← Chapters

ဓားဆင့်ခေါ်ဂိုဏ်း

Vol. 16 Ch. 223

ဓားဆင့်ခေါ်ဂိုဏ်း

Vol. 16 Ch. 223

မသေမျိုးလက်နက်!

မယုံနိုင်စရာပဲ!

မသေမျိုးမဖြစ်သေးဘဲ မသေမျိုးလက်နက် ကို ပိုင်ဆိုင်ထားရင် ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် က ကျင့်ကြံသူတွေကို ကြက်ကလေးလည်လိမ်သတ်သလို လွယ်လွယ်လေး သတ်နိုင်မှာပေါ့!

“မဆိုးဘူး၊ တော်တော်လေးကိုမဆိုးဘူး။”

ယဲ့ကျွင်းလင် မေးစေ့ကို ပွတ်သပ်ရင်း ခပ်ထေ့ထေ့ပြုံးလိုက်သည်။

“ပြင်ဆင်ထားကြ၊ မင်းတို့ဆရာနဲ့အတူ ဓားဆင့်ခေါ်ဂိုဏ်း ကို လိုက်ခဲ့ကြရမယ်”

လီဝူကျယ် ကြက်သေ သေသွားပြီး သူ့မျက်လုံးများတွင် လေးစားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

“ငါ့ဆရာကတော့ မျှော်လင့်ထားတဲ့အတိုင်း စိတ်မပျက်စေရဘူးပဲ။ တောင်ပေါ်မှာကျားရှိတာကိုကြားလျက်နဲ့ တစ်ချက်တောင်တွန့်မသွားနဲ့ သတ္တိဗျတ္တိမျိုး။

အခုဆိုရင် ကုန်းကျိုးပြည်နယ်ကို လူကိုယ်တိုင်သွားပြီး တိုင်းသူပြည်သားတွေကို ကယ်တင်ဖို့စီစဥ်နေပြီပဲ!”

ကုန်းကျိုးပြည်နယ်ဟာ အမှောင်မျိုးနွယ်စု၏ ကျူးကျော်တိုက်ခိုက်ခြင်းကို လက်တလောတောင့်ခံနေရသည်ပင်။

လုပ်ကြံသတ်ဖြတ်ရာတွင် အထူးကျွမ်းကျင်သော အမှောင်မျိုးနွယ်စုဘုရင်များဟာ ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် က မဟာကျွမ်းကျင်သူတွေ ကို အထူးပစ်မှတ်ထားပြီး အဓိကအင်အားစုတွေ၏ ပင်မထောက်တိုင်များအား တစ်ခုပြီးတစ်ခုဖြုတ်ချကာ လူအများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ကုန်းကျိုးပြည်နယ်၏ နံပါတ်တစ်မသေမျိုးဂိုဏ်းဖြစ်သော ဓားဆင့်ခေါ်ဂိုဏ်းသည်ပင်လျှင် အတော်လေးထိခိုက်နစ်နာခဲ့ရ၏။

ဒီလိုအရေးကြီးတဲ့ အခြေအနေမျိုးမှာ သူ့ဆရာသခင်က ရှေ့ထွက်ပြီး ကုန်းကျိုးပြည်နယ်ကို အကူအညီပေးဖို့ စိတ်ပိုင်းဖြတ်လိုက်တာ ဘယ်လောက်တောင် ဖြောင့်မတ်မှန်ကန်လိုက်တဲ့ လုပ်ရပ်မျိုးလဲ!

အားကြီးသူကို ကိုးကွယ်ကြသည်မှာ လူ့သဘာဝ ဟူသော စကားပုံတစ်ခုရှိသည်။

ဒါပေမဲ့ အားကြီးသူရဲ့ ခွန်အားသက်သက်ကို ကိုးကွယ်တာထက် အားကြီးသူရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို မြင်သိရချိန်မှာ ပိုပြီး စိတ်ရောကိုယ်ပါ ကြည်ညိုချင်စိတ် မပေါ်ပေဘူးလား?

ထို့ကြောင့် ဓားဆင့်ခေါ်ဂိုဏ်း၏ဒုက္ခကို ကြားသိသည်နှင့် ချက်ချင်းအပြေးသွားရောက်ကူညီဖို့ ပြင်ဆင်လာသော ဆရာသခင်၏ပုံရိပ်က လီဝူကျယ်၏နှလုံးသားအား နက်နက်ရှိုင်းရှိုင်း ထိမှန်ခဲ့လေသည်။

ဆရာသခင်ဟာ အဆင်းရောအချင်းပါပြည့်စုံတဲ့ စွမ်းအားရှင်တစ်ဦးပါပဲ။

“ငါ လီဝူကျယ် ဆရာအရွေးမမှားခဲ့ဘူးပဲ"

လီဝူကျယ် အသက်ပြင်းပြင်းရှူသွင်းရင်း တိတ်တိတ်လေး တွေးလိုက်မိသည်။

ဟုန်ချန်ယဲ့ လည်း ဆရာဖြစ်သူ တအံ့တသြ လှမ်းကြည့်မိလိုက်သည်။

ပုံမှန်ဆို စိတ်ချယုံကြည်ချင်စရာ တစ်စက်လေးတောင်မရှိတဲ့သူက အခုကျ ဒီလောက်တောင်ဖြောင့်မတ်မှန်ကန်ပြနေပြန်ပြီလား?

အရင်က သူပဲ တစ်လျှောက်လုံး အထင်မှားနေမိခဲ့တာလား?

ယဲ့ကျွင်းလင်မှာတော့ သူ့လုပ်ရပ်လေးတစ်ခုကြောင့် တပည့်ကြီးနှစ်ဦး အလွန်အကျွံအတွေးများသွားရခြင်းကို လုံးလုံးမသိရှိခဲ့ပါပေ။

ကမ္ဘာကို ကယ်တင်တာပဲဖြစ်ဖြစ်၊ လျစ်လျူရှုပစ်လိုက်တာပဲဖြစ်ဖြစ်၊ ခန္ဓာကူးပြောင်းသူတစ်ယောက်အတွက် အရေးကြီးတာက စနစ်ရဲ့တာဝန်တွေကို ပျော်ပျော်ကြီးထမ်းဆောင်ဖို့ပါပဲ။

ဓားဆင့်ခေါ်ဂိုဏ်း ကို သွားပြီး အခြေအနေလေးသွားကြည့်လိုက်ရင် ဒဏ္ဍာရီလာ မသေမျိုးလက်နက်ကို ရနိုင်တယ်လေ။

အခြေအနေပေးရင် ဒါမှမဟုတ် စိတ်ပါရင် အဆင်ပြေသလို တခြားသူတွေကို ဘေးအန္တရာယ်ရှင်းပေးပြီး နာမည်ကောင်းရအောင်လည်း လုပ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ်၊ ပျော်သလိုသာ လုပ်!

“အားခွင်း!”

သခင်ဖြစ်သူ၏ခေါ်သံအား ကြားသော်။

တောင်အနောက်ဘက်က ရေကန်ထဲတွင် လှိုင်းတံပိုးများထင်ပေါ်လာပြီး အပြာရောင်ဝေလငါးနှင့် သဏ္ဍာန်တူသော သတ္တဝါတစ်ကောင် ရေထဲကနေ ခုန်ထွက်လာကာ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း ကောင်းကင်ထက် တည့်တည့်ထိုးတက်သွားသည်။

ရေကန်ထဲ ဝင်ဆံ့လောက်သည့်အရွယ်အစားမှ ကောင်းကင်ထက်တွင် ပုံသဏ္ဍာန်ပြောင်းကာ ဧရာမသတ္တဝါကြီးပြန်ဖြစ်သွားပြီး အာဏာရှင်ဆန်ဆန် အရှိန်အဝါကိုလည်း တစ်ပါတည်းထုတ်လွှတ်လိုက်၏။

ဒီရက်ပိုင်းအတွင်း အိမ်မွေးတိရိစ္ဆာန်အစာများ များများစားစားကျွေးမွေးထားခြင်းကြောင့် ခွင်းဖန်းလည်း ကျင့်ကြံဆင့်ထပ်တက်လာခဲ့သည်။

ကျင့်ကြံဆင့်က ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့် ကို ရောက်နေပြီဖြစ်ပြီး ရှားပါးသော ဒဏ္ဍာန်ရီလာ နတ်သားရဲမျိုးနွယ်၏ တစ်မူထူးခြားသောအရည်အသွေးနှင့်ပေါင်းစပ်သော် ခွင်းဖန်း၏တိုက်ရည်ခိုက်ရည်မှာ တွက်ဆနိုင်သည့်အဆင့်ထက်ပင် ကျော်လွန်နေလေပြီ။

သာမန် ဘေးဒုက္ခကျော်လွှားခြင်းအထွဋ်အထိပ် အဆင့်က ကျင့်ကြံသူတွေတောင် သူ့ကို ဖိနှိပ်ချေမှုန်းဖို့ ယုံကြည်ချက်မရှိစွာဖြင့် ရှောင်သွားဖို့ကိုသာ ‌ရွေးချယ်ကြပေလိမ့်မည်။

“သွားကြစို့။”

ယဲ့ကျွင်းလင်တို့အဖွဲ့ ခွင်းဖန်းကျောပြင်ထက်နေရာကျသော် ခွင်းဖန်းသည် ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးလျက် စတင်ထွက်ခွာသွားတော့၏။

ဒုန်း~

နေကို ကွယ်ဝှက်ဖုံးအုပ်နိုင်လောက်အောင် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဖြတ်သန်းသွားသဖြင့် ကောင်းကင်တစ်ခုလုံး မှောင်အတိကျကာ သစ်ပင်များစွာကို လှုပ်ရှာယိမ်းထိုးစေသော ခမ်းနားထည်ဝါသည့် လေပြင်းတစ်ဝှေ့ကလည်း တစ်ပါတည်းကပ်ပါလာလေသည်။

ရိုက်ခတ်လာသော လှုပ်ရှားမှုကြောင့် ရွှယ်ထျန်းဂိုဏ်း က ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက်မော့ကြည့်ပြီး လက်ညှိုးထိုးကာ အံ့ဩတကြီး အော်ဟစ်ကြသည်။

“ဟိုမှာကြည့်စမ်း၊ အဲဒါ တောင်ထိပ်သခင်ယဲ့ ရဲ့ သီးသန့်စီးတော်ယာဥ်ပဲ!”

“ဒီပုံစံကြည့်ရတာ တစ်နေရာရာသွားနေကြတာပဲ၊ ဘယ်ကိုသွားနေကြတာလဲ?”

“ဟင်၊ အဲဒီစီးတော်ယာဥ်ရဲ့ အရှိန်အဝါက ပိုသန်မာလာပုံရတယ်!”

“အိုး ဘုရားရေ၊ သူ့ရဲ့လက်ရှိကျင့်ကြံဆင့်ကိုတောင် မရောက်နိုင်လိုက်ဘဲ ဘဝဆုံးသွားတဲ့ကျင့်ကြံသူတွေ ဘယ်လောက်များပြားလိုက်လဲ၊ ဒါတောင်မှ တောင်ထိပ်သခင်ယဲ့ ရဲ့ စီးတော်ယာဥ်သက်သက်ပဲတဲ့။

အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ တည်ရှိမှုဆိုတာ ဒီလောက်တောင်ခမ်းနားတာလား?”

သူတို့အားလုံး ကျွက်ကျွက်ညံအောင် စတင်ဆွေးနွေးကြတော့၏။

ရွှယ်ထျန်းဂိုဏ်းအတွက် ယဲ့ကျွင်းလင်ဟာ နာမည်ကျော် ကြယ်ပွင့်ကြီးတစ်ဦး ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက တစ်ဂိုဏ်းလုံး၏အာရုံကို အမြဲတစေ ဆွဲဆောင်နိုင်သည်။

ယခုလို ရုတ်တရတ်ဆန်သော လှုပ်ရှားမှုတစ်ခုကလည်း ဂိုဏ်းအတွင်း လူပြောအများဆုံးခေါင်းစဥ် ဖြစ်သွားရသည်သာ။

ခန်းမကြီးအတွင်းတွင်။

ဂိုဏ်းချုပ်ရှယိုနျန်၏ မျက်လုံးများမှာ လျှပ်စီးလက်သလို တဖျတ်ဖျတ်တောက်ပနေပြီး သူ့ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအင်များ ဖြတ်သန်းကူးလူးလျက် လှုပ်ရှားမှုတိုင်းက ကောင်းကင်ပြစ်ဒဏ်ကို ဆောင်ကျဥ်းပေးလာသော နတ်တမန်တစ်ပါးကဲ့သို့ ထည်ဝါခမ်းနားသည်။

ကျင့်ကြံဆင့်က ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

“ဆရာတူညီလေးယဲ့ ယူလာတဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ရည်က တကယ်ကောင်းတာပဲ~”

ရှယိုနျန် မွှေးကြိုင်သင်းပျံ့သော လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး လက်ဖက်ရည်တစ်ငုံငုံလိုက်ကာ ရီဝေမူးယစ်သော မျက်နှာအမူအရာဖြင့် အရသာခံမျိုချလိုက်သည်။

တခြားတောင်ထိပ်သခင်များလည်း ဘုရားရှိခိုးဖျာပေါ်တွင် စုရုံးထိုင်နေကြပြီး ဒီထိပ်တန်း ဉာဏ်အလင်းပွင့်လက်ဖက်ရည်ကြောင့် သူတို့လည်း ကျင့်ကြံဆင့်များ တိုးတက်လာခဲ့ကြသည်ပင်။

“ဆရာတူညီလေးယဲ့က တကယ်ကို လိုတရနတ်ဘုရားတစ်ပါး ပဲ၊ သူက ငါတို့ စိတ်တောင်မကူးနိုင်တဲ့အရာတွေကို အမြဲတမ်းထုတ်ယူလာနိုင်တယ်၊ သူ ဘယ်ကဘယ်လိုရလာလဲဆိုတာ တကယ် သိချင်မိတယ်”

ဓားဝှက်တောင်ထိပ်သခင် ဉာဏ်အလင်းပွင့်လက်ဖက်ရည်တစ်ငုံ သောက်ပြီး နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ပြောလိုက်သည်။

သူ လက်ဖက်ရည်ခွက်ကို ချလိုက်တော့ ရုတ်တရက် ပတ်ဝန်းကျင်အပူချိန် အလွန်ကျဆင်းသွားသည်ကို ခံစားလိုက်ရပြီး ဆံပင်များပင် ထောင်ထလာကာ ကျောရိုးတစ်လျှောက်မှ ခေါင်းထိပ်အထိ အေးစက်သွားရသည်။ သူ တုန်လှုပ်ခြောက်ခြားစွာဖြင့် အလျင်အမြန် ရှင်းပြလိုက်ရ၏။

“အားလုံးပဲ၊ ကျွန်တော် တခြားဘာကိုမှ မဆိုလိုပါဘူး! ကျွန်တော် ဒီတိုင်း စပ်စုရုံသက်သက်ပါ! ကျွန်တော့်အကြောင်းလည်း သိကြရဲ့သားနဲ့!”

All Chapters