← Chapters

တပည့်နှစ်ဦး၏ တိုက်ပွဲ

Vol. 16 Ch. 211

တပည့်နှစ်ဦး၏ တိုက်ပွဲ

Vol. 16 Ch. 211

“ဆက်တိုက်!”

ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အသံတစ်သံ ပဲ့တင်ထပ်လာရာ နားထောင်သူအပေါင်း၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲချမ်းတုန်သွားစေ၏။

လီဝူကျယ်၏ ဆံပင်နက်များ အရိုင်းဆန်စွာ ရမ်းခါနေပြီး သူ၏ မျက်နှာသည် စိတ်လွတ်ရူးသွပ်နေသူတစ်ဦးကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သွေးကျမတတ် နီရဲနေသော မျက်လုံးများဖြင့် ရှေ့သို့ တိုးလာကာ သူ၏ လက်ထဲရှိ မှင်ရောင်ဓားနက် တစ်ချက်လှည့်လျက် ခုတ်ချလိုက်သည်။

ကျယ်ပြန့်သော ဓားအလင်းရောင်သည် ပင်လယ်လှိုင်းကဲ့သို့ ဝုန်းခနဲပြန့်နှံ့သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ လေထုမျက်နှာပြင်ကိုပင် ချေဖျက်လိုက်နိုင်၏။

“မဖြစ်နိုင်ဘူး! မင်းက ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အစောပိုင်းပဲ ရှိသေးတာ ဘယ်လိုလုပ် ဒီလောက် အားကြီးနိုင်မှာလဲ?!” ဒေါသတကြီးဖြင့် ဘာဇာ လက်ကိုမြှောက်လိုက်ရာ သူ၏ အရိုးဖြူလက်ဖဝါးကြီးသည် ခပ်မှိန်မှိန်အလင်းတန်းတို့ဖြင့် တောက်ပလာက မှော်သင်္ကတေများလည်း ထင်ဟပ်လာသည်။

ဗုန်း!!

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။

“ကျား!” လီဝူကျယ် တစ်ချက်ဟိန်းဟောက်ကြွေးကြော်လိုက်ပြီး သူ၏ ခွန်အားအားလုံးကို လက်စွဲဓားရှည်ထဲသို့ သွန်းလောင်းထည့်လိုက်ရာ ဓားအလင်းသည် အရာရာကိုဖျက်ဆီးနိုင်မည့် အရှိန်အဝါအား ထုတ်လွှတ်နေပြီး သွေးရောင်လျှပ်စီးကြောင်းများက ရူးသွပ်အရှိန်ဖြင့် အထပ်ထပ်ယှက်နွယ်ပူးတွဲလာ၏။

ဘာဇာ၏ လက်မောင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် မျက်လုံးများတွင် ယုံကြည်မှုပြိုလဲသွားဟန် ခံစားချက်တစ်မျိုး ထင်ဟပ်လာသည်။

သူ၏ ကျင့်ကြံဆင့်မှာ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မရဏမူလဆေးလုံး၏ ကောင်းချီးမင်္ဂလာဖြင့် ခွန်အားသည် ကမ္ဘာပြိုသ‌လောက်ပြင်းထန်သော တိုးတက်ပြောင်းလဲမှုကို တွေ့ကြုံခဲ့ရပြီးသားပင်။ သို့သော် ဤမျှအထိအားစိုက်ထုတ်ထားရသော အင်အားထုသည် ဤလူတစ်ယောက်၏ လက်ကုန်ပိတ်ဆို့မှုဖြင့် ရှေ့ဆက်မတက်နိုင်တော့သည်အထိ အားနည်းသွားရပြန်၏။

တစ်ခါတလေဆိုလျှင် သူသည် ရှုံးနိမ့်တော့မည်ပေလားဟုပင် ခံစားရသည်အထိ!

“သတ်! သတ်! သတ်! သတ်!” လီဝူကျယ်သည် ထိုစကားလုံးတစ်လုံးကိုသာ အရူးတစ်ယောက်လို ထပ်ခါတလဲလဲ အော်ဟစ်နေပြီး သူ၏ ဓားရှည်ကောက်ကြီးအား အဆက်မပြတ် ဝှေ့ယမ်းလို့နေသည်။ ဓားအလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွယ်ယှက်နေပြီး ပင်လယ်ရေလှိုင်းများကဲ့သို့ ကမ်းပြိုမတတ် လှုပ်ခါနေရာ ကောင်းကင်ကျယ်ကြီးပင် ပြိုကျတော့မည်လားဟု ထင်မှတ်ရသည်အထိ။

“အွတ်...” ဘာဇာ သွေးတစ်ပွက်အန်လိုက်ပြီး ‌ကြောက်စိတ်က ကျောရိုးတစ်လျှောက် စိမ့်တက်လာသည်။

သူကိုယ်တိုင် ဒီလိုဖြစ်နေပြီဆိုမှတော့ ကျန်သူတွေမှာ ရစရာပင်မရှိရှာတော့။ လီဝူကျယ်၏ အနားမပေး‌သော ဓားချက်များအောက်တွင် သူညီငါးဦးမှာ နာကျင်စွာ လူးလှိမ့်အော်ဟစ်နေကြရပြီး သူတို့၏ အရိုးသံချပ်ကာများပင် ပျက်စီးကြေမွလုနီး ဖြစ်နေချေပြီ။

ဝှစ်!

ထိုအချိန်တွင် ပြိုင်ဘက်ကင်းသော အလှတရားကို ဆင်မြန်ထားသော ပုံရိပ်တစ်ခု ကျဆင်းလာသည်။ သူမ၏ ထူးခြားပေါ်လွင်သော အနီရောင်ဝတ်ရုံမှာ လေနှင့်အတူလွင့်ပျံနေပြီး အရှိန်အဝါမှာ လူ့ဘောင်လောကကိုကျော်လွန်ကာ နတ်သမီးတစ်ပါးပေလားဟု ထင်မှတ်ရသည်အထိ။ ပတ်ပတ်လည်တွင် ဂလက်ဆီကဲ့သို့ တောက်ပသော ကြယ်ရောင်စင်တန်းများဖြင့် ဝန်းရံလျက် သိသိသာသာကို ထူးကဲပေါ်လွင်လှ၏။

သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ချက်ချင်း မြင့်တက်သွားရ၏!

ဟုန်ချန်ယဲ့သည် ရူးသွပ်နေပုံရသော လီဝူကျယ်ကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့ဆူပူသည်။ “မင်း ဘယ်လိုဖြစ်နေတာလဲ။ ဒီအမှိုက်နည်းနည်းလေးကို ရှင်းဖို့ အချိန်ဒီလောက် ကြာနေတာ။ ဆရာသခင်က မင်း နတ်ဆိုးသွေးနဲ့ အလွန်အကျွံရောနှောသွားမှာစိုးလို့ မင်းကို ကူညီဖို့ ငါ့ကို စေလွှတ်လိုက်တာ”

ဘေးဒုက္ခကျော်လွှားခြင်း အထွဋ်အထိပ် ကျင့်ကြံသူလား?

ဒီမိန်းမကလည်း ယဲ့ကျွင်းလင်ရဲ့ တပည့်ပဲလား?!

ဘာဇာ၏ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး ဒဏ္ဍာရီလာစွမ်းအားရှင် ဟူသော စကားလုံး၏ ကြောက်မက်ဖွယ်အနက်အဓိပ္ပာယ်ကို ပို၍နားလည်လာမိသည်။

လီဝူကျယ်၏ မျက်နှာသည် တွန့်လိမ်ရှုံ့မဲ့နေပြီး သူ၏ မျက်လုံးများက သားရဲတစ်ကောင်ကဲ့သို့ နီရဲနေကာ ဟုန်ချန်ယဲ့ဘက်သို့ လှည့်၍ ပြန်အော်လိုက်သည်။ “ထွက်သွား! သူတို့က ငါ့အပိုင်သားကောင်တွေ!!”

“ဟာ! ဒီခွေးသူတောင်းစား! သတ္တိရှိရင် ထပ်ပြောလိုက်စမ်း!”

ဟုန်ချန်ယဲ့မှာ နားကြားများမှားလေသလားဟု ထင်ယောင်ထင်မှားဖြစ်သွားရ၏။ အပြစ်အနာအဆာကင်းမဲ့စွာ လှပသော မျက်နှာလေးသည် အေးစက်မှုဖြင့် ပြည့်နှက်နေပြီး သူ့ကို ပထမဆုံးအကြိမ်မလေးမစားပြုရဲနေသော လီဝူကျယ်အား စူးစိုက်ကြည့်နေသည်။

သူသည် အကြီးဆုံးတပည့် ဖြစ်ပြီး ကျင့်ကြံရေးတွင်လည်း တပည့်အားလုံးထဲတွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်ကာ ထိုအရှက်မရှိသော ဆရာသခင်ပြီးလျှင် ဒုတိယလိုက်သူဖြစ်၏။ ယခု လီဝူကျယ်က သူ့ကို အတင့်ရဲစွာဆန့်ကျင်နေသောကြောင့် ဟုန်ချန်ယဲ့မှာ မျက်နှာပျက်သည်ဟုခံစားရကာ အကြီးအကျယ် ဒေါသထွက်လေတော့၏။

လီဝူကျယ်က ဓားရှည်ကိုလွှဲယမ်းလျက်အရိုးမျိုးနွယ်ခြောက်ဦးကို နှိမ်နင်းနေရင်း ဒေါသတကြီး ထပ်မံကြိမ်းမောင်းလိုက်သည်။ “မင်းကို ပြောနေတာ၊ ဒီ နံ့စော်နေတဲ့မိန်းမကတော့! စကားတစ်ခွန်းထပ်ထွက်တာနဲ့ ငါ ချက်ချင်း ခုတ်သတ်ပစ်မယ်!!”

ဗုန်း!

ဟုန်ချန်ယဲ့မှာ ခေါင်းကို ဆယ်ပေါင်တူဖြင့်အထုခံလိုက်ရသကဲ့သို့ မိုက်ခနဲဖြစ်ကာ နားထဲတွင် လေသံများပင် တဝီဝီမြည်လာတော့၏။

သူ မယုံနိုင်ဘူး၊ ဒီကောင်က သူ့ကို တကယ်ကြီး ကြိမ်းမောင်းဆဲဆိုနေတာလား?!

အထူးသဖြင့် 'နံ့စော်နေတဲ့မိန်းမ' ဆိုတဲ့ စကားလုံးတွေက သူ့နှလုံးသားကို ဓားဖြင့် အစိမ်းသက်သက်ထိုးခွဲလိုက်သလိုပါပင်!

ဒီကောင်ငါ့ကို တမင်သက်သက်သိက္ခာချတာ!

“ကောင်းတယ်၊ အရမ်းကောင်းတယ်” ဟုန်ချန်ယဲ့ ပြန်ပြောလိုက်သည်။ သူ၏ ဆံပင်ရှည်များ ရမ်းခါနေပြီး မျက်လုံးများမှ တစ်ဖက်လူကို အစိမ်းလိုက်ထိုးဖောက်တော့မတတ် လေဆာလို အေးစက်စက် အလင်းတန်းများထွက်လာသည်။ သူ ဒေါသတကြီး ရယ်ချလိုက်၏။ “ဒီအရှင်က မင်းကို စွမ်းရည်လေးနည်းနည်းထုတ်ပြဖို့ လိုနေပြီထင်တယ်!”

ဝှစ်ခနဲဆိုသလိုပင် သူ့နောက်ကျောတွင် ခရမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော အတောင်ပံတစ်စုံ ပေါ်လာသည်။ တစ်ချက်ခတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ပူပြင်းသော အမူလှိုင်းများလွင့်ပျံသွားပြီး သွေးနီရောင်မီးတောက်များသည် အရပ်လေးမျက်နှာသို့ လွင့်စင်သွားကာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို မီးလောင်မြေအဖြစ် တမုဟုတ်ချင်း ပြောင်းလဲလိုက်နိုင်၏။

ထိုတိုက်ကွက်မှာ ခရမ်းရောင်မီးတောက် ဖီးနစ်အတောင်ပံများ။

“မင်းတို့ခြောက်ယောက်၊ ငါ့ကို လမ်းဖယ်ပေးကြစမ်း!”

ဟုန်ချန်ယဲ့သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းထွက်ခွာသွားသည်။ သူ့နောက်ကျောရှိ ခမ်းနားသော ခရမ်းရောင်မီးတောက်အတောင်ပံများက တဖျတ်ဖျတ်ခတ်လိုက်ရာ ပြင်းထန်စွာ တောက်ပစူးရဲသော ခရမ်းရောင်အပူစီးကြောင်းများစွာ ထကြွလာကုန်၏။

“အမေရေ၊ အား!” ဘာဇာတို့အဖွဲ့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ချက်ချင်းမီးလောင်ကျွမ်းပြီး ပြာဖြစ်လုနီးပါးဘဝရောက်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘာမှဆက်မတွေးနိုင်တော့ဘဲ အလုအယက် ထွက်ပြေးကြကုန်၏။

ဒေါသထွက်နေသော ဟုန်ချန်ယဲ့သည်လည်း ဘာကိုမှမမြင်နိုင်တော့ဘဲ ထိပ်တိုက် တိုက်ခိုက်လာသည်။ သူ၏ လက်ဖဝါးတွင် သွေးနီရောင်မီးတောက်များ ဖုံးအုပ်နေပြီး ပြင်းထန်စွာ တစ်ချက်ရိုက်ချလိုက်ရာ အလွန်ကြီးမားသော မီးတောက်လက်ဖဝါးရာကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်း၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးပင် ဤလက်ဖဝါးပြင်ကြီးအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်မှားရ၏။

“မဟာမီးတောက်လက်ဖဝါး”

နတ်ဆိုးသွေး၏ သက်ရောက်မှုကြောင့် လီဝူကျယ်သည် နီးကပ်လာသောအန္တရာယ်အား ချက်ချင်းအာရုံခံမိသည်။ တွန့်ဆုတ်ခြင်းအလျဥ်းမရှိစွာပင် မီးပင်လယ်လို နီရဲနေသောမျက်လုံးများဖြင့် သူဟိန်းဟောက်စိန်ခေါ်လိုက်သည်။ “လာစမ်း!”

ဝှစ်

အနက်ရောင်ဓားအလင်း တစ်ချက်သည် ကောင်းကင်ယံတစ်လျှောက် ဝှေ့ယမ်းဖြတ်သန်းသွားပြီး ကောင်းကင်တစ်ပြင်လုံးအား မှောင်အတိကျသွားစေ၏။

ဒုန်း ဒုန်း ဒုန်း!!!

ပေါက်ကွဲသံသည် မိုင်ပေါင်း ကိုးသောင်းအထိ ပဲ့တင်ထပ်သွားတော့မတတ်ပင်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှုပ်ရှားမှုများသည် အဆုံးမဲ့ပျံ့နှံ့နေပြီး မုန်တိုင်းကျသကဲ့သို့ လေစီးကြောင်းများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြင်းထန်စွာ တိုက်ခတ်နေသည်။

“အညံ့ခံမလား၊ မခံဘူးလား?” ဟုန်ချန်ယဲ့ တစ်ခွန်းမေးလိုက်သည်။ သူ၏ နောက်ကျောရှိ ခရမ်းရောင်မီးတောက်အတောင်ပံတစ်စုံသည် မနားတမ်းခတ်လျက်ရှိပြီး သက်ရှိအားလုံးကို စိုးမိုးချုပ်ကိုင်နိုင်သော နတ်ဆိုးအရှင်တစ်ပါး၏ သြဇာအပြည့်ဖြင့် ဓားကိုင်ထားသော အရူးပုံရိပ်အား အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

သာမန်ထက် နည်းနည်းလောက်ထူးခြားနေရုံနဲ့ ဒီအရှင်က မင်းကိုမကိုင်တွယ်နိုင်ဘူးမလား ထင်နေသလား?

လီဝူကျယ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး အရှိန်အဝါသည် နတ်ဆိုးသွေး၏မွှေနှောက်မှုကြောင့် လွန်စွာ ရှုပ်ထွေးပွေလီလျက်။

သူ၏ မျက်လုံးများ ကြောက်မက်ဖွယ်ကောင်းစွာ နီရဲနေပြီး သတ်ဖြတ်လိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေလျက် ပါးစပ်မှ အစီအစဥ်မကျသော ကပေါက်တိပပေါက်ချာ ရယ်မောသံများ ထွက်ပေါ်လာသည်။

“ဟားဟာဟားဟာ၊ မိုက်တယ်၊ အရမ်းမိုက်တယ်ဟေ့!”

“ဟေ့ နံ့စော်တဲ့မိန်းမ! ထပ်တိုက်ကြမယ်လေ! မင်း ဘယ်လောက် အားကြီးလဲဆိုတာ ငါ မြည်းစမ်းကြည့်ချင်သေးတယ်!”

တစ်ဖက်က ဤသို့ရန်စလာသော်။

ဟုန်ချန်ယဲ့၏မျက်လုံးများ မီးထတောက်သကဲ့သို့ တဖျတ်ဖျတ်လက်သွားသည်။ ဒေါသမီးတောင် ပေါက်ကွဲသကဲ့သို့ ရင်တစ်ခုလုံး မီးလောင်ပြင်အဖြစ်ပြောင်းသည်အထိ လောင်မြိုက်လာတော့၏။ သူ၏ ဦးခေါင်းထိပ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာရာ ထိုသူဘယ်လောက်ဒေါသထွက်နေပြီမှန်း လူတိုင်းသိနိုင်သည်အထိ။

“နောင်တမရသေးဘူးပဲ၊ ဒီအရှင်ကမင်းကို ကောင်းကောင်းသင်ပြပေးရသေးတာပေါ့!”

All Chapters