← Chapters

အခန်း (၂၁၈)

Vol. 16 Ch. 218

အခန်း (၂၁၈)

Vol. 16 Ch. 218

“အမလေး၊ ဒါ ထိပ်တန်းအဆင့် မဟာဆေးဘုရင်မဟုတ်လား?!”

ကျောက်လင်အာ အလွန်အံ့အားသင့်သွားသည်။ တောင်ထိပ်သခင်ယဲ့က ဒီလိုရှေးဟောင်းဆေးပင်မျိုးကို တပည့်အဖြစ် ခေါ်ထားလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့မိပေ။

အခုချိန်ထိ သူမသည် အမြင့်ဆုံးအနေဖြင့် အဖိုးတန်ဆေးပင်လောက်ကိုသာ မြင်ဖူးသေးသည်ပင်။ ဆေးဘုရင်အဆင့်သည်ပင် အမြှီးပင်ရှာမတွေ့နိုင်လောက်အောင် ရှားပါးအဖိုးထိုက်သည်ဖြစ်ရာ ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် မဟာဆေးဘုရင်မျိုးကိုတော့ စကားထဲပင်ထည့်ပြောစရာမဟုတ်လေတော့။

“မိန်း-မိန်းကလေး၊ မင်္ဂလာပါ” မဟာမှိုဘုရင်က စိုးရိမ်တကြီး နှုတ်ဆက်လိုက်သည်။

ဘာကြောင့်မှန်းမသိ သူ့ကိုမြင်သည့်လူတိုင်းက သူ့ကို စားချင်သလိုလို၊ မှိုစွပ်ပြုတ်လုပ်ပစ်ချင်သလိုလိုသာ ကြည့်နေကြသည်ဟု သူခံစားမိ၏။

ကျောက်လင်အာလည်း အနည်းငယ် တွေဝေသွားရသည်။ တောင်ထိပ်သခင်ယဲ့က တပည့်ရွေးချယ်လက်ခံရာမှာ အတော်‌လေးထူးခြားတဲ့စံနှုန်းတွေရှိတာပဲ။

နေစမ်းပါဦး၊ သူက ရှေးဟောင်းဆေးပင်ကိုတောင် တပည့်အဖြစ် လက်ခံထားတာပဲ။ ဒါက ကွန်ဖြူးရှပ်ပညာရှင်ကြီးတွေရဲ့ ဆိုဆုံးမမှုအတိုင်း 'နောက်ခံအဆင့်အတန်းမခွဲခြားဘဲ လူတိုင်းကို တန်းတူညီမျှ ပညာသင်ပေးခြင်း' ဆိုတာကို လိုက်နာကျင့်သုံးနေတာလား?!

တွေးရင်းတွေးရင်း သူမ၏ စိတ်ထဲမှ ထိုလူ၏ ပုံရိပ်သည် ပို၍ပင် ခမ်းနားမြင့်မြတ်လာတော့၏!

ကျင့်ကြံသူများ၏ သောင်းသောင်းဖြဖြအားပေးသံကြားတွင် ခွင်းဖန်းသည် ကျောက်နက်တောင်တန်းမှထွက်ခွာပြီး အရှိန်တင်ကာ ရွှယ်ထျန်းဂိုဏ်းဆီသို့ အမြန်ဦးတည်ပျံသန်းလေတော့သည်။

ဤအချိန်တွင် ရွှယ်ထျန်းဂိုဏ်းသည် သူတို့၏ တောင်ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားပြီး လူတိုင်း နယ်နိမိတ်အတွင်းတွင် စုဝေးနေကြရာ အပြင်ဘက်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို လုံးဝမကြားသိထားကြပေ။

ခွင်းဖန်းသည် အမြင့်ဆုံးသော အရှိန်အဝါကို ထုတ်လွှတ်လျက် ကောင်းကင်ယံထက် ပေါ်ထွက်လာသောအခါ အပြင်းအထန် ကာကွယ်ပိတ်ဆို့ထားသော ရွှယ်ထျန်းဂိုဏ်းနယ်နိမိတ်ထဲတွင် ဆူညံသံများစီထွက်လာသည်။

“သောက်ကျိုးနဲ! အဲဒါ ဘယ်က သားရဲကြီးလဲ?”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ဒါ တောင်ထိပ်သခင်ယဲ့ရဲ့ စီးတော်ယာဥ်မဟုတ်ဘူးလား။ ခွင်းဖန်း လို့ ခေါ်တယ်လေ!”

“ဒါဆို တောင်ထိပ်သခင်ယဲ့ပြန်လာပြီဆိုတဲ့ သဘောလား?!”

... ...

ဤသတင်း ပျံ့နှံ့သွားသည်နှင့် ရွှယ်ထျန်းဂိုဏ်း မှ ကျင့်ကြံသူအားလုံး အံ့သြတကြီးဖြစ်သွားကြသည်။ ဂိုဏ်းချုပ် ရှယိုနျန်နှင့် အခြားသူများလည်း အမြန်ပြေးထွက်လာကြပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူတို့ရှေ့မှ ရင်းနှီးသော ပုံရိပ်ကို မြင်တွေ့ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့၏။

“ဆရာတူညီလေး ယဲ့!!”

“ဂါရဝပြုပါတယ် ဆရာတူ အစ်ကိုကြီးများနဲ့ အစ်မကြီးများ၊ ကျွန်တော် ပြန်ရောက်ပါပြီ” ယဲ့ကျွင်းလင် ပြုံးပြုံးလေး နှုတ်ခွန်းဆက်သလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်း ပြန်လာတာ ကောင်းတယ်၊ မရဏချောက်နက်တပ်မတော် နောက်တစ်ခါ တိုက်ခိုက်လာရင်တောင် မင်း ဒီမှာရှိနေသရွေ့ ငါတို့ မကြောက်တော့ဘူး!” ရှယိုနျန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေပြီး မမြင်ရတာကြာပြီဖြစ်သော ဆရာတူညီလေးယဲ့အား စုန်ချည်ဆန်ချည် ကြည့်မဝဖြစ်နေရှာ၏။

သူ၏ ကျင့်ကြံဆင့်မှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေပြီဖြစ်သည်!

နှစ်တစ်ရာနေနာရီလောက၏အစွမ်းကြောင့် ဤမျှတက်ရောက်နိုင်ခဲ့ခြင်းပင်။ ရှယိုနျန်ဟာ အထဲမှာ နှစ်သုံးထောင်ကျော်ကြာအောင် နေထိုင်ကျင့်ကြံခဲ့ပြီး အဆင့်တက်ဖို့ရာအတွက် အလွန်အကျွံကို ကြိုးစားအားထုတ်ခဲ့ခြင်းပင်။

ဒီလိုမှ မကြိုးစားခဲ့လျှင် မရဏချောက်နက်တပ်မတော် ချီတက်လာပြီး ဟွမ်ကျိုးပြည်နယ်အား ရန်စကျူးကျော်စဥ်က ရွှယ်ထျန်းဂိုဏ်းကိုဦးဆောင်ပြီး တိုက်ထုတ်ပေးနိုင်စရာအကြောင်းလည်းမရှိ။ ဘာဇာ ပေါ်လာမှသာ တိုက်ပွဲအခြေအနေက ချက်ချင်း ပြောင်းပြန်လှန်သွားခဲ့တာဖြစ်၏။ သို့ပေမဲ့ ထိုအခြေအနေကြားတွင်ပင် ရှယိုနျန်က ဂိုဏ်းသားအားလုံးကို ဂိုဏ်းနယ်နိမိတ်အတွင်း လုံခြုံတင်းကျပ်စွာ စုစည်းထိန်းထားနိုင်ခဲ့စမြဲ။

ကျန် တောင်ထိပ်သခင်များ၏ ကျင့်ကြံမှုအဆင့်များသည်လည်း အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်၏ အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များသို့ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့အားလုံးသည်လည်း ယဲ့ကျွင်းလင်အား အချိန်အကြာကြီး မတွေ့မမြင်ခဲ့ရသကဲ့သို့ လွမ်းဆွတ်တမ်းတနေဟန် မျက်လုံးရဲရဲများဖြင့် နွေးထွေးစွာ ဝိုင်းဝန်းစိုက်ကြည့်နေကြလေသည်။

ယဲ့ကျွင်းလင် အံ့သြနေဟန်ဖြင့် မေးလိုက်သည်။ “ကျွန်တော်တို့ဂိုဏ်း ရဲ့ တောင်ကာကွယ်ရေးအစီအရင်ကို ပြောင်းလဲထားတာလား? ကျွန်တော် မထွက်ခွာခင်က ဒီလိုမဟုတ်ခဲ့ဘူးလားလို့”

သူမှတ်မိသလောက်ဆိုလျှင် သူကိုယ်တိုင်ဦးဆောင်ပြင်ဆင်ပေးခဲ့သော တောင်ကာကွယ်ရေးအစီအရင်သစ်မှာ ပုံမှန် အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူများ၏ တိုက်ခိုက်မှုတွေကိုသာ ခံနိုင်ရည်ရှိပေမည်။ ထိုအချိန်ကနှင့်နှိုင်းယှဥ်လျှင် အစီအရင်၏ လက်ရှိစွမ်းအားနှင့် အကျယ်အဝန်းက ပိုလို့ကြီးမားကျယ်ပြန့်လာခဲ့သည်ပင်။

မီးတောက်အလင်း အလွှာတစ်ထပ်သည် တောင်ထိပ်တစ်ခုစီကို ဖုံးအုပ်ထားပြီး မှိန်သော ယင်-ယန် စွမ်းအင်၏ ရှစ်ကြောင်းဆုံ ပုံစံငယ်တစ်ခုစီက ထိုအလင်းလွှာအတွင်းတွင် စီးဆင်းနေသည်။

ခေါင်းကြီးကြီးနှင့် နားရွက်ကြီးကြီးရှိသော သက်လတ်ပိုင်းအရွယ် ခပ်ဝဝတောင်ထိပ်သခင်တစ်ဦးက ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “ဆရာတူညီလေး ယဲ့၊ ဒါက မဟာစတင်ခြင်း ရှစ်မြှောင်းဖွဲ့အစီအရင်ပါ။ မင်း ငါ့ကို ပြီးခဲ့တဲ့တစ်ခေါက်က အစီအရင်ပုံစံတွေ အများကြီး ပေးခဲ့တယ်လေ။ ငါ နေနာရီ ထဲမှာ အဲ့ဒီအစီအရင်တွေကို နှစ်ပေါင်းများစွာကြာအောင် အထူးအလေးထား လေ့လာခဲ့ပြီး ကြာတော့ ငါ ပိုပိုပြီး ကျွမ်းကျင်တတ်မြောက်လာခဲ့တယ်။ ဒါကြောင့် အစီအရင်ရဲ့ မူလအခြေခံပေါ်မှာ သင့်လျော်တဲ့ ပြုပြင်မှုတွေ ထပ်ပေါင်းထည့်လိုက်တာ၊ အဲ့ဒီအစီအရင်ကို အသက်သွင်းလိုက်ရင် ပုံမှန် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုတွေလောက်ထိ ခံနိုင်ရည်ရှိတယ်။ အစွမ်းအထက်ဆုံးတစ်ချက်က ဒီအစီအရင်ဟာ လူတိုင်းရဲ့ စွမ်းအားကို စုပ်ယူနိုင်ပြီး အစီအရင်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တာပဲ။ ခိုင်မာမှုနဲ့ နူးညံ့အသေးစိတ်မှု နှစ်ခုလုံးကို အချိုးကျပေါင်းစပ်ထားတာကြောင့် အင်အားကြီးသူကို အသေးစိတ်ကျကျ လှည့်ကွက်နဲ့အနိုင်ယူနိုင်တဲ့ အစီအရင်မျိုးပေါ့”

“ဟုတ်တယ်၊ ကံကောင်းပေလို့ ဆရာတူညီလေးကျင်းက ဖွဲ့စည်းပုံကို တိုးတက်အောင် လုပ်ပေးခဲ့နိုင်လို့ပေါ့။ ဒီ အစီအရင်ရဲ့ အားသာချက်တွေကို အားကိုးပြီး မရဏချောက်နက်တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကို ထပ်ခါတလဲလဲ ခုခံနိုင်ခဲ့တာ။ မဟုတ်ရင် ငါတို့တစ်ဂိုဏ်းလုံး ပြားသွားတာကြာပေါ့” ဓားဝှက်တောင်ထိပ်သခင်က ကြောက်စိတ်မပြယ်သေးဟန်ဖြင့် ပြောပြလာသည်။

ကျက်သရေရှိသောအသွင်အပြင်ဖြင့် ကောင်းကင်ရနံ့တောင်ထိပ်သခင်မက ခါးသွယ်သွယ်လေးကို အသာယိမ်းလျက်ရယ်မောကာ ဟာသလုပ်သည်။ “မောင်လေးယဲ့၊ မင်းက ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ကို တိတ်တိတ်လေး ကျင့်ကြံနေခဲ့ပြန်ပြီပဲ။ အရင်က မဖော်ပြခဲ့တာက ငါတို့လန့်မှာစိုးလို့လား?”

ယဲ့ကျွင်းလင် ဒီတစ်ခေါက်တော့ မှန်မှန်ကန်ကန် ဖြေပေးလိုက်သည်။ “ကျွန်တော် ကျင့်ကြံခြင်း ကို စိတ်မဝင်စားပါဘူး။ အရာအားလုံးက သဘာဝအတိုင်း ဖြစ်သင့်တယ်။ အဲ့ဒီ ကျင့်ကြံဆင့်တွေ ကျင့်ကြံစွမ်းတွေဆိုတာ ကျွန်တော့်မျက်လုံးထဲမှာ တိမ်တိုက်တွေလို ခဏတာတည်မြဲရုံ ဂုဏ်ဒြပ်တွေသာသာပါပဲ!”

သူ စိတ်ရင်းကို ဖွင့်ဟပြနေခြင်းပင်။

သူ့အနေဖြင့် ဘာကိုမှခက်ခက်ခဲခဲ ကျင့်ကြံနေစရာမလိုတော့ပေ။ ကိုယ့်ထက် ကျင့်ကြံဆင့်မြင့်သူများထံမှ အခမဲ့ အလကားမှီစားနေရုံဖြင့် အရာအားလုံးအဆင်ပြေသည်။ ထို့အပြင် သူ၏ လက်ရှိ ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်း ကျင့်ကြံဆင့်နှင့်ဆိုလျှင် ဒီ့ထက်ပိုပြီးအဆင့်တက်ဖို့ရာ စစ်မှန်သောမသေမျိုးများဖြင့် တွေ့နိုင်မှ ဖြစ်နိုင်မည်သာ။

သို့ပေမယ့် သူ့စိတ်ရင်းမှလာသော ထိုစကားလုံးများက လူအများ၏နားထဲတွင်တော့ ကြွားလုံးထုတ်ခြင်းသက်သက်သာ ဖြစ်နေခဲ့လေ၏။

ရှင်းပြကြစမ်းပါဦး၊ ကျင့်ကြံခြင်းကို စိတ်မဝင်စားဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? ကျင့်ကြံဆင့်တွေဆိုတာ တိမ်တိုက်တွေလို ခဏတာဂုဏ်ဒြပ်တွေပဲ ဆိုတာ ဘာကိုဆိုလိုတာလဲ?

သူသာ တကယ်မကြိုးစားရင် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ကို ရောက်နိုင်ပါ့မလား?

“ဆရာတူညီလေးယဲ့၊ မင်းက ပိုပိုပြီး ဟာသဉာဏ်ရွှင်လာတာပဲ" ကောင်းကင်ရနံ့တောင်ထိပ်သခင်မက သူမ၏ပါးစပ်လေးကိုလက်ဖြင့်အုပ်ကာ အသာရယ်မောလိုက်သည်။

ရုတ်တရက် သူမသည် အဖွဲ့နောက်တွင် ကပ်ပုန်းနေသော ကျောက်လင်အာကို သတိပြုမိလိုက်၏။ သူမ၏ လှပပြုံးရွှင်သောမျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ဆူပူငေါက်ငမ်းလာတော့သည်။ “လင်အာ၊ မင်း ဘာလို့ အဲဒီမှာ ရှိနေတာလဲ? ဒီအချိန် ရွှယ်ထျန်းဂိုဏ်းမှာ ရှိနေသင့်တာ မဟုတ်ဘူးလား? မင်း တိတ်တိတ်လေး ထွက်ပြေးသွားတာလား?”

အန္တရာယ်ပတ်လည်ဝိုင်းနေသော အရေးကြီးကာလမျိုးတွင် ထိုကဲ့သို့သော မိုက်ရူးရဲလုပ်ရပ်မျိုးကို ဂိုဏ်းစည်းကမ်းများဖြင့် သေသေချာချာ အပြစ်ပေးမှရတော့ပေမည်။

ကျောက်လင်အာလည်း ကိုယ့်အမှားကိုယ်သိပြီး ကြောက်ရွံ့စွာဖြင့် လည်ပင်းကျုံ့ကာ လျှောက်တင်လာသည်။ “ဆရာသခင်မ၊ လင်အာ တိတ်တိတ်လေး ထွက်ပြေးခဲ့တာဟုတ်ပါတယ်။ လင်အာရဲ့ မိသားစုအခြေအနေကို စစ်ဆေးဖို့ ဝေ့ပြည်ထောင် ကို သွားချင်ခဲ့တာ။ နောက်တော့ လမ်းမှာ နတ်ဆိုးသတ္တဝါတွေဆီက ဖမ်းဆီးခံခဲ့ရတယ်။ ကံကောင်းလို့ တောင်ထိပ်သခင်ယဲ့က ကျွန်မကို ကယ်တင်ခဲ့လို့သာပေါ့။ ဆရာသခင်မ၊ ဒီတစ်ခါက လင်အာရဲ့ အမှားဟုတ်ပါတယ်၊ လင်အာသိပါတယ်၊ ကျေးဇူးပြုပြီး အရမ်းဒေါသမထွက်လိုက်ပါနဲ့နော်!”

“မင်း!” ကောင်းကင်ရနံ့တောင်ထိပ်သခင်မ စိတ်ပျက်လက်ပျက် ဖြစ်နေပုံပေါ်သည်။ လင်အာမှာ သူမ၏ အချစ်ဆုံးတပည့်လေးဖြစ်ပြီး တစ်စုံတစ်ခု အလွဲအချော် အဖြစ်မခံနိုင်လှပေ။

“ဆရာတူညီလေးယဲ့၊ မင်း အချိန်မီ ရောက်လာတာပဲ။ အခု မရဏချောက်နက်တပ်မတော်က ဟွမ်ကျိုးမှာတပ်စွဲထားပြီး ငါတို့နဲ့အချိန်အကြာကြီး တိုက်ခိုက်နေခဲ့ကြတာ။ ခေါင်းဆောင်က အရိုးမျိုးနွယ် ဘုရင်ဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း ဘေးဒုက္ခကျော်လွှားခြင်းဆင့်မှာ ရှိတယ်။ မင်းလည်း ခွန်အားအရမ်းကြီးတယ်ဆိုပေမဲ့ သူနဲ့ရင်ဆိုင်ရင် သတိထားရမယ်” ရှယိုနျန် လေးလေးနက်နက် ပြောလိုက်သည်။

ကျန်တောင်ထိပ်သခင်များလည်း ကြောက်ရွံ့စိုးထိတ်နေဟန်ဖြင့် ခေါင်းညိတ်ထောက်ခံလာကြ၏။

ကျောက်လင်အာ ဝင်ပြောလိုက်သည်။ “ဂိုဏ်းချုပ်မသိသေးဘူးပဲ၊ မရဏချောက်နက်တပ်မတော် ချေမှုန်းခံလိုက်ရပြီလေ။ ဦးဆောင်တဲ့ အရိုးမျိုးနွယ်ဘုရင် ကိုလည်း တောင်ထိပ်သခင်ယဲ့က သတ်ပစ်လိုက်ပြီ။ အခုဆို ကျွန်မတို့ ဟွမ်ကျိုးပြည်နယ် စစ်ဘေးကနေ လွတ်မြောက်သွားတာ ကြာပေါ့”

“ဘာ?!”

ဂိုဏ်းချုပ်နှင့် ဂိုဏ်းသားအပေါင်းတို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်လက် ဆံဖြူလူငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ “ဆရာတူညီလေး၊ ညီလေး ယဲ့၊ အဲ့ဒါ တကယ်လား?!”

ယဲ့ကျွင်းလင် ပခုံးတွန့်ပြလိုက်သည်။ “တကယ်ပေါ့၊ ဘာခက်တာမှတ်လို့ဗျာ”

All Chapters