အခန်း (၂၂၄)
Vol. 16 Ch. 224
ကောင်းကင်ရနံ့ တောင်ထိပ်သခင်မ၏ ဆွဲဆောင်မှုရှိသောမျက်နှာထက် ချစ်စဖွယ်အပြုံးလေးတစ်ပွင့်ပေါ်ထွက်လာကာ နှုတ်ခမ်းနီနီလေးများကို ဖွင့်ဟပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ဆရာတူမောင်လေး၊ နောက်မှ ဒီအစ်မကြီးကသတိမပေးခဲ့ဖူး မဆိုနဲ့နော်၊ စူးစမ်းလိုစိတ်ကြောင့် အသက်ပါပေးရတတ်သတဲ့~”
ရှယိုနျန်၏ မျက်ဆံများမှာ မိုးကြိုးပစ်ချတော့မတတ် လင်းလက်ကာကာ မီးတောက်များလို ပူလောင်ပြင်းပြလျက် မိုးကြိုးဒဏ်သင့်ထားသော နေမင်းနှစ်စင်းကား ကောင်းကင်ထက်ချိန်ဆွဲထားသလို ထင်မှတ်မှားစေ၏။ အရှိန်အဝါမှာလည်း ကြက်သီးထဖွယ်။
သူ ဓားဝှက်တောင်ထိပ်သခင်ကို တစ်ချက်ကြည့်ရင်း သတိပေးလိုက်သည်။ “ဆရာတူညီလေး၊ တချို့အရာတွေက စိတ်ထဲမှာသိထားရင်ရပြီ၊ အကုန်လုံးကို အသံထွက်ပြီးပြောနေစရာ မလိုဘူး။
မင်းသာ အဲဒါသတင်းတွေ ပေါက်ကြားစေပြီး ဆရာတူညီလေးယဲ့ကို ဒုက္ခပေးလို့ သူ စိတ်မပျော်မရွှင်ဖြစ်ရင်၊ မင်းရဲ့အစ်ကိုကြီးက အိမ်သန့်ရှင်းရေးလုပ်သင့်ရင် လုပ်ရမှာပဲ၊ အဲ့ကျမှ အပြစ်မဆိုချင်ပါနဲ့!”
“ဟုတ်ကဲ့၊ ကျွန်တော်သိပါပြီ”
ဓားဝှက်တောင်ထိပ်သခင်မှာ ကြောက်စိတ်ကြောင့် နဖူးထက်ချွေးအေးစို့လာကာ သူ့နဖူးသူ သုံးလေးချက်မျှပိတ်ရိုက်ချင်စိတ်ပေါက်မိသည်။
သို့သော် သတိပေးစကားဆိုပြီးသည်နှင့် သူ့ကိုဝန်းရံဖိနှိပ်ထားသော သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားကာ လက်ဖက်ရည်မြည်းစမ်းရင်း တာအိုလောကအကြောင်း အေးအေးလူလူ ဆက်လက်ဆွေးနွေးဖြစ်ကြလေသည်။
တစ်ခဏအကြာက ရန်လိုသောအငွေ့အသက်များမှာ ထင်ယောင်ထင်မှားတစ်ခုကဲ့သို့။
ဓားဝှက်တောင်ထိပ်သခင်ကတော့ ဆရာတူညီလေးယဲ့ဟာ အားလုံး၏ရင်ထဲမှာ မည်မျှအထိအရေးပါမှန်း ကောင်းကောင်းနားလည်သွားရပါ၏။
စကားနားမထောင်ဘဲ ပေါက်တတ်ကရမေးခွန်းတွေ ဆက်မေးမိလျှင် ခိုင်မြဲလှသည်ထင်ရသော ရောင်းရင်းသွေးသောက်ဆက်ဆံရေးလည်း ကျိုးပဲ့ပျက်စီးသွားနိုင်ပေမည်။
“တကယ်တော့ ဆရာတူညီလေးယဲ့က အပြင်လောကက သတင်းတွေ အများကြီးကို ဒီတစ်ခေါက် ပြန်လာတုန်းက ပြောပြပေးလာခဲ့တယ်လေ၊ ဒါပေမဲ့ သူ တစ်ခုခုကို လျှို့ဝှက်ဝှက်ထားသေးတယ်ဆိုတာ သေချာတယ်၊ ဖြစ်နိုင်တာက ငါတို့ကို အရမ်းစိတ်မပူစေချင်သေးလို့ပဲ။”
ရှယိုနျန် တစ်ခုခုကို တွေးမိပြီး လက်ဖက်ရည်ခွက်ကို ချရင်း သက်ပြင်းချလိုက်သည်။
“ဆရာတူညီလေးယဲ့ က အရမ်းသန်မာတယ်၊ သူ့ရှေ့မှာဆို ကိုယ့်ကိုယ်ကို အရမ်းသေးငယ်တယ်လို့ တစ်ခါတစ်လေ ခံစားရတဲ့အထိကို သန်မာတယ်။
ငါတို့လုပ်နိုင်တာက တတ်နိုင်သလောက်ဒုက္ခမပေးဘဲ သူလိုအပ်တဲ့အခါ အသက်ကိုပဲဖြစ်ဖြစ် လိုလိုလားလား စွန့်လွှတ်ပေးဖို့ပါပဲ”
“သူ့ရဲ့ သူမတူတဲ့ပုံပန်းသဏ္ဌာန် နဲ့ဆိုရင် ပြိုင်ဘက်ကင်းလမ်းကြောင်းပေါ်ကို တက်လှမ်းဖို့ ကံကြမ္မာပါလာတာပါပဲ၊ ငါတို့လို သာမန်လူတွေအတွက်တော့ သူ့နောက်မှာ အနီးကပ်ရပ်တည်ပြီး သူ့ရဲ့တက်လှမ်းမှုကို ကြည့်ရှုနေနိုင်တာက အကြီးမားဆုံး ကောင်းချီး ပါပဲ။”
“ဒါကြောင့် မင်းတို့ ဘယ်စကားတွေ ပြောသင့်ပြီး ဘယ်စကားတွေ မပြောသင့်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရမယ်၊ စဥ်းစားဆင်ခြင်မှုမရှိဘဲ ဘာတစ်ခုကိုမှမလုပ်မိစေနဲ့!”
ရှယိုနျန်က ထိုစကားကိုပြောစဥ် ဓားဝှက်တောင်ထိပ်သခင်အား တမင်တကာစိုက်ကြည့်လိုက်ရာ တစ်ဖက်လူမှာ အကြည့်ချင်းမဆုံရဲစွာ ခေါင်းငုံ့ချသွားလေ၏။
“ဒီဘဝမှာ ငါတို့ ရွှယ်ထျန်းဂိုဏ်းကြီး ပိုမိုကြီးပွားတာကို မြင်ရရင် ငါကျေနပ်ပြီ၊ အနည်းဆုံးတော့ ငါ့လက်ထက်မှာ ပျက်စီးမသွားခဲ့ဘူးလေ။
ရွှယ်ထျန်းဂိုဏ်းရဲ့ လက်ရှိအခြေခံအုတ်မြစ်နဲ့ဆိုရင် အလယ်ပိုင်းစီရင်စုရဲ့ တာအိုမျိုးနွယ်က လူတွေနဲ့ ထိပ်တိုက်တွေ့ရရင်တောင် တည့်တည့်မတ်မတ် ပြန်ရင်ဆိုင်နိုင်ဖို့ အရည်အချင်းရှိနေပြီ မဟုတ်လား…”
ရှယိုနျန် တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျန်သူများ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။
ဘာကြောင့် ရုတ်တရတ်ကြီး အလယ်ပိုင်းစီရင်စုကို စကားထဲထည့်ပြောလာပြီး ဘယ်တာအိုမျိုးနွယ်အကြောင်းပြောနေမှန်းလည်း သူတို့မသိကြချေ။
သို့ပေသည့် ဂိုဏ်းချုပ်၏ တမင်တကာချန်လှပ်ထားခဲ့မှုကြောင့် ဘယ်သူမှထပ်တိုးမမေးရဲကြပေ။
“ဟင်? ဆရာတူညီလေးယဲ့က ဓားဆင့်ခေါ်ဂိုဏ်း ကို သွားတော့မလို့လား?”
သတင်းပို့ကျောက်တုံး တုန်ခါသွားသည်ကို ခံစားမိလိုက်သော် ရှယိုနျန် ရုတ်တရက် သတိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်လိုက်ရာမှ ပြန်ပြေလျော့သွားသည်။ ဘာပဲဖြစ်ဖြစ် ဒီလူရဲ့ ခွန်အားနဲ့ဆိုရင် ဘာမှ စိတ်ပူစရာမရှိဘူးလေ။
ကုန်းကျိုးပြည်နယ်။
ဓားဆင့်ခေါ်ဂိုဏ်း။
ကောင်းကင်ထက်တွင် ကြီးမားသော စစ်သင်္ဘောပျံကြီးများကို နေရာတိုင်းတွင် မြင်နိုင်ပြီး ပတ်ပတ်လည်တွင်မူ ကင်းလှည့်နေကြသော ကျင့်ကြံသူအဖွဲ့များအား နိုးနိုးကြားကြားတွေ့မြင်နိုင်သည်။
မှုန်မှိုင်းနေသော မြူခိုးတွေက မင်္ဂလာရှိစွာ လှပခမ်းနားသော မသေမျိုးတောင်ထိပ်တွေကို ဖုံးအုပ်ထားပြီး တောင်ထိပ်တွင် ရဲတိုက်တွေ၊ လေသာဆောင်တွေ၊ မျှော်စင်တွေနှင့် ပန်းပုထိုးထားသော ကြေးမုံများကို ခပ်ဝါးဝါး မြင်တွေ့နိုင်သည်။ ဆေးခြယ်ထားသော အမိုးအကာများကြောင့် အရောင်အသွေးကြွကြွရွရွနှင့် လွန်စွာထည်ဝါဝင့်ကြွားလှပေသည်။
ထိုအချိန်တွင် ဆံပင်ဖြူဖြူ၊ သန့်ရှင်းသပ်ရပ်သောမျက်နှာနှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးဟာ လက်များကိုနောက်ပစ်လျက် ရပ်နေသည်။ ဝါရင့် ရာထူးကြီးမြင့်သူတစ်ဦးတွင် တွေ့ရလေ့ရှိသော ခမ်းနားထည်ဝါမှုမျိုးကို သူ့ထံတွင် မြင်တွေ့နိုင်ပေသည့် အနီးကပ်ကြည့်လျှင်တော့ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွေးဆုတ်နေပြီး နှုတ်ခမ်းများလည်း အနည်းငယ်မည်းညစ်ညစ်ဖြစ်နေသည်အား မြင်တွေ့နိုင်၏။
အဆိပ်မိထားဟန်ရသော်ငြား ထိုအဆိပ်အာနိသင်ကို နက်ရှိုင်းသောကျင့်ကြံဆင့်၏အစွမ်းဖြင့် ဟန်မပျက်ထိန်းထားသကဲ့သို့။
ထိုသူကား ဓားဆင့်ခေါ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အန်းကျစ်ကျိုင်းပင်!
သူ့ရှေ့တွင် ရပ်နေသူမှာ အသားဖြူဝင်းဝင်းဖြင့် ချောမောလှပသော အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးဖြစ်သည်။
ထိုမိန်းကလေးက လက်တွေကို ခါးထက် ဟန်ပါပါထောက်ထားပြီး နှုတ်ခမ်းလေးကို ဆူပုတ်ထားကာ မျက်လုံးတွေက ကြေးခေါင်းလောင်းလို ပြူးကျယ်နေလျက် အန်းကျစ်ကျိုင်းအား စူးစူးစိုက်စိုက်ကြည့်နေပုံမှာ အရှုံးမပေးချင်သော မာနကြီးကြီး ကျားပေါက်လေးတစ်ကောင်နှယ်။
အန်းဇီဇိုင်း မျက်နှာက မှောင်မိုက်နေသည်။ “ဟမ့်၊ အတောင်ပံတွေစုံလာပြီဆိုတော့ မင်းက အဖေ့စကားကိုတောင် နားမထောင်တော့ဘူးပေါ့လေ ဟုတ်လား?!”
အန်းမြောင်ယိ ပြန်မဖြေဘဲ စူးစူးစိုက်စိုက် ဆက်ကြည့်နေပြီး မျက်နှာထားတင်းတင်းကိုကြည့်ရသလောက် စိတ်သဘောထားအလွန်ခိုင်မာသော မိန်းမငယ်တစ်ဦးမှန်း မြင်သာစေ၏။
သားအဖနှစ်ယောက်သား ဆယ်စက္ကန့်ကျော်မျှ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီးနောက်။
အန်းကျစ်ကျိုင်း စတင်အရှုံးပေးပြီး ခါးသက်စွာ ပြုံးလိုက်သည်။ “မြောင်ယိ၊ ဒီလိုမလုပ်ပါနဲ့၊ ဒီတစ်ခါတော့ ဖေဖေစကားကို နားထောင်ပေးပါ၊ တပ်မှူးချန် နဲ့ ဆက်သွယ်လိုက်ပါ၊ အနာဂတ်မှာ မင်းအတွက် အများကြီး အထောက်အကူဖြစ်မှာသေချာတယ်၊ ဖေဖေက မင်းကို ထိခိုက်အောင် လုပ်မှာမလို့လား?”
အန်းမြောင်ယိ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ချလိုက်သည်။ “နားမထောင်ဘူး၊ နားမထောင်ဘူး၊ နားမထောင်ဘူး၊ ကျွန်မ သူ့အပေါ် ဘာခံစားချက်မှ မရှိဘူး၊ သူ့ကို စတင်ဆက်သွယ်ချင်စိတ်လည်း မရှိဘူး၊ သူ့ကို ကျေနပ်အောင် ချော့မော့သိမ်းသွင်းချင်စိတ်လည်း မရှိဘူး။
ဖေဖေက အဲဒီ တပ်မှူးချန်ကို အဲ့လောက်တန်ဖိုးထားနေရင် ဖေဖေပဲယူလိုက်ပါလား!”
ပြောရင်း အန်းမြောင်ယိ မျက်လုံးတစ်ဖက်ကို လှစ်ခနဲ မှိတ်ပြပြီး အသည်းပုံလေးလုပ်ပြကာ ပြောလိုက်သည်။ “ဖေဖေ၊ သမီး ဖေဖေ့ကို ကောင်းချီးပေးပါတယ်”
ထိုစကားကိုကြားသော်။
အန်းကျစ်ကျိုင်း၏ မျက်လုံးထောင့်မှကြွက်သား တဆတ်ဆတ်တုန်ခါသွားရ၏။ “မင်း၊ မင်း ဘာတွေပြောနေတာလဲ? ဖအေကို လင်ပေးစားနေရတယ်လို့”
“ရိုင်းစိုင်းလိုက်တာ!”
စာစဉ်ပြီး၏