ယွမ် သလင်းကျောက်
Vol. 54 Ch. 886
အလင်းတံခါးကိုကြည့်ပြီး မည်သူမှ စကားမပြောခဲ့ကြပေ။ သူတို့က တိတ်တိတ်ဆိတ်ဆိတ်သာ ဝင်သွားလိုက်ကြ၏။
“လိုအပ်တယ်ဆိုရင် ငါ့ရဲ့ကိုယ်ပွားကို ဆင့်ခေါ်ခွင့်ပြုတယ်။” ဆာရီရယ်၏အသံက ချန်လွေ့၏ ဝိညာဉ်ထဲ၌ ထွက်ပေါ်လာခဲ့၏ သူ၏နှလုံးသား အနည်းငယ် ကြက်သီးထသွားခဲ့သည်။
ဆာရီရယ်က သူရုပ်ဖျက်ထားခြင်းကို တစ်ချက်တည်းဖြင့် မြင်သွားပုံရပြီး ၎င်းက မိစ္ဆာမျက်ဆံ အသိအမှတ်ပြု လုပ်ဆောင်ချက် တစ်မျိုးမျိုးနှင့် ဆက်နွှယ်နေနိုင်ပေသည်။ ထို့ကြောင့် သူ၏ လက်ရှိစွမ်းအားကို ဆာရီရယ်ထံမှ ဖုံးကွယ်ရန် ခက်ခဲနိုင်ပေသည်။ သို့သော်လည်း ဆာရီရယ်က မလိုအပ်သော အရာများ မမေးခဲ့ပေ။ နတ်ဘုရား-ယောင်အဆင့် ပုဂ္ဂိုလ်များအတွက် အထူးသဖြင့် ထိပ်တန်း နတ်ဘုရား-ယောင်အဆင့် ပုဂ္ဂိုလ်များအတွက် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်စေ၊ တိုင်းပြည်အဆင့်ဖြစ်စေ၊ နတ်ဘုရားတစ်ပိုင်းအဆင့်သည်ပင် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်၏။ ဆာရီရယ် ဂရုစိုက်သည်က ငွေသေတ္တာကိုပင်။
ချန်လွေ့က စကားမပြောသလို ဆာရီရယ်ကိုလည်း မကြည့်ခဲ့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် သတိပေးနေသကဲ့သို့ပင် မရပ်တန့်သွားဘဲ အသာလေး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ချူအီရိုနောက်မှနေ၍ အလင်းတံခါးထဲသို့ လိုက်သွားသည်။
အလင်းတံခါးနောက်တွင် အလင်းမီးတောက်များ လွင့်ပျံ နေသော ထူးထူးဆန်းဆန်း နေရာတစ်ခု ရှိသည်။ ထူးဆန်းသော စည်းချက်တစ်ခုဖြင့် ပြောင်းလဲနေသော အလင်းမီးတောက်ထဲ၌ မရေမတွက်နိုင်သော လျို့ဝှက်ဆန်းကြယ်သည့် ထွင်းစာများ ရှိနေလေသည်။ အစီအစဉ်နှင့် စည်းချက်တို့က သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ဖြည်းဖြည်းချင်း ပြောင်းလဲနေ၏။ ၎င်းတွင် အဆုံးမရှိသော လျို့ဝှက်ဆန်းကြယ်မှု ရှိနေဟန်တူသည်။
ထိုနေရာတွင် အလင်းတံခါး နှစ်ပေါက် ရှိနေပြီး ဝင်ပေါက် တစ်မျိုးမျိုး ဖြစ်ပုံရသည်။
ချန်လွေ့က ထိုမြင်ကွင်းနှင့် ရင်းနှီးသလို ခံစားရနေသည်။ ငါ ဒီနေရာကို အရင်က ရောက်ဖူးလောက်တယ်။
သူ့ပတ်ပတ်လည်မှ ပြောင်းလဲနေသော မီးတောက်များနှင့် ထွင်းစာများက မှော်စက်ဝိုင်း ဆရာသခင်နီးပါး ဖြစ်နေသော သူ့အတွက်ပင် ဆန်းသစ်ပြီး ရှုပ်ထွေးနေပေသည်။ ထိုတွေ့ရှိချက်က သူ့ကို ရုတ်တရက် သတိပေးလိုက်၏။ လက်စသတ်တော့ ဒီနေရာက.... အရိပ်နက်အင်ပါယာ ယန္တရားအစည်းအရုံးရဲ့ ရှေးမှော်မျှော်စင် ဖြစ်နေတာကိုး။
ရှေးမှော်မျှော်စင်ရဲ့ စတုတ္ထအလွှာ။
အရိပ်နက်အင်ပါယာ ယန္တရားအစည်းအရုံး ရှေးမှော်မျှော်စင်က သွေးရောင်အင်ပါယာမှာ စာချုပ်ပေါင်းချုပ်ခန်းမနှင့် ပူးပေါင်းပြိး မဟာအမွေအနှစ်(၂)ခု ခေါ်ကြသည်။ အချို့က ကြယ်ကြွေတမန် အင်ပါယာမှ “မြမဏ္ဍိုင်”နှင့်ပေါင်းပြီး နတ်ဆိုးဘုံမှ အံ့သြဖွယ်ရာ အဆောက်အအုံ(၃)ခုဟု ခေါ်ကြလေသည်။
လွန်ခဲ့သော သုံးလေးရက်ကဆိုလျှင် မြမဏ္ဍိုင် တည်ဆောက် ပြီးသည်မှာ နှစ်အနည်းငယ်သာ ရှိနေရာ ၎င်းက ရှေးဟောင်းမျှော်စင်နှင့် စာချုပ်ပေါင်းချုပ် တို့ကို မယှဉ်နိုင်ဟု လူအတော်များများက ကျော်သွားကြမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် နတ်ဆိုးဘုံတလျှောက်၌ မှော်ဂိမ်းများ နာမည်ကျော်ကြားလာခဲ့သည်။ မှော်ဂိမ်းများက ဖျော်ဖြေရေး၊ လေ့ကျင့်ရေး၊စစ်ပွဲနှင့် တိုက်ပွဲများနှင့် ပေါင်းစပ်ထားပြီး နတ်ဆိုးဘုံ တစ်ခုလုံးကို ပြောင်းလဲပေးခဲ့သည်။ မှော်ဂိမ်း၏ ဗဟိုချက် ကျောက်တိုင် ဖြစ်သည့်အလျောက် မြမဏ္ဍိုင်က ရှေးဟောင်း အမွေအနှစ်(၂)ခုနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်ပေသည်။
အမှန်တကယ်၌ မြမဏ္ဍိုင်က A-အဆင့် ယုံကြည်မှု လက်ခံသူနှင့် ပေါင်းစပ်ထားသော ဗဟိုချက် ယုံကြည်မှု အဆောက်အအုံ ဖြစ်သည်။ ၎င်းက ကိုးကွယ်သူ နှလုံးသား ရှိသော ကြယ်မြို့ထံ ယုံကြည်မှုစွမ်းအားကို နေရာလွတ် အကွာအဝေး မခွဲခြားဘဲ အလိုလို ပို့ဆောင်ပေးနိုင်သည်။ အကျိုးရရှိသူက ကြယ်မြို့ စိတ်ဝိညာဉ် အမှတ်အသားကို ပိုင်ဆိုင်သော ချန်လွေ့ပင် ဖြစ်လေသည်။
ချန်လွေ့အတွက် အံ့အားသင့်စရာပင် ငွေသေတ္တာကို ဝှက်ထားသည့် “လျို့ဝှက် ဆန်းကြယ်သော နေရာ”က အရိပ်နက် အင်ပါယာမှာ အင်ပါယာရတနာအဖြစ် သတ်မှတ်ထားသော ရှေးမှော်မျှော်စင် ဖြစ်နေ၏။
ဟုတ်တယ်။ အဲဒါကို ပဉ္စမမြောက် အလွှာမှာ ချိပ်ပိတ်ထားတာ ဖြစ်ရမယ်။
ပဉ္စမအလွှာက ရှေးမှော်မျှော်စင်၏ လျို့ဝှက်ဆန်းကြယ်ဆုံး နေရာဖြစ်သည်။ မည်သူကမှ ထိုအလွှာ၏ တံခါးထဲသို့ မဝင်ဖူးကြပေ။ ချန်လွေ့ကိုယ်တိုင် ကြိုးစားကြည့်ခဲ့သော်လည်း အလင်းတံခါးကို မဝင်နိုင်ခဲ့ပေ။
မြေပြင်ပေါ်တွင် သတိလစ်နေကြသူ အများအပြား ရှိနေပြီး စတုတ္ထအလွှာ၌ မှော်စက်ဝိုင်း လေ့လာနေကြသော ယန္တရား ဆရာသခင်များ ဖြစ်လောက်ပေသည်။ သူတို့က အလင်းတံခါးကြောင်း သတိလစ်သွားဟန်တူသည်။ ဆာရီရယ်ရဲ့ စွမ်းရည်နဲ့ဆိုရင် စတုတ္ထအလွှာရဲ့ မြင်ကွင်းတစ်ခုကို ဖုံးကွယ် ထားပြီးတော့ ယန္တရားအစည်းအရုံး သတိမထားမိအောင် လုပ်မှာပဲ။
နောက်ဆုံးတစ်ယောက်က ဆာရီရယ်၏ အလင်းတံခါးမှ ထွက်လာသည်နှင့် ဆာရီရယ်၏ အလင်းတံခါးက အမှန်တကယ် လှုပ်ရှားသွားပြီး ပဉ္စမအလွှာသို့ ဦးတည်နေသော အလင်းတံခါးထံ ပျံသန်းသွားခဲ့သည်။ အလင်းတံခါးနှစ်ခုက တဖြည်းဖြည်း ထပ်သွားသောအခါ ထူးဆန်းသော ရှုံ့တွခြင်းနှင့် ပေါင်းစည်းခြင်း ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် လောင်ကျွမ်းကာ မီးတောက် တံခါးတစ်ခု ဖြစ်သွားတော့သည်။
နတ်ဘုရား-ယောင်အဆင့် စွမ်းအား....
ချန်လွေ့ တိတ်တဆိတ် အံ့အားသင့် သွားခဲ့သည်။ ပဉ္စမအလွှာတံခါးက ဒီလိုမျိုး ပွင့်လာမယ်လို့ မထင်ထားခဲ့ဘူး။
ဒီတံခါးက နဂိုကတည်းက ဆာရီရယ်နဲ့ သက်ဆိုင်နေတာ များလား။
ထိုမီးတောက်တံခါးနောက်တွင် လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ဖြစ်နေသည်။ အသေအချာပင် ထိုနေရာက သူတို့၏ ခရီးပန်းတိုင် ဖြစ်လေသည်။
မီးတောက်တံခါးထံမှ ဆာရီရယ်၏အသံ ထွက်ပေါ်လာ၏။ “ဝင်တော့။”
ထိုအသံက ပြင်းထန်သောဖိအား ရှိနေဆဲ ဖြစ်သော်လည်း ပင်ပန်းနေပုံရသည်။ ဆာရီရယ်အတွက်ပင် ထိုတံခါးကို ဖွင့်ရသည်မှာ မလွယ်ကူပုံ ရလေသည်။
“မိစ္ဆာလ မှော်သင်္ကေတ”က အချိန်မရွေး ပေါက်ကွဲနိုင်သော အဝေးထိန်းဗုံး ဖြစ်သည်။ ဆာရီရယ်က ၎င်း၏ ပိုင်ဆိုင် ဖြစ်ရာ အဝေးထိန်း ခလုတ်ကိုလည်း ပိုင်ဆိုင်ထားခြင်းနှင့် ညီမျှ၏။ သူ၏ မူလခန္ဓာကိုယ်က ထိုနေရာ၌ မရှိသည့်တိုင် နတ်ဘုရားတစ်ပိုင်း အဆင့်ဖြစ်သော ခီရက်ဇ်ဆာသည်ပင် မဆန့်ကျင်ရဲပေ။
အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး အလျင်အမြန်ပင် မီးတောက်တံခါးထဲသို့ ဝင်သွားလိုက်ကြသည်။
အားလုံး ဝင်သွားပြိးနောက် အလင်းတံခါးမှ မီးတောက်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြိး ဘာမှ မဖြစ်ခဲ့သလိုမျိုးပင် မူလ အခြေအနေသို့ ပြန်ရောက်ရှိသွားခဲ့သည်။
အလင်းတံခါးထဲသို့ ဝင်သွားလိုက်သည်နှင့် ပြင်းထန်သော သတိပေးချက်တစ်ခုကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူက အလွန်အမင်း အန္တရာယ်များသော အငွေ့အသက်တစ်ခု၏ ရစ်ပတ်ခြင်းကို ခံလိုက်ရ၏။ ထိုအရာက ဖော်ပြ၍မရသော ဖျက်ဆီးခြင်း၊ သောင်းကြမ်းခြင်း၊ သေခြင်းများ ဖော်ပြနေ၏။ ထိုအငွေ့အသက်က သူ့ခန္ဓာကိုယ်ကို အလျင်အမြန် ကျူးကျော် လာခဲ့ပြီး လမ်းတလျှောက် အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က စတင်၍ တစ်စစီ ဖြစ်ပြိး ပျောက်ကွယ် လာခဲ့သည်။ သူ၏ ဝိညာဉ်သည်ပင် တုန်ခါလာ၏။
ချန်လွေ့၏ ခန္ဓာအမျိုးအစားနှင့် ခွန်အားနှင့်ပင် ထိုကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို အမှန်တကယ် မခုခံနိုင်ပေ။ သူက ချေမှုန်းခံရမည့် အန္တရာယ်ကို အဆက်မပြတ် ခံစားနေရလေသည်။
ချန်လွေ့က ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကာကွယ်ရန်အတွက် ချက်ချင်းပင် ပျက်စီးခြင်း ဥပဒေသကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက [ကြယ်ဝါးမျိုခြင်း] နှင့် [ကြယ်ကူးပြောင်းခြင်း]ကို အသက်သွင်းကာ ကျူးကျော်လာသော အားကို အလျင်အမြန် ဝါးမျိုပြီး ဖြေရှင်းလိုက်၏။ ပျက်စီးခြင်း ဥပဒေကို အသက်သွင်းပြီးနောက် သူ၏ အရေပြား အပေါ်ယံက ဆုပ်ကိုင်မရသော အကာအကွယ် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားပံုရပြီး အန္တရာယ် အငွေ့အသက်ကို အဆက်မပြတ် စစ်ထုတ်ပေးနေသည်။ လက်ကျန်စွမ်းအားကို [ကြယ်ဝါးမျိုခြင်း] နှင့် [ကြယ်ကူးပြောင်းခြင်း] တို့က အလျင်အမြန် ပြိုကွဲစေပြီး စုပ်ယူနေခဲ့ကာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ ယခင်က ထိခိုက်ခဲ့သော အစိတ်အပိုင်းများလည်း စူပါစနစ်၏ အလိုအလျောက် စွမ်းရည်နှင့် ဆာရီရယ် ပေးထားခဲ့သော [အသစ်ပြန်ဖြစ်ခြင်း] စွမ်းအားတို့ကြောင့် အလျင်အမြန်ပင် ပြန်ကောင်းသွားခဲ့ကြသည်။
အကာအကွယ်စွမ်းအားကို အသက်သွင်းပြီးနောက် ချန်လွေ့က ရှေ့မှ အခြေအနေကို မြင်နိုင်ခဲ့သည်။ ထိုနေရာက ကောင်းကင်မရှိ၊ မြေပြင်မရှိသော ကျယ်ပြောကာ အဆုံးမဲ့ နေသည့် လောကတစ်ခုကဲ့သို့ ဖြစ်နေပြီး ဖရိုဖရဲနီးပါး ဖြစ်နေသော နေရာလွတ် တစ်ခု ကဲ့သို့ပင်။ ကြုံရာကျပမ်းပုံစံဖြင့် လွင့်ပျံနေသော မရေမတွက် နိုင်သည့် ဥက္ကာပျံပုံစံ ပစ္စည်းများ ရှိနေသည်။ အချို့က အလွန်ပင် ကြီးမားလှပြီး ကျွန်းတစ်ကျွန်းလောက် ရှိသည်။ အချို့က အလွန်အမင်း အေးစက်နေသည်။ ချန်လွေ့နှင့် အခြားသူများ ရှိနေသည့်နေရာက ဧရာမ ဥက္ကာပျံကြီးပေါ်တွင် ဖြစ်၏။
ဥက္ကာပျံများက တစ်ခါတရံ အချင်းချင်း ဝင်တိုက်ပြီး ပေါက်ကွဲ သွားတတ်ကြသည်။ အန္တရာယ် အလင်းရောင်များကို နေရာတိုင်း မြင်နိုင်ပေသည်။ အဝေးတွင်လည်း မုန်တိုင်းကဲ့သို့ မြင်ကွင်းတစ်ခု ရှိနေသည်။ နေရာလွတ် တစ်ခုလုံးက ဘာမှန်းမသိသော ကပ်ဘေးများ ပြည့်နှက်နေသည်။ ထိုလောကတွင် အနည်းငယ် သတိလက်လွတ်ဖြစ်ခြင်းက အထူးအစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် အတွက်ပင် ခန္ဓာကိုယ် ပျောက်ကွယ်သွားနိုင်၏။ အနီးအနားမှ ပတ်ဝန်းကျင်ကို ဥပမာထားလိုက်ပါ။ အကာအကွယ် စွမ်းအား မရှိတော့သည်နှင့် ရပ်နေရန်ပင် လမ်းဆုံးဖြစ်သွားပေလိမ့်မည်။
ဆာရီရယ်ပေးထားသော “အချက်အလက်”အရ ထိုနေရာက ပျောက်ဆုံးနယ်မြေဟုခေါ်သော လျို့ဝှက်ဆန်းကြယ်သည့် နယ်မြေမှ အပြင်ဘက်ဆုံး နေရာလွတ်သာ ဖြစ်ပေသည်။
ချန်လွေ့နှင့် အတူ ရောက်လာကြသူများကလည်း ပျောက်ဆုံး နယ်မြေ၏ ထူးဆန်းသော အားကို ခြွင်းချက်မရှိ ခံခဲ့ရသည်။ သေခြင်းတရား ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်အခါ သူတို့ အားလုံးက ထူးဆန်းသော အားကို ခုခံရန် စွမ်းအားအကုန် သုံးကြတော့သည်။
အထင်ရှားဆုံးက အနက်ရောင်ဆံပင်များ ရုတ်တရက် ရှည်လာပြီး မြွေကဲ့သို့ နိမိတ်ပုံရိပ်တစ်ခု နောက်တွင် ပေါ်လာကာ ထူးဆန်းသော အားကို ဝါးမျိုလိုက်သော ခီရက်ဇ်ဆာပင် ဖြစ်လေသည်။ ထို့နောက်တွင် မြွေနိမိတ်ပုံရိပ်က ခီရက်ဇ်ဆာ၏ နောက်ဘက်မှ မြွေပုံစံကွက် ဝတ်ရုံအဖြစ် ပြောင်းလဲသွားခဲ့သည်။ အားအောက်တွင် ဝတ်ရုံက တွန့်လိမ်ပြီး လူးလွန့်နေသော်လည်း ခီရက်ဇ်ဆာက အေးအေးဆေးဆေးပင်။
တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ပါတိုက ချပ်ကာတစ်ခု ဖြစ်ဟန်တူသော အထူးသလင်းကျောက် အလွှာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ချပ်ကာက ခဏခဏ အက်ကြောင်းများ ပေါ်လာသောအခါ အလိုလိုပင် အလျင်အမြန် ပြန်ကောင်းသွား၏။
ချန်လွေ့သိသော ထိပ်ပြောင် ချူအီရိုက နတ်မိစ္ဆာမျက်လုံးမှ ဝါးမျိုစွမ်းအားကို အသက်သွင်းလိုက်သည်။ အနီးအနားရှိ စွမ်းအားများ အဆက်မပြတ် ဝါးမျိုခံလိုက်ရသည်။ ထိုပါရမီက ချန်လွေ့၏ [ကြယ်ဝါးမျိုခြင်း]နှင့် အနည်းငယ် ဆင်တူနေသည်။
အထူးအစွမ်းထက် ပုဂ္ဂိုလ်များနှင့်ယှဉ်လျှင် နတ်ဆိုး အရှင်သခင်အဆင့် နှစ်ယောက်က အတော်လေး အခြေအနေ ဆိုးနေခဲ့သည်။ သူတို့နှစ်ယောက်က ပြာအဖြစ် ပြောင်းလုမတတ် ဖြစ်သွားခဲ့ပြီး ဆာရီရယ် ပေးထားသော [ အသစ်ပြန်ဖြစ်ခြင်း ] စွမ်းအားကို အမှီပြုကာ နောက်ဆုံးတွင် အစွမ်းအချို့ကို အသက်သွင်းပြီး အသက်ရှင်နိုင်သွားခဲ့သည်။
ချန်လွေ့က တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ဒါကြောင့် ဆာရီရယ်က “စိတ်ကောင်း”ပြီးတော့ လူတိုင်းကို [အသစ် ပြန်ဖြစ်ခြင်း] စွမ်းရည် တစ်လတောင် ပေးထားခဲ့တာကိုး။ ဒါက တွက်ချက်ထားပြီးသားပဲ။ နှစ်တွေ အများကြီးမှာ ဆာရီရယ်က ဒီလျို့ဝှက်ဆန်းကြယ်တဲ့ နေရာကို ဝင်ရောက်ပြီးတော့ ငွေသေတ္တာကို ရယူဖို့အတွက် “မိစ္ဆာလ မှော်သင်္ကေတ” လက်ခံသူတွေကို တမင်တကာ ရွေးချယ်ခဲ့တယ်။ စေတန်အတွက်လည်း ဒီလိုပဲ ဖြစ်ရမယ်။ ရှေ့မှာ တိုင်းတာလို့ မရတဲ့ အန္တရာယ်တွေ ရှိရေမယ်။ ငါ ပိုပြီးတော့ သတိထားမှ ဖြစ်မှာ။
ခီရက်ဇ်ဆာက ထူးဆန်းသော မြွေပုံစံကွက် ဝတ်ရုံကို တောက်လိုက်ရာ ရေလှိုင်းကဲ့သို့ စွမ်းအားက တစ်လွှာချင်း ပျံ့နှံ့သွားခဲ့ပြီး လူအုပ်ကြီးကို ဖုံးလွှမ်းလိုက်၏။
နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားက အသေအချာပင် ထူးခြားလှပြီး လူတိုင်းက ရုတ်တရက် ဖိအား လျော့ကျ သွားသည်ကို ခံစားလိုက်ရသည်။ မယ်ဒူဆာ၏ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ “ဒီတာဝန်ရဲ့ ခက်ခဲမှုကို အားလုံး သိလောက်ပါတယ်။ ဒီလောကရဲ့ အန္တရာယ်က ရှင်တို့ စိတ်ကူးထားနိုင်တာထက် ကျော်လွန်နေတယ်။ ဆာ-ဆာရီရယ်ရဲ့ ဆုလာဒ်ကို အသာထား၊ အသက်ရှင်ရက် ပြန်သွားနိုင်ဖို့အတွက် ကျွန်မတို့ အလုပ်တူတူ လုပ်ကြရမယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။
“အဖွဲ့ဆိုမှတော့ ခေါင်းဆောင်တစ်ယောက် ရှိရမယ်။ ကျွန်မနဲ့ လိုက်ချင်တဲ့သူက ဒီမှာရပ်နေ။ ငွေသေတ္တာနဲ့ ထွက်လာတဲ့သူက ဆုလာဒ်တွေ မြိုးမြိုးမြက်မြက် ရပြီးတော့ လုံးဝ လွတ်လပ်မှု ရမယ်လို့ ဆာ-ဆာရီရယ် ပြောခဲ့တယ်။ တစ်ယောက်တည်း လှုပ်ရှားချင်ရင် ကျွန်မ ဖိအားမပေးပါဘူး။ ဒီမှာပဲ လမ်းခွဲလို့ ရတယ်။ ဒါပေမဲ့ ကျွန်မ အခု တည့်ပဲ ပြောလိုက်မယ်။ ကျွန်မတို့က အဖွဲ့ဝင်တွေလည်း မဟုတ်သလို ရန်သူတွေလည်း မဟုတ်ဘူး။ ကျွန်မနဲ့ မပူးပေါင်းချင်တဲ့သူတွေကို နောက်တစ်ခါ တွေ့တဲ့အခါ လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး။” ခီရက်ဇ်ဆာ၏ အသံက ရဲတင်းပြီး လေးနက်ကာ ပြတ်သားမှုများ ပြည့်နှက်နေသည်။
လူတိုင်းက ခီရက်ဇ်ဆာ၏ စွမ်းအားကို အာရုံခံမိသည်။ ခဏ စဉ်းစားပြီးနောက် အားလုံးကို ထိုနေရာတွင် ရပ်လိုက်ကြသည်။ ခီရက်ဇ်ဆာက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ “အားလုံးက အဖွဲ့ထဲ ဝင်လိုက်မှတော့ ကျွန်မ စီစဉ်တာကို နာခံရမယ်။ တိုက်ပွဲကနေ ထွက်ပြေးရင် ကျွန်မ လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး။ ရှင်တို့ရဲ့ အမြင်တွေကိုလည်း ပြောလို့ရပါတယ်။ ကျွန်မတို့ အတူတူ ဆွေးနွေးကြတာပေါ့။”
ဤသို့ဖြင့် ယာယီအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ ခီရက်ဇ်ဆာက တာဝန်ပြီးမြောက်ပြီး ဘေးကင်းကင်းနှင့် အားလုံး ပြန်လာနိုင်ရန် သစ္စာဆိုခဲ့သော်လည်း အဖွဲ့ဝင်လာသော လူတိုင်းနီးပါးက လျို့ဝှက် အကြံအစည်း ရှိသူများဖြစ်ကြောင်း သိကြလေသည်။ အခြားသူများကို အသုံးချတတ်သော ခီရက်ဇ်ဆာ ကိုယ်တိုင် အပါအဝင် ဖြစ်လေသည်။
အထူးသီးသန့် ဆုလာဒ်တစ်ခု သို့မဟုတ် ရှောင်တိမ်း မရသော အန္တရာယ်တစ်ခုခု ရှိခဲ့လျှင် “အဖွဲ့”ဟူသည်က လေပူဖောင်းသဖွယ် ပေါက်ထွက်သွားပေလိမ့်မည်။
ထိုမတိုင်ခင် လူတိုင်းက “စည်းလုံး”နေကြရပေမည်။
နေရာလွတ်ကို ဖုံးလွှမ်းထားသော ထူးဆန်းသည့် အားက ကိုင်တွယ်ရ အလွန်ခက်ခဲပေသည်။ စွမ်းအား အကာအကွယ်ကို အသက်သွင်းရန် လိုအပ်သည့်အပြင် လူတိုင်း၏ လှုပ်ရှားမှုများက သာမန်ထက် နှစ်ဆ ပိုသုံးနေရသည်။ အထူးသဖြင့် ပျံသန်းခြင်းက အလွန်အမင်း ခက်ခဲလာခဲ့သည်။
လောကကြီးက အဆက်မပြတ် ပြောင်းလဲပြီး လှုပ်ရှားနေ၏။ ဥပမာ ထိုအခိုက်တွင် အန္တရာယ်က မျိုးစေ့ အခြေအနေသာ ရှိနေသေးသည့်အတွက် သူတို့က ဘေးကင်းကင်းနှင့် ထိုနေရာ၌ ရှိနေနိုင်သေးသည်။ ချက်ချင်းပင် ထိုနေရာက ပေါက်ကွဲထွက်ပြီး အန္တရာယ်အများဆုံး ဖြစ်သွားတတ်ရာ သူတို့က တစ်နေရာတည်း၌ အချိန်အကြာကြီး မနားနေနိုင်ပေ။ သို့မဟုတ်ပါက သေရမည့် နေရာ ဖြစ်သွားမည် ဖြစ်သည့်အတွက် သူတို့က အဆက်မပြတ် သွားနေရလေသည်။
ခီရက်ဇ်ဆာ၏ အမိန့်အောက်တွင် အားလုံးက ပျံသန်း နေကြသည်။ ခီရက်ဇ်ဆာ၏ အာရုံခံစွမ်းရည်က အတော်လေး အားကောင်းလှသည်။ သူ၏ “အာရုံခံမှု”နှင့်အတူ သူတို့က အန္တရာယ် အတော်များများကို ရှောင်တိမ်းနိုင်ခဲ့သည်။
“မဒမ်-ခီရက်ဇ်ဆာ။ အဲဒါက ဘာကြီးလဲ။” နတ်ဆိုး အရှင်သခင်တစ်ယောက်က ရှေ့တွင် လွင့်ပျံနေသော ဥက္ကာပျံ တစ်ခုကို လက်ညှိုးထိုးပြုလိုက်သည်။ ၎င်းအပေါ်တွင် အစိုင်အခဲ ဖြစ်နေသော တလက်လက် အရာများ ရှိနေပြီး ခမ်းနားသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေ၏။
ခီရက်ဇ်ဆာက ၎င်းကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ “ယွမ်သလင်းကျောက်ပဲ။ အဲဒါက တန်ဖိုးတစ်ခုခု ရှိပေမဲ့ သာမန် အစွမ်းထက်ပုဂ္ဂိုလ်အတွက် ဘာမှ အကျိုးမရှိဘူး။ ပြီးတော့ အဲဒါကို တူးရတာက ခက်ခဲတယ်။ အားအင်တွေ မဖြုန်းတီးနဲ့။”
ခီရက်ဇ်ဆာ ပြောသည်ကို ကြားသောအခါ ယွမ်သလင်းကျောက် အနည်းငယ် စုဆောင်းချင်သော နတ်ဆိုး အရှင်သခင်အဆင့်က ရုတ်တရက် တိတ်ဆိတ်သွား၏။
ဒါက ယွမ်သလင်းကျောက်လား။ ချန်လွေ့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ယွမ်သလင်းကျောက်က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ အခြေခံ “အသက်ယွမ်”ကို ဖြစ်စေနိုင်သော သလင်းကျောက် ဖြစ်၏။ ၎င်းက သလင်းကျောက် ဇာမဏီ၏ စွမ်းအားကို ကြီးကြီးမားမား တိုးတက် စေနိုင်ပြီး ဗဟိုချက် သလင်းကျောက်များကို အဆင့်(၄)မှ အဆင့်(၅)အထိ ဆင့်ကဲပြောင်းလဲရန်ပင် ဖြစ်နိုင်လေသည်။ ထို့အပြင် ယွမ်သလင်းကျောက်က ဂိမ်းခလုတ်အတွက် ဗဟိုချက် သလင်းကျောက်များ ပြုလုပ်ရန် အစားထိုးမရသော ကုန်ကြမ်း တစ်ခုလည်း ဖြစ်ပေသည်။ ယွမ်သလင်းကျောက်ကို ရှာတွေ့သည်နှင့် လူသားလောက၌ မှော်ဂိမ်းကွန်ရက်ကို တည်ဆောက်ရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။
ယွမ်သလင်းကျောက်က နတ်ဘုရား-ယောင်အဆင့်ပင် မသွားရဲသော နေရာတွင် ရှိကြောင်း အက်ဂ်လက်စ် ပြောခဲ့ဖူးသည်။ အသေအချာပင် ထိုကဲ့သို့ ပျောက်ဆုံးနယ်မြေ၌ပင် ချန်လွေ့က နေရာတိုင်း မတွေ့နိုင်သော ထိုကဲ့သို့ ရှားပါးသည့် ကုန်ကြမ်းကို တွေ့ခဲ့လေသည်။
ထိုဥက္ကာပျံက ဘတ်စကက်ဘော နှစ်ကွင်းစာ ရှိနေပြီး ယွမ်သလင်းကျောက်က အနည်းဆုံး ၄မီတာခန့်ကို ဖုံးလွှမ်း နေလေသည်။
“မဒမ်-ခီရက်ဇ်ဆာ” ချန်လွေ့က ပြောလိုက်သည်။ “ကျုပ်က အရေးကြီးကိစ္စတစ်ခုအတွက် ယွမ်သလင်းကျောက် လိုအပ်တယ်။ အဲဒါကြောင့် ကျုပ် နည်းနည်းလောက် စုဆောင်းချင်တယ်။”
“ခုနက ကျွန်မပြောပြီးပြီ။ အဖွဲ့ထဲမှာ ကျွန်မ စီစဉ်ထားတာကို နာခံရမယ်။” ခီရက်ဇ်ဆာက ချန်လွေ့ကို သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ “ခုနက ကျွန်မပြောတာ မကြားဘူးလား။ ဒါမှမဟုတ် အဖွဲ့ထဲက ထွက်သွားချင်တာလား။”
ချန်လွေ့၏ အမူအရာက မပြောင်းလဲသွားပေ။ “ကျုပ်ပြောတဲ့ အရေးကြီးတယ်ဆိုတာက ယွမ်သလင်းကျောက်ကို သုံးပြီးတော့ လူတိုင်းကို ဝိုင်းရံနေတဲ့ တိုက်စားမှုတွေ၊ အားအင်ကုန်ခမ်းစေ တာတွေကို လျှော့ချနိုင်တဲ့ မှော်စက်ဝိုင်းတစ်ခု ဖန်တီးမလို့ပါ။ ဒီအဖြေကို မဒမ်-ခီရက်ဇ်ဆာ လက်ခံလား မသိဘူး။”
ထိုစကား ထွက်လာသည်နှင့် လူတိုင်းက စိတ်လှုပ်ရှားမှု ပြသလိုက်ကြသည်။ ဒီမှာရှိတဲ့ ထူးဆန်းတဲ့စွမ်းအားက အတော်လေး ပြဿနာပေးတယ်။ အခုက အစပဲ ရှိသေးတယ်။ အချိန်ကြာလာပြီးတော့ အကာအကွယ် စွမ်းအားနဲ့ ပျံသန်းတာကို အဆက်မပြတ် သုံးနေမယ်ဆိုရင် ဆုံးရှုံးမှုက အတော်လေး ထိတ်လန့်စရာ ကောင်းနေမှာပဲ။ တကယ်လို့ ဒီ“ရစ်ချက်”က အဲဒီ မှော်စက်ဝိုင်းကို ဖန်တီးနိုင်မယ်ဆိုရင် ပြဿနာကြိးတစ်ခုကို ဖြေရှင်းနိုင်ပြီ။
“ရှင် တကယ် အဲဒီလို လုပ်နိုင်လား။” ခီရက်ဇ်ဆာ၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ အလင်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပြီး သူ့ဝိညာဉ်ကို ဖောက်ကြည့် လိုက်သကဲ့သို့ပင်။ “ငါ့ကို လိမ်ညာတဲ့ အကျိုးဆက်ကို မင်း သိလောက်ပါတယ်။”
“ကျုပ် သိပါတယ်။” ချန်လွေ့က သူ့ကို ကြောက်လန့်မှု မရှိဘဲ ကြည့်လိုက်သည်။
ခီရက်ဇ်ဆာက သူ့ကို ခဏလောက် ကြည့်လိုက်ပြီး နောက်ဆုံး ခေါင်းညိတ်ပြသည်။ “”အားလုံး ခဏရပ်ပြီး ယွမ်သလင်းကျောက် ရသလောက် အကောင်းဆုံး တူးကြ။”
ချန်လွေ့ပြောခဲ့သော မှော်သလင်းကျောက်က ရိုးရှင်းသော ဆင်ခြေတစ်ခု မဟုတ်ပေ။ သူက အစကတည်းမှ ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ပြီး ထူးဆန်းသော အင်အားမှ နှောင့်ယှက်မှု ပြဿနာကို ထိထိရောက်ရောက် မည်သို့ ဖြေရှင်းနိုင်မည်ကို စဉ်းစားနေခဲ့သည်။ ယွမ်သလင်းကျောက်က ဆင်ခြေတစ်ခုသာ ဖြစ်၏။ ယွမ်သလင်းကျောက် မရှိလျှင်ပင် အခြားသော ကုန်ကြမ်းများဖြင့် ပြုလုပ်နိုင်သော ပိုကောင်းမွန်သော အစွမ်းများပင် ထုတ်လုပ်ပေးနိုင်၏။
သူက မှော်စက်ဝိုင်း တန်ဖိုးကို ပြနိုင်သည်နှင့် အဖွဲ့ အင်အားကို အသုံးပြုကာ လိုအပ်သော ယွမ်သလင်းကျောက်များကို အေးအေးဆေးဆေး အဆက်ပြတ် စုဆောင်းနိုင်ရန် အကျိုးသင့် အကြောင်းသင့် ဖြစ်နိုင်ပေလိမ့်မည်။