← Chapters

ကောင်းကင်နှင့်မြေကြီး၏ စီရင်ချက်

Vol. 16 Ch. 213

ကောင်းကင်နှင့်မြေကြီး၏ စီရင်ချက်

Vol. 16 Ch. 213

စစ်မြေပြင်တွင် အလွန်ကြီးမားသော နတ်ဆိုးသတ္တဝါကြီးသည် မြေပြင်ပေါ်မတ်မတ်ရပ်ကာ ဦးခေါင်းမှာ ကောင်းကင်ကိုထိမတတ်မြင့်မားပြီးကမ္ဘာကို ဩဇာအာဏာအပြည့်ဖြင့်ဖြင့် အထက်စီးမှ ရှုစားလျက်ရှိ၏။

၎င်း၏ရှေ့မှ သက်ရှိအားလုံးသည် ပုရွက်ဆိတ်ထက်ပင် သေးငယ်ပြီး ဖုန်မှုန့်ကဲ့သို့ မပြောပလောက်အောင် အသေးအဖွဲနိုင်လှ၏။

အလွန်ပြင်းထန်သော ဖိအားကို ခံစားရသောအခါ ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။

"ဟဲဟဲ၊ ကြောက်လန့်ပြီး သွေးရူးသွေးတမ်းဖြစ်နေပြီမဟုတ်လား?"

ဘာဇာသည် တစ်ဖက်ရန်သူ၏ အမူအရာကြောင့် မာန်တက်ကာ ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်နေသည်။ ညီအစ်ကိုခြောက်ဦး ပေါင်းစည်းပြီးနောက် သူတို့၏ ကျင့်ကြံဆင့် တိုးတက်လာရုံသာမက ခွန်အားများလည်း ပေါင်းစည်းကာ မြင့်တက်လာသည်။ မရဏမူလဆေးလုံး၏ အကူအညီဖြင့် ဤကျင့်စဥ်ကို အသုံးပြုသော် ပို၍ပင် အံ့သြဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ရရှိသည်ပင်။

ဘာဇာသည် ပေါင်းစည်းပြီးနောက် ဖြစ်တည်လာသော တိုက်ခိုက်ရေးစွမ်းအားဖြင့် တစ်ဖက်လူသည် စစ်မှန်သောမသေမျိုးအရှင်တစ်ပါး မဟုတ်သရွေ့ မည်သူမျှ သူတို့ကို တိုက်ခိုက်နိုင်မည် မဟုတ်ဟုပင် ယုံကြည်လာခဲ့သည်။

ဟုန်ချန်ယဲ့က တန်ပြန်လှောင်ပြောင်လိုက်သည်။ "ဟမ့်၊ ဒီအရှင်မမြင်ဖူးတဲ့ရန်သူအမျိုးအစား မရှိသလောက်ရှားတာ မသိဘူးလား? နောက်ပြီး မင်း ဒီအခြေအနေကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မှာလဲ?"

မာန်မလျှော့သော ရန်စကားအား ကြားလိုက်ရသော်။

ဘာဇာ ဒေါသထွက်သွားသည်။ ငါက မင်းမျက်စိရှေ့မှာတင် ဒီလောက်အကြီးကြီးဖြစ်နေပြီ၊ မင်းက ငါ့ကို စော်ကားရဲသေးတာလား?

"နံ့စော်နေတဲ့မိန်းမ! သေစမ်းကွာ!"

သူတို့၏ သတိစိတ်များပါ အလိုအလျောက် ချိတ်ဆက်ထားသောကြောင့် သူစိတ်အလိုအတိုင်း တစ်ကိုယ်လုံးကို လှုပ်ရှားလို့ရနိုင်၏။ သူသည် လက်ဖဝါးဖြင့် တစ်ဖက်ရန်သူအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အသံလှိုင်း၏ ပေါက်ကွဲသံနှင့်အတူ လေထုပြိုကျကာ လေဟာနယ်တစ်ခုလုံး ကွဲအက်သွားရ၏။

ဒီလက်ဝါးချက်က နိုင်ငံတစ်နိုင်ငံကိုတောင် တစ်ချက်တည်းသုတ်သင်နိုင်လောက်တယ်!

ဟုန်ချန်ယဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ခရမ်းရောင်မီးတောက် ဖီးနစ်အတောင်ပံများကို အပြည့်အဝ အသက်သွင်းလိုက်ရာ သူ၏ ပုံရိပ်သည် သွေးနီရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝှစ်!

သူသည် ထိုလက်ဝါးချက်ကို မလွဲမသွေ ရှောင်တိမ်းလိုက်နိုင်၏။

“မင်းက တော်တော် မြန်တာပဲ!” ဘာဇာ ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး သူ၏ မျက်လုံးများက ထိုပုံရိပ်ကို ခိုင်ခိုင်မာမာ စူးစိုက်ကြည့်နေသည်။ ထို့နောက် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး ခြင်ရိုက်သကဲ့သို့ ပိတ်ညှပ်ကာ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်၏။

ဗုန်း~

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ချက်ချင်း ရောက်ရှိလာသည်။ ဟုန်ချန်ယဲ့ အံကြိတ်လိုက်ပြီး သူ့နောက်ကျောရှိ ခမ်းနားထည်ဝါသော ခရမ်းရောင်မီးတောက်အတောင်ပံတစ်စုံကို ရူးသွပ်စွာ လှုပ်ခတ်လိုက်ကာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပျံတက်လိုက်သည်။

ရိုက်ခတ်လိုက်သော အသံကြီးသည် ကောင်းကင်နှင့်မြေကြီးအကြား ပဲ့တင်ထပ်သွားပြီး လက်ဖဝါးနှစ်ဖက်ကြားတွင် ပြင်းထန်သော လေစီးကြောင်းများ တုန်ခါသွားသည်။

“ယင်ကောင်လေး!” ဘာဇာက မကျေမနပ်စွာဖြင့် တစ်ဖက်အရှက်ရအောင် ရန်စလိုက်သည်။ “မင်း ဘယ်လောက်ပဲ မြန်မြန် ပျံနိုင်ပါစေ၊ နောက်ဆုံးတော့ ငါ့လက်ကြားမှာ ရိုက်သတ်ခံရမှာပဲ!”

“ရိုင်းစိုင်းလိုက်တာ!”

ဟုန်ချန်ယဲ့ ဒေါသထွက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က မသေမျိုးအရှင်တစ်ပါး ဖြစ်ခဲ့ပြီး သက်ရှိအားလုံးကို အထက်စီးမှ ရှုစားခဲ့သူတစ်ဦးပင်။ ယခုတွင်မူ ဤ အောက်တန်းကျသော နတ်ဆိုးသတ္တဝါက သူ့ကို ယင်ကောင်ဟု အတင့်ရဲစွာ ခေါ်ဝေါ်နေလေပြီ!

ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ!?

ဝှစ် ဝှစ် ဝှစ် ~

ဟုန်ချန်ယဲ့သည် ခရမ်းရောင်မီးတောက် ဖီးနစ်အတောင်ပံများကို အသက်သွင်းလိုက်ကာ ခရမ်းရောင်နတ်ဘုရားမီးတောက်များအား သူပုံဖော်လိုက်သည်။ ထိုမီးများ၏ အပူချိန်သည် ကျန်းတစ်သောင်းကျယ်ပြန့်သော တောင်တန်းများကို အရည်ပျော်စေပြီး၊ မြစ်မင်းများကို အငွေ့ပျံ့စေနိုင်သော ကြောက်မက်ဖွယ်ကောင်း စွမ်းအားအဟုန်တစ်ခုရှိသည်။

ချက်ချင်းဆိုသလို အလွန်ကြီးမားသော နတ်ဆိုးသတ္တဝါကြီး၏ လက်မောင်းတစ်ဖက်သည် ခရမ်းရောင် နတ်ဘုရားမီးတောက်များကြောင့် ရူးသွပ်စွာ လောင်ကျွမ်းသွားပြီး တဖျစ်ဖျစ်မီး‌လောင်သံများပင် ထွက်ပေါ်လာသည်။

“ဘယ်လို အရသာရှိလဲ?” ဟုန်ချန်ယဲ့ လှောင်ပြောင်လိုက်သည်။

ဘာဇာက ဦးစွာ မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြန်လည်ဖြေလျှော့လိုက်ကာ ခပ်ပြုံးပြုံးတုံ့ပြန်သည်။ “တော်တော် နွေးတယ်၊ မင်းက အရည်အချင်းရှိသားပဲ!”

“ဘာ?!” ဟုန်ချန်ယဲ့ ကြက်သေ သေသွားသည်။ သက်ရောက်မှုသည် သူ၏ မျှော်မှန်းချက်နှင့် မကိုက်ညီခဲ့ပေ။

အရိုးမျိုးနွယ်သည် သဘာဝအလျောက် ခိုင်မာသော ကာကွယ်မှုစွမ်းရည် ပါရှိပြီး သူတို့၏ ခိုင်ခံ့သော အရိုးသံချပ်ကာကို အားကိုး၍ အမျိုးမျိုးသော ထိခိုက်မှုများကို ခုခံနိုင်သည်။ ယခု ဘာဇာ နှင့် အခြားသူများ တိုက်ရိုက်ပေါင်းစည်းလိုက်သောအခါ သူတို့၏ ကာကွယ်မှုစွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့တိုင် ရောက်ရှိနေပြီ ဖြစ်၏။

“မင်းရဲ့အကာအကွယ်ကို ငါရအောင်ချိုးဖျက်ပြမယ်!” ဟုန်ချန်ယဲ့ စိတ်ဓာတ်တက်ကြွလာကာ နောက်တွန့်မနေတော့ဘဲ အစွမ်းကုန် ကြိုးစားလာတော့သည်။

ဝှစ် ဝှစ် ဝှစ်!

မဟာမီးတောက်လက်ဖဝါးများကို တစ်ခုပြီးတစ်ခု ပြင်းထန်စွာ ရိုက်ချလိုက်ရာ ပြင်းထန်သော သွေးနီရောင်မီးတောက်များကို သယ်ဆောင်လာပြီး မုန်တိုင်းကြီးတိုက်ခတ်သကဲ့သို့ အရပ်လေးမျက်နှာမှ စုဆုံရိုက်ခတ်လာတော့၏။

ဒုန်း ဒုန်း ဒုန်း~

ကောင်းကင်ကို ပြိုစေသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ဧရာမနတ်ဆိုးသတ္တဝါကြီး၏ ကိုယ်ခန္ဓာ အပေါ်ပိုင်းတွင် အမျိုးမျိုးသော အရွယ်အစားရှိ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မြင်ကွင်းသည် ကြောက်ခမန်းလိလိ။

သူ၏ စိတ်ထဲတွင် ကျန်ညီအစ်ကိုများထံမှ နာကျင်သောတုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ဘာဇာ ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဟုန်ချန်ယဲ့ကို စူးစိုက်ကြည့်လာ၏။

“နံ့စော်တဲ့မိန်းမ၊ မင်း ငါ့ညီအစ်ကိုတွေကို နာကျင်စေတယ်!”

ဟိန်းဟောက်သံသည် တိမ်တိုက်များကို ဖောက်ထွင်းခွဲထွက်သွားသည်။

၎င်းသည် ခွန်အားကို စုစည်းပြီး လက်သီးဖြင့် ထိုးချလိုက်ရာ လက်သီးရာသည် နေလုံးကြီး ကြွေကျသကဲ့သို့ ကြီးမားသော စွမ်းအား ဖြင့် မဟာမီးတောက်လက်ဖဝါးများစွာကို ဖျက်ဆီးပစ်လိုက်နိုင်သည်။

“မကောင်းတော့ဘူး!”

ဟုန်ချန်ယဲ့၏ ဦးရေပြားတစ်ပြင်လုံး ကျဉ်တက်သွားသည်။ သူ့နောက်ကျောရှိ ခရမ်းရောင်မီးတောက်အတောင်ပံများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အ‌ရှေ့ဘက်သို့ စီးဆင်းလာပြီး မှော်သင်္ကေတများပြည့်နေသော ခရမ်းရောင်မီးတောက်ဒိုင်းကာကို ဖွဲ့စည်းလိုက်သည်။

ဗုန်း!!

ခရမ်းရောင်မီးတောက်ဒိုင်းကာသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဧရာမလက်သီးကို မရမကတောင့်ခံကာ ပိတ်ဆို့ထားသည်။ ဟုန်ချန်ယဲ့ ဖိအားကြောင့် အံကြိတ်လိုက်ပြီး သူ၏ နဖူးတွင် ချွေးများ စိုရွှဲလာသည်။

ဘာဇာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ “သေလိုက်တော့!”

လက်သီးအားသည် ပင်လယ်လှိုင်းလုံးကဲ့သို့ ပြင်းထန်ပြီး ဒိုင်းကာမှာ အဆက်မပြတ်ဖိအားပေးမှုအား တောင့်ခံနေရ၏။

ဗုန်း

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ တုန်ခါသွားပြီး ခရမ်းရောင်မီးတောက်ဒိုင်းကာ ကို ထိုးဖောက်ဝင်သွားလေသည်!

ဟုန်ချန်ယဲ့မှာ မီတာထောင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားပြီး ကြယ်တံခွန်တစ်ခု တောင်တန်းများကြား ကြွေကျသကဲ့သို့ အမှိုက်သရိုက်များ ဝုန်းဒိုင်းကြဲလွင့်စင်ကာ မှိုပုံသဏ္ဍာန် မီးခိုးလုံးကြီးများပင် လိပ်တက်လာ၏။

ပတ်ဝန်းကျင်တွင် သဲများနှင့် ဖုန်မှုန့်များ တလုံးလုံးလွင့်ပျံနေပြီး အပျက်အစီးများကြားမှ ပုံရိပ်တစ်ခုသည် သွေးတပွက်ပွက်အန်ကာ မတ်တပ်ထရပ်ရန် ခက်ခဲစွာ ကြိုးစားလျက်ရှိသည်။

All Chapters