ဒါသက်သက် ကြွားလုံးထုတ်တာ
Vol. 16 Ch. 217
မကြာမီ ယဲ့ကျွင်းလင်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိလာ၏။
အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦး၏ ပေါင်းစည်းခန္ဓာကို ဤသို့အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူသည် ထူးခြားသော အရိုးဖွဲ့စည်းပုံကို စနစ်ဆုလာဘ်အဖြစ် ပိုင်ဆိုင်ထားပြီး မသေဆုံးနိုင်သောအရှင်သခင် ခန္ဓာကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့်လည်း ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုစွမ်းရည်နှင့် ခွန်အားတို့ သက်သက်ဖြင့်ပင် ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေပြီ။
ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏ စီရင်ချက် ကျင့်စဥ်ကို အသုံးပြုပြီးနောက် ထိုမူရင်းစွမ်းရည်များမှာ အဆများစွာ ပွားများလာခဲ့ပြီး အရိုးမျိုးနွယ်မှ ထိုသူရဲကောင်းခြောက်ဦးပေါင်းအား အလွယ်တကူ ရိုက်နှက်နိုင်ခဲ့လေသည်!
စိတ်အားထက်သန်လှသော အားပေးသံများကြားတွင် ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါးပင် ခွင်းဖန်းပေါ်သို့ ပြန်လည်ဆင်းသက်လာသည်။ ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့လည်း သူ့ဘေးသို့ ရောက်လာပြီး အစောကဖြစ်ပွားခဲ့သော ပဋိပက္ခအတွက် ကျွမ်းကျင်လိမ္မာစွာ တောင်းပန်တိုးလျှိုးလာကြ၏။
“ဆရာသခင်၊ ကျွန်တော်တို့ ဆရာသခင့်ကို အရှက်ရစေခဲ့ပါတယ်”
ယဲ့ကျွင်းလင် မပျော်မရွှင် ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို ကြည့်ဦး၊ တစ်ဖွဲ့တည်းသားအချင်းချင်း တိုက်ခိုက်နေကြတာ။ အဲဒါ ဘာလို့ခေါ်လဲ? အဲဒါကို ညီအစ်ကိုချင်း နောက်ကျောဓားနဲ့ထိုးသလိုပဲ! သတင်းထွက်သွားရင် ကြားရဆိုးလိုက်မှာကတော့! ဒီလို အရေးပါတဲ့အချိန်မျိုးမှာ မင်းတို့ ဆရာသခင်က ဒီကိစ္စလေးတွေအထိ ဝင်ပါနေရဦးမှာလား!”
သူတို့ရှေ့မှ ဆရာသခင်က အတည်အတံ့ ဆုံးမစကား ပြောနေသည့်အခါလီဝူကျယ်နှင့် ဟုန်ချန်ယဲ့ တို့ ခေါင်းငုံ့ထားကြပြီး အနည်းငယ်မျှပင် ငြူစူဆောင့်အောင့်ခြင်းမပြုရဲကြ။
“တောင်ထိပ်သခင်ယဲ့!”
ထိုအချိန်တွင် ကျောက်လင်အာ၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။ ကျောက်လင်အာ က ကောင်းကင်တွင် ပျံဝဲနေသော ခွင်းဖန်း ကို ကြည့်ပြီး သတိထား၍ ဂရုတစိုက် မေးလိုက်သည်။ “လင်အာ ဂါရဝပြုဖို့ အဲ့ပေါ်တက်လာလို့ ရမလား?”
“ရတာပေါ့”
ယဲ့ကျွင်းလင်သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအင်တစ်ခု လျင်မြန်စွာ ပြန့်နှံ့သွားပြီး ကျောက်လင်အာကို ခွင်းဖန်း၏ နောက်ကျောသို့ သယ်ဆောင်သွားသည်။
ကျောက်လင်အာ ခြေငြိမ်ငြိမ်ရပ်နိုင်သွားပြီးနောက် သူမ၏ လှပသော မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားရ၏။ ဤစီးတော်ယာဥ်သည် ဘုံဗိမာန်တစ်ခုနှင့် နှိုင်းယှဉ်နိုင်လောက်အောင် လှပသာယာသော ကျွန်းတစ်ကျွန်းအား သယ်ဆောင်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။
တောင်ထိပ်သခင်ယဲ့ကတော့ တကယ်ပဲ ဘဝကို ဘယ်လိုပျော်မွေ့ရမယ်ဆိုတာ သေချာသိတဲ့သူပဲ!
“ကံကောင်းတာက ကိုယ်တို့လည်းအခု ရွှယ်ထျန်းဂိုဏ်းကို ပြန်ဖို့ ပြင်ဆင်နေကြပြီ၊ ဒါကြောင့် မင်းလည်း လိုက်လာလို့ ရတယ်”
တိုက်ခိုက်ခြင်းဇာတ်လမ်း ပြီးဆုံးသွားသောအခါ ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါးပင် ထိုင်ခုံပေါ်တွင် မှီထိုင်ရင်း သူ၏ ပျင်းရိခြင်းကမ္ဘာကြီးကို ပြန်လည်စတင်လည်ပတ်လိုက်သည်။
သူ၏ အမြင်တွင် ခုနက လုပ်ခဲ့သော လေ့ကျင့်ခန်း ပမာဏသည် လုံလောက်ပြီဖြစ်ပြီး၊ နောက်ထပ်နည်းနည်းမျှထပ်လုပ်လျှင်ပင် အလွန်အကျွံဖြစ်သွားလိမ့်မည်ဟု သတ်မှတ်ထား၏။
“ဟုတ်ကဲ့ရှင့်”
ကျောက်လင်အာ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ တောင်ထိပ်သခင်ယဲ့၏ လက်ရှိနေထိုင်မှုပုံစံသည် သူမ ယခင်က မြင်ခဲ့ဖူးသည်များနှင့် လုံးဝကွာခြားနေသည်ဟု ခံစားရ၏။
အတော်လေးကို ပေါ့ပေါ့ပါးပါးနိုင်နေသလိုပင်!
ဤသည်မှာ ဂိုဏ်းချုပ်မှ ဖော်ကျူးချီးမွမ်းနေကျ တောင်ထိပ်သခင်၏ ခမ်းနားသော ပုံရိပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ တောင်ထိပ်သခင်ယဲ့က ရွှယ်ထျန်းဂိုဏ်းမှ တပည့်များကို သင်ကြားလမ်းညွှန်ပေးသောအခါ မဟာတာအိုကို သဘောပေါက်နားလည်ကြစေရန် အားသွန်ခွန်စိုက် ကြိုးစားပမ်းစားသင်ပြပေးတတ်သည်ဟု ဆိုလေ့ရှိသည်ပင်။
“ရှောင်ရှီး၊ တာရိုနို့လက်ဖက်ရည်တစ်ခွက်”
ယဲ့ကျွင်းလင် လက်ဖျောက်တစ်ချက်တီးလျက် မှာလိုက်သည်။
“ရမယ်!”
ပုရှောင်ရှီး အလျင်အမြန်ပင် အလုပ်စားပွဲဆီသို့ ပြေးသွားပြီး ကျွမ်းကျင်စွာ နို့လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်ကာ ပိုက်တပ်ပြီး ယဲ့ကျွင်းလင်အား ကမ်းပေးလိုက်သည်။
“ဆရာသခင်၊ ဆရာသခင်ရဲ့ တာရိုနို့လက်ဖက်ရည်!”
ယဲ့ကျွင်းလင်နို့လက်ဖက်ရည်ကို ယူပြီး ပိုက်ကိုပါးစပ်ထဲထည့်ကာ တကွတ်ကွတ်သောက်ရင်း ကြက်သေ သေနေသော ကျောက်လင်အာကို လှမ်းမေးလိုက်သည်။ “မင်းရော တစ်ခွက် သောက်မလား?”
“ရှုရှုရဲ့ နို့လက်ဖက်ရည် က အရမ်း အရသာရှိတယ်နော်!”
ပုရှောင်ရှီး မာနတကြီး ရင်ဘတ်ကိုကော့ကာ ကလေးဆန်ဆန်အသံလေးဖြင့် ပြတ်သားစွာအာမခံလာသည်။
ကျောက်လင်အာ ငြင်းဆန်ရန် အားနာစရာကောင်းသလို ခံစားနေရပြီး သူ့ကိုအရေးတယူမေးသည့်အတွက် ကျေလည်းကျေနပ်မိသောကြောင့် လက်ခံလိုက်၏။ “ကျေးဇူးတင်ပါတယ် ဆရာတူအစ်မရှောင်ရှီး"
“အိုး၊ ဒါလောက်က ဘာမှ မဟုတ်ပါဘူး!”
ပုရှောင်ရှီး နောက်ထပ်တစ်ခွက်ဖျော်ရန် ပြေးထွက်သွားပြီး သူမ၏ ခြေတိုလေးများဖြင့် ကျောက်လင်အာထံသို့ အမြန်ပြန်ရောက်လာသည်။ အသစ်လုပ်ထားသော နို့လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်စဥ် သူမ၏ မျက်လုံးများ တောက်ပနေသည်။ “ဒီမှာ၊ မြည်းကြည့်ပါဦး!”
ကျောက်လင်အာသည် ဤ အချိုရည်အမျိုးအစားအသစ်ကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်းဖြစ်သည်။ သူမ ပိုက်ကို သေချာကိုက်ပြီး စုပ်လိုက်သောအခါ ပါးစပ်ထဲတွင် အရည်ပျော်ကျသွားပြီး၊ မွှေးကြိုင်သောတာရိုရနံ့တို့က လက်ဖက်ရည်အချိုနှင့်အတူ စွဲကျန်ခဲ့လေရာ ပုံမှန်အားဖြင့် တောင်စမ်းရေသန့်သာ သောက်လေ့ရှိသော သူမကို အရသာသစ်ဖြင့် ပျော်ရွှင်မြူးထူးသွားစေခဲ့၏။
“ရှုရှုလက်ဖက်ရည် အရသာ ဘယ်လိုနေလဲ?”
ပုရှောင်ရှီး မျှော်လင့်တကြီး မေးလိုက်သည်။
“အရမ်း အရသာရှိတယ်၊ ဆရာတူအစ်မက အရမ်း အံ့သြစရာကောင်းတာပဲ!”
ကျောက်လင်အာ မနေနိုင်စွာ အော်ဟစ်ချီးကျူးလိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာတွင် ကလေးတစ်ယော်ကလို ကျေနပ်ပျော်ရွှင်သော အမူအရာလေး ပေါ်ပေါက်လာသည်။
“အိုး အဲ့လောက်မပြောလည်း ရပါတယ်!”
ချီးကျူးခံရသောကြောင့် ပုရှောင်ရှီး ရှက်ရွံ့စွာ ပါးပြင်ကို လက်ချောင်းလေးများဖြင့် ကုတ်လိုက်သည်။
ကျောက်လင်အာသည် ထိန်းသိမ်းနေသည့်ဟန်ပန်ကို လွှတ်ချလိုက်ကာ ပိုက်ကို ပြင်းပြင်းထန်ထန် စုပ်ယူရင်း နို့လက်ဖက်ရည် သောက်ရသော ပျော်ရွှင်မှုတွင် နစ်မြှုပ်နေသည်။ သူမ၏ မျက်ခုံးလေးများပင် ကွေးညွှတ်နေသည်အထိ အလွန်ပျော်ရွှင်နေပုံရ၏။
ရုတ်တရက် သူမ၏ အကြည့်သည် အနီရောင်ဝတ်စုံဝတ်ထားသော ပုံရိပ်ဘက်သို့ လှည့်သွားသည်။
သူမ၏ခေါင်းထဲတွင် သံမှိုရိုက်ထားသကဲ့သို့ သေသည်အထိစွဲနေမည့် ပုံရပ်များကက သူမကို ထပ်မံ တိုက်ခိုက်လာသည်!
သူမ၏ စိတ်ထဲတွင် တောင်ထိပ်သခင်ယဲ့ရှေ့ တစ်ဖက်လူ ဒူးထောက်ထိုင်နေပုံ၊ သူမ၏ ဦးခေါင်း အပေါ်အောက် လှုပ်ရှားနေပုံ၊ တစ်ခုခုကို ကြိုးစားပမ်းစားလုပ်ပေးနေသကဲ့သို့သော ထိုပုံရိပ်အား ပြန်လည် မြင်ယောင်လာသည်။ ကျောက်လင်အာ၏ ပါးပြင်များ မသိမသာ နီမြန်းလာတော့၏။
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီမိန်းမရဲ့ မျက်နှာအမူအရာက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ?
ဝေ့ပြည်ထောင်ကနေထွက်ခွာတုန်းကလည်း ငါ့ကိုမျက်နှာနီနီနဲ့လိုက်ကြည့်နေခဲ့သေးတာ။ သူက ငါ့ကို ကြွေသွားတာများလား?
သူသည် မည်မျှပင်စွဲမက်စရာကောင်းသော ရုပ်သွင်ကို ပိုင်ဆိုင်ထားစေကာမူ မိန်းမတစ်ဦးကို တစ်ခါမှ စွဲမက်စေခြင်း မရှိခဲ့ပေ!
“ဒါနဲ့၊ ဒါတွေက ငါအသစ်လက်ခံထားတဲ့ တပည့်သုံးယောက်ပါ၊ သူတို့ကို ရွှယ်ထျန်းဂိုဏ်းဆီ ခေါ်သွားဖို့ စီစဉ်ထားတယ်”
ယဲ့ကျွင်းလင် မိတ်ဆက်ပေးလိုက်သည်။
လီဝူကျယ်မှာ ကြမ်းတမ်းသောရုပ်သွင်နှင့် မကိုက်ညီစွာ ကြင်နာတတ်ဟန်ပေါက်ပြီး ဖော်ရွေစွာပင် လက်သီးဆုပ်အရိုအသေပြုကာ နှုတ်ဆက်လာသည်။ "ဆရာတူညီမလေးကျောက်၊ ရွှယ်ထျန်းဂိုဏ်းကို ဝင်ရောက်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါ"
"ရှင်က ဓားနတ်ဆိုးလီဝူကျယ်မလား? ကျမရှင့်အကြောင်းတွေကြားဖူးပါတယ်။ ဟိုးအရင်ကတည်းက လေးစားအားကျလာရသူပါရှင်"
ကျောက်လင်အာ လျစ်လျူမရှုစွာ အလျင်အမြန်ပင် ပြန်အရိုအသေပြုလိုက်သည်။
“ဟာဟာ၊ ကျွန်တော့် နာမည်က တကယ်ပဲ တော်တော်ကျော်ကြားတယ် ထင်တယ်”
လီဝူကျယ် ခေါင်းကုတ်လိုက်ပြီး သူ့မျက်နှာပင် အလင်းတဖျတ်ဖျတ်တောက်ပနေသလိုခံစားရကာ အပြုံးကြီးက နားရွက်တက်ချိတ်တော့မတတ်။
ဟုန်ချန်ယဲ့ သကောင့်သား၏ မာန်တက်နေပုံကို သည်းမခံနိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။ “သိပ် အတွေးမလွန်နဲ့၊ နာမည်ဆိုးနဲ့ကျော်ကြားတာပဲ”
လီဝူကျယ်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
ဟမ့်၊ ဒီကောင် တမင်သက်သက်ရန်စတာ။
“မင်းလည်းမဆိုးပါဘူး၊ အနီရောင်နတ်သမီးလေးဆို”
ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်သောက်ရင်း ဗလုံးဗထွေးပြန်ချေပပေးလာကာ မျက်စိတစ်ဖက်ပင်မှိတ်ပြလိုက်သေး၏။
ဟုန်ချန်ယဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ခနဲဖြစ်သွားသည်။ သူ အမုန်းဆုံးက အဲ့ဒီနာမည်ကြီးပဲ!
ဒီသတင်းသာ အလယ်ပိုင်းစီရင်စုထိ ပျံ့နှံ့သွားလျှင် ယခင်ရန်သူတော်ကြီးများထံမှ သေအောင်ဟားတိုက်လှောင်ရယ်ခံရမည်မလွဲ။
“အဟွတ်အဟွတ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
သူ အလွန် စိတ်မပျော်မရွှင် ဖြစ်နေသော်လည်း ဟုန်ချန်ယဲ့သည် ထိုလူကိုတော့ ဒေါသထွက်ရဲခြင်း မရှိပေ။ ထို့ကြောင့် သူသည် ခပ်တောင့်တောင့်ကြီးပြုံးပြရုံသာ တတ်နိုင်တော့၏။
တစ်ဖက်လူ အောင့်သက်သက်ဖြင့်လျှော့လိုက်ရသည်ကိုမြင်တော့ လီဝူကျယ် ကျေနပ်ပျော်ရွှင်စွာဖြင့် ဆရာသခင်ဖြစ်သူကို တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။
“သူ့အပြင်၊ နောက်ထပ်...”
ယဲ့ကျွင်းလင် ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိပြီး စိတ်မပျော်မရွှင်ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။ “ရှောင်ဟေးရော ဘယ်ရောက်သွားပြီလဲ? သူ ဘယ်မှာ ပုန်းနေတာလဲ?”
အဖွဲ့တစ်ဖွဲ့လုံးမှာ ဒီမှိုဘုရင်ကြီးဟာ အမြဲတမ်းလူသတိမထားမိဆုံး တည်ရှိမှုလေးပါပဲ!
“စတုတ္ထညီလေး၊ ဆရာသခင် မင်းကို ရှာနေတယ်!”
လီဝူကျယ် အော်ခေါ်လိုက်သည်။
အချိန်အတော်ကြာမှ။
မဟာမှိုဘုရင်ကြီး ချုံပုတ်များထဲမှ မချင့်မရဲ ခုန်ထွက်လာလေသည်။