← Chapters

အခန်း (၂၁၅)

Vol. 16 Ch. 215

အခန်း (၂၁၅)

Vol. 16 Ch. 215

ပတ်ဝန်းကျင် အရပ်လေးမျက်နှာလုံးတွင် ပဲ့တင်ထပ်သွားသော ကြည်လင်ပြတ်သားသော အသံတစ်သံဖြင့်။

ချက်ချင်းဆိုသလို ယဲ့ကျွင်းလင်၏ ပုံရိပ်သည် ကောင်းကင်သို့တိုင် မြင့်တက်သွားပြီး မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် ကြီးထွားလာသည်။

ဒုန်း ဒုန်း ဒုန်း ~

ထို့နောက်။

ကျယ်ပြန့်ခမ်းနားသော ပုံရိပ်ကြီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ရပ်တည်နေသည်။ ငွေရောင်ဆံပင်များသည် ဂလက်ဆီမျှင်တန်းကဲ့သို့ တွဲလောင်းကျနေပြီး၊ မီးလျှံကဲ့သို့ တောက်ပလင်းလက်သော မျက်လုံးများသည် ကောင်းကင်တွင် မြင့်မားစွာ ဆိုင်းငံ့ထားသော နေမင်းကဲ့သို့ တောက်ပနေ၏။ အနီးကပ်ကြည့်ပါက စကြဝဠာတစ်ခုလုံးရှိ ကြယ်ပွင့်အားလုံးကို ထည့်သွင်းမြှုပ်နှံထားသကဲ့သို့ မျက်စိမလွှဲချင်လောက်အောင် လှပသော မျက်လုံးများပင်။

မိမိထက် နှစ်ဆ ပိုမြင့်နေသော ယဲ့ကျွင်းလင်၏ ကိုယ်ထည်ကြီးကိုကြည့်ရင်း ဘာဇာ၏ မျက်နှာအမူအရာတွင် တုန်လှုပ်မှုများ ပြည့်နှက်သွား၏။ “မင်း၊ မင်း ဘယ်လိုလုပ် ဒီလောက်ထိကြီးနိုင်ရတာလဲ?”

ဤမြင်ကွင်းကို မြင်တွေ့ရသော ကျင့်ကြံသူအပေါင်းသည်လည်းအံ့အားသင့်နေကြပြီး ထိုအရာကြီးမှာ သူတို့၏အရှင်ယဲ့ဖြစ်ကြောင်းကိုပင် မယုံနိုင်ကြ။

“အမလေး!” စစ်မြေပြင် ရောက်ရှိလာသော ကျောက်လင်အာသည် မိုးထိအောင် မြင့်မားသော ပုံရိပ်ကို စူးစိုက်ကြည့်ရင်း သူမ၏ နူးညံ့သော နှုတ်ခမ်းများကို အံ့အားသင့်စွာ ဖုံးအုပ်လိုက်ရသည်။ လှပသော မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေပြီး တံတွေးတစ်ချက်အား ခက်ခဲစွာ မျိုချလိုက်ရသည်။

အရှင်ယဲ့က အကြီးကြီးပဲတော့်!

“ဟမ်!”

လီဝူကျယ်၏ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားပြီးနောက် မနာလိုစွာ ထုတ်ပြောလိုက်သည်။ “ဆရာသခင်ကတော့ ဆရာသခင်ပါပဲ၊ ငါလည်း အဲ့လောက်ကြီး ကြီးနိုင်ရင် ကောင်းမှာပဲ”

“ဒါ၊ ဒါကြီးက အရမ်းကြီးလွန်းနေတာ မဟုတ်ဘူးလား?” ဟုန်ချန်ယဲ့ အလွန်တုန်လှုပ်နေသည်။ ဘာလို့လဲဆိုတော့ တစ်ဖက်လူမှာ သူတစ်ခါမှ မမြင်ဖူးတဲ့ နည်းလမ်းတွေ အမြဲရှိနေရတာလဲ?

ကောင်းကင်နှင့်မြေကြီး၏ စီရင်ချက်ချခြင်း ကျင့်စဥ်ကိုထုတ်သုံးပြီးနောက် ယဲ့ကျွင်းလင်သည် အောက်ဘက်ရှိ သေးငယ်သော တောင်တန်းများနှင့် မြစ်များကို အပေါ်စီးမှ ရှုစားလိုက်ပြီး ဖုန်မှုန့်လေးများကဲ့သို့ သေးငယ်သော သက်ရှိများစွာကို မြင်လိုက်ရာ ချက်ချင်းပင် ဆန်းသစ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။

ထို့နောက် မိမိထက် ပုကွသေးငယ်နေရှာသော နတ်ဆိုးသတ္တဝါကြီးကို ကြည့်လိုက်သော် ယဲ့ကျွင်းလင်၏ နှုတ်ခမ်းထောင့်များ မာနကြီးစွာ ကွေးညွှတ်သွားပြီး ထိန်းမရအောင် မာန်တက်လာတော့၏။

“တွေ့လား၊ ငါက မင်းထက် ပိုကြီးတယ်!”

ဘာဇာသည် ထိုစကားမှာ နားထောင်ရတာတစ်မျိုးပဲဟု တွေးမိသော်ငြား သူ့ကိုရန်စနေကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း သ‌ဘောပေါက်၏။

ချက်ချင်းဆိုသလို သူ ဒေါသထွက်လာသည်။“မင်းပိုကြီးတော့ ဘာဖြစ်လဲ?!”

ထိုသို့ပြောပြီးနောက် ဘာဇာ အရှေ့သို့ ပြေးထွက်၍ လက်သီးဖြင့် ထိုးချလိုက်ရာ လက်သီး၏ ကြောက်မက်ဖွယ်ကောင်းသော အားသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေပြီး သစ်ပင်များစွာကိုပင် အမြစ်မှကျွတ်ထွက်စေခဲ့သည်။

“ဟဲဟဲ၊ ငါပိုကြီးတာ ဘာဖြစ်လဲ ဟုတ်လား?” ယဲ့ကျွင်းလင်သည် ရွှတ်နောက်နောက်ပြုံးရယ်လိုက်ပြီး ။တစ်ဖက်လူ၏လက်သီးကို ထိပ်တိုက်ပြန်ရင်ဆိုင်လိုက်၏။

ဗုန်း!

ကြယ်တံခွန်နှစ်စင်း တိုက်မိသကဲ့သို့ အံ့သြဖွယ်ကောင်းသော စွမ်းအင်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။ မဟာပထဝီမြေကြီး တုန်ယင်ကွဲအက်နေပြီး တောင်များ ပြိုကျကာ မြစ်ချောင်းများ ဘောင်ဘင်ခတ်နေသည်။

ဘာဇာ အကြီးအကျယ် မျက်နှာပျက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ခံနိုင်ရည်အားကို ခံစားမိလိုက်ရ၏။ ဆယ်လှမ်း‌ကျော်မျှ ပြန်တွန်းထုတ်ခံလိုက်ရပြီးနောက် သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“ချီး၊ ခုနက တကယ် နာတာပဲ၊ ဒီကောင်ရဲ့ လက်သီးက ကျောက်တောင်ကြီးလိုပဲ!” ညာဘက်လက်ကို ဖွဲ့စည်းထားသော ညီငယ်ဘာခီက နာကျင်စွာ အော်ဟစ်လိုက်သည်။

“ညီလေး၊ မင်း သည်းခံရမယ်။ ငါတို့ အခု ပူးပေါင်းပြီး သူ့ကို အနိုင်ယူရမယ်!” ဘာဇာက ချိတ်ဆက်ထားသော အသိစိတ်မှတစ်ဆင့် လှမ်းနှစ်သိမ့်လိုက်သည်။

ထို့နောက် သူသည် သူ့ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။ “ယဲ့ကျွင်းလင်၊ တစ်ခါလောက်နိုင်လိုက်တာနဲ့ အရမ်း မာနကြီးမနေနဲ့!”

ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး၊ ငါ့နာမည် ယဲ့ကျွင်းလင် မဟုတ်ဘူး”

“ငါ့ကို...”

“အိုင်ပီမန်း(Ip Man)လို့ ခေါ်!”

(Ip Manက Donnie Yenရဲ့ နာမည်ကျော် ဝင်ချွန်းသိုင်း ရုပ်ရှင်ကားကြီးတစ်ကားပါ။ ဝင်ချွန်းသိုင်းဆိုတာ တရုတ်ပြည်တောင်ပိုင်းရဲ့ ကိုယ်ခံပညာ သိုင်းကစားနည်းတစ်မျိုးဖြစ်ပြီး အနီးကပ်တိုက်ကွက်တွေကို အများအားဖြင့် အသုံးပြုပါတယ်။ အမြန်နှုန်းနဲ့ စီစဥ်တကျဖြစ်မှုကို အဓိကအားစိုက်တဲ့ သိုင်းတစ်မျိုးပါ။

-Zun Zun)

( IP Manဟာ အပြင်လောကမှာလည်း တကယ်ရှိခဲ့ပြီးတော့ သူ့ရဲ့တပည့်ဖြစ်တဲ့ Bruce Lee (ဘရုစ်လီ) က ဝင်ချွန်းသိုင်းကို အခြေခံပြီးတော့ တစ်ခြား ဘောက်ဆင်နဲ့ တိုက်ခိုက်ရေးပညာရပ်တွေကို ရောသမမွှေပြီး သူ့ရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ Jeet Kune Do ကို တီထွင်ခဲ့ပါတယ်။ (street fight)လမ်းပေါ်မှာ တိုက်ခိုက်ရတဲ့စတိုင်ဖြစ်တာမို့ ပြိုင်ဘက်ကို အလဲထိုးနိုင်ဖို့က အဓိကဆိုတဲ့အတိုင်း၊ Jeet Kune Do မှာ ပေါင်ကြားကို ကန်တာ၊ထိုးတာ၊ မျက်လုံးကိုနှိုက်တာမျိုးတွေကိုပါ သုံးကြပါတယ်။ အလွန်အင်မတန်လျင်မြန်အောင် တိုက်ခိုက်ရတာမို့ အမြန်နှုန်းပိုင်းကို ဦးစားပေးလေ့ကျင့်ကြရပါတယ်။ စိတ်ဝင်စားပါက Youtube ကနေ လေ့လာနိုင်ပါတယ်

-Zeus)

ထိုသို့ကြွေးကြော်ပြီးနောက် ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ကို နောက်သို့ပစ်ပြီး ကျန်လက်တစ်ဖက်ကို ရှေ့တွင် ဖြည်းဖြည်းချင်း ပုံဖော်လိုက်သည်။ ၎င်းသည် ဝင်ချွန်းသိုင်း၏ အစသိုင်းကွက်ပုံစံဖြစ်ပြီး အသံနက်နက်ဖြင့် တိုင်တည်လိုက်သည်။ "ဝင်ချွန်းအိုင်ပီမန်းရေ၊ ကူညီစောင့်ရှောက်ပေးပါဦး"

ဘာဇာ: “? ? ?”

ဒီလူ ဘာဖြစ်နေတာလဲ?

ဦး‌နှောက်ဖွဲ့စည်းပုံ တစ်ခုခုလွဲနေတာလား?

“မင်း ဘယ်လို ခေါ်ရမလဲ ငါ ဂရုမစိုက်ဘူး! ငါသိတာက အခု မင်းကို ရိုက်သတ်ပစ်ဖို့ပဲ!” ဘာဇာ ဒေါသတကြီး ပြောလိုက်သည်။

ဗုန်းကနဲဆိုသလိုပင်မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုတွင်းနက်ကြီးမှာ နတ်ဆိုးသတ္တဝါကြီး၏ ခြေလှမ်းတစ်လှမ်းစာသာဖြစ်၏။ သူသည် ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ ခြေထောက်ကို ကျွမ်းကျင်စွာဝှေ့ယမ်းပြီး ယဲ့ကျွင်းလင်ထံ ခပ်ပြင်းပြင်းပစ်ကန်လိုက်သည်။

ယဲ့ကျွင်းလင်၏ မျက်နှာသည် တည်ငြိမ်နေပြီး လက်ဖဝါးကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ရာ ဤလေးလံပြီး အားပြင်းသော ခြေကန်ချက်ကို လွှဲဖယ်လိုက်နိုင်သည်။ ထို့နောက် ချက်ချင်းပင် ပြိုင်ဘက်၏ ရှေ့သို့ ရောက်ရှိလာပြီး ဝင်ချွန်းလက်သီးများအား မိုးရွာသကဲ့သို့ ပစ်ပေါက်လိုက်၏။

ခွပ် ခွပ် ခွပ် ခွပ်~! !

ဧရာမ နတ်ဆိုးသတ္တဝါကြီးသည် ပြင်းထန်သော တိုက်ခိုက်မှုများကို လှိမ့်ခံနေရသည်ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးသံချပ်ကာမှာ ပြိုကျလုနီးပါး ဖြစ်နေပြီး ရေတွက်မရသော အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့၏။

“ယဲ့ကျွင်းလင်!” ဘာဇာ၏ ပါးစပ်မှ သွေးများ လျှံကျနေပြီး သူတစ်ချက် ကြိမ်းဝါးအော်ဟစ်ကာ လက်သီးကို ရူးသွပ်စွာ ဝှေ့ယမ်းပြီး အသည်းအသန်လိုက်ထိုးတော့သည်။

“ငါ့ကို အိုင်ပီမန်းလို့ခေါ်ပါဆို!”

“ဒါမှမဟုတ်၊ မာစတာအိုင်ပီလို့ ခေါ်!”

All Chapters