အခန်း (၂၂၀)
Vol. 16 Ch. 220
“ဖြစ်နိုင်တယ်။ ကြယ်တံခါးဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာများစွာကို ဆက်သွယ်ပေးထားတာ။ ဟိုးအရင် အတိတ်တစ်ချိန်မှာ ကျင့်ကြံသူတွေက ဒီတံခါးကို အသုံးပြုပြီး စကြဝဠာရဲ့ နေရာတိုင်းကို ဆန္ဒအလျောက် ကူးပြောင်းနိုင်ခဲ့တယ်။ သေချာ စဉ်းစားကြည့်ပါ၊ ဒီလောက်ပြောင်မြောက်တဲ့ မဟာဗျူဟာကြီးက ဘယ်လောက်တောင်တန်ဖိုးကြီးလိုက်လေမလဲ”
“သောက်ကျိုးနဲ!”
ဓားဝှက်တောင်ထိပ်သခင် တုန်လှုပ်သွားသည်။ “မင်း ပြောတာကို နားထောင်ရသလောက်တော့ တကယ်ကိုပဲ!”
“ဆရာတူညီလေးယဲ့၊ ရိုးရိုးသားသားပြောရရင်လေ အစ်ကိုကြီးရဲ့ ကျင့်ကြံမှုအဆင့် ပိုတိုးလာလေလေ၊ ခွင်းလွင်နယ်မြေက ထောင်တစ်ခုလိုပဲလို့ ပိုပိုပြီး ခံစားရလေ ဖြစ်နေတယ်။ အပြင်လောကကို ထွက်ကြည့်လို့များရရင် ဘယ်လောက် ကောင်းလိုက်လေမလဲ” ရှယိုနျန် သက်ပြင်းချလိုက်သည်။
ရှေးဟောင်း မှတ်တမ်းမှတ်ရာများအရ ကမ္ဘာပြင်ပတွင် ကျယ်ပြောလှသော စကြဝဠာနယ်မြေကြီးတည်ရှိပြီး၊ ထိုစကြဝဠာထဲတွင် ခမ်းနားတောက်ပသော ဂလက်ဆီများလည်း နေရာအနှံ့ ပြန့်ကျဲလျက်ရှိကာ၊ ကျယ်ပြန့်သော ကောင်းကင်နှင့် ကမ္ဘာအများအပြားလည်း ထပ်မံတည်ရှိနေပြန်၏။ သို့သော် ယခုဆိုရင် ခွင်းလွင်နယ်မြေ၏ ကျင့်ကြံသူများသည် ကောင်းကင်သို့ ပျံသန်းနိုင်၊ တောင်များကို ရွေ့လျားနိုင်ပြီး ပင်လယ်ကို ပြည့်လျှံစေနိုင်သော အရည်အချင်းများ ရှိနေသော်လည်း ကမ္ဘာ့အပြင်ကိုတော့ မထွက်နိုင်ကြပေ။ တစ်ခုတည်းသော နည်းလမ်းမှာ မသေမျိုးအဆင့်သို့ တက်လှမ်းခြင်းသာဖြစ်သည်။ သို့သော် ဤလမ်းကြောင်းသည် ခက်ခဲလှသောကြောင့် လူအများမှာ ထိုလမ်းကြောင်းကိုဆက်လက်လျှောက်လှမ်းဖို့ မဖြစ်နိုင်လောက်သည်အထိ။
ယဲ့ကျွင်းလင်က ဆိုသည်။ “အစ်ကိုကြီးဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ခွင်းလွင်နယ်မြေရဲ့ ပိတ်ဆို့မှုဟာ ကာကွယ်မှုတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ အကယ်၍ ကြယ်တံခါးကို ဖွင့်လိုက်ရင် အိမ်ထဲကို ဝံပုလွေဝင်ခွင့်ပြုသလို ဖြစ်သွားမှာပဲ၊ ဒီအတိုင်းဆို နောက်ပိုင်းမှာ ကြေကွဲဖွယ် စစ်ပွဲမြင်ကွင်းတွေ ထပ်မြင်တွေ့ရလိမ့်ဦးမယ်"
သူသည် မသေမျိုးနယ်ပယ် ပျက်စီးတော့မည်ဟူသော သတင်းကို ထုတ်ဖော်မပြောခဲ့ပါ။ လူအများထိတ်လန့်ကာ စိတ်ဓာတ်ရှုပ်ထွေးပျက်ပြားခြင်း၌ ကောင်းကျိုးဟူ၍ရှိမလာနိုင်။
“တစ်လှမ်းချင်းစီပဲ လှမ်းသွားကြတာပေါ့” ကျန် တောင်ထိပ်သခင်များ ခါးသက်စွာ ပြုံးလိုက်ကြသည်။
“အရသာရှိတဲ့ အစားအစာတွေ ရောက်လာပါပြီ!” ပုရှောင်ရှီးသည် စားဖိုမှူးဦးထုပ် ဆောင်းထားပြီး ကြွက်စားဖိုးမှူးဇာတ်ကောင်လေးအဖြစ် ပြောင်းလဲသွားကာ အရသာရှိသော ဟင်းပွဲအမျိုးမျိုးကို စားပွဲပေါ်သို့ တင်ပေးလာသည်။
အရောင်၊ အနံ့၊ အရသာ အားလုံး ပြီးပြည့်စုံနေပြီး လူတိုင်း၏တူကို ချက်ချင်းလှုပ်ရှားစေခဲ့သည်။
“လတ်ဆတ်တဲ့ မှိုစွပ်ပြုတ်လည်း ကျန်ပါသေးတယ်!” လီဝူကျယ်က အိုးကြီးတစ်လုံးကို ထမ်းလာပြီး သူ့နောက်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ရှိသော မှိုခေါင်းဆံပင်ဖြင့် ဆယ်ကျော်သက်လေး လိုက်လာသည်။ သူ့ခြေထောက်များမှာတော့ ရေနူးနေသောခေါက်ဆွဲဖတ်လေးလို ပျော့ခွေလျက်။
လူတိုင်း အားရပါးရ စား နေကြပြီး ပါးစပ်တစ်ဝိုက် ဆီပင်ကွင်းလာသည်။
“အရသာရှိတယ်၊ အရမ်း အရသာရှိတာပဲ!”
“ဆရာတူညီလေးယဲ့၊ ဒီလို တပည့်ကောင်းလေးတွေရှိတော့ မင်းဘဝက အရမ်းသာယာမှာပဲ၊ ဟုတ်တယ်မလား?”
“ငါတို့ အရင်က ဘယ်လိုဘဝမျိုးမှာ နေခဲ့ရလဲ စဉ်းစားကြည့်ပါဦး? ပျော်ရွှင်မှုဆိုတာ မင်းနဲ့မှပဲ စိတ်လွတ်လက်လွတ် ခံစားဖူးတော့တယ်!”
……
လူတိုင်း ပျော်ရွှင်ချမ်းမြေ့စွာ စားသောက်နေကြပြီး ပတ်ဝန်းကျင်က အလွန် တက်ကြွချမ်းမြေ့လျက်။
ယဲ့ကျွင်းလင် ဝလင်အောင် စားပြီးနောက် ချောင်းဟန့်ကာ ပါးစပ်သုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ “ငါ သီချင်း နားထောင်ချင်တယ်”
“ဆရာသခင် စားပြီးပြီးချင်းကြီး တီးခတ်တော့မလို့ လား?”
လီဝူကျယ် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ သူသည် ယဲ့ကျွင်းလင် စောင်းတီးသည်ကို ကိုယ်တိုင် မြင်ခဲ့ဖူးသည်ပင်။ ၎င်းမှာ ပြည့်စုံခြင်း၏ အထွတ်အထိပ် ပြစ်ချက်ဆိုစရာမရှိသော အရည်အသွေး ဖြစ်သည်။ စဉ်းစားမိရုံနဲ့တင် လူကရင်တွေခုန်လာပြီ။
ညနက်ချိန်တွင်ဖြစ်၏။
ယဲ့ကျွင်းလင် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ရောင်စုံသတ္တု စက်ဝိုင်းပုံအရာဝတ္ထုတစ်ခု ပျံထွက်လာပြီး မြူခိုးတောင်ထိပ် ကောင်းကင်အထက်တွင် ဆိုင်းငံ့လိုက်ကာ ရောင်စုံအလင်းများကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူ့လက်ချောင်းများကို ထပ်မံ မြှောက်ယမ်းလိုက်ရာ ပတ်ဝန်းကျင်တွင် စပီကာများ တန်းစီ ပေါ်လာပြီး သူ့ရှေ့တွင် နိုက်ကလပ်ပုံစံ ဒီဂျေခုံတစ်ခု ပေါ်ထွက်လာသည်။
ယဲ့ကျွင်းလင် စကားတစ်လုံးမှမဆိုသေးဘဲ ခပ်တည်တည်ပင် နေကာမျက်မှန် တပ်လိုက်သည်။ သူ၏ ပါးစပ်ထောင့်တွင် ခပ်ညစ်ညစ် အပြုံး တစ်ခု ပေါ်ပေါက်လာကာ ညာဘက်လက်ဖြင့် ရော့ခ်အမူအရာကိုပြုလုပ်ပြီး အော်ဟစ်လိုက်သည်။ “ရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့၊ ဒီဂျေယဲ့နဲ့အတူ ကဲလိုက်ကြရအောင်လားခင်ဗျာ!”
ဒီဂျေအစွမ်းမှာ စနစ်မှနေ့စဥ်ချီးမြှင့်သော အပိုဆုများထဲကတစ်ခုဖြစ်ပြီး အတွင်းစိတ်ဖိအားကို လျှော့ချပေးနိုင်သည်။ အီလက်ထရွန်နစ်ဂီတ၏ စည်းချက်အတိုင်း ကခုန်ခြင်းသည် စိတ်လက်ဖြေလျှော့မှုနှင့် အပန်းဖြေခြင်းအတွက် အကောင်းဆုံးဆေးတစ်လက်ပင်။
ဒုံး ချီ ဒါ ချိ ဒုံး ချီ ဒါ ချိ ~! ! !
စည်းချက်ညီသော အီလက်ထရွန်နစ်ဂီတသံကို ကြားလိုက်ရသော် လူတိုင်း ကြက်သေ သေ သွားကြသည်။
“ဒါ၊ ဒါ၊ ဒါ...” ရှယိုနျန်မှာ ထိုဆန်းသစ်သော ဖျော်ဖြေမှုကြောင့် ထိတ်လန့်သွားပြီး သူ့နှလုံးသားက ဗုံတီးသလို ခုန်လှုပ်လာကာ သူ့ခန္ဓာကိုယ်ထဲက သွေးများ ဆူပွက်ကုန်၏။ ဒါ သူတစ်ခါမှ မကြားဖူးတဲ့ သီချင်းတစ်ပုဒ်ပဲ။
ဘာလို့လဲတော့ မသိဘူး၊ ဒါပေမဲ့ တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်!
“တော်တော် သင်ယူခဲ့ရတာပဲ။ အပြင်လောကက ဒီအဆင့်အထိ တိုးတက်လာပြီလား?” ဓားဝှက်တောင်ထိပ်သခင်နှင့် အခြားသူများ ရေရွတ်လိုက်ကြပြီး ဆရာတူညီလေးယဲ့က ခရီးသွားစဉ် ဒီဖျော်ဖြေမှုအမျိုးအစားအသစ်ကို သင်ယူခဲ့ရသည်ဟုသာ ထင်မှတ်လိုက်ကြ၏။
လီဝူကျယ် တွေဝေသွားပြီး ဟွမ်ကျိုး၏ ထူးခြားသောထုတ်ကုန်တစ်မျုးဖြစ်မည်ဟုသာ သတ်မှတ်လိုက်သည်။
ဟုန်ချန်ယဲ့ မျက်လုံးတွေ ပြူးကျယ်လာသည်။ ဒါတွေကို ဒီလူဘယ်ကနေ သင်ခဲ့တာလဲ?
ဒီလိုဂီတမျိုးက အရမ်း ခေတ်မီလွန်းနေတာ မဟုတ်ဘူးလား?
သူ အလယ်ပိုင်းစီရင်စုမှာ ရှိတုန်းကတောင် ဒီလိုပုံစံနဲ့ တီးခတ်တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး!
ရုတ်တရက် ဟုန်ချန်ယဲ့ ပုံမှန်မဟုတ်သော လက္ခဏာ တစ်ခုကို သတိပြုမိလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားချင်စိတ် ဖြစ်ပေါ်လာသည်။
သူ့ကိုယ်သူပင် မယုံနိုင်စွာ ထိတ်လန့်သွားမိလျက်။
သူ ခေါင်းပြန်မော့ကြည့်လိုက်သော် အရှေ့မှမြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ရ၏။
လူတိုင်း အီလက်ထရွန်နစ်ဂီတ၏ စည်းချက်အတိုင်း လှုပ်ရှားနေကြပြီး နတ်ဆိုးတစ်အုပ် စိတ်ကြွပြီးကခုန်နေသလို မြင်ကွင်းကို မြင်လိုက်ရသည်ပင်။
“မဟုတ်ဘူး၊ ငါ သူတို့လို ဖြစ်လို့ မရဘူး၊ အရမ်း ရှက်စရာကောင်းတယ်!” ဟုန်ချန်ယဲ့ အားယူပြီး လက်များကို ထိန်းချုပ်ထားပြီး သွားများကို တင်းတင်းကြိတ်ကာ တောင့်ခံထားလိုက်သည်။
နှစ်မိနစ်ကြာပြီးနောက်။
ဟုန်ချန်ယဲ့ လက်များကို ဝှေ့ယမ်းပြီး နေရာတွင် ကခုန်လိုက်တော့၏။
“အားလုံး၊ ငါနဲ့အတူ ပျော်လိုက်ကြ။ လိုက်ဆိုကြ ယေးးးဟိုးးး"
အောက်မှ ပရိသတ်များ “ယေးးး ဟိုးးးး”
တောင်ထိပ်ပေါ်တွင် ခန့်ညားသော လူငယ်တစ်ဦး ရပ်နေသည်။ ငွေရောင်ဆံပင်များက ခါးအထိ တွဲလောင်းကျနေပြီး နေကာမျက်မှန်ကို ဟန်အပြည့်ဖြင့်တပ်ထားသည်။ တရုတ်ရှေးဟောင်းအဝတ်အစားကို ဝတ်ဆင်ထားသော်ငြား သူ၏ လက်ချောင်းထိပ်များမှတွင်တော့ ယခုခေတ်၏ လျှပ်စစ်ဂီတသံက စီးဆင်းလျက်။ ပန့်ခ်စတိုင် ဒီဂျေခုံကို လျင်မြန်စွာ ပွတ်နေပြီး တက်ကြွသော အီလက်ထရွန်နစ်ဂီတထဲတွင် စိတ်လွတ်လက်လွတ် အော်ဟစ်နေလေသည်။
မြူခိုးတောင်ထိပ်တစ်ခုလုံးသည် စည်းချက်အတိုင်း ပြောင်းလဲနေသော ရောင်စုံအလင်းများဖြင့် ဖုံးလွှမ်းနေပြီး ညမြင်ကွင်းတွင် အထူးပင် ထင်ရှားလျက်သား။
ရွှယ်ထျန်းဂိုဏ်း တစ်ခုလုံးရှိ အကြီးအကဲများနှင့် တပည့်အပေါင်းမှာ မြူခိုးတောင်ထိပ် ၏ ပုံမှန်မဟုတ်သော အခြေအနေကြောင့် ထိတ်လန့်သွားကြရ၏။
“ငါ သွားကြည့်ဦးမယ်မယ်၊ တောင်ထိပ်သခင်ယဲ့ ဘာဖြစ်နေတာလဲ?”
“ဒါ ဘာဂီတမျိုးပါလိမ့်? အရမ်း တက်ကြွတာပဲ!”
“ကမ္ဘာအနှံ့ ခရီးသွားဖူးသူ ပီသတယ်၊ ဗဟုသုတကြွယ်ဝချက်ပဲ၊ လှည့်ကွက်တွေသုံးမကုန်နိုင်ဘူး၊ ပြီးတော့ ဘယ်လိုတီးခတ်ရမလဲဆိုတာကိုပါ သိတယ်!”
ဒီဂျေပိုးသည် ဂိုဏ်းတစ်ခုလုံးကို သက်ရောက်မှု ရှိခဲ့ပြီး တပည့်များစွာပင် လမ်းလျှောက်နေစဉ် ခေါင်းခါပြီး ခါးတွန့်ချင်စိတ်ဖြစ်ပေါ်လာသည်။ တစ်လျှောက်လုံး တင်းကျပ်လေးလံနေခဲ့သော နှလုံးသားများ ပေါ့ပါးလွတ်လပ်သွားသလိုပင်။
အပြင်လောကတွင် လွတ်မြောက်ခဲ့ပြီဖြစ်သော ဟွမ်ကျိုးပြည်နယ်သည် ယခင်ကအတိုင်း ပုံမှန်ဖြစ်စွာ ပြန်လည် လည်ပတ်နေထိုင်နေကြလေပြီ။ လမ်းများတွင် လူအများဖြင့် စည်ကားနေပြီး အသံများလည်း ပွက်ပွက်လော ဆူညံနေသည်။
“နောက်ဆုံးတော့ ဘာဖြစ်ခဲ့တာလဲ? မြန်မြန် ပြောပြပါဦး!”
အရက်ဆိုင်ထဲမှာ ဧည့်သည်အပေါင်း၏ တိုက်တွန်းစကားများ စီစီညံနေကြသည်။
ပုံပြင်ပြောသူက သစ်သားတူ တစ်ခုကို ယူပြီး ဒုန်းခနဲ ရိုက်ချလိုက်ကာ အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။ “တိုက်ပွဲ၍ အဆုံးအဖြတ်မူတည်ရာ အရေးကြီးဆုံးအချိန်မှာ လူသတ်နတ်ဘုရား ယဲ့ကျွင်းလင် သူ့ရဲ့ခန္ဓာကိုယ်ကို စတင်ပြောင်းလဲလိုက်တော့တယ်။ ခေါင်းပေါ်မှာ ကောင်းကင်သုံးဆယ့်သုံးဘုံကို ဦးထိပ်တင်၊ ခြေထောက်အောက်မှာ ကျယ်ပြောလှတဲ့ မဟာပထဝီမြေကြီးကိုချနင်းပြီး သူမားမားမတ်မတ် စတင်ပြင်ဆင်လိုက်တယ်။ ပြိုင်ဘက်ကင်းတဲ့ အသွင်အပြင်နဲ့ အရိုးမျိုးနွယ် နတ်ဆိုးဘုရင်ကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နာကျင်စေခဲ့ပြီး လူကို ဒူးထောက်အသနားခံသည်အထိ ဖိအားပေးခဲ့တာပဲ။ ဒီလိုနဲ့ ကျုပ်တို့ရဲ့ဟွမ်ကျိုးဟာ အရှင်သခင်ယဲ့ရဲ့ ကယ်တင်ခြင်းကြောင့် နောက်တစ်ကြိမ် လွတ်မြောက်ခဲ့ရပြန်ပါတော့တယ်!”