အခန်း (၂၁၆)
Vol. 16 Ch. 216
ယဲ့ကျွင်းလင်သည် ပေါက်ကရစကားများကို ရုပ်တည်ဖြင့်သာပြောနေပြီး တစ်ဖက်ရန်သူ၏ လှုပ်ရှားမှုများကို လွယ်ကူစွာ ကိုင်တွယ်နေသည်။ လက်သီးထိုးကွက်များမှာ မိုးရွာသကဲ့သို့ အကြားအလပ်မရှိ တရစပ်စီးဆင်းနေရာ လှလိုက်တဲ့အကွက် ဟု ချီးကျူးရမည့်အနေအထားပင်။
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် ဤကဲ့သို့သော သာမန်သေမျိုးတို့၏ လက်ဝှေ့ကို ကျွမ်းကျင်ရန် အလွန်လွယ်ကူပြီး လူတို့ထက် ပို၍ပင်ပြီးပြည့်စုံအောင် ဖန်တီးတိုင်စွမ်းရှိ၏။
“အား၊ ငါ မင်းကို သတ်ပစ်မယ်!!” ဘာဇာ သေမတတ်စိတ်တိုနေပြီး မခံမရပ်နိုင်အောင် အစခံနေရသည်ဟု ခံစားရသည်။
ငါတို့ခြောက်ယောက်ပေါင်းတာတောင် လုံလောက်အောင် အားမကြီးသေးဘူးလား?
ယုတ္တိကျကျ ရှင်းပြရလျှင် ဤပုံစံရှိ ဧရာမနတ်ဆိုးသတ္တဝါကြီးကို ဖန်တီးဖို့အတွက် အမျိုးမျိုးသော မှော်ကျင့်စဥ်များကို စတေးလိုက်ရကာ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုနှင့် ခွန်အားကိုသာ အားကိုးနိုင်သော တည်ရှိမှု၏။ ထိုအကာအကွယ်နှင့် ခွန်အားတွင် ပြိုင်စံရှားဟုဆိုနိုင်သော အခြေအနေပင်။
ဒဏ္ဍာရီလာ စစ်မှန်သော မသေမျိုးအရှင်တစ်ပါး မရောက်လာမချင်း မည်သူမျှ သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ!
သို့သော် ယခု ယဲ့ကျွင်းလင်ထံမှ မမျှော်လင့်သော မြင်ကွင်းတစ်ခုကို သူတို့မြင်လိုက်ရလေပြီ။
ခွပ် ခွပ် ခွပ် ခွပ်~! !
ယဲ့ကျွင်းလင်၏ ဝင်ချွန်းလက်သီးများသည် ခန့်မှန်းရခက်လှပြီး ဘာဇာကို သွေးအန်စေသည်အထိ ထိခိုက်စေနိုင်ခဲ့ကာ ထိုအချိန်ထိ တိုက်ခိုက်မှုကို မရပ်နားသေးပေ။
“ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာအားလုံးတွင် အမြန်နှုန်းသည် အရာအားလုံးကို ထိုးဖောက်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်၏!”
လက်သီးထိုးချက်များသည် မြန်ဆန်ပြီး၊ တိကျပြီး၊ ရက်စက်သည်။ လှုပ်ရှားမှုတိုင်းသည် သေစေနိုင်သော ခွန်အားအပြည့်ပါဝင်၏။
ရေတွက်မရနိုင်သော ထိတ်လန့်တကြား အကြည့်များကြားတွင် ဤဧရာမ နတ်ဆိုးသတ္တဝါကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဖုံးအုပ်ထားသော အရိုးသံချပ်ကာလည်း ပြိုကွဲစပြုနေပြီ ဖြစ်သည်။ တောက်ပနေခဲ့သော မှော်သင်္ကေတများပင် မှိန်မှိန်လေးသာ ကျန်ရှိတော့ရာ မည်မျှ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်အား ပြသနေသည့်အတိုင်း။
“ဆရာသခင်၊ ချချ! ဆရာသခင်၊ လုပ်လိုက်တော့!” ပုရှောင်ရှီးက ပန်းရောင်လက်သီးများကို ဝှေ့ယမ်းပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်သည်။
“အရှင်ယဲ့က အင်အားကြီးလိုက်တာ!” အိုးရန်ဖုန့်နှင့် အခြားသူများ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ကြသည်။
ထိုအချိန်တွင်။
ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံခဲ့ရသော ဘာဇာ၏ ချိတ်ဆက်ထားသော အသိစိတ်ကမ္ဘာမှာ ပို၍ပင် ရှုပ်ထွေးနေပြီး သူ၏ ကျန်ညီအစ်ကိုငါးဦးသည် တစ်ယောက်ပြီးတစ်ယောက် နာကျင်စွာ မပြတ်အော်ဟစ်နေကြရာ သူ၏ ဦးခေါင်းကို ပေါက်ကွဲလုနီးပါး ဆူပွက်နေတော့လေ၏။
“အရမ်း နာတယ်! အရမ်း နာတယ်!”
“မရိုက်နဲ့တော့! အစ်ကိုကြီး၊ ကျေးဇူးပြုပြီး သနားခံလိုက်ပါတော့! ငါ တကယ် မခံနိုင်တော့ဘူး!”
“အား! ငါ သေတော့မယ်!”
...
ဘာဇာ ၏ နှလုံးသားသည် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ဝုန်းဒိုင်းကြဲနေပြီး ကြောက်ရွံ့မှုများ လျှံကျနေသည်။
တစ်ခုခုတော့ မှားနေပြီ။ ဒီလူသားမျိုးနွယ်မှာ ဒီလောက်အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ရှိနေခဲ့တာလား?
သူသိခဲ့ရင် ဒီ ဝေးလံခေါင်ဖျားတဲ့ ဟွမ်ကျိုးပြည်နယ်ကို နှိမ်နင်းဖို့ လိုလိုလားလား လာခဲ့မှာမဟုတ်ဘူး!
ထိုစဥ် ယဲ့ကျွင်းလင်၏ လက်သီးတစ်ချက်သည် ကောင်းကင်ကို ဖြတ်ကျောက်ပျံသန်းသွားသော ဥက္ကာခဲကြီးကဲ့သို့ ဘာဇာ ၏ မျက်နှာပေါ် ကျရောက်လာပြီး နှာခေါင်းသွေးများ ပွက်ခနဲလွင့်စင်လာခဲ့စေ၏။
“အညံ့ခံမလား၊ မခံဘူးလား?”
“ကျွန်တော် မခံဘူး!”
နှစ်မိနစ်ကြာပြီးနောက်။
“အညံ့ခံမလား၊ မခံဘူးလား?”
“လူသားကောင်၊ မင်းကိုသေအောင်တိုက်မယ်!”
ခဏအကြာ။
“အညံ့ခံမလား၊ မခံဘူးလား?”
ဘာဇာ မြေကြီးပေါ်တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး လက်များကို အချင်းချင်းယှက်ကာ နှိမ့်ချစွာ သနားခံလိုက်သည်။ “ကျွန်တော် အညံ့ခံပါပြီ၊ ကျွန်တော် တကယ် အညံ့ခံပါပြီ၊ ကျေးဇူးပြုပြီး အရှင်ယဲ့ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ!”
ယဲ့ကျွင်းလင်က အမြင့်တစ်နေရာမှ သူ့ကိုငုံ့ကြည့်လိုက်သည်။ “ငါ ပြောခဲ့တယ်မဟုတ်လား၊ ဘယ်သူမှ ငါ့ထက် ပိုကောင်းကောင်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ မှန်ပါတယ်” ဘာဇာသည် ဆန်ကောက်နေသော ကြက်တစ်ကောင်ကဲ့သို့ တဆတ်ဆတ်ခေါင်းညိတ်လိုက်သည်။
“ဟမ့်၊ ဒီလို သနားခံရုံနဲ့ ငါ မင်းကို လွှတ်ပေးမယ်လို့ မင်း တကယ် ထင်နေတာလား?”
“တရားမျှတမှုရဲ့ သံလက်သီးကို ကျေနပ်စွာလက်ခံလိုက်ပါ!”
ယဲ့ကျွင်းလင်၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ တိုးထွက်နေပြီး သူ၏ လက်သီးသည် အဆုံးမဲ့သော စွမ်းအားကို စုစည်းကာ ဘာဇာ၏ခန္ဓာကိုယ်ဖြင့်ဖြင့် ဖွဲ့စည်းထားသော ဦးခေါင်းကို ရိုက်ချလိုက်သည်။
“မဖြစ်ဘူး...”
ဗုန်း ကနဲ ပေါက်ကွဲသံဖြင့် ဦးခေါင်းတစ်ခုလုံး ကြေမွသွားရ၏။
“အကိုကြီး သေပြီ၊ ငါတို့လည်း...” ကျန်ညီအစ်ကိုငါးဦး၏ အသိစိတ်များ အချင်းချင်းစကားပြောရင်း ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဦးခေါင်းမရှိတော့ခြင်းသည် ဘာကို ဆိုလိုသည်ကို သူတို့ သိသောကြောင့် ဖြစ်၏။
မကြာမီပင် သူတို့အသိစိတ်များလည်း ပျောက်ကွယ်သွားပြီး ဤ ဦးခေါင်းမရှိသော ဧရာမ ရုပ်အလောင်းကြီးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီးနောက် တဖြည်းဖြည်း ကျယ်ပြန့်ကာအကန့်အသတ်မဲ့သော တောင်တန်းကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ဤသည်မှာ အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦး၏ ထူးခြားသော မွေးရာပါနည်းပညာတွင် ပါဝင်သော တစ်ခုတည်းသောအားနည်းချက် ဖြစ်၏။ ဦးဆောင်သူ အစ်ကိုကြီး တိုက်ခိုက်နေစဥ်အတွင်း သေဆုံးသွားသည်နှင့် ကျန်ညီအစ်ကိုငါးဦးလည်း သူတို့၏ အသက်ကို ဆုံးရှုံးရမည်။
ထိုအချိန်တွင်။
ရေတွက်မရသော တောက်ပရွှန်းလဲ့သည့် အကြည့်များစွာသည် မိုးထိမြင့်မားသော ပုံရိပ်ကြီးထံသို့ စုစည်းလာကြတော့သည်။
“ငါတို့ အနိုင်ရပြီ! ငါတို့ အနိုင်ရပြီ!”
လူအုပ်ကြီး၏ အားပေးသံများ မြည်ဟီးလာသည်။ ကြွေးကြော်သံများသည် ဆူနာမီကဲ့သို့ တစ်လှိုင်းထက် တစ်လှိုင်း ပိုမြင့်မားလာပြီး အောင်ပွဲသမုဒ္ဒရာထဲတွင် ပြန်လည်နစ်မြုပ်သွားသကဲ့သို့။
“ရှင်လုပ်နိုင်မယ်မှန်း ကျွန်မသိနေတယ်” ကျောက်လင်အာ ခပ်တိုးတိုးရေရွတ်လိုက်ပြီး ကြည်လင်သော မျက်လုံးအစုံတွင် မျက်ရည်များ လင်းလက်နေသည်။
ခွင်းဖန်းလည်း ရွှင်မြူးစွာ အော်ဟစ်မြည်ကြွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တွန့်လိမ့်တွန့်လိမ်လှုပ်ရှားကာ ဧရာမသခင်ကြီးထံသို့ ပျံသန်းသွားပြီး သူ၏ ကြီးမားသော ဦးခေါင်းဖြင့် ချစ်ခင်စွာပွတ်သပ်လိုက်သည်။
ယဲ့ကျွင်းလင် ခွန်းဖန်း၏ခေါင်းလေးကို ပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။ “အားခွင်း၊ ငါ့ရဲ့ လက်ရှိ စိတ်ခံစားချက်ကို မင်း နားလည်နိုင်လား?
“ပြိုင်ဘက်ကင်းခြင်း ဆိုတဲ့ ခံစားချက်က ဘယ်လောက်တောင်မှ အထီးကျန်လိုက်သလဲကွာ~”
သူ အစကတည်းက တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူးလေ!
ဟုန်ချန်ယဲ့ မျက်ဆံလှန်ပြလိုက်သည်။
နားထောင်ကြည့်စမ်းပါဦး၊ အဲ့လောက်ကြီးကျယ်နေတာ လူစကားရော ဟုတ်ရဲ့လား?
နေမင်းနှင့် ပခုံးချင်းယှဉ်လျက် ရပ်တည်နေသော ခမ်းနားလှသည့် တည်ရှိမှုကို ကြည့်ရင်း လီဝူကျယ် သူ့ကို စိတ်ရင်းမှန်ဖြင့် လေးစားကြည်ညိုမိကာ သက်ပြင်းချလိုက်သည်။ “ဆရာသခင်က တကယ်ကိုပဲ ကြီးမားပြီး သန်မာလွန်းတယ်...”