ချန်ရှောင်းပြန်လာပြီ
Vol. 16 Ch. 221
ရက်များစွာ ကုန်လွန်သွားသည်။
အရှေ့ပိုင်းစီရင်စု၏ အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ ပြည်သူလူထု၏ မကျေနပ်မှုများ ပွက်လောရိုက်လာပြီး အမျိုးမျိုးသော ကျင့်ကြံခြင်းအင်အားစုများက အရေးတကြီး တောင်းဆိုမှုများကို ထုတ်ပြန်ကြေညာခဲ့ကြသည်။
ချင်းကျိုးမှ ယွီဟွားဂိုဏ်းသည် ကောင်းကင်၏ အလိုတော်အရ ဖြောင့်မတ်သော မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းကို လူသိရှင်ကြား ကြေညာခဲ့ပြီး ထိုနေ့မှစ၍ မရဏချောက်နက်သတ္တဝါများကို ဆန့်ကျင်သော လှုပ်ရှားမှုအား စတင်ခဲ့သည်။ ထိုသတ္တဝါတို့ကို မှောင်မိုက်ပြီး နေရောင်ခြည်မရှိသော မရဏချောက်နက် သို့တိုင် ပြန်လည်မောင်းထုတ်ရန် ဆုံးဖြတ်ထားကြ၏။
ထိုသတင်းသည် ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်းများစွာက လက်ခုပ်တီးအားပေးကြပါ ဖြောင့်မတ်သော မဟာမိတ်အဖွဲ့တွင် ပါဝင်၍ မိမိတို့၏ အင်အားများကို ပံ့ပိုးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
ယွီဟွားဂိုဏ်း။
တားမြစ်နယ်မြေတွင် အလျားတစ်ရာကျော်ခန့်ရှိသော ရွှေရောင်အလင်းတိုင်တစ်ခု ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ပူပြင်းသော လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။
ခန့်ညားသော လူငယ်တစ်ဦး၊ ရွှေရောင်ဝတ်စုံဝတ်ဆင်ထားပြီး အရေပြားသည် လိမ္မော်နီရောင်တစ်မျိုးဖြင့် တောက်ပနေလျက်။ မော့ပင့်ထားသော နဖူးပြင်ထက်တွင် ပြိုင်ဘက်ကင်းသော ယုံကြည်ချက်များ ပြည့်နှက်နေပြီး မျက်လုံးများမှ ရွှေရောင်အလင်းတန်းနှစ်ခုက ကောင်းကင်ကို ခွဲထွက်သွားသည်။ ခန္ဓာကိုယ်တွင် ပေါက်ကွဲစေသော စွမ်းအင်များ ပါဝင်နေပြီး ၎င်းကို ထုတ်လွှတ်လိုက်ပါက နေမင်းကို ဖြုတ်ချကာ အစားထိုးထွန်းလင်းပြီး တစ်ကမ္ဘာလုံးအား ဖျက်ဆီးလောင်ကျွမ်းစေတော့မလို ထင်ရစေ၏။
ဒုန်း ဒုန်း ဒုန်း
ခြေလှမ်းသံများမှာ လေးလံအားပြင်းပြီး စိတ်ဝိညာဉ်ကို ထိမှန်သက်ရောက်စေသကဲ့သို့။
ခြေလှမ်းတိုင်းတွင် ရွှေရောင်ခြေရာတစ်ခုကျန်ခဲ့ပြီး ထွန်းတောက်သောအလင်းတန်းတစ်သွယ်ကို ထုတ်လွှတ်ကာ အလွန်ပင် သန့်ရှင်းမြင့်မြတ်လှ၏။
တားမြစ်နယ်မြေ အပြင်ဘက်တွင် သတင်းကြား၍ စောစီးစွာ ပြေးလာခဲ့ကြသော အကြီးအကဲများမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်အရိုအသေပြုလျက် အော်ဟစ်လာကြ၏။ “ကျင့်ကြံသူချန် သီးသန့်ကျင့်ကြံရာမှ ထွက်တော်မူခြင်းကို ကြိုဆိုပါ၏!”
မှန်ပါသည်၊ ဤသည်မှာ ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော်၊ ချန်ရှောင်းပင် ဖြစ်သည်။
ဤတစ်ကြိမ် သီးသန့်ကျင့်ကြံရာ ကာလအတွင်း ချန်ရှောင်းသည် သူ၏ ဇွဲသတ္တိပြည့်ဝသော စိတ်ဓာတ် ဖြင့် မသေမျိုးဘုံမှမှ ကျရောက်လာသော နေမင်းမီးလျှံကို နောက်ဆုံးတွင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ၎င်းကို သူ၏ နေမင်းမသေမျိုးခန္ဓာတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့သည်။ သူ၏ နယ်ပယ်မှာလည်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ပြီး ယခုအခါ ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။
ချန်ရှောင်းသည် လက်ရှိအနေအထားတွင် အလွန်မာန်တက်နေပြီး ဤကမ္ဘာလောကတွင် သူ့တစ်ဦးတည်းသာ အရေးပါသည်ဟူသော ခံစားချက်မျိုးဖြင့် မြောက်တက်နေသည်။ လက်ရှိကျင့်ကြံဆင့်အနေအထားတွင် ဆရာသခင်တောင်မှ သူ့ကိုလက်ရည်ယှဥ်နိုင်မည်မဟုတ်တောြ။
အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ လက်တစ်ဆုပ်စာမျှသာ ရှိတော့ပေမည်။
ထိုစဉ်က လူအများရှေ့တွင် အရှက်ရခဲ့ရသည့် အဖြစ်အပျက်ကို သတိရလိုက်သောအခါ ချန်ရှောင်း ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်ထွက်လာသည်။
“ဟုန်ချန်ယဲ့…”
“ပြီးတော့ ယဲ့ကျွင်းလင်!”
ထို ဆရာတပည့်နှစ်ဦးသည် ချန်ရှောင်း၏ အကြီးမားဆုံး လက်စားချေပစ်မှတ်များ ဖြစ်သည်။ အထူးသဖြင့် ယဲ့ကျွင်းလင်သည် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ ဒီအတွက်မှ လက်စားမချေနိုင်လျှင် လူဖြစ်ရှုံးပေမည်ဟု သူခံစားရ၏။
ချန်ရှောင်း နောက်ဆုံးမှတ်မိသလောက်တွင် ယဲ့ကျွင်းလင်သည် အထွဋ်အထိပ်သို့ တက်ရောက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေခဲ့ပြီး သူ တစ်ချိန်က လေးစားကြည်ညိုခဲ့သော ပုဂ္ဂိုလ်ဖြစ်သော်ငြား ယခုအခါ သူ့ခြေဖဝါးအောက်တွင် နင်းချေခံရတော့မည့် ပုရွက်ဆိတ်သာသာဖြစ်တည်မှုလေးသာပင်။
“ငါ ချန်ရှောင်းက နောက်ဆုံးသောအောင်နိုင်သူပဲ!”
“ဘာလို့လဲဆိုတော့ ငါ့မှာ မသေမျိုးဖြစ်နိုင်တဲ့ အလားအလာ ရှိနေလို့ပဲ!!”
ချန်ရှောင်း လက်များကို အနောက်ပစ်ထားကာ မြင့်သွန်းထက်ရှသော စိတ်နေစိတ်ထားဖြင့်သူ့ကို ဦးညွှတ်အရိုအသေပြုနေကြသည့် အကြီးအကဲများအား တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ကျွီယန်း ဘယ်မှာလဲ? သူ ဘာလို့ ငါ့ကို လာမတွေ့တာလဲ? ငါတို့ရဲ့ အတိတ်က ဆရာတပည့် ဆက်ဆံရေးကို ထည့်စဉ်းစားရရင် သူ့ကို ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ဖြတ်ကျော်ပြီး မသေမျိုးအရိပ်အဆင့်ထိရောက်အောင် ငါလမ်းညွှန်ပေးနိုင်တယ်!”
သူ့စကားလုံးတွေက မာနတရားတို့ဖြင့် ပြည့်လျှံနေသည်။
ခွန်အားမှဖြစ်တည်လာသော မာန်မာနတစ်မျိုးပင်။
ဒုက္ခတွင်းထဲက ဆင်းရဲသား တစ်ယောက်က မတော်တဆ ပွပေါက်တိုးပြီး တစ်နိုင်ငံလုံးထက် ပိုချမ်းသာလာတဲ့အခါ နိုင်ငံကိုလမ်းညွှန်အုပ်ချုပ်နိုင်တဲ့ အဆင့်အတန်းတစ်ခုအထိ ရောက်ရှိသွားခဲ့ပြီဆိုပါစို့၊ အဲ့ဒီဆင်းရဲသားက အရင်ကအထက်လူကြီးတွေကို အရင်လိုနာခံနေနိုင်ပါဦးမလား?
ကျွီယန်းဟာ သူ့ရဲ့ ဆရာသခင် ဖြစ်ခဲ့ပေမဲ့ အခု သူ့ကျင့်ကြံဆင့်နဲ့ ခွန်အားအရဆို ဆရာတပည့်ဆိုတာဟာလည်း နာမည်ခံသက်သက်ပါပဲ။
သူ ချန်ရှောင်းဟာ ယွီဟွားဂိုဏ်းမှာ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာတော့မှာလေ!
ဒီဂိုဏ်းထဲက ဂိုဏ်းသားတစ်ယောက်မှ သူ့ခေါင်းပေါ်စီးနင်းဖို့ အရည်အချင်းမရှိဘူး!
ငါ့အထက်မှာ ဘယ်သူမှ မရှိဘူး!!
ထိုစဥ် အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်ပြီး ဖြေရန်တွန့်ဆုတ်နေကြသည်။
ချန်ရှောင်း မျက်မှောင်ကြုတ်ကာ ဖိအားပေးလိုက်သည်။ “မင်းတို့ ဘာလို့ အသံတိတ်နေတာလဲ? ပြောလေ!”
“ကျင့်ကြံသူချန်ကို လျှောက်တင်ပါတယ်၊ သီးသန့်ကျင့်ကြံမှုစပြီး မကြာခင်မှာပဲ ကျွီယန်း ဟာ ဘေးဒုက္ခကျော်လွှားခြင်းဆင့်ကို ဖြတ်ကျော်ပြီး မသေမျိုးအရိပ် ဖြစ်ပြီးခဲ့ပါပြီ”
ဥပဒေခန်းမှ အကြီးအကဲက ထူးဆန်းသောမျက်နှာအမူအရာဖြင့် ဖြေကြားလာသည်။
“အယ်?”
ချန်ရှောင်း အနည်းငယ် အံ့ဩသွားသည်။ ဒီအဖိုးကြီး အဆင့်တက်တာ ဒီလောက်မြန်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
ဒါပေမဲ့ ဘာအရေးလဲ?
သူသည် ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်ဆင့်တွင် ရှိနေပြီး နေမင်းမသေမျိုးခန္ဓာကိုလည်း ပိုင်ဆိုင်ထားသည်။ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီးပြီး ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူလောက်ကိုတော့ လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖိနှိပ်နိုင်သည်!
“ဟမ့်၊ ငါက သူ့တပည့်ဖြစ်တုန်းပဲလေ၊ အခု ငါ သီးသန့်ကျင့်ကြံခြင်းကနေ အောင်မြင်စွာ ထွက်လာတာကို သူ ဂုဏ်ပြုဖို့တောင် မလာနိုင်ဘူးလား? သူ့အပေါ် ငါ အရမ်း စိတ်ပျက်မိ တယ်!” ချန်ရှောင်း အေးစက်စက် ပြောလိုက်သည်။ သူ့စကားများတွင် ဆရာသခင်တစ်ဦးအပေါ် မည်သည့် ယဥ်ကျေးထောက်ထားမှုမှ မပါရှိ။
“အမ်၊ ဒါ…” ဥပဒေခန်းမ အကြီးအကဲသည် စိတ်တင်းကာ ပြောလိုက်၏။ “သူ လာလို့မရတော့ဘူး၊ ဘာလို့လဲဆိုတော့ သူ မရှိတော့ပါဘူး”
“မရှိတော့ဘူး? ဘယ်သွားတာလဲ?”
“သူ ဆုံးသွားပါပြီ”
“!!!!”
ချန်ရှောင်း အလွန်အမင်း အံ့ဩသွားသည်။
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်၏ ဂုဏ်သိက္ခာရှိ မသေမျိုးအရိပ်တစ်ပါး၊ သက်တမ်း နှစ်ပေါင်း သုံးသိန်းရှိသော စွမ်းအားရှင်တစ်ပါးက ဘယ်လိုလုပ် ဆုံးပါးသွားရတာလဲ? ရန်သူတွေဆီက လိုက်လံတိုက်ခိုက်ခံနေရရင်တောင် ထွက်ပြေးရင်လွတ်မှာ အသိသာကြီးမဟုတ်လား?!
ဒါ့အပြင် ဒီအရှေ့ပိုင်းစီရင်စုရဲ့ ကျယ်ပြန့်မှုနဲ့ဆိုရင် ဘယ်သူက ယွီဟွားဂိုဏ်းကလူကို တိုက်ခိုက်ရဲမှာလဲ?
“ဘယ်သူ လုပ်တာလဲ?!”
“အဲဒါ၊ အဲဒါ ရွှယ်ထျန်းဂိုဏ်းက အဲ့လူပါပဲ…”
“မင်း ယဲ့ကျွင်းလင်ကို ပြောတာလား?!”
ချန်ရှောင်း ကြက်သေ သေ သွားသည်။ ဒီလူက အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်မှာ မဟုတ်ဘူးလား? သူလည်း မကြာသေးခင်ကမှ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ကို ဖြတ်ကျော်ခဲ့တာလား?
“သောက်ကျိုးနဲ၊ ငါ့အဖေကို သတ်တယ်၊ အခု ငါ့ဆရာကို သတ်တယ်၊ ဒီလူကိုမှ မရှင်းထုတ်ရရင် ငါ့ရင်ထဲက မုန်းတီးနာကျည်းမှုကို ဖျောက်ဖျက်လို့တောင် ရတော့မယ်မထင်ဘူး!” ချန်ရှောင်း အံကြိတ်ကာ ပြောလိုက်သည်။ သူ့မျက်လုံးများ သွေးရူးသွေးတန်းဖြစ်နေသည်။
ဒီအခွင့်အရေးကိုရအောင်ယူပြီး အကြွေးဟောင်းအကြွေးသစ် အကုန်အပြတ်ရှင်းနိုင်မယ့်အပြင် သူလည်း နာမည်ရလာနိုင်တယ်လေ။
“ကျင့်ကြံသူချန်၊ အလောတကြီးမလုပ်ပါနဲ့၊ ယဲ့ကျွင်းလင်က ကျင့်ကြံသူချန်ကိုင်တွယ်နိုင်မယ့်အဆင့် မဟုတ်တော့ပါဘူး”
အကြီးအကဲများက ထိတ်လန့်တကြား သတိပေးလိုက်ကြသည်။
“ဟမ့်၊ ဘာလို့ သူ့ကိုမြင့်မြင့်တွေးပြီး ကိုယ့်ကိုယ်ကို နှိမ့်ချနေရမှာလဲ! မင်းတို့လည်း ဒီကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်ကို မြင်ပြီးသားပဲ။ အကယ်၍ ယဲ့ကျွင်းလင်က ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိနေရင်တောင် ဒီကျင့်ကြံသူက မင်းတို့မျက်စိရှေ့မှာတင် သူ့ကိုသတ်ပြနိုင်တယ်။ ဒါ့အပြင် ဘယ်လောက်များကြာနေပြီမလို့လဲ၊ သူ အများဆုံးမှ ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့် မှာပဲ ရှိဦးမှာ”
ချန်ရှောင်း လှောင်ပြောင်လိုက်သည်။
သူ ဒီလိုပြောထွက်ဖို့ ယုံကြည်မှု ရှိပြီး အရည်အချင်းလည်း အပြည့်ရှိသည်။
အကြီးအကဲများ၏ မျက်လုံးများမှာ ချန်ရှောင်းကို လူမိုက်တစ်ဦးကို ကြည့်သလို ကြည့်နေကြပြီး သနားစိတ် အနည်းငယ်ပင် ပါဝင်နေသည်။
“ရဲတင်းလိုက်တာ၊ မင်းတို့ ငါ့ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်နေတာလဲ?!” ချန်ရှောင်း ဒေါသထွက်လာသည်။ သူ့ဘဝတွင် အထင်သေးခံရတာကို အမုန်းဆုံးဖြစ်ပြီး မာန်မာနလည်းထိခိုက်သွားသလို ခံစားရ၏။
“အိမ်း၊ ကျုပ်တို့ရဲ့ အရင်ဆုံးဖြတ်ချက်တွေ အားလုံး မှားခဲ့ပြီလေ၊ အဲဒီ ယဲ့ကျွင်းလင်ဆိုတာ ခွန်အားကို ဝှက်ထားရတာ ကြိုက်တဲ့ နတ်ဆိုးအိုကြီးတစ်ဦးပဲ၊ သူက ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်မှာ မဟုတ်ဘူး၊ ဘေးဒုက္ခကျော်လွှားခြင်း နောက်ဆုံးအဆင့်မှာလည်း မဟုတ်ဘူး၊ ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေတာ!!!”
ဥပဒေခန်းမ အကြီးအကဲ ခေါင်းကို ငုံ့ချကာ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက်။
ချန်ရှောင်းမှ ခေါင်းကိုမိုးကြိုးပစ်ခံလိုက်ရသလိုပင်။