ရှုံးဖို့ခဲယဉ်းတယ်
Vol. 11 Ch. 144
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
ကျင်းကျန့်ကျီက ကွန်ပျူတာဖန်သားပြင်ကို မယုံနိုင်သောပုံစံဖြင့်ကြည့်သည်။ ဖန့်ကြွယ်ယွီ၏ အစွမ်းက လူသားတစ်ဦးလုပ်ဆောင်နိုင်စွမ်းထက်သာလွန်နေသည်။ သူ၏ တိကျမှုက ကွန်ပျူတာတစ်လုံး၏ လုပ်ဆောင်နိုင်သည့်ပုံစံအလားဖြစ်နေသည်။
ကျင်းကျန့်ကျီသည် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ၁၀နှစ်တိုင်တိုင်ရပ်တည်ခဲ့ပြီးနည်းပြ အတွေ့အကြုံလည်းရှိသူဖြစ်သည်။ သို့သော်ငြား ဖန့်ကြွယ်ယွီလိုလူမျိုးကိုသူတစ်ခါမှမတွေ့ဖူးပေ။
ဂိမ်းတစ်ပွဲတည်းဆိုသော်လည်း ဖန့်ကြွယ်ယွီ၏ အစွမ်းကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်သည်။
“ညီလေးဖန့်..တော်လှချည်လား” ဝမ်ချုံးက လက်မထောင်ပြသည်။ သူတို့နှစ်ယောက် အပျော်တမ်းဂိမ်းဆော့တုန်းက ဖန့်ကြွယ်ယွီသည် ပညာများကိုလျှိုထားပုံရသည်။
“ကဲ မှန်မှန်ပြောစမ်းပါ။ မင်း ပုန်းလျှိုးကွယ်လျှိုးနဲ့ သင်ထားတာမဟုတ်လား”
“ဟား ငါမပြောဘူးလား။ငါ ဆရာတစ်ယောက်ငှါးပြီး သင်နေပါတယ်လို့။သူက ကျုံးရှန်တံတားအရှင်သခင် ဝူဟူးဒါရှီမာ” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“ဝူဟူးဒါရှီမာ” ကျင်းကျန့်ကျီက ထိုနာမည်ကို တိတ်တိတ်လေးမှတ်သည်။ သူသင်ပေးလိုက်သော တပည့်များက ဤမျှတော်နေပုံကြည့်ပါက ထိုဆရာက မည်မျှ အစွမ်းထက်ကြောင်း မှန်းဆနိုင်သည်။ သူက e-sportsလောက၏ နာမည်မကြီးသော ဆရာတစ်ဦးများဖြစ်နေမလား။
“ဥက္ကဌဖန့်ကတော်လိုက်တာ” ZZအသင်းသားများက ဖန့်ကြွယ်ယွီကို အားကိုးတကြီးလှမ်းကြည့်ကြသည်။ သူတို့တစ်ဦးချင်းစီက ဖန့်ကြွယ်ယွီလို အရည်အချင်းရှိပါက နောက်ပွဲမှာSTTအသင်းအား အသာလေးအနိုင်ရလိမ့်မည်။
“အနိုင်ယူလိုက်ရတဲ့အတွက် အားနာပါတယ် နည်းပြကျင်း။ ကစားပွဲကောင်းလေးကို အတူတူဆော့ပေးလို့ ကျေးဇူးတင်ပါတယ်”ဟု ဖန့်ကြွယ်ယွီကဆိုသည်။
“မင်းဘယ်လိုအနိုင်ရတာလဲ။ ရိုးရိုးသားသားနည်းလမ်းနဲ့အနိုင်ယူတာဟုတ်တယ်မလား” ကျင်းကျန့်ကျီက တစ်စုံတစ်ရာက ထူးဆန်းနေသလိုခံစားရသည်။ဖန့်ကြွယ်ယွီ၏ ဆော့ပုံက အလွန်ကောင်းမွန်ပြီး လက်တွေ့ကျသော်လည်း ရန်သူ၏တိုက်ခိုက်မှုများအားလုံးကို ရှောင်ရှားနိုင်ခြင်းက အံ့ဖွယ်တစ်ပါးဖြစ်သည်။
“ဒါဆို ကွန်ပျူတာချင်းလဲပြီးပြိုင်ကြမလား”
ဖန့်ကြွယ်ယွီက တကယ်တော့ လိမ်ညာပြီးယှဉ်ပြိုင်ခဲ့သည်။ ထိုလိမ်ညာမှုသည် ကွန်ပျူတာတွင် ရှိတာမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ထဲမှာရှိနေသော ရှောင်းရီကိုသုံးပြီး အနိုင်ယူခဲ့သည်။ ထို့ကြောင့်ကွန်ပျူတာချင်းလဲလျှင်တောင်မှ ဘာမှမထူးခြားပေ။
ဒီတစ်ခါတွင် ကျင်းကျန့်ကျီက Jaxဟုခေါ်သော heroကိုရွေးလိုက်သည်။ ကျင်းကျန့်ကျီကို အနိုင်ယူပြရန် သူသုံးခဲ့သော Zerathဟူသော သူရဲကောင်းကို ဖန့်ကြွယ်ယွီက ရွေးသည်။
“ဒီတစ်ခါတော့ သေချာပေါက် မင်းကိုမရှုံးစေရဘူး”ကျင်းကျန့်ကျီက နေရာယူတတ်သည်။ထို့ပြင် Jax၏ အစွမ်းများကို တစ်ဖက်ပြိုင်ဖက်က ရှောင်ပြေးရုံနှင့် မလွတ်ပေ။ ဖန့်ကြွယ်ယွီက ဘယ်လောက်ပဲနေရာယူတော် နေပါစေ သူနှင့်ယှဉ်ပါက အသာစီးရလိမ့်မည်မဟုတ်ပေ။
“ရှောင်းရီ အဆင်ပြေရဲ့လား”
“စိတ်ချပါ ပိုင်ရှင်..သူဘယ်လောက်ပဲတော်တော် ပိုင်ရှင်ရဲ့ လက်ထဲကနေလွတ်အောင် မပြေးနိုင်ပါဘူး”
Minionလှိုင်းများဆုံသည်နှင့် ဖန့်ကြွယ်ယွီဘက်က စတင်တိုက်ခိုက်သည်။ကျင်းကျန့်ကျီက ပရော်ဖက်ရှင်နယ်နည်းပြပီပီ ပျာယာမခတ်နေပေ။
“မြန်လိုက်တဲ့ လက်”ဖန့်ကြွယ်ယွီ၏ လက်က လျင်မြန်စွာရွေ့လျားနေပုံက တစ်ဖက်ပြိုင်ဘက်အား ပြန်လည်တိုက်ခိုက်ခွင့်မပေးချေ။
“နောက်ထပ်တစ်ချက်လာပြီကွ”
ကျင်းကျန့်ကျီ၏ heroကို နောက်တစ်ကြိမ်တိုက်ခိုက်သည်။ကျင်းကျန့်ကျီက ထွက်ပြေးဖို့ ကြိုးစားသော်လည်း ဖန့်ကြွယ်ယွီက တရစပ်တိုက်ခိုက်ပြီး ကျင်းကျန့်ကျီ၏ အားကို တစ်ဝက်လောက်ထိ လျော့ကျစေသည်။
ကျင်းကျန့်ကျီ၏ heroသည် အဆက်မပြတ်တိုက်ခိုက်ခံနေရသည်။ ဖန့်ကြွယ်ယွီက တစ်ချက်ရွယ်လိုက်ချိန်တွင် ကျင်းကျန့်ကျီက flashကိုသုံးပြီး လက်ကျန်အင်အားဖြင့် ဖန့်ကြွယ်ယွီဆီမှ ထွက်ပြေးဖို့ကြံသည်။
“မင်း ဒီလိုလွယ်လွယ်နဲ့ထွက်ပြေးလို့ရမယ်ထင်နေလား”ဟု ဖန့်ကြွယ်ယွီက မဲ့ပြုံးတစ်ချက်ပြုံးကာဆိုသည်။ ဖန့်ကြွယ်ယွီက ကျင်းကျန့်ကျီထုတ်သော flashကိုတိုက်ခိုက်ပြီး သူ၏ အစွမ်းများကို မြင်သာအောင် ထုတ်ပြတော့သည်။
“First Blood”
ဂိမ်း၏ အဆုံးသတ်က ထင်ထင်ရှားရှားပေါ်လာတော့သည်။
“အင်အားပြင်းတယ် အင်အားပြင်းတယ်”
ZZအသင်း၏ကစားသမားဖြစ်သူ ဆုန်းရီက ဝမ်းသာလွန်းပြီးမျက်ရည်များပင် ဝဲတက်လာသည်။ထိုကဲ့သို့ ကစားပုံမျိုးကို သူ့တစ်ဘဝလုံး တောင့်တခဲ့ရသည်။ သူသည် ပြည်တွင်းထိပ်တန်း ကစားသမားတစ်ဦးဖြစ် သည့်တိုင် သူ၏ အရည်အချင်းက ဖန့်ကြွယ်ယွီထက် အများကြီးနိမ့်ကျသည်။
“ကဲ ကျေနပ်ပြီလား”ဟု ဆိုကာ ဖန့်ကြွယ်ယွီက မတ်တပ်ရပ်သည်။
“နည်းပြကျင်း..ခင်ဗျားခုနက ငါတို့အသင်းကို တအားနှိမ်ပြီးပြောခဲ့တာမဟုတ်လား။ တစ်ခုတော့ပြောရဦးမယ်။ ဒီနှစ်ချန်ပီယံဆုကို ငါတို့ ZZအသင်းက ကိုင်မြှောက်ရမှာ”
ကျင်းကျန့်ကျီ၏ မျက်နှာကွက်ခနဲပျက်သွားသည်။ သူက ဖန့်ကြွယ်ယွီ၏ စကားလုံးများကို ပြန်လည်ချေပလိုသေည်ငြား နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားတာမို့ ဘာမှပြန်မပြောနိုင်ပေ။
အရှုံးသမားတစ်ဦးက ဘယ်လိုသတ္တိမျိုးနှင့် ပြန်ပြောနိုင်မည်နည်း။
“ဒါက အသင်းလိုက်ပြိုင်ရတဲ့ချန်ပီယံရှစ်ပါ။ အချိန်ကျလာရင် ချန်ပီယံဆုကငါတို့STTအသင်းလက်ထဲကို ရောက်လာမှာ”
ကျင်းကျန့်ကျီက ယုံကြည်ချက်ရှိရှိနှင့် “မင်း လောင်းရဲလား”ဟု မေးလိုက်သည်။
“ဘာအတွက် လောင်းရမှာလဲ” ဟု ဖန့်ကြွယ်ယွီကပြန်မေးသည်။
“ပြိုင်ပွဲမှာဘယ်သူနိုင်မလဲပေါ့”
“ဘယ်လောက်ကြေးလဲ”
“ဒေါ်လာငါးသန်း”ဟု ကျင်းကျန့်ကျီကဖြေသည်။
သူတို့အသင်းက နာမည်ကြီးသော်လည်း ရန်ပုံငွေသိပ်မရှိပေ။ သူတို့မျက်လုံးထဲတွင် ZZအသင်းသည် အလွယ်တကူအနိုင်ရနိုင်သော အသင်းဟု တွက်ဆထားပုံရသည်။
“ဒီလောင်းကြေးကနည်းတာပေါ့။ ဟုတ်တယ်မလား..ဆယ်ဆတိုးလိုက်”ဟု ဖန့်ကြွယ်ယွီက ပြောသည်။
“ဆယ်ဆ ဟုတ်လား” ကျင်းကျန့်ကျီက တအံ့တဩဖြစ်သွားသည်။
ZZအသင်းပိုင်ရှင်က ဝမ်ချုံးမဟုတ်လား။
ဒီအရံကစားသမားကဘယ်လိုသတ္တိမျိုးနှင့် ဒီလောက် လောင်းကြေးကိုထပ်ရဲတာလဲ။
“သူပြောတာက ငါပြောချင်တဲ့ပမာဏနဲ့အတူတူပဲ” ဝမ်ချုံးက သူ့အသင်းနိုင်မည်ဟု ယုံကြည်ချက်အပြည့်မရှိသော်လည်း ဒီအချိန်မှာ မာနကိုတော့ တပြားသားမှ အလျော့မခံနိုင်ပေ။
“အဲ့လောက်ဆို ငါတို့မတတ်နိုင်ဘူး။ တခြားဟာတစ်ခုခုလောင်းရအောင်”ကျင်းကျန့်ကျီက ပွင့်ပွင့်လင်းလင်းပြောသည်။
“ဒီလိုလုပ်။ မင်းတို့ရှုံးရင် အဲ့ပိုက်ဆံမပေးနဲ့”
“ဒါဆို ဘာလုပ်ပေးရမလဲ” ဟု ကျင်းကျန့်ကျီက သိချင်ဇောဖြင့်မေးသည်။
“ဖိုင်နယ်ပွဲကျရင် မင်းတို့အသင်းကလူတွေ မိန်းကလေးတွေလို ဝတ်စားပြီးငါတို့ ZZအသင်းကို အားပေးရမယ်။ ဘယ်လိုလဲ”
“နည်းပြ…ဒီလူက ZZအသင်းက အရံကစားသမားမဟုတ်ဘူး”ဟု ကျင်းကျန့်ကျီ၏ လက်ထောက်က သတင်းပေးသည်။
“ဟုတ်ပြီ” ထိုသတင်းကိုကြားမှသာ ကျင်းကျန့်ကျီ သက်ပြင်းချနိုင်တော့သည်။ အခုအနေအထားအရဆို သူတို့အသင်းကရှုံးမည့်အနေအထားမရှိနိုင်ပေ။
“ကဲ ဒါဆို ပြိုင်ပွဲမှာဆုံကြမယ်”
ကျင်းကျန့်ကျီနှင့် သူ၏အသင်းသားများက ဒေါသတကြီးထွက်သွားချိန်တွင် ZZအသင်းသားများက အေးဆေးတည်ငြိမ်စွာ ကျန်ရစ်ခဲ့ကြသည်။
ဖန့်ကြွယ်ယွီအတွက် ထိုမျှပမာဏက သာမန်ဖြစ်ကြောင်းသိသော်လည်း သူတို့သာရှုံးနိမ့်ခဲ့ပါက ဖန့်ကြွယ်ယွီတစ်ယောက် စိတ်ပျက်ပေလိမ့်မည်။
“ညီလေးဖန့် မင်းတအားကြွားဝါပြီးပြောလိုက်တာပဲ”
ဖန့်ကြွယ်ယွီ၏ အနိုင်ရမှုက STTအသင်းအတွက် ထိုးနှက်ချက်ဖြစ်သော်လည်း ကျင်းကျန့်ကျီ၏ အသင်းကို လျှော့တွက်လို့မရပေ။ ဖန့်ကြွယ်ယွီက ပြိုင်ပွဲပြင်ပ ဂိမ်းပွဲမှာသာ အနိုင်ရခြင်းဖြစ်သည်။
“အကိုဝမ်..ငါက ငါနိုင်မယ်လို့ တထစ်ချယုံကြည်ချက်မရှိတဲ့အရာအပေါ်လောင်းကြေးထပ်တာမြင်ဖူးလို့လား”
“အင်း…”ပြန်စဉ်းစားကြည့်တော့ ဖန့်ကြွယ်ယွီက လောင်းကြေးထပ် သမျှအရာတိုင်းတွင် အနိုင်ရခဲ့သည်။ သူတစ်ခုခုကို ယုံကြည်ချက်ရှိရှိပြောရဲပါက သေချာပေါက် အနိုင်ရမည်ဟု တထစ်ချတွက်ဆထားမှသာဖြစ်နိုင်သည်။
“မင်းမှာဝှက်ဖဲဘာညာရှိလို့လား”
“မင်းက ကွက်တိမှန်းနိုင်တာပဲ”
အချိန်တိုလေးအတွင်းမှာ ရှောင်းရီအား STTအသင်းက ကစားသမားများ၏ အချက်အလက်များ၊ အားနည်းချက်၊ အားသာချက်များ၊ အကြိုက်ဆုံးဟီးရိုး စသည့်အချက်များကို စုဆောင်းခိုင်းထားသည်။ အသင်း၏ ဗျူဟာကစားကွက်များကိုတောင်မှ အကြမ်းဖျဉ်း ပြုစုခိုင်းထားသည်။
ဤကစားပွဲက အသင်းလိုက်စုပေါင်းပြီး ကစားရသည်ဆိုသော်လည်းတစ်ဦးတစ်ယောက်ချင်း၏ အမူအကျင့်နှင့် အတွေးအခေါ်များက ချက်ချင်းကြီးပြောင်းလဲရန် ခဲယဉ်းပေသည်။ ထိုအချက်များအားလုံးကို နှံ့နှံ့စပ်စပ် သိပါက အနိုင်ရဖို့ မခဲယဉ်းတော့ပေ။
ရှောင်းရီ၏ ရှာဖွေစုဆောင်းမှုများကိုအခြေခံပြီး ကစားသမားတစ်ဦးချင်းစီကို အသာစီးရအောင် ဆော့နိုင်သည်။ ZZအသင်းကစားသမားများက ပြိုင်ပွဲတွင် အမှားများများမလုပ်မိပါက STTအသင်းကို သေချာပေါက် အနိုင်ယူနိုင်သည်။
အချက်အလက်စုဆောင်းရုံတင်မကဘဲ ရှောင်းရီက ပြိုင်ဘက်အသင်းကစားသမားများ၏ အားနည်းချက်ကို အနိုင်ယူနိုင်မည့် ကစားကွက်ဗျူဟာများကိုပါ အကွက်ကျကျ ခန့်မှန်းတွက်ချက်ပေးသည်။ ထိုအရာသည် ဇာတ်ညွှန်းရေးထားသည့်အလားဖြစ်သည်။
“ကလင် ကလင်”
ဝမ်ချုံး၏ ဖုန်းသံမြည်လာသည်။
“ဒါက STTအသင်းအပေါ် အနိုင်ယူနိုင်မဲ့ ကစားကွက်တွေပါ။ သေချာလေ့လာကြည့်ကြ”
“ဝမ်အန်း..ဒါကိုကြည့်လိုက်ဦး။ ငါကြည့်တာတော့ နားမလည်ဘူး”
ဝမ်ချုံးက ဖိုင်ကိုဖွင့်ပြီး ဝမ်ချုံးကိုပြလိုက်သည်။
ဝမ်အန်းက မိနစ်နှစ်ဆယ်ခန့်လေ့လာကြည့်ပြီးသည့်နောက် သူ၏မျက်နှာပေါ်တွင် အပြုံးရိပ်များသန်းလာသည်။ သူတို့ကSTTအသင်းနှင့် ထိပ်တိုက် မယှဉ်ပြိုင်ရသေးသော်လည်း ဖန့်ကြွယ်ယွီပေးသော နည်းဗျူဟာများအရဆို တစ်ဖက်အသင်းကိုသေချာပေါက်အနိုင်ယူနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။