။ နတ်ဆိုးဘုံရဲ့ အနာဂတ် သေရေးရှင်ရေးနဲ့ ဆက်နွှယ်တဲ့ အရေးကြီးအကြောင်းရင်းတစ်ခု။” ချန်လွေ့က “မှော်သေနတ်”အား ရှေးအဂ္ဂိရတ် အဖွဲ့အစည်းထဲ အဆင်ပြေပြေနှင့် ထည့်လိုက်သည်။ အမှန်တကယ်၌ မှော်သေနတ်ကို ယခင်ဘဝမှ သိထားသော လက်နက် အသိပညာ အနည်းငယ်နှင့် နတ်သူငယ် မဟာဆရာသခင် ဖီနိုအိုရာနှင့် လူပု မဟာဆရာသခင် ရစ်ခ် တို့၏ ပူးပေါင်း လေ့လာမှုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဂိမ်းထဲမှ မှော်သေနတ်က အော်တို-တဝက်အဆင့် ဖြစ်နေသေးသော်လည်း သလင်းကျောက် ဇာမဏီက လုံးဝ အော်တိုဖြစ်သော ရိုင်ဖယ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ပြီဖြစ်ရာ ၎င်း၏ သေစေနိုင်မှုက ပို၍ပင် မြင့်မားလာသည်။

ချန်လွေ့၏ နောက်ထပ်ပန်းတိုင်က ထိုလောကအတွက် ပိုသင့်တော်ပြီး ပိုမို အင်အားကြီးသော လက်နက်များကို ဖန်တီးရန် ဖြစ်သည်။ ( ဥပမာ နတ်ဆိုးဘုံဗားရှင်း  Desert Eagle နှင့် နတ်ဆိုးဘုံးဗားရှင်း M200 Intervention စသဖြင့် ) ၎င်းတို့က တကိုယ်တော် လေ့ကျင့်ရေးနှင့် အစွမ်းထက်ပုဂ္ဂိုလ်တို့ကို အစားထိုး မနိုင်သော်လည်း သာမန်လူတစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအားကို အဆဒါဇင်ခန့် ပိုမိုတိုးပွားစေနိုင်မည်ဖြစ်သည်။ ဂိမ်းထဲမှ သက်ဆိုင်ရာ “အသက်မွေးဝမ်းကြောင်း”အတိုင်း ကွဲပြားနိုင်ပေသည်။

ဒီလောကထဲကို သေနတ်တွေ ရောက်လာမှတော့ အမည်မသိ မဖြစ်နေဖို့က မဖြစ်နိုင်ဘူး။ ချန်လွေ့က ထိုအကြောင်း သံသယ မရှိပေ။

“ဒါက နတ်ဆိုးဘုံ အနာဂတ်နဲ့ သက်ဆိုင်နေတာလား။” ရိုင်ဇန်ပင် စကားဖြတ်ပြောလိုက်သည်။ “ဒါက ခြောက်လှန့်တာ မဟုတ်တာ သေချာလား။”

ချန်လွေ့က ခေါင်းခါပြီး လေးနက်သော အမူအရာတစ်ခု ပြသလိုက်သည်။ “”အသူရာချောက်နက်”ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးလား။”

ရိုင်ဇန်က ခေါင်းခါပြီး မသိပေ။ ကတ်သရင်းက မျက်မှောင် ကြုတ်ပြီး ပြောလိုက်သည်။ “ရှေးစာပေတစ်ခုမှာ ဖတ်ဖူးတယ်။ ရှေးဘာသာစကားအရဆိုရင် “အသူရာချောက်နက်”ဆိုတဲ့ စကားက “တားမြစ်ချက်”ကို ကိုယ်စားပြုတယ်။ အသေးစိတ် အဓိပ္ပာယ်ကိုတော့ သေချာမသိဘူး။”

“တားမြစ်ချက် လား။” ချန်လွေ့က ထယ်တင်းနစ်လည်း ထိုသို့ ပြောခဲ့ကြောင်း မှတ်မိသည်။ “ကြားရတာက မယုံရဘူး။ မြင်မှပဲ ယုံနိုင်မှာ။ စကားနဲ့ ရှင်းပြထားထက် မျက်လုံးနဲ့ အတည်ပြုတာက ပိုကောင်းပါတယ်။”

ထိုသို့ ပြောပြီးနောက် ချန်လွေ့၏လက်ထဲ၌ အပြာရောင်အလင်း ယဲ့ယဲ့လေး ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲ သွားကြောင်း အားလုံး ခံစားလိုက်ရသည်။ သူတို့က အခြား နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ သူတို့(၃)ယောက်က သာမန်လူများ မဟုတ်ကြသည့်အတွက် ထိုအရာက ချန်လွေ့ ဖန်တီးထားသော ပုံရိပ်ယောင်ဖြစ်ကြောင်း ခဏကြာ သဘောပေါက် သွားခဲ့သည်။ သူတို့ တည်ငြိမ်သွားသည်နှင့် ရှေ့မှ မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ကြသည်။

မွန်းကြပ်သော ချစ်ချစ်တောက် အပူရှိန် ပြည့်နှက်နေသော အဆုံးမဲ့ နီရဲမှု။ သူတို့၏အမြင်က ထူးဆန်းသော သတ္တဝါလှိုင်း ဒီရေလှိုင်းများ ပြည့်နှက်နေခဲ့သည်။

တစ်ဦးချင်းအရ ထိုသတ္တဝါများက အစွမ်းအထက်ကြပေ။ သူတို့က အမြင့်ဆင့် နတ်ဆိုးများသာ ဖြစ်ကြသည်။ သို့သော်လည်း ကြောက်စရာကောင်းသည်က အဆုံးမရှိသော အရေအတွက်ပင်။ တစ်သန်း၊ ဆယ်သန်း၊ သန်းတစ်ထောင်....

ထိုထူးဆန်းသော အနီရောင်ပန်းပွင့်၏ တိုးမြှင့်မှုအောက်တွင် သတ္တဝါအများစု၏ စွမ်းအားက နတ်ဆိုးဘုရင်အဆင့်မှ မဟာ နတ်ဆိုးဘုရင်အဆင့်သို့ တိုးပွားလာခဲ့ကြသည်။ ၁၀မီတာရှည်ပြီး ၆မီတာကျော် မြင့်မားသော အရည်လဲ့သည့် သတ္တဝါရာနှင့်ချီက သူတို့အရှေ့တွင် ပေါ်ထွက်လာကြသည်။ ခြေလက်များက အားကောင်းကြပြီး အမြီးက တုတ်ခိုင်ကာ ရှည်လျားသည်။ ၎င်းက စစ်ရေးပြ အခမ်းအနား၌ သူတို့မြင်ခဲ့ရသော နတ်ဆိုးအရှင်သခင် အဆင့် ရှေးအစောင့်အရှောက်၊ ဧရာမ သလင်းကျောက်သားရဲ ဖြစ်ပေသည်။

နတ်ဆိုးအရှင်သခင်အဆင့်က နတ်ဆိုးဘုရင်အဆင့်နှင့် မဟာနတ်ဆိုးဘုရင် အဆင့်များကို နင်းခြေနိုင်ပေသည်။ အနီးအနားရှိ အားစက်ကွင်းထဲ၌ ရာနှင့်ချီသော ရန်သူများကို ချေမှုန်းလိုက်သော်လည်း နတ်ဆိုးဘုရင်အဆင့်နှင့် မဟာနတ်ဆိုး ဘုရင်အဆင့် တစ်သန်း၊ ၁၀သန်း၊ သန်း၁၀၀တို့နှင့် ရင်ဆိုင်ရသော အခါ ဧရာမ သလင်းကျောက်သားရဲများ၏ အားစက်ကွင်းက မပြောပလောက်ဘဲ ကြောက်မက်ဖွယ်ရာ “ဒီရေ”အောက်တွင် လုံးဝ နစ်မြုပ်သွားတော့သည်။

ရှေ့သို့ ဆက်သွားနေကြသော “ပင်လယ် ဒီရေများ”ကို ကြည့်ရလျှင် ထိုကဲ့သို့ သတ္တဝါများက အတော်လေး အဆင့်နိမ့်ကြ ပေသည်။ အဆင့်မြင့်ဖြစ်စေ၊ အဆင့်နိမ့်ဖြစ်စေ၊ ထူးခြားသော လက္ခဏာတစ်ခုသာရှိပြိး ၎င်းမှာ ဖျက်ဆီးခြင်းပင်။

သူတို့ဖြတ်သွားတိုင်း သက်ရှိများ မကျန်ခဲ့ဘဲ ချစ်ချစ်တောက် လောင်ကျွမ်းနေသော မြေပြင်သာ ကျန်ခဲ့၏။

ပုံရိပ်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အုပ်ချုပ်သူ (၃)ဦးက ကောင်စီခန်းမထံ ပြန်ရောက်လာကြသည်။ ချန်လွေ့၏ အသံ ထွက်ပေါ်လာ၏။ “ဒါက အသူရာချောက်နက်နဲ့ စွမ်းအားပဲ။ ခင်ဗျားတို့ မြင်ခဲ့တာက အပေါ်ယံပဲ ရှိသေးတယ်။ ကျုပ် အမှန်တိုင်း ပြောမယ်။ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းလိုမျိုး အင်အားကြီးတဲ့ အဖွဲ့အစည်းတွေအပြင် ကျုပ်တို့ မသိတဲ့ တခြားအရာတွေလည်း ဒါကြောင့် လုံးဝ ဖျက်ဆီးခံလိုက်ရတာ။”

ရှီရာက ထိုဗီဒီယိုက ပထမဆုံး မြင်ဖူးခြင်း ဖြစ်သော်လည်း ချန်လွေ့ထံမှ အသူရာချောက်နက်အကြောင်း အနည်းငယ် ကြားဖူးရာ စိတ်ပြင်ဆင်ထားခဲ့လေသည်။ သို့သော်လည်း ရိုင်ဇန်နှင့် ကတ်သရင်းတို့က ကြောက်စရာကောင်းသော အသူရာ ချောက်နက်ကို ပထမဆုံး မြင်လိုက်ကြရသည်။ သူတို့၏ မျက်လုံးများက ဖုံးကွယ်၍မရသော ထိတ်လန့်မှုများ ပြသနေ၏။

သူတို့နှစ်ယောက်က တစ်ချိန်တည်းတွင် တစ်စုံတစ်ခုကို သဘောပေါက် သွားခဲ့သည်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အသူရာချောက်နက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် နတ်ဆိုးဘုံ တစ်ခုလုံး.. မဟုတ်ဘူး၊ လူသားလောကတောင်.....

ချန်လွေ့၏ နောက်ထပ်စကားက အုပ်ချုပ်သူ (၃)ဦးမှ အမူအရာကို တစ်ချိန်တည်း ပြောင်းလဲသွားစေခဲ့သည်။

“သတင်းဆိုး ရှိတယ်။ ကျုပ် သိရသလောက်ဆိုရင် အသူရာ ချောက်နက် မိသားစုက ရှိနေတုန်းပဲ။ ဒါပေမဲ့ အကြောင်းရင်း တချို့ကြောင့် တစ်နေရာရာမှာ ချိပ်ပိတ်ခံထားရတယ်။ နှစ်တွေ အကြာကြီး သူတို့က “ဆရာသခင်ဂြိုဟ်”လို့ခေါ်တဲ့ ဒဏ္ဍာရီလာ လောကဆီ ပြန်သွားဖို့ အကောင်းဆုံး ကြိုးစားကြတယ်။ နတ်ဆိုးဘုံမှာ အသူရာချောက်နက်ကို တိတ်တဆိတ် ကိုးကွယ်နေတဲ့သူတွေ အများကြီး ရှိတယ်။ ကျုပ်က အသူရာ ချောက်ကန် ယဇ်ပလ္လင် တစ်ခုမက ဖျက်ဆီးပြီးပြီ။ သူတို့တွေ ရှိနေတာက အင်ပါယာ(၃)ခုနဲ့ နတ်ဆိုးဘုံတစ်ခုလုံးအတွက် “သွေးမြေကျ”ထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ ကျုပ်မှာ ရဲရဲတင်းတင်း အခိုင်အမာ ပြောစရာတစ်ခု ရှိတယ်။ အသူရာချောက်နက် ပြန်ရောက်လာဖို့က....အနှေးနဲ့အမြန်ပဲ။”

“ဧကန္တ....မှော်ဂိမ်းထဲမှာ ရှင် ဖန်တီးထားခဲ့တဲ့ အဲဒီ ဂူသင်္ချိုင်းတွေ၊ မကောင်းဆိုးဝါးတွေက......” ကတ်သရင်း၏ အတွေးများ အလျင်အမြန် လှုပ်ရှားသွားပြီး ၎င်းကို မှော်ဂိမ်း အချက်အလက်များနှင့် ဆက်နွှယ်လိုက်၏။

“တော်တယ်။” ချန်လွေ့က ပြုံးပြီး သူ၏ အမျိုးသမီးအား ချီးမွမ်းလိုက်သည်။ “မှော်ဂိမ်းထဲမှာ အထူးလုပ်ထားတဲ့ ဂူသင်္ချိုင်းတွေနဲ့ မကောင်းဆိုးတါးတွေ ရှိတယ်။ အဲဒါက အနာဂတ်မှာ ဖြေရှင်းရနိုင်တဲ့ အသူရာချောက်နက် သတ္တဝါတွေရဲ့ အကျင့်တွေနဲ့ လက္ခဏာတွေကို အတုခိုးပြီး ဖန်တိးထားတာ။ ဒီလောကကနေ ကျုပ်တို့ တစ်နေ့ ထွက်သွားရမယ်ဆိုရင်တောင် ကျုပ်တို့ရဲ့ မျိုးဆက်တွေက ရုတ်တရက် ပေါ်လာမယ့် ဒီ ကြောက်စရာ သတ္တဝါတွေကို ရင်ဆိုင်ရတဲ့အခါ ယုံကြည်ချက်ရှိရှိနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ မျှော်လင့်တယ်။”

ချန်လွေ့အပေါ် ရိုင်ဇန်၏အကြည့် ပြောင်းလဲသွားခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် လေးစားမှုများ ပြသနေခဲ့သည်။

ချန်လွေ့၏ သရုပ်မှန်ကို သိသော ကတ်သရင်းနှင့် ရှီရာတို့က ပို၍ပင် သံယောဇဉ်တွယ်တာသွားခဲ့သည်။ သူတို့၏မျက်လုံးထဲ၌ ကြင်နာမှု အငွေ့အသက်တစ်ခု ရှိနေ၏။

“ဒီနေရာမှာ ကျုပ်နဲ့အတူ သေရေးရှင်ရေး အခြေအနေတွေ ဖြတ်သန်း ခဲ့ကြတဲ့ ကျုပ်မိတ်ဆွေတွေ၊ ကျုပ်ချစ်ရတဲ့ အမျိုးသမီးတွေ ရှိတယ်။ ဒါက ကျုပ်ရဲ့အိမ်ပဲ။ ကျုပ် တန်ဖိုးထားရတာတွေ အားလုံးကို ကာကွယ်ဖို့အတွက် ကျုပ် အသက်ကိုတောင် စတေးမှာပါ။”

ထိုယောက်ျားက အချိန်တိုင်း ထိုကဲ့သို့ ပြောရုံသာမက ပြောသည့်အတိုင်းလည်း လုပ်ပေ၏။

သူက လူသားဖြစ်ပြီး ယခုနေရာက နတ်ဆိုးဘုံဖြစ်သော်လည်း ထိုနေရာက သူ၏ တကယ့်အိမ် ဖြစ်လေသည်။

All Chapters