← Chapters

ဥပဒေသ အပိုင်းအစ

Vol. 54 Ch. 889

ဥပဒေသ အပိုင်းအစ

Vol. 54 Ch. 889

ဇက်.....ဇက်.....ဇက်....

နောက်ဆုံးဝိညာဉ်က တိုင်းပြည်အဆင့် ထိပ်သီးပိုင်းဖြစ်သော အစွမ်းအထက်ဆုံး ခြေသလုံးအိမ်တိုင် ဝိညာဉ် ဖြစ်လေသည်။ ၎င်းက မရေမတွက်နိုင်သော အပိုင်းအစများ ဖြစ်သွားပြီး ပြန့်ကျဲ သွားတော့သည်။ ချန်လွေ့က ချက်ချင်းပင် ကြယ်ကြွေတမန်ဓားဖြင့် ရေလှိုင်းတွန့်အလွှာများ ဖြစ်အောင် လွှဲရမ်းပြီး အပိုင်းအစများကို လုံးဝ ပျက်စီးကြေမွသွားအောင် ပြုလုပ်လိုက်၏။

ယခုတစ်ခေါက်တွင် “ကြေမွသွားသော အလောင်း”က ပြန်ရှင်လာနိုင်ချေ လုံးဝ မရှိတော့ပေ။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များအားလုံးကို သုတ်သင် ရှင်းလင်းပြီးနောက် အနီးအနားရှိ အေးစက်စက်လေထုကို တစ်ခုခုက ဆွဲဆောင်နေသလို အာရုံခံလိုက်မိပြီး သူ့အရှေ့၌ မြန်နှုန်းမြင့်စွာဖြင့် စုစည်းနေတော့သည်။

ချန်လွေ့က ကြယ်ကြွေတမန်ဓားကို သတိဖြစ် ဆုပ်ကိုင်ထားစဉ် “စုစည်းမှု”က “အစိုင်အခဲ” ဖြစ်လာတော့သည်။ သူ့အရှေ့၌ ယဲ့ယဲ့လေး တောက်ပနေသော အရာတစ်ခု ပေါ်ထွက်လာသည်။

ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ ထိုအရာက သူ့ထံ ပျံသန်းလာခဲ့သည်။ ၎င်းက လက်ချောင်းအရွယ်အစားခန့် သလင်းကျောက်တစ်ခု ဖြစ်သည်။ သိပ်မကြီးသော်လည်း မယုံနိုင်စရာ စွမ်းအားအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ ထိုအငွေ့အသက်က အမှန်တကယ်ပင် ပြိုင်စံရှား သန့်စင်သော တိုင်းပြည်အဆင့် ဥပဒေသစွမ်းအား ပါရှိနေခြင်းပင်။

“ဥပဒေသ အပိုင်းအစလား။” ချန်လွေ့က မြေဒြပ်စင်ဘုရင် ပြောခဲ့ဖူးသည်ကို သတိရလိုက်သည်။ အထူးအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ကို လုံးဝ ချေမှုန်းပြီးနောက်တွင် စံပြုစရာ ဥပဒေသက ကျန်ရှိနေပြီး ဥပဒေသ အပိုင်းအစ တစ်ခုအဖြစ် အစိုင်အခဲ ဖြစ်သွားကြပေသည်။

ထိုကဲ့သို့ ဥပဒေသ အပိုင်းအစမျိုးက တိုင်းပြည်အဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် သေဆုံးပြီးနောက် ဖြစ်ပေါ်လာတတ်သည်။ ၎င်းတွင် သူ့တစ်ဘဝလုံး နားလည်ထားခဲ့သော အသန့်စင်ဆုံး ဥပဒေသစွမ်းအား ပါရှိသည်။ ဥပဒေသ အပိုင်းအစက အမှန်တကယ်၌ “နတ်ဘုရားဘဝ”လောင်း သို့မဟုတ် “နတ်ဘုရားဘဝ-ယောင်”အတွက် ကနဦး အရင်းခံ ဖြစ်လေသည်။

ဥပဒေသ အပိုင်းအစက အလွန်အမင်း ရှားပါးသော ရတနာ ဖြစ်သည်။ ၎င်းက ဥပဒေသ မရှိသော လေ့ကျင့်သူများကို အမြန်ဆုံး နားလည်လာစေနိုင်ပြီး တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် ဖြတ်လမ်းဟု ပြော၍ ၇နိုင်ပေသည်။ သို့သော်လည်း ဥပဒေသ အပိုင်းအစကို အမှီပြုသော လေ့ကျင့်သူက အစစ်အမှန် နားလည်သဘောပေါက်ခြင်း မရှိလျှင် သို့မဟုတ် အခြား နည်းလမ်းတစ်ခု ရှာမတွေ့လျှင် အထူးအဆင့်သို့ ရောက်ပြီးနောက်တွင် ကိုယ်တိုင်နားလည်ထားသူများထက် တိုးတက်မှုများ ပိုမို၍ နှေးကွေးသွားပေလိမ့်မည်။ ထို့ပြင် တစ်ဆို့မှုကို ချိုးဖောက်ရန် ခက်ခဲမှုကလည်း နှစ်ဆတိုးသွား ပေမည်။

ထို့အပြင် ဥပဒေသ အပိုင်းအစက သာမန် အထူး အစွမ်းထက် ပုဂ္ဂိုလ်များအတွက်လည်း အကောင်းဆုံး “အာဟာရ” ဖြစ်ပြီး ကိုယ်ပိုင် ဥပဒေသ အခြေခံကို တိုးပွားစေပြီး အနှိုင်းမဲ့ သန့်စင်သော ဥပဒေသစွမ်းအားကိုလည်း စုပ်ယူနိုင်သည်။ ထိုကဲ့သို့ “အရေအတွက် ပြောင်းလဲမှု”က “အရည်အသွေး ပြောင်းလဲမှု”နှင့် မယှဉ်နိုင်သော်လည်း အလွန်အမင်း အဖိုးတန်သော ဖြည့်စွက်စာ တစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် [ ဓူဝံကြယ်နီဧကရာဇ် ] သို့ အဆင့်တက်ပြိးနောက် ချန်လွေ့က “အရေအတွက် ပြောင်းလဲမှု”နှင့် အခြေခံစုစည်းမှု အရေးပါပုံကို လုံးဝ သဘော‌ပေါက်သွားခဲ့သည်။

“မထင်ထားတဲ့ အကျိုးရလာဒ် တစ်ခုပဲ။ ဥပဒေသ အပိုင်းအစနဲ့ဆိုရင် အသီနာ၊ အစ်ဇဘယ်လာနဲ့ တခြားသူတွေလည်း အထူး-အဆင့်ကို ပိုပြီးတော့ မြန်မြန်နဲ့ တက်လှမ်းနိုင်လာလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ သက်တမ်းလည်း အများကြီး ပိုရှည်လာမယ်။”

ချန်လွေ့က ပျော်ရွှင်မှုကို ပြသလိုက်သည်။ ဥပဒေသ အပိုင်းအစက အဖိုးတန်သော်လည်း သူ ပထမဆုံး တွေးလိုက် မိသည်မှာ သူ့အတွက်မဟုတ်ဘဲ အသီနာနှင့် အခြားသူများ အတွက် ဖြစ်နေသည်။

ဇိုလာနှင့် ကတ်သရင်းတို့က တိုင်းပြည်အဆင့်သို့ ရောက်ရှိ သွားကြပြိး ရှီရာကလည်း နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းမှ ထိပ်သီးပိုင်းသို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း အခြေခံ နည်းပါးမှုနှင့် အင်ပါယာအရေးများနှင့် အလုပ်များနေခြင်းကြောင်း သူ၏ လေ့ကျင့်ရေးအချိန်က အကန့်အသတ် ရှိလေသည်။ ထို့ကြောင့် တိုင်းပြည်အဆင့်သို့ ရောက်ရှိနိုင်ရန် အတော်လေး ခက်ခဲပေလိမ့်မည်။ အစ်ဇဘယ်လာက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းသာ ဖြစ်ပြီး အသီနာနှင့် ခီရာတို့က ပို၍ပင် အားနည်းနေသည်။ အသီနာက နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်ပြီး ခီရာက မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်၏။

စွမ်းအားခြားနားခြင်းးက သက်တမ်းကွာခြားချက် ကြီးမားခြင်း ဖြစ်သည်။ ထိုကွာခြားမှုကို အသက်ရှည်ဆေးရည်ကဲ့သို့ ပြင်ပ အကြောင်းအရာများဖြင့် ကျဉ်းမြောင်း၍ မရနိုင်ပေ။ သာမန် နတ်ဆိုးများ၏ သက်တမ်းက နှစ်၂၀၀ မှ ၅၀၀အထိ ဖြစ်ပြီး တော်ဝင်မိသားစုများက ပို၍ အသက်ကြာကြာ ရှင်လေသည်။ နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်တွင် သက်တမ်းက တဝက် တိုးသွားပြီး နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ပြီးနောက်တွင် နှစ်ဆ သို့မဟုတ် ပို၍ တိုးသွားသည်။ ပြောရမည်ဆိုလျှင် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက် သက်တမ်းက အနည်းဆုံး နှစ်၁၀၀၀ မှ နှစ်၂၀၀၀ ဖြစ်၏။

တိုင်းပြည်အဆင့်သို့ ရောက်ရှိပြိးနောက် လေ့ကျင့်သူက သဘာဝစွမ်းအားကို စုပ်ယူကာ အားပြန်ဖြည့်နိုင်ပြီး အသက်ရှင်ရန် စားစရာကို လုံးဝ မှီခိုစရာ မလိုတော့ပေ။ သူ၏ အသက်ဓာတ် ကလည်း သဘာဝနှင့် ဥပဒေသ စွမ်းအားကြောင့် ကြီးကြီးမားမား တိုးမြင့်သွားပြီး သက်တမ်းကလည်း ၁၀ခန့် တိုးမြင့်သွားပေမည်။ နတ်ဘုရားတစ်ပိုင်း သို့မဟုတ် နတ်ဘုရား-ယောင်အဆင့်သို့ ရောက်ရှိလျှင် ထိုအချိုးက သိသိသာသာ တိုးသွားပေလိမ့်မည်။

ချန်လွေ့က သူချစ်ရသော မိန်းမများမှာ သက်တမ်း ကုန်သွားပြီး သူ့လက်ထဲ၌ သေဆုံးသွားမည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။ ထိုအကြောင်းကြောင့် သူက ကိုယ့်သက်တမ်းကိုသာ တိုတောင်းခံမည် ဖြစ်သည်။ ယခုတွင် သူက ဥပဒေသ အပိုင်းအစ တစ်ခုကို ရရှိခဲ့ပြီး အသီနာနှင့် အခြားသူများ၏ သက်တမ်းကို ကြီးကြီးမားမား တိုးမြင့်ပေးနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရ၏။

ဥပဒေသ အပိုင်းအစတွေ ပိုများလေလေ၊ တိုင်းပြည်အဆင့် ‌ရောက်ဖို့အတွက် ဖြစ်နိုင်ချေ ပိုကြီးမားလေလေပဲ။ အသီနာ၊ အစ်ဇဘယ်လာ၊ ရှီရာ၊ ခီရာနဲ့ ဒေလီယာ၊ ခရိုဘဲလက်စ်၊ မယ်ဒီလူ လိုမျိုး မိတ်ဆွေတွေလည်း ရှိတယ်။ ဥပဒေသ အပိုင်းအစ တစ်ခုက မလုံလောက်ဘူး။ ထို့ကြောင့် ချန်လွေ့က ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အမဲလိုက်ပြီး တစ်ဖနီကို ရှာရင်း ဥပဒေသ အပိုင်းစများ စုဆောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

အချိန်ကုန် မြန်လှ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၃ရက် ကုန်ဆုံးသွားခဲ့ပြီး အားပြန်ဖြည့်နေသော မယ်ဒူဆာ ခီရက်ဇ်ဆာက မျက်လုံးထဲ အေးစက်သော သတ်ဖြတ်ချင်စိတ်ဖြင့် ဖြည်းဖြည်းချင်း ထလိုက်သည်။

၃ရက် ရှိနေပြီ ဖြစ်သည်။ လမ်းရှာရန် ၂ယောက် လွှတ်လိုက် သော်လည်း မနေ့က အန်ရီရယ် ပြန်ရောက်လာခဲ့ပြီး “ရစ်ချက်” ဆိုသူက လုံးဝ ပြန်မလာခဲ့ပေ။ တိုင်းပြည်အမှတ်အသားအရ “ရစ်ချက်”က မသေသေးပေ။ သို့သော် သူက အမှတ်အသား တုံ့ပြန်မှုကြောင့် ပြန်မလာသည့်အတွက် သူက အဖွဲ့ထဲမှ တမင် ထွက်သွားခြင်း ဖြစ်လောက်ပေသည်။

“ဟမ့်။ ထွက်ပြေးချင်တာလား။ ငါ့အဖွဲ့ကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရမယ် ထင်နေလား။” ခီရက်ဇ်ဆာ၏ မျက်လုံးများက မြွေမျက်လုံးပုံစံ ဖြစ်သွားပြီး ခန္ဓာကိုယ်ပေါ်သို့ လက်ကို ဝှေ့ရမ်းလိုက်ရာ ငွေကြေးခွံတစ်ခု လက်ထဲသို့ ပေါ်ထွက် လာခဲ့သည်။ ယခင်အမှတ်အသား မှော်စာက အတွင်းထဲ၌ ရေး‌ရေးလေး ပေါ်နေသည်။ သူက ၎င်းကို ဖိခြေလိုက်ရာ ငွေကြေးခွံက ကြေမွသွားတော့သည်။

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ တစ်နေရာ၌ ချန်လွေ့က ဝိညာဉ်တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့လက်ဝါးမှ အမှတ်အသားက တောက်ပလာခဲ့ပြီး အစအနမကျန် ပျောက်ကွယ် သွားတော့သည်။ ချန်လွေ့၏ မျက်နှာပေါ်တွင် သ‌ရော်သော အပြုံးတစ်ခု ရှိနေသည်။ အမှတ်အသားက ငါထင်ထားသလို အတိအကျပဲ။ ခြေရာခံဖို့လည်း ဟုတ်တယ်။ အချိန်မရွေး အဝေးကနေ ဖောက်ခွဲနိုင်တဲ့ “အချိန်ဗုံး”လည်း ဟုတ်တယ်။

သို့သော်လည်း ချန်လွေ့က အရင်ကတည်းက ပြင်ဆင် ထားခဲ့သည်။ ဆာရီရယ်၏ မိစ္ဆာမျက်ဆံကိုပင် သဟဇာတဖြစ်အောင် လုပ်ပြီးပြီ ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း အမှတ်ကိုမူ ပြောစရာပင် မလိုတော့ပေ။ အမှတ်အသားကို လက်ခံပြီး ခဏအကြာတွင် သူက [ အထူးစိစစ်မှု ] ကို အသက်သွင်းပြီး [ ကြယ်ကူးပြောင်းခြင် ] စွမ်းအားဖြင့် ပူးပေါင်းကာ အမှတ်အသား စွမ်းအားကို စုပ်ယူ လိုက်ကာ ခီရက်ဇ်ဆာကို လှည့်စားနိုင်သော “အခွံ”သာ ကျန်ခဲ့၏။ ထို့ကြောင့် ပေါက်ကွဲမှုက ကင်မရာမီးနှင့် ဘာမှ မထူးခြားပေ။

ချန်လွေ့၏ နည်းလမ်းများကို ခီရက်ဇ်ဆာ မသိပေ။ သူက ရစ်ချက် သေသွားပြီဟု ထင်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်၏။ “အဲဒီ ရစ်ချက်က အဖွဲ့ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ အခုတော့ သူ့ဝိညာဉ်က လုံးဝ ချေမှုန်းခံလိုက်ရပြီ။ ကျွန်မတို့ အဖွဲ့က ဒီလိုမျိုး တကိုယ်ကောင်းဆန်တဲ့လူမျိုး၊ သူရဲဘောကြောင်တဲ့ လူမျိုးကို မလိုအပ်ဘူး။ ဘယ်သူ ထွက်သွားချင်သေးလဲ။”

နောက်ဆုံးစကားက သိသာထင်ရှားသော ခြိမ်း‌ခြောက်မှု တစ်ခုကို ဖော်ပြနေလေသည်။ လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြပြီး မည်သူကမှ ထွက်သွားရန် မပြောကြပေ။

“မဒမ်-ခီရက်ဇ်ဆာ။ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ။” သာ့စ်ဖီးက မျက်နှာချိုသွေးကာ မေးလိုက်သည်။

ခီရက်ဇ်ဆာက အန်ရီရယ်ကို သဘောကျစွာဖြင့် ကြည့်လိုက်သည်။ “ရစ်ချက်ရဲ့ ထွက်ပြေး ကြံစည်မှုကို ဖြေရှင်း ပြီးသွားပေမဲ့ ကျွန်မတို့မှာ အရေးပါတဲ့ သတင်းတစ်ခု ရှိတယ်။ ဒီတစ်ခေါက် အန်ရီရယ်က အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ သူက အဲဒီလူတွေ ချန်ထားတဲ့ သဲလွန်စတွေကို ရှာဖွေခဲ့သလို အသေးစိတ် မြေပုံတစ်ခုလည်း ဆွဲထားခဲ့တယ်။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က တိုင်းပြည်အမှတ်ကို ဖယ်ရှားပြီးပြီ။ ဒီကြေးခွံက မင်းအတွက်။ ဒီမှာ ငါ့ရဲ့ တိုင်းပြည်စွမ်းအား တစ်စိတ်တစ်ပိုင်း ပါတယ်။ အစွမ်းထက် မှော်ဗုံးတစ်ခုလိုပဲ။ လိုအပ်ရန် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒါကို သုံးလို့ရတယ်။”

အန်ရီရယ်က အလျင်အမြန်ပင် ကြေးခွံကို ယူပြီး ခီရက်ဇ်ဆာကို ကျေးဇူးတင်လိုက်၏။

“အန်ရီရယ် ရှာတွေ့ထားတဲ့ နေရာကို ကျွန်မတို့ အရင်ဆုံး သွားကြမယ်။ ပြီးရင် သဲလွန်စတွေနောက်ကို လိုက်သွားမယ်။ လမ်းမှာ “သော့” ဒါမှမဟုတ် “ဂိတ်တံခါး” တည်နေရာကို ရှာတွေ့ နိုင်လောက်တယ်။”

ခီရက်ဇ်ဆာ၏ လေသံက ခိုင်မာပြီး ပြတ်သားသော်လည်း နောက်လှည့်သွားခဲ့သော အန်ရီရယ်၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်ကို သတိမထားမိခဲ့ပေ။

အခြားတစ်ဖက်တွင် ချန်လွေ့က လက်ထဲ၌ ဥပဒေသ အပိုင်းအစ (၄)ခု ရှိနေပြီ ဖြစ်သည်။ ထိုအရာက ထိုရက်ပိုင်းအတွင်း သူ၏ ကြိုးစားမှု ရလာဒ် ဖြစ်ပေသည်။ ထိုအချိန်၌ သွေးရောင် လက်စွပ်မှ အလင်းရောင်က ပိုမို နက်မှောင်လာသည်။ သူက တစ်ဖနီ၏ တည်နေရာနှင့် အတော်လေး နီးကပ်လာသည်မှာ အသေအချာပင်။

ရှေ့မှ ရင်ကွဲမတတ် ‌အော်သံတစ်သံ ထွက်လာပြန်သည်။ ချန်လွေ့က ထိုကဲ့သို့အသံမျိုးကို ရင်းနှီးနေပြီ ဖြစ်သော်လည်း ထိုဝိညာဉ်အုပ်ကြီးက မသေးလှပေ။ အယောက် ၁၀၀၀ခန့် ရှိနေပြီး နေရာတစ်ခုလုံးကို ဖြူသွားစေသည်။ သူတို့က ချန်လွေ့ ရှိနေသော ကျွန်းပေါ်သို့ ပျံသန်းလာကြသည်။

အထူးအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ မည်မျှ ရှိကြောင်း မသိသော်လည်း ချန်လွေ့၏ အတွေ့အကြုံအရ အနည်းဆုံး တိုင်းပြည်အဆင့် ၁၀ကောင်ခန့် ရှိလောက်သည်။ ပို၍ အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းအဆင့်များ ရှိမရှိကိုမူ မသိရသေးပေ။

လွန်ခဲ့သော ၂ရက်က ချန်လွေ့သည် နတ်ဘုရား တစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန် ဝိညာဉ်ပေါင်း သိန်းနှင့်ချီ ရှိနေပြီး ၈ကောင်က နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်ကြလေသည်။ သူက လုံးဝကို သူတို့၏ ပြိုင်ဘက် မဟုတ်ပေ။ သူက [ တိတ်တဆိတ် ] စွမ်းရည်ကို သုံးကာ အချိန်မီ မပုန်းလိုက်နိုင်လျှင် ထွက်ပြေးရန်အတွက်ပင် ပြဿနာတစ်ခု ဖြစ်သွားပေလိမ့်မည်။

ရှေ့တွင် ခြေသလုံးအိမ်တိုင် ဝိညဉ် အများအပြား ရှိနေ သော်လည်း ကြယ်ကြွေတမန်ဓားနှင့် အမျက်ဘုရင် ချပ်ကာတို့နှင့် ဆိုလျှင် သူက သူတို့က ဖြေရှင်းနိုင်လောက်သည်။ အဆိုးဆုံး ဖြစ်လာလျှင် သူက [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ကို အသုံးပြု၍ ရပေသည်။ သို့သော်လည်း ၎င်းတွင် အားနည်းချက် တစ်ခု ရှိနေပြီး စူပါစနစ်မှ အစွမ်းများအားလုံးကို အချိန်တစ်ခုအထိ သုံးမရ ဖြစ်သွားစေလိမ့်မည်။ ထိုအရာက အလွန်အမင်း အန္တရာယ် များလှသည်။ အထူးသဖြင့် ထိုကဲ့သို့ ပတ်ဝန်းကျင်၌ပင်။ သူက သေချာသတိထားပြီး လွယ်လွယ်နှင့် အရဲမစွန့်သင့်ပေ။

ချန်လွေ့က [ တိတ်တဆိတ် ] ကို အသက်မသွင်းခဲ့ပေ။ သူက အငွေ့အသက်ကို ထိန်းချူပ်ပြီး ကျောက်ဆောင်ကြီးနောက်တွင် ပုန်းအောင်းနေလိုက်သည်။ ဗျူဟာတစ်ခု စဉ်းစားနေရင်း ရှေ့မှ ဝိညာဉ်က လှုပ်ရှားလာခဲ့သည်။ ၎င်းက သူ၏ တည်ရှိမှုကို ရှာတွေ့ သွားခဲ့ပြီး ပျံသန်းလာခဲ့လေသည်။

ချန်လွေ့ အံ့အားသင့်သွားသော်လည်း ကြောက်မနေပေ။ သူက လေထဲသို့ ပျံသွားလိုက်ပြီး အမျက်ဘုရင် ချပ်ကာကို ဝတ်ကာ ကြယ်ကြွေတမန်ဓားကို ကိုင်ဆွဲလိုက်သည်။ ခုနက သူ စုဆောင်းထားသော စွမ်းအားက အဆုံးစွန်အထိ မြင့်တက်သွားပြီး ကြောက်မက်ဖွယ်ရာ အေးစက်စက် လေထုထဲ၌ သောင်းကြမ်းပြီး ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ဖျက်ဆီးခြင်း အငွေ့အသက်ရှိသော အလွန်ကြီးမားသည့် မီးသင့်နဂါးက ဟိန်းဟောက်လိုက်သည်။ ၎င်းသွားသော နေရာတိုင်း ဝိညာဉ်များက စုတ်ပြတ်သွားကုန်ပြီး အလွန်ကြီးမားသော သက်ရောက်မှုကြောင့် အနီးအနားရှိ ဝိညာဉ်များကပါ တွန်းကန် ခံလိုက်ရသည်။ မီးသင့်နဂါးက စက်ဝိုင်းပုံစံ ပျံသန်းပြီးနောက် နောက်သို့ ပြန်လာကို ချန်လွေ့ကို ဝင်တိုက်လိုက်၏။

မီးသင့်နဂါးက မီးတောက်များ ဖုံးလွှမ်းထားသော ချန်လွေ့နှင့် ပေါင်းစပ်သွားခဲ့သည်။ မယုံနိုင်စရာ စွမ်းအားများရှိသော အနီရောင်အလင်းက ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ သူ၏ ခြေထောက်အောက်၌ အလွန် ကြီးမားသော အက်ကြောင်း များကလည်း ပေါ်ထွက်လာသည်။

[ မီးသင့်နဂါး ဝင်စီးခြင်း ] က ချန်လွေ့၏ အငွေ့အသက်ကို တဟုန်ထိုး တိုးတက်သွားစေပြန်သည်။ သူ့လက်ထဲမှ ကြယ်ကြွေ တမန်ဓားကို လေးနက်သော ဓားချီစွမ်းအင် စက်ဝိုင်းပုံစံ ဝှေ့ရမ်း လိုက်၏။ ထိုအရာက [ ရေဓား ] ၊ [ထပ်နေသော ဓားချီစွမ်းအင်]၏ နောက်ထပ်အခြေအနေ တစ်ခုဖြစ်စပြီး ပင်လယ်လှိုင်းကြမ်းတွင် နားလည်ထားခဲ့သော လက်သီးစွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

စွမ်းအားကို တန်ပြန်သော လှိုင်းတွန့်များကဲ့သို့ မဟုတ်ဘဲ ထိုဓားစွမ်းအင်က အလွန်ကြီးမားသော လှိုင်းလုံးကြီး ကဲ့သို့ပင် ထက်မြက်သောချီစွမ်းအင်တစ်ခု ဖြစ်၏။ ဖြတ်သွားတိုင်း အားနည်းသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ပြာအဖြစ် တစ်ခါတည်း ပြောင်းလဲသွားခဲ့သည်။

တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ် ၁၅ကောင် ရှိနေကြောင်း [ သရုပ်ခွဲမျက်လုံး ]က ပြသနေသည်။ ကံကောင်းစွာပင် နတ်ဘုရားတစ်ပိုင်းအဆင့်များ ရှိမနေကြပေ။ တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက နတ်ဆိုး အရှင်သခင်အဆင့်ထက် များစွာ သာလွန်ပေသည်။ အထူးသဖြင့် အသစ်ပြန်ဖြစ်သော စွမ်းရည်၌ပင်။ ကြယ်ကြွေတမန်ဓားဖြင့်ပင် ၎င်းတို့ကို လုံးဝ သုတ်သင်နိုင်ရန် လေးငါးခါ ခုတ်ရသည်။ နတ်ဆိုး အရှင်သခင်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ၁၀၀၀ နီးပါး ဖြစ်နေသည်ဖြစ်ရာ ချန်လွေ့က [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အသက်သွင်းပြိးသည့်တိုင် အလွန်ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။ နေရာပြောင်းရွှေ့သော စွမ်းအားနှင့် ပြောင်းရွှေ့လိုက်ပြိးနောက် သူက အင်အားပိုကြီးသော ဝိညာဉ်များကို ရှောင်တိမ်းကာ လှုပ်ရှားရင်း အားနည်းသော ဝိညာဉ်များကို အလျင်အမြန် သုတ်သင်တော့သည်။

သုတ်သင်ရှင်းလင်းခြင်းက အထွတ်အထိပ်သို့ ရောက်ရှိ သွားသောအခါ ကြယ်ကြွေတမန်ဓားက ချန်လွေ့၏ လက်ထဲမှ ထွက်သွားခဲ့လေသည်။ ထိုတိုက်ခိုက်မှု၏ အဟုန်က အတော်လေး ပြင်းထန်ပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ် ၃ကောင်ကို ဆက်တိုက် ဖောက်ထွင်းသွားကာ ချန်လွေ့၏ လက်ထဲသို့ ပြန်လာခဲ့သည်။

[ ဓားထိန်းချုပ်မှု ] - ထိခိုက်မှုနှစ်ဆ။ ခန္ဓာကိုယ်မှ အကာအဝေး တစ်ခုအတွင်း ဓားကို ထိန်းချူပ်ပြီး တိုက်ခိုက်မှု အမျိုးမျိုး ပြုလုပ်၍ ရနိုင်သည်။

ချန်လွေ့က ချက်ချင်းပင် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့လိုက်ပြီး ဓားရှည်ကို အသာလေး ဖျတ်ခနဲ ကြည့်လိုက်၏။ ဓားထိပ်ပေါ်တွင် သွေးစက်များ ရှိနေလေသည်။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များတွင် သွေးမရှိပေ။

ရှေ့မှ အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ရှင်...ရှင်က တကယ်ပဲ ကျွန်မရဲ့ ကိုယ်ယောင်ဖျောက် ပါရမီကို မြင်နိုင်တာလား။”

All Chapters