အခန်း (၂၂၂)
Vol. 16 Ch. 222
ချန်ရှောင်း ခေါင်းထဲတွင် တဝီဝီမြည်ဟီးသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ခြောက်သွေ့သွားရာ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ “ဘယ်လို၊ ဘယ်လို ဖြစ်နိုင်မှာလဲ?! သူက ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်မှာ တကယ်ရောက်နေတာလား?”
ဒါ ဘယ်လို သဘောတရားမျိုးလဲ?
သူသည် အရှေ့ပိုင်းစီရင်စု၏ ကျင့်ကြံခြင်းကမ္ဘာ၌ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဒဏ္ဍာရီလာ မသေမျိုးနယ်ပယ်ကို လက်လှမ်းထိတွေ့နိုင်သည်အထိ အရည်အချင်းပြည့်မီသူတစ်ဦး ဖြစ်နေလေပြီ။
ချန်ရှောင်းသည် သူ့ဘဝတွင် အကြီးမားဆုံးရန်သူက ဒီအဆင့်ထိ ရောက်ရှိနေပြီး သတ္တဝါအားလုံးကို အထက်စီးမှ ရှုစားနိုင်ကာ လေနှင့်တိမ်ထုကို ဇယ်တောက်ကစားနိုင်သော အနေအထားတစ်ခုတွင် ရှိနေခဲ့လိမ့်မည်ဟု လုံးလုံးထင်မထားခဲ့ပေ။
သနားစရာကောင်းစွာဖြင့် သူသည် တစ်ဖက်လူကို လွယ်လွယ်လေးဖိနှိပ်လက်စားချေနိုင်လိမ့်မည်ဟု မာန်အပြည့်ဖြင့် တွေးနေမိခဲ့၏။
ရှက်စရာကောင်းလိုက်ပုံများ!
“မဖြစ်နိုင်ဘူး၊ ငါ မယုံဘူး! မင်းမှာ သက်သေရှိလား?” ချန်ရှောင်း မေးခွန်းထုတ်လိုက်သည်။ သူ့မျက်လုံးများ နီရဲနေလျက်။
“လွန်ခဲ့တဲ့ ခြောက်လလောက်က လေပေါ်ဝိဇ္ဇာကျောင်း ပျက်စီးခဲ့တာ၊ ဒီအတွက် အပြစ်ရှိသူက ယဲ့ကျွင်းလင်မှ တစ်ပါး တခြားမရှိဘူး! လေပေါ်ဝိဇ္ဇာကျောင်းကို စောင့်ရှောက်နေတဲ့ သူတော်စင်သုံးပါး ဟာ တစ်ချိန်က အရှေ့ပိုင်းစီရင်စုတစ်ခုကို လှုပ်ခတ်စေခဲ့တဲ့ စွမ်းအားရှင်တွေပဲ။ အားလုံးက ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်ပေမဲ့ သူ့ကိုတော့ ရှုံးနိမ့်ခဲ့ရတယ်။ အဲ့လူက အဲ့လောက်ထိကြောက်စရာကောင်းနေတာ! !”
ဥပဒေခန်းမ အကြီးအကဲ သက်ပြင်းချလိုက်သည်။ “ကျင့်ကြံသူချန်၊ ကျင့်ကြံဆင့်အပိုင်းမှာ ယဲ့ကျွင်းလင်က ကျင့်ကြံသူချန်ထက် အများကြီး သာလွန်နေပါပြီ။ ကိုယ့်အသက်ကိုယ် အလကား စတေးမပစ်လိုက်ပါနဲ့ !”
ထိုစကားကို ကြားသော်။
ချန်ရှောင်းမှာ ဒေါသထွက်လွန်းလို့ သူ့နှလုံးသားကို မီးတိုက်ခံလိုက်ရသည့်အလား ပူပြင်းနာကျင်သွားရ၏။ နာကျင်နေသော ရင်ဘတ်ကို ဖမ်းဆုပ်ထားပြီး သူ့မျက်နှာမှာ ဖျော့တော့လိုက်၊ စိမ်းဖတ်ဖတ်ဖြစ်လိုက်နှင့် နောက်ဆုံးမှာတော့ သွေးတစ်ပွက်အန်ပြီး ယိုင်တိုင်တိုင်ဖြင့်သာ မြေပြင်ပေါ်လဲကျသွားရှာတော့သည်။
သူ့စိတ်ထဲတွင် စကားတစ်ခွန်းက ထပ်ခါတလဲလဲ ပဲ့တင်ထပ်လျက်။
“အများကြီး သာလွန်နေပါပြီ!”
“အများကြီး သာလွန်နေပါပြီ!”
“အများကြီး သာလွန်နေပါပြီ!”
… …
တားမြစ်နယ်မြေမှ ထွက်ခွာလာတုန်းက စိတ်အားထက်သန်မှုမှသည် အမှန်တရားကို သိလိုက်ရသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြောင့် ချန်ရှောင်း၏ မြင်းမိုရ်တောင်တမျှ ယုံကြည်မှုနှင့် မာန်မာနတရားတို့ဟာလည်း တမုဟုတ်ချင်း ပြိုလဲပျက်စီးသွားရ၏။
ယွီဟွားဂိုဏ်းကတော့ အမြဲတစေ ဒရာမာဆန်နေတာပါပဲ။
ချန်ရှောင်းမှာ သူ့ကိုယ်သူလူပြက်တစ်ယောက်ဟုသာ ခံစားနေရလေသည်။
“ကျင့်ကြံသူချန်၊ လက်မလျှော့လိုက်ပါနဲ့။ ဒါ့အပြင် ကျုပ်တို့ဟာ အခု နှစ်တစ်သောင်းအတွင်း မဖြစ်ဖူးတဲ့ ကြီးမားတဲ့ အပြောင်းအလဲကာလတစ်ခုမှာ ရှိနေတယ်။ ကျင့်ကြံသူချန် အားတင်းပြီး ယွီဟွားဂိုဏ်း ကို ပိုကြီးမားတဲ့ ဂုဏ်ကျက်သရေလမ်းကြောင်းဆီ ဦးဆောင်ပေးရမယ်!” ဥပဒေခန်းမ အကြီးအကဲ က ချန်ရှောင်း၏လက်ကို ဆုပ်ကိုင်ပြီး တုန်ယင်နေသောအသံဖြင့် ပြောလာသည်။
“နှစ်တစ်သောင်းအတွင်း မဖြစ်ဖူးတဲ့ ကြီးမားတဲ့ အပြောင်းအလဲကာလ?”
ချန်ရှောင်း ဒါကို ကြားတော့ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး အံ့ဩစွာ မေးလိုက်သည်။ “ဒါ ဘာကိုဆိုလိုတာလဲ? အရှေ့ပိုင်းစီရင်စုမှာ တစ်ခုခု ဖြစ်သွားတာလား?”
“လက်ရှိအခြေအနေက ဒီလိုပါ…” ဥပဒေခန်းမ အကြီးအကဲက စကားလမ်းကြောင်းစကာ အသေးစိတ် ရှင်းပြလာခဲ့သည်။
ချန်ရှောင်း၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ရင်ထဲတွင် လှိုင်းထန် နေသည်။ “အခု ဒီလိုတောင် ဖြစ်နေပြီလား? ဒီလိုဆို မရဏချောက်နက်သတ္တဝါတွေ ကျူးကျော်လာတာကို ခုခံဖို့ စောစောစီးစီး ပြင်ဆင်ရမယ် ထင်တယ်”
"ကျင့်ကြံသူချန်၊ ကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်နဲ့ ခွန်အား နဲ့ဆိုရင် လာမယ့်တိုက်ပွဲမှာ သေချာပေါက် ထွန်းတောက်ကျော်ကြားလာမှာပါ။ ဂုဏ်သတင်းက အထွတ်အထိပ်ကို ရောက်တဲ့အခါ အနာဂတ်မှာ ယွီဟွားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးက ကျင့်ကြံသူချန်ဆက်ခံဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ? အဲဒီအချိန်ကျရင် လိုအပ်တဲ့ အရင်းအမြစ်တွေကို ဆန္ဒအလျောက် ရယူနိုင်ပြီလေ။ ကျင့်ကြံသူချန်ရဲ့ အံ့မခန်း ပါရမီနဲ့ဆိုရင် စစ်မှန်သော မသေမျိုး ဖြစ်လာဖို့ဆိုတာ နီးနီးလေးပဲလိုတာ!”
ချန်ရှောင်း မျက်လုံးများကို မှေးစင်း၍ စဥ်းစားလိုက်ရာ သူ့ရင်ထဲတွင် ပန်းတိုင်တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။
သူ မသေမျိုး ဖြစ်ချင်တယ်! မသေမျိုး ဖြစ်ချင်တယ်!
မသေမျိုး ဖြစ်မှသာ သူ လက်စားချေနိုင်မှာ!
စစ်မှန်သော မသေမျိုးကသာ အားလုံးရဲ့အထက်မှာ ရှိနေတာ!
နောက်ပိုင်းတွင်။
ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသောသတင်းသည် ဂိုဏ်းတစ်ခုလုံးသာမက ချင်းကျိုးပြည်နယ်တစ်ခုလုံးတွင်ပါ ပျံ့နှံ့သွားလေသည်။ လုပ်စရာရှိသည်တို့ကို ဆက်တိုက်လုပ်ဆောင်မှုအပြီး ချန်ရှောင်းသည် ဖြောင့်မတ်သော လမ်းစဉ် မဟာမိတ်အဖွဲ့၏ အသက်အငယ်ဆုံး တပ်မှူးရာထူးကို အဆင်ပြေပြေ ရယူနိုင်ခဲ့ပေ၏။
ထို့နောက် သူသည် တပ်ဖွဲ့ကို ဦးဆောင်ကာ မရဏချောက်နက်သတ္တဝါများကို ရှင်းလင်းရန် အခြား တာအိုပြည်နယ်များသို့ စတင်သွားရောက်ခဲ့သည်။
သူ၏ အလယ်အလတ်အဆင့် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်နှင့် နေမင်းမသေမျိုးခန္ဓာ၏ တိုက်ခိုက်ရေးစွမ်းအား အားသာချက်ကို အားကိုး၍ တပ်မှူးငယ်လေးသည် မည်သူမျှမတားဆီးနိုင်သော ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ဤကာလအတွင်း သူသည် သိမ်းပိုက်ခံထားရသော နယ်မြေများကို အကြီးအသေးမရွေး ကယ်တင်ခဲ့ရာ မရဏချောက်နက်သတ္တဝါများစွာကို ထိတ်လန့်တုန်လှုပ် စေခဲ့၏။
သူ၏ ဂုဏ်သိက္ခာသည်လည်း ဆက်လက်မြင့်တက်လာပြီး လူထုအာရုံစိုက်မှု၏ ဗဟိုချက်ဖြစ်လာခဲ့သည်။
တဖြည်းဖြည်းချင်း ကျင့်ကြံသူများစွာက ချန်ရှောင်း၏ လုပ်ဆောင်မှုများကို အသိအမှတ်ပြုချီးကျူးလာခဲ့ကြပြီး အချို့က သူ့ကို သူတော်ကောင်းကျင့်ကြံရေးလမ်းစဥ်၏ လူငယ်မျိုးဆက်ခေါင်းဆောင်ဟုပင် ခေါ်ဆိုခဲ့ကြသည်။
ဟွမ်ကျိုးပြည်နယ်။
ရွှယ်ထျန်းဂိုဏ်း။
မြူခိုးတောင်ထိပ်တွင် ယဲ့ကျွင်းလင်က လှဲလျောင်းထိုင်ခုံ ပေါ်တွင် ပျင်းရိစွာ မှီတွဲနေသည်။ သူ၏ ဒုတိယတပည့်က ပခုံးနှင့် ကျောပြင်ကို နှိပ်နယ်ပေးနေပြီး ပထမတပည့် ယူလာသော သွေးစပျစ်သီး များကို တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲပစ်ထည့်စားနေကာ အေးအေးလူလူ သက်သောင့်သက်သာ ဘဝကို ဖြတ်သန်းနေလေသည်။
“ဆရာသခင်၊ ဒါက နောက်ဆုံးထုတ် ကျင့်ကြံရေးကမ္ဘာ နေ့စဉ်သတင်းစာ ပါ။ ကျွန်တော် ဖတ်ပြပါ့မယ်” လီဝူကျယ် အနည်းငယ် ချောင်းဟန့်ပြီး လက်ထဲရှိ သတင်းစာကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြသည်။
“ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော် ချန်ရှောင်းသည် တောင်ပိုင်းပြည်နယ်တွင် ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ဦးအဖြစ် ဝိညာဥ်မျိုးနွယ်တပ်မတော်ကို အင်အားသုံး၍ တွန်းလှန်ကာ ကျေးကျွန်ဖြစ်နေသော လူများစွာကို ကယ်တင်ခဲ့သည်။ လူအများကလည်း ကျေးဇူးတင်ကြောင်းကို ရက်ရက်ရောရော ဖော်ပြခဲ့ကြသည်။ ထို့နောက် ဤလူငယ်တပ်မှူးလေးမှာ မကြာသေးမီက ကံဆိုးမိုးမှောင်ကျလျက်ရှိသော ကုန်းကျိုး ကို ကူညီရန် မြောက်ဘက်သို့ ဆက်လက်ချီတပ်မည်ဟု ကြေညာခဲ့သည်…”
“ရပ်၊ ရပ်၊ ရပ်!”
ယဲ့ကျွင်းလင် စိတ်မရှည်စွာ ပြောလိုက်သည်။ “သောက်ကျိုးနဲ၊ ဘာလို့ ဒီကောင့်အကြောင်း သတင်းတွေပဲ ထပ်ခါတလဲလဲ ကြားနေရတာလဲ?”
သူ့နားတွေတောင် အသားမာတက်တော့မယ်၊ သူ့အကြောင်း နေ့တိုင်းကြားနေရတာ!
လီဝူကျယ် ခါးသက်စွာ ပြုံးရင်း ပြောလိုက်သည်။ “ဆရာသခင်၊ အခုဆိုရင် ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံက နေရာတိုင်းမှာ အကျော်ကြားဆုံးပဲ။ သူ ဖြောင့်မတ်သော လမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ တပ်မှူးတွေထဲက တစ်ယောက် ဖြစ်လာပြီးကတည်းက သူ့ရဲ့ အောင်မြင်မှုတွေက အမြဲထူးခြားပြီး ပြိုင်ဘက်ကင်း ဖြစ်နေတာ။ ကျင့်ကြံသူတိုင်း သူ့ကို ချစ်ခင်လေးစားကြတယ်”
လီဝူကျယ်က သူ့ဆရာသခင်ဟာ အဲဒီတုန်းက ထိုကျင့်ကြံသူ၏ဖခင်ကို သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့ ဆရာသခင်ကိုလည်း သတ်ခဲ့သေးသည်ဟု ကြားသိထား၏။
ဒါက ပြင်းထန်တဲ့ သွေးကြွေး ပဲ!
ယဲ့ကျွင်းလင်ကတော့ ဒီအကြောင်းကို ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ ကိုယ်တိုင် သေတွင်းတူးခဲ့ကြတာပဲလေ။ ဘယ်သူ့ကို အပြစ်သွားတင်ရမှာလဲ?
“ဒါနဲ့၊ ကုန်းကျိုးမှာ ဘာတွေ ဖြစ်နေတာလဲ? တိတိကျကျပြောစမ်းပါဦး” ယဲ့ကျွင်းလင် မေးလိုက်သည်။
သူ မှိန်ပျပျ မှတ်မိသလောက်တော့ အန်းမြောင်ယိ၏ဂိုဏ်းက ကုန်းကျိုးမှာရှိပြီး ဓားဆင့်ခေါ်ဂိုဏ်းဟု အမည်တွင်ကာ ထိပ်တန်း မသေမျိုးဂိုဏ်းကြီး ဆယ်ခုထဲက တစ်ခုဖြစ်သည်ဟူ၍။
“အပေါ်က သတင်းအချက်အလက်တွေအရ၊ အရိပ်မျိုးနွယ်၊ အမှောင်မျိုးနွယ်၊ နဲ့ ညနက်မျိုးနွယ်ဆိုတဲ့ လုပ်ကြံသတ်ဖြတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ မရဏချောက်နက် မျိုးနွယ်ကြီးသုံးခုရဲ့ ထိပ်တန်းဘုရင်များဟာ တလောကပဲကုန်းကျိုး ကို ပူးပေါင်းကျူးကျော်ခဲ့ကြတယ်။ လောလောဆယ်မှာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူ အများအပြား အသတ်ခံခဲ့ရပြီး ဓားဆင့်ခေါ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အန်းကျစ်ကျိုက်ဒဏ်ရာအပြင်းအထန်ရပြီး စိုးရိမ်ဖွယ်အခြေအနေရှိတယ် လို့ ပြောထားပါတယ် ဆရာသခင်"
ယဲ့ကျွင်းလင် ကြက်သေ သေ သွားသည်။ သူတစ်ခုခုပြောတော့မည်အပြု စိတ်ထဲမှ စနစ်ကအသံမြည်လာသည်။
【တင်၊ တာဝန်တစ်ခုအသစ်ပေါ်လာတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ကုန်းကျိုးက ဓားဆင့်ခေါ်ဂိုဏ်းကို ရောက်အောင်သွားပြီး အခြေအနေကိုလေ့လာပါ။ တာဝန်ပြီးဆုံးတဲ့အခါ စနစ်က ကောင်းကင်မရဏဓားကို မသေမျိုးအဆင့်မှော်ရတနာအဖြစ် တိုးမြှင့်ပေးသွားပါ့မယ်!】