← Chapters

တွေ့ဆုံခြင်း

Vol. 54 Ch. 881

တွေ့ဆုံခြင်း

Vol. 54 Ch. 881

အုပ်ချုပ်သူ(၃)ဦး၏ အစည်းအဝေးက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီး ထိုအစည်းအဝေးတွင် ချမှတ်ခဲ့သော အရေးကြီး ဆုံးဖြတ်ချက်များကို သမိုင်းကြောင်းထဲ၌ မှတ်တမ်းတင်ခံရမည် ဖြစ်ပေသည်။

ကြယ်ကြွေတမန်အင်ပါယာ၊ အရိပ်နက်အင်ပါယာ၊ သွေးရောင် အင်ပါယာတို့က စစ်ပွဲများအားလုံးကို ရပ်တန့်ပြီး စုပေါင်း မဟာမိတ် အဖွဲ့တစ်ခု တည်ထောင်ရန် ပြင်ဆင်မည်ဟု ထုတ်ပြန်ခဲ့ကြသည်။ နတ်ဆိုးဘုံက ငြိမ်းချမ်းရေး ခေ-တ်သစ်တစ်ရပ် ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။

သားမက်အကြောင်း ကိစ္စများကိုတော့ အများပြည်သူကို မကြေညာရသေးဘဲ နိုင်ငံများအုပ်စုအဖွဲ့ တည်ထောင်ရန် အချိန်ကိုလည်း မဆုံးဖြတ်ရသေးပေ။ ပါဝင်သူများက အကြောင်းရင်းကို သေချာသိကြပေသည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေညာချက်က နတ်ဆိုးဘုံတစ်ခုလုံးကို ကောင်းချီးသြဘာ ပေးစေခဲ့သည်။ အင်ပါယာ(၃)ခုက စစ်ပွဲ၏ ဘေးဒုက္ခများကို ခံစားခဲ့ပြီးပြီဖြစ်သည်။ မည်သူကမှ ထိုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် အိုးမဲ့အိမ်မဲ့ မနေချင်ကြတော့ပေ။ စွမ်းအင် ပိုလျှံပြီး တိုက်ခိုက်ရသည်ကို သဘောကျသူများအတွက်လည်း တိုက်ပွဲဘောလုံးပြိုင်ပွဲများ၊ သိုင်းပြိုင်ပွဲများနှင့် မှော်ဂိမ်း လေ့ကျင့်ရေးများ ရှိနေလေပြီ။ အင်ပါယာ(၃)ခုက ထုတ်ပြန်သော အနာဂတ် ဗိုလ်ခြေ မှော်ဂိမ်း တိုက်ပွဲ၊ ကောလိပ်တွင်း ပြိုင်ပွဲများ၊ မှော်ဂိမ်းပြိုင်ပွဲနှင့် အခြားအရာများက သူတို့၏ စွမ်းရည်များကို ပြသရန် အခွင့်အရေးများ အလျှံပယ် ပေးပေလိမ့်မည်။

သိုင်းပြိုင်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီး အင်ပါယာ (၃)ခု၏ စကားဝိုင်းကလည်း အရေးပါသော အများဆန္ဒကို ရောက်ရှိသွားပြီဖြစ်ရာ သံလက်သီးနယ်မြေမှ ထွက်သွားရန် အချိန်ကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

နောက်(၃)ရက်အတွင်း ပြန်ရန် သတ်မှတ်ပြီးနောက် ချန်လွေ့က ရိုင်ဇန်ထံမှ သံလက်သီးနယ်မြေရှိ ယန္တရားအစည်းအရုံးသို့သွားပြီး ကစားပွဲကို လာကြည့်သော ယန္တရားပညာရှင်များကို ဟောပြော ပေးရန် အထူးဖိတ်ကြားချက် ရရှိခဲ့သည်။

ချန်လွေ့က မငြင်းနိုင်ခဲ့ပေ။ သို့သော်လည်း သူ ထွက်သွားသည်နှင့် သူ နေနေခဲ့သော အရေးကြီးပုဂ္ဂိုလ် တည်းခိုခန်းသို့ အရေးပါသော ဧည့်သည်တစ်ယောက် ရောက်လာမည်ကို မမြင်နိုင်ခဲ့ပေ။

အရိပ်နက်အင်ပါယာမှ ဧကရီ အရှင်မ။

ကလေးအမေ။

ယနေ့အထိ နတ်ဆိုးဘုံက ပြောနေကြဆဲဖြစ်သော ဗိုလ်လုပွဲ ပြီးနောက်တွင် ကတ်သရင်းက အင်ပါယာ(၃)ခု စကားဝိုင်းတွင် ရှီရာနှင့် စကားပြောခဲ့ရပြီး အတော်လေး နားလည် သ‌ဘောပေါက် သွားခဲ့သည်။ သို့သော်လည်း ကတ်သရင်းက မောင်းမဆောင်ကို တရားဝင် လာရောက်တွေ့ဆုံသည်မှာ ပထမဆုံး ဖြစ်သည်။ သို့သော်လည်း ကြားခံတစ်ယောက် ရှိနေမည်မဟုတ်ဟု သူ မထင်ထားခဲ့ပေ။ ထိုအရာက “ညီအစ်မများ” (အချစ်ပြိုင်ဘက်)နှင့် တိုက်ရိုက် ရင်ဆိုင်နေရခြင်းနှင့် ညီမျှပေသည်။

ကတ်သရင်း ရောက်ရှိလာခြင်းက အကြောင်းအကျိုး သင့်သော်လည်း မောင်းမဆောင်က ရှက်နေကြဟန်တူသည်။ အကြောင်းမှာ ချန်လွေ့ မရှိ၍ မဟုတ်ဘဲ သူတို့က မစ်-သော်သော်နှင့်အတူ ကစားနည်းတစ်ခု ကစားနေ၍ပင်။ အတော်များများက မျက်နှာပေါ်တွင် ထူးဆန်းသော ပုံစံများ ရှိနေကြသည်။

ထိုအရေးကြီးပုဂ္ဂိုလ် တည်းခိုခန်းက သာမန်လူများ ဝင်ရောက်၍ မရနိုင်ကြပေ။ သို့သော် ဂိတ်တံခါတွင် ထိုင်သောက်နေသူများ ဘဲခေါင်နဂါး ဖြစ်နေ၏။ မိမိကို အနိုင်ယူခဲ့သော ဧကရီ အရှင်မ (လူသားစုတ်၏ ချစ်သူ) ရောက်လာကြောင်း မြင်သည့်အခါ သူက မျက်လံုးလှန်လိုက်ပြီး အားတက်သရောနှင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက “အားတက်သရော”နှင့် စားပွဲထိုးများအား သတင်းမပို့စေဘဲ ကတ်သရင်းကို တစ်ခါတည်း ဝင်စေလိုက်သည်။ အရိပ်နက် အင်ပါယာမှ ဧကရီက ခန်းမထဲသို့ ဝင်သွားသောအခါ သတိလက်လွတ် ဖြစ်သွားကြတော့ ကောင်မ‌လေးများက “မိတ်ကပ်များ ဖျက်ရန်ပင်” အချိန်မရခဲ့ပေ။

ကတ်သရင်းက ခန်းမထဲသို့ ရောက်လာသောအခါ မျက်နှာလွှားကို တမင်ဖယ်ရှားလိုက်သည်။ ကြွားချင်၍ မဟုတ်ဘဲ မျက်နွှာလွှားဝတ်ထား၍ ကောင်မလေးများ၏ မလိုအပ်သော မကျေနပ်မှုများ မဖြစ်စေရန်အတွက် ရိုးသားမှုကို ဖော်ပြရန် ဖြစ်သည်။

တွေ့ဆုံးမှု အခိုက်အတန့်အတွက် ပြန်ဆင်ရန် ဧကရီ အရှင်မက အခြေအနေမျိုးစုံအတွက် စကားအမျိုးမျိုး တွေးထားခဲ့သော်လည်း မဒမ်အများအပြားကို တွေ့လိုက်ရသောအခါ သူက အံ့အားသင့် သွားခဲ့လေသည်။

အသီနာက စည်ပိုင်းကဲ့သို့ ဝတ်စုံကြီး ဝတ်ထားပြီး မျက်နှာပေါ်တွင် သတ္တုအရောင် ခြယ်ထား၏။

အစ်ဇဘယ်လာက စုန်းမပုံစံ တတ်ဆင်ထားပြီး လွန်လွန်ကဲကဲ ရှည်ထွက်နေသော နှာခေါင်းတစ်ခု ရှိနေသည်။

ရှီရာ အလွန်ကြီးမားသော ထူးထူးဆန်းဆန်း ဝတ်ရုံတစ်ခုကို ဝတ်ထားသည်။ သူ့ခေါင်းပေါ်တွင် သရဖူမဟုတ်ဘဲ ထိပ်ပြောင်ခေါင်းနှင့် တူသော အစွပ်တစ်ခု ရှိနေကာ မျက်နှာပေါ်တွင်လည်း မှုတ်ဆိတ်မွှေးတစ်ခု တပ်ထား၏။

ဇိုလာ၏ မျက်နှာက ပြာများဖြင့် ပွတ်ထားပြီး ခန္ဓာကိုယ်က ကောက်ရိုးများဖြင့် ဖုံးလွှမ်းထားလေသည်။

လိုလီလေး အဲလစ်က လက်သည်းကြီးထဲ၌ပင် ခုနကမှ ချွတ်လိုက်သော ခြင်္သေ့မျက်နှာဖုံး ရှိနေခဲ့သည်....

သာမန်ဖြစ်နေသော တစ်ဦးတည်း‌မှာ ဟောင်နေသော ခွေးကလေးဘေးနားမှ ချစ်စရာဂါဝန် ဝတ်ထားပြီး ခြင်းတောင်းငယ်လေးတစ်ခုကို သယ်ထားကာ သလင်းကျောက် ဖိနပ်တစ်စုံ ဝတ်ထားသော မစ်-သော်သော်ပင် ဖြစ်လေသည်။

ကတ်သရင်းက ထိုခွေးကလေး၏ အငွေ့အသက်စွမ်းအားမှာ တိုင်းပြည်အဆင့်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ပြီး အံ့အားသင့်မိသွားသည်။ ကောင်မလေးများလည်း ကြက်သေသေ သွားကြသည်။ ထိပ်တန်းမိန်းမလှက အမှန်တကယ်ပင် ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။ မျက်နှာနှင့် လှပ ကြော့ရှင်းမှု၊ သက်ရှိအားလုံးကို လွှမ်းမိုးနိုင်သည့် ပါးနပ်သော စိတ်နေသဘာထားတို့က ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေပြီဖြစ်သော မောင်းမဆောင်အဖွဲ့သားများ အားလုံးကို မနာလို ဖြစ်နေစေသည်။ ထို့ပြင် သူတို့က လက်ရှိတွင် ပုံမှန်မဟုတ်သော အခြေအနေမျိုး၌ ကိုးရိုးကားရား ဖြစ်နေကြလေသည်။

ထိုစဉ် မစ်-သော်သော်က ပျော်ရွှင်စွာဖြင့် အပြေးရောက်လာ၏။ “မေမေ....မေမေ....”

“သော်သော်။ သမီး ဆိုးနေပြန်ပြီနော်။” ကတ်သရင်းက လက်မောင်းထဲမှ သမီးဖြစ်သူကို ဒေါသတကြီးကြည့်ရင်း တင်ပါးကို အသာလေး ပုတ်လိုက်၏။

“မဟုတ်ပါဘူး။ ဒေါ်လေးတွေက သမီးနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ စကားနည်းတစ်ခု ကစားနေတာ။ အဲဒါက...” သော်သော်လေးက ရုတ်တရက် မမှတ်မိသကဲ့သို့ပင် လက်ချောင်းများကို စုပ်နေခဲ့သည်။

ပြုံးနေပုံရသော ခွေးကလေးက ပြောလိုက်သည်။ “သခင်မလေး သော်သော်...မှားလို့...သခင်မလေး ဒိုရာသီ။ ဒီဇာတ်လမ်းက အော့ဇ် စုန်းမလို့ ခေါ်ပါတယ်။ ပြီးတော့ ကျွန်တော်က သခင်မလေးရဲ့ ခွေးကလေး တိုတို ပါ။”

ထိုခွေးးကလေး၏အသံက ရက်ပီပစ် အနိုင်ယူခဲ့သော ဒိုဒို ဖြစ်ကြောင်း ကတ်သရင်း သတိထားမိခဲ့သည်။ ရေခဲတုံး ဧကရီ ရှီရာ အပါအဝင် အမျိုးသမီးများ၏ ထူးဆန်းသော ပုံစံများကိုကြည့်ရင်း ကတ်သရင်းက ပြင်ဆင်ထားခဲ့သော စကားများကို ရုတ်တရက် မပြောနိုင်ခဲ့ပေ။ သူက စိတ်ထဲ၌ ပြောစရာ အများအပြား ရှိနေသော်လည်း အဆုံးတွင် “အချစ်ပြိုင်ဘက်များ”ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်။”

စကားတစ်ခွန်းသာ ဖြစ်သော်လည်း စစ်မှန်ပြီး လေးနက်မှု အပြည့် ဖြစ်သည်။ ရှီရာနှင့် အခြားသူများက ၎င်းကို အာရုံခံမိပြီး အလျင်အမြန် ပြန်လည်၍ ဦးညွှတ်လိုက်၏။

“မေမေ။ ဒေါ်လေး အသီနာက သံလူသား၊ ဒေါ်လေး ဇိုလာက စာခြောက်ရုပ်၊ ဒေါ်လေး အစ်ဇဘယ်လာက...” သော်သော်က တစ်ယောက်ချင်း ပြောပြနေခဲ့သည်။ “ပြီးတော့ အစ်မ အဲလစ်က “အူး”လို့ အော်ရတာကြိုက်တဲ့ ခြင်္သေ့တစ်ကောင်ပဲ။”

“အစ်မ မဟုတ်ဘူးလို့ ပြောတယ်လေ။ ဒေါ်လေးလို့။” အဲလစ်က သူ့ကို ချက်ချင်းပင် အမှန်ပြင်လိုက်သည်။ လိုလီလေးက ကိုယ်ပိုင်အတွေးများရှိပြီး အစ်မ၊ အသီနာနှင့် အခြားသူများထက် တစ်ဆင့် မနိမ့်ချင်ပေ။

‌သော်သော်က သိချင်စိတ်ဖြင့် လိုက်သွားကြည့်ပြီး ခြေဖျားထောက်ကာ လက်ဆန့်ပြီး အဲလစ်၏ အရပ်ကို တိုင်းကြည့်သည်။ ထို့ကြောင့် သူက အစ်ဇဘယ်လာ၊ အသီနာတို့နှင့် နှိုင်းယှဉ်ကာ လေးလေးနက်နက် အတည်ပြုလိုက်၏။ “အစ်မပါ။”

“....” အရှိုက်ထိသွားသော ခြင်္သေ့လိုလီက မျက်ရည်များ ကျနေရင်း မိုးပေါ်မော့ကာ “အူး”ခနဲ အော်နေလိုက်‌တော့သည်။

ကံကောင်းစွာဖြင့် သော်သော်က ရင်ဘတ်ကို မကြည့်ခဲ့ပေ။

ရှီရာက မျက်မှောင်ကြုတ်လိုက်သည်။ “အဲလစ်။ အရှင်မ ကတ်သရင်း အရှေ့မှာ မရိုင်းနဲ့။”

“ရပါတယ်။” ကတ်သရင်းက အသာလေး ပြုံးလိုက်သည်။ “ဒါဆို....လိုနေတဲ့ နေရာတစ်ခုခု ရှိသေးလား။”

အခြားတစ်ဖက်တွင် ယန္တရားအစည်းအရုံးမှ ယန္တရား ပညာရှင်များက အတော်လေး စိတ်အားတက်ကြွနေခဲ့သည်။ ညနေပိုင်း ရောက်မှသာ ချန်လွေ့က တည်းခိုခန်းသို့ ပြန်ရောက် လာခဲ့သည်။ ကတ်သရင်း ရောက်လာကြောင်း သတင်း ကြားလိုက်ရသည့်အခါ သူက အံ့အားသင့်သွားခဲ့သည်။

ဒီမဒမ်-ဧကရီရဲ့ ထိပ်တန်းပညာရှိဆိုတဲ့ ဂုဏ်သတင်းက အလကားသက်သက် မဟုတ်ဘူး။ အစ်ဇဘယ်လာတောင် သူ့ထက် နိမ့်ကျတယ်။ အချို့နေရာတွေမှာ သူက မောင်းမဆောင် အားလုံးထက် သာတယ်။ အဆုံးဆုံးကတော့ ငါမရှိတဲ့အချိန် သူ ရောက်လာတာပဲ။ စကားစစ်ပွဲ ဒါမှမဟုတ် ကမ္ဘာ့စစ်ပွဲ ဖြစ်နေလောက်ပြီ။

ချန်လွေ့က ခန်းမဆီသို့ အမြန်သွားလိုက်ရာ သူ့ကို အံ့အားသင့်စေသော သဟဇာတ အခြေအနေတစ်ခုကို မြင်လိုက်ရ၏။ ကတ်သရင်းက ကောင်မလေးများနှင့်အတူ စကားပြောရင်း ရယ်မောနေကြပြီး လူတိုင်း၏အမူအရာက သူထင်ထားသကဲ့သို့မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖြစ်နေကြဟန်တူ၏။

သော်သော်လေးက အစ်ဇဘယ်လာ၏ လက်မောင်းထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ မစ်-ဇာမဏီလေးက ကစားရာ၌ မောသွားသည့်အတွက် အစောကြီး အိပ်ပျော်သွားခြင်း ဖြစ်လောက်ပေသည်။

ချန်လွေ့ ရောက်လာသည်ကို မြင်သောအခါ ကောင်မလေးများ တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး အဲလစ်က အလျင်အမြန် ပျော်ရွှင်စွာဖြင့် သူ့ကို နှုတ်ဆက်လိုက်သည်။ “အစ်ကို ရောက်လာပြီပဲ။”

ချန်လွေ့က လိုလီလေး၏ ခေါင်းကို ပုတ်လိုက်ပြီး ကောင်မလေးများကိူကြည့်ကာ ကတ်သရင်းကို ပြောလိုက်သည်။ “မင်း ဒီကို ရောက်နေတာပဲ။”

ကတ်သရင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။

“ဟမ့်။ သူက အန္တိမ ဆရာသခင်လိုမျိုး လုပ်နေတယ်။ ရွံစရာ အရှက်မရှိ အသုံးမကျတဲ့ကောင်။” ပြောစရာပင် မလိုချေ။ ထိုကဲ့သို့ ရက်စက်သည့် အပြောစွမ်းရည်ရှိသူက မာယာရှင် မင်းသမီးပင် ဖြစ်ရပေမည်။

မစ်-နဂါးနက်က ရောက်လာပြီး သတင်းကောင်း ပြောလိုက်၏။ “သူဌေး။ အစ်မ ကတ်သရင်းက ကျွန်မတို့ကို ဒီနေ့ အလကား ဝယ်ကျွေးတယ်။”

ထိုကောင်မလေးအတွက် အလကားက အကြီးမားဆုံး ဆွဲဆောင်မှု ဖြစ်ပေသည်။

ချန်လွေ့က အံ့အားသင့်သွားခဲ့သည်။ “မင်းတို့အားလုံး စားပြီးသွားပြီလား။”

“ဘာလို့လဲ။ ကြင်ရာတော်မင်းသား။ ရှင့် ဇနီးလောင်းရဲ့ အဖေ... ရှင် ခဏခဏ ပြောတဲ့ ယောက္ခထီးလေ..... သူက ရှင့်ကို ညစား မကျွေးဘူးလား။” မစ်-ရင်းနီ၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့ ပြောစရာ မဲ့သွားခဲ့သည်။ မင်းက ငါ့သမီးကို ဖက်ထားသေးတယ်။ ခဏလောက် ဘာမှမလုပ်လို့ မရဘူးလား။

“ကြင်ရာတော်မင်းသား။ ရှင့်အတွက် စားစရာတချို့ကို ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ်။” ပြဿနာအိုး အစေခံမလေးက အငြိုးဖြင့် ပြောလိုက်၏။

“သူဌေး။ အဆင်ပြေပါတယ်။ သူဌေးအတွက် ညလယ် စားဖို့အတွက် ၁၀% လျှော့စျေးနဲ့ မုန့်ချန်ထားပေးတယ်။ သလင်းကျောက်နက်ဒင်္ဂါး တစ်သောင်းဆိုရင်....” အမူအရာ မပြောင်းဘဲ မစ်-နဂါးနက် စားမကုန်သော ဘန်းမုန့်တစ်ဝက်ကို ထုတ်လိုက်သည်။

“...”

ဝမ်းနည်းပက်လက်ဖြစ်နေသော ချန်လွေ့ကို ကြည့်ရင်း ကတ်သရင်းက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

ရှီရာက ပြောသည်။ “ဟုတ်ပြီ။ ဒီနေ့က အလုပ်များခဲ့တာပဲ။ အားလုံးလည်း ပင်ပန်းနေကြပြီ။ အနားယူတော့မယ်။ ချန်လွေ့။ ရှင် ကတ်သရင်းကို လိုက်ပို့ပေးလိုက်။”

ကောင်မလေး အားလုံးက တပြိုင်တည်း ခေါင်းညိတ် လိုက်ကြပြီး ချန်လွေ့က အရိပ်အမြွက်တစ်ခုကို ကြားလိုက်ရ၏။ ရှီရာက ကတ်သရင်းကို “ဧကရီအရှင်မ” ဆိုတဲ့ အသုံမျိုး မသုံးခဲ့ဘူး။ သူတို့က အတော်လေး ရင်းနှီးသွားတဲ့ပုံပဲ။ ဒါက နိမိတ်ကောင်း တစ်ခုကို ညွှန်ပြနေတာလား။

သူက မရှင်းပြနိုင်ခင်မှာပင် တံခါးပြင်ကို ကန်ထုတ်ခံလိုက်ရပြီး ကတ်သရင်းနှင့် အိပ်နေသော မစ်-သော်သာ်တို့လည်း လိုက်သွားခဲ့ကြသည်။

သူတို့နှစ်ယောက်က မှော်မြင်းလှည်းကို မစီးခဲ့ကြဘဲ လမ်းလျှောက်ရန် ရွေးချယ်လိုက်ကြသည်။ အာရုံစိုက်မှု မခံရစေရန်အတွက် ကတ်သရင်းက မျက်နှာလွှားဝတ်ပြီး ချန်လွေ့က အခြားမျက်နှာတစ်ခုအဖြစ် ရုပ်ဖျက်လိုက်၏။

လရောင်အောက်တွင် အရိပ်နှစ်ခုက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ကတ်သရင်းက ချန်လွေ့၏ လက်မောင်းကို ကိုင်လိုက်သည်။ ထိုအရာက လူပုံအလယ်တွင် ချန်လွေ့ ကတ်သရင်းနှင့် တရင်းတနှီးရှိသော ပထမဆုံးအကြိမ် ဖြစ်၏။ ချက်ချင်းပင် မတူညီသော ခံစားချက်တစ်ခု ရှိနေသည်။ အတော်လေး ကြည်နူးအားရဖွယ်ပင်။

“ရှင့်ရဲ့ နှလုံးခုန်သံ အတော်လေး မြန်နေတဲ့ပုံပဲ။ ကြင်ရာတော် မင်းသား။”

“အခုက ဒီလိုကိစ္စမျိုးတွေမှာ စိတ်ဝိညာဉ် ဖြုန်းတီးဖို့အချိန် မဟုတ်ဘူးလေ။” ချန်လွေ့က အိပ်ပျော်နေသော မစ်-သော်သော်ကို ပွေ့ဖက်ရင်း ပုခုံးတွန့်လိုက်သည်။ “မင်းလည်း နည်းနည်း စိုးရိမ်နေသလိုပဲ။ ဧကရီ အရှင်မ။ ယောက်ျားတစ်ယောက်နဲ့ ဒီလိုမျိုး လက်ကိုင်ပြီး လက်လျှောက်ထွက်ဖူးတာ ပထမဆုံးလား။”

“ရှင် ဂုဏ်ယူသင့်တယ်။”

“ကြည်နူးအားရတယ်လို့ သုံးတာက ပိုသင့်တော်မယ်လို့ ထင်တယ်။ အဲဒါက ကိုယ့်ရဲ့ ခံစားချက် အစစ်အမှန်ပဲ။”

“ဟုတ်လား။”

“ဒါပေါ့။”

“ဒီလိုနေ့ရက်မျိုး ရောက်လာမယ်လို့ တစ်ခါမှ မတွေးထားဖူးဘူး။ ကျွန်မတို့က လမ်းကြောင်းတွေ အများကြီး လွဲခဲ့ကြတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ နောက်ဆုံးမှာ သွားချင်တဲ့နေရာကို ရောက်လာခဲ့တယ်။” ကတ်သရင်း၏ ဦးခေါင်းက တဖြည်းဖြည်း အနားက်လာပြီး ချန်လွေ့၏ ပုခုံးပေါ် ညင်သာစွာ အနားယူလိုက်သည်။ မြေပြင်မှ အရိပ်ကလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွား၏။

သူပြောတာမှန်တယ်။ ကြည်နူးအားရတာ။ ဒီလို ခံစားရတာပဲ။

ချန်လွေ့က ကတ်သရင်း၏ ဆံနွယ်ကို နမ်းရှိုက်ရင်း ရင်းနှီးသော ရနံ့ကို ခံယူနေလိုက်သည်။ “ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီးပဲ။ အတူတူ သွားကြတာပေါ့။”

“အင်း...”

ကတ်သရင်းက မော့ကြည့်လိုက်ပြီး မျက်နှာလွှားကို လှန်တင်ကို သူ့မျက်နှာကို နမ်းလိုက်၏။

ထိုလှုပ်ရှားမှုက နှစ်ပေါင်းများစွာ အတူတူ နေခဲ့ကြသော စုံတွဲ ကဲ့သို့ပင် သဘာဝ ဆန်လွန်းလှသည်။

ထိုအရာကလည်း ကြည်နူးအားရစရာ ခံစားချက်တစ်ခု ဖြစ်၏။ ချန်လွေ့၏နှလုံးသား နွေးထွေးသွားပြီး ထိုလမ်းက အဆုံးမရှိ ဆက်သွားနေရန်သာ မျှော်လင့်နေလေသည်။

ထိုအချိန် သူတို့နှစ်ယောက်က လူပြတ်သော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ကတ်သရင်းက ရပ်တန့်လိုက်ပြီး အဝတ်ဖြင့် အလွှာလိုက် ပတ်ထားသော အရာတစ်ခုကို နောက်မှ ထုတ်လိုက်သည်။ “ဒါနဲ့...ဒါက ရှင့်အတွက်။”

ထိုအရာက လမ်းလျှောက်ရန် မဆုံးဖြတ်ခင် တည်းခိုခန်း ဝင်ပေါက်တွင် မှော်မြင်းလှည်းမှ ထုတ်ယူခဲ့သောအရာ ဖြစ်ကြောင်း ချန်လွေ့သိသည်။ သို့သော်လည်း သူက ၎င်းကို နောက်ဘက်တွင် တစ်ချိန်လုံး သိမ်းထားခဲ့လေသည်။ ထိုအရာက မည်သည် ဖြစ်ကြောင်း ချန်လွေ့ မသိပေ။

ကတ်သရင်းက သော်သော်ကို ပွေ့ချီက ချန်လွေ့က အထုတ်အပိုးကို ဖွင့်ကြည့်လိုက်ုသည်။ ၎င်းက ချပ်ကာ အပိုင်းအစ တစ်ခုနှင့် ဆင်တူသော သတ္တုပစ္စည်းတစ်ခု ဖြစ်သည်။ သူ၏ လက်ရှိ ယန္တရား မဟာဆရာသခင် အမြင်ဖြင့် အလျင်အမြန်ပင် သော့ကို ရှာတွေ့ သွားခဲ့ပြီး အစိတ်အပိုင်းတစ်ခုကို ဖိလိုက်သည်။ ချပ်ကာ အပိုင်းအစများက အလျင်အမြန်ပင် ထပ်သွားပြီး ပြောင်းလာကာ ချပ်ကာတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ချပ်ကာတစ်ခုလုံးက နက်မှောင်နေပြီး ဖျက်ဆီး၍မရသော ခံစားချက်မျိုး ပေးနေခဲ့သည်။ ချန်လွေ့က ထိုချပ်ကာကို နေရာလွတ် သိုလှောင်ခန်းထဲ ထည့်ကြည့်သော်လည်း ထည့်မရပေ။ သူက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ “အမျက်ဘုရင် ချပ်ကာလား။”

ကတ်သရင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ချန်လွေ့က ကြီးကြီးမားမား အံ့အားသင့်သွား၏။ ဒါက အဆောင်ပစ္စည်း (၇)ခုထဲက တစ်ခုဖြစ်တဲ့ ဆမ်မြူရယ် တော်ဝင်မိသားစုရဲ့ အမျက်ဘုရင် ချပ်ကာပဲ။

ဂူစတက်ဗ် (ဘရေ့ဂက်)က အသည်းအသန် တိုက်ခိုက် ပြီးတော့ ရိုင်ဇန် အနိုင်ယူတာ ခံရပြီးတဲ့နောက် ရိုင်ဇန်က အမျက်ဘုရင် ချပ်ကာကို မယူသွားခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ အမျက်ဘုရင်ချပ်ကာနဲ့ ဘရေ့ဂက် အလောင်းက ပျောက်သွားတယ်။ အလကားသွားကောက်ဖို့ ချက်ချင်းသွားခဲ့တဲ့ မစ်-နဂါးနက်က လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်။ ဒါက ကတ်သရင်း လက်ထဲကို ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။

ချန်လွေ့က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး မေးရန် ပြင်လိုက်သည်။ “ဘရေ့ဂက်က...”

ကတ်သရင်းက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ “ဟုတ်တယ်။ သူက ရှင် ကျွန်မကို ကွင်းပြင်ငယ်မှာ ပေးခဲ့တဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကြောင့် အသက်ရှင်နေတုန်းပဲ။”

ချန်လွေ့က အရိပ်နက်အင်ပါယာ ယန္တရားပြိုင်ပွဲ ပြီးနောက် နန်းတော်သို့ ဝင်ခဲ့ပြီး ပြန်လည်ရှင်သန်ခြင်းဆေးရည် တစ်ပုလင်းကို ကတ်သရင်းထံ ပို့ပေးခဲ့သော်လည်း သလင်းကျောက်တောင်ကြား တိုက်ပွဲ၌ ကတ်သရင်းက ချန်လွေ့ သေပြီဟု ထင်သွားသောအခါ မြေပေါ်သို့ ဆေးရည်ကို လောင်းချခဲ့သည်။ ထို့နောက် ချန်လွေ့ ဂျာဂယ်ခံတပ် ကွင်းပြင်ငယ်၌ ရှိနေစဉ် ကတ်သရင်းအတွက် နောက်ထပ် တစ်ပုလင်း ထုတ်ပေးပြီး နိဗ္ဗာန်ကပ်ဘးမှ အသက်ရှင်နိုင်ရန် ကူညီပေးချင်ခဲ့သည်။ သို့သော်လည်း သူက နောက်ဆုံး၌ သော်သော်၏ စွမ်းအားကို အားကိုပြီး ကတ်သရင်း၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ဘရေ့ဂက်က အသက်ဓာတ်နှင့် သွေးများအားလုံး လောင်ကျွမ်းသွားပြီးနောက် ရိုင်ဇန်နှင့် တိုက်ပွဲတွင် သေဆုံး သွားခဲ့သော်လည်း ခန္ဓာကိုယ်က မထိခိုက်ဘဲ ဝိညာဉ်ကလည်း လုံးဝ မကွယ်ပျောက်သေး။ သူ့ကို ကတ်သရင်းက ပြန်လည်ရှင်သန်ခြင်း ဆေးရည်ဖြင့် အောင်အောင်မြင်မြင် ပြန်လည် ရှင်သန်နိုင်စေခဲ့သည်။

“ဒါပေမဲ့ ဘရေ့ဂက်ဘက်က....”

“ကျွန်မ သူ့ကို ကယ်တင်ခဲ့တဲ့အပြင် အင်ပါယာ မဟာမိတ်မှာ ဆမ်မြူရယ် တော်ဝင်မိသားစုကို နေရာတစ်ခု ပေးဖို့နဲ့ အသက်ရှင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ နေရာလွတ်တွေ ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒါကြောင့် သူက အမျက်ဘုရင်ချပ်ကာကို အကန့်အသတ်မရှိ ငှားဖို့ ကတိပေးခဲ့တယ်။” ကတ်သရင်း၏ မျက်လုံးများက ဉာဏ်ပညာများ လင်းလက်နေခဲ့သည်။ “တကယ်တော့ အဲဒါက ရိုင်ဇန်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ သတ်မှတ်ချက် တစ်ခုပဲ။ အတိုချုပ် ပြောရရင်တော့ ကျွန်မက ဆမ်မြူရယ် မိသားစုက တစ်ခါ လိမ်ညာခဲ့တယ်။ ဒါပေမဲ့ ရိုင်ဇန်က ရှင့်ကို ဒီလိုပုံစံမျိုးနဲ့ တောင်းဆိုခဲ့ပြီးတော့ သူ့သမီးကို ထီးနန်း ဆက်ခံခိုင်းပြီး ရှင်ရဲ့ လက်ထပ်ပေးဖို့ အရဲစွန့်ခဲ့တယ်။ သူက တစ်ဖနီရဲ့ ပြဿနာကို ကိုယ်တိုင် မဖြေရှင်းနိုင်လောက်ဘူး။ ရှင် အန္တရာယ် ရှိလောက်တယ်။ ရှင့်မှာ အဆောင်ပစ္စည်း(၇)ခုကို အသက်သွင်းနိုင်တဲ့ စွမ်းရည်ရှိတာ ကျွန်မသိတယ်။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးလိုမျိုး အမျက်ဘုရင် ချပ်ကာကလည်း အဆောင်ပစ္စည်း(၇)ခုထဲက တစ်ခုပဲ။ ထင်ယောင်မှား နတ်ဆိုးဒိုင်း ပြီးရင် အစွမ်းအထက်ဆုံး ချပ်ကာပဲ။ အဲဒါနဲ့ဆိုရင် အနည်းဆုံးတော့ အောင်မြင်ဖို့ အခွင့်အရေး နည်းနည်းလေး ပိုများနိုင်တယ်။ လိုအပ်မယ်ဆိုရင် ကျွန်မ ရှင့်ကို အရိပ်နက် ဝတ်ရုံလည်း ငှားပေးနိုင်တယ်။”

ထို့နောက်မှသာ ချန်လွေ့က အမျက်ဘုရင် ချပ်ကာ မည်သည့် အတွက်ကြောင့် ကတ်သရင်း လိမ်ညာယူခဲ့ကြောင်း သိသွားခဲ့သည်။ သူက ရင်ထဲထိသွားပြီး ကတ်သရင်းကို ညင်သာစွာ ပွေ့ဖက်လိုက်၏။

“ကတ်သရင်း ကိုယ်.....”

“ဒီည မပြန်ချင်ဘူးလား။” ကတ်သရင်းက ချန်လွေ့ စဉ်းစား နေသည်ကို သေသေချာချာ ခန့်မှန်းနိုင်ပေသည်။ သူ၏ မျက်နှာလွှား နောက်မှ မျက်နှာက အနည်းငယ် အနီရောင် သမ်းသွား၏။ “‌နောက်တစ်နေ့ ရှင့်မိန်းမတွေက ရှင့်ကို တစစီ ဆွဲဖြုတ်ကျမှာကို မစိုးရိမ်ဘူးလား။”

“....”

“ဟုတ်ပါပြီ။ ဒီလောက်လည်း ဖြစ်ပျက်မနေပါနဲ့။ တကယ်တော့ သူတို့ ခုနက သော်သော်နဲ့ ကျွန်မကို လိုက်ပို့ဖို့ ရှင့်ကို ပြောတာက ရှင့်ရဲ့ မကောင်းတဲ့အကြံကို လက်ခံပေးလို့ပေါ့။”

ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ “တကယ်ပဲလား။”

“ထင်တာပဲ။”

“....”

All Chapters