ပစ္စည်းကောင်းတွေအကုန်ဝယ်ပစ်မယ်
Vol. 11 Ch. 146
“ညီလေးဖန့် မင်းမှာသုံးမယ့်ပိုက်ဆံဘယ်လောက်ပါလာလဲ”ဟု ဝမ်ချုံးကမေးသည်။
“ဘာလို့လဲ”
“ဪ အဲ့ပစ္စည်းပိုင်ရှင်နဲ့ ထိပ်တိုက်ဆုံရင် အရင်ဆုံး မင်းမှာလေလံအောင်နိုင်မဲ့ ပိုက်ဆံပမာဏတော့ရှိရမယ်လေ”
“ကြမ်းခင်းစျေးတောင် ဒေါ်လာသန်း၂၀ရှိတာဆိုတော့ အပိတ်စျေးက အဲ့ထက်အများကြီးပိုမှာပဲဆိုတာ သေချာတယ်”
“မင်းဘာကိုဆိုလိုချင်တာလဲ”
“ငါ့အဖေဆီကကြားတာတော့ တရုတ်ပြည်က သူဌေးအယောက် ၂၀လောက်ကို ဖိတ်ထားတယ်လို့ပြောတယ်။ အဲ့ဒီ့ခွေးခေါင်းပစ္စည်းကိုမြင်တဲ့ တရုတ်ပြည်သားသူဌေးက မဝယ်ဖူးလို့ ပြောနိုင်မလား”
“သေချာတာပေါ့ လေလံအောင်ဖို့အတွက် ပိုက်ဆံပုံပေးပြီး အဲ့ပစ္စည်းကို တရုတ်ပြည် ကိုရအောင် ပြန်ယူသွားမှာပဲလေ”ဟု ဖန့်ကြွယ်ယွီက ချက်ချင်းပြန်ဖြေသည်။
“တရုတ်ပြည်ရဲ့အဖိုးတန်ရတနာတစ်ပါးကို နိုင်ငံခြားမှာ ချန်ထားခဲ့ကြမှာမဟုတ်ဘူးလေ”
“မင်းသိတဲ့အတိုင်း တရုတ်ပြည်က နိုင်ငံတကာမှာ တဖြည်းဖြည်းနာမည်ကြီးလာတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဆူးညှောင့်တစ်ခုလိုမြင်နေကြတာ။ သူတို့သာ ဒီအကြောင်းကိုသိရင် အဲ့ပစ္စည်းကို မရရအောင် လေလံဆွဲကြမှာပဲ”
“လေလံလောကမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။တစ်ခုက ငါတို့ဘက်က ဘယ်သူမှ စျေးမြင့်မြင့်မပေးနိုင်လို့ ခွေးဦးခေါင်းက သူများလက်ထဲပါသွားတာတစ်ခုဖြစ်နိုင်တယ်။ ပြီးကျရင် အဲ့ပစ္စည်းကို ပြတိုက်မှာ ထားချင်ထားမယ်။အဲ့လိုဖြစ်လာခဲ့မယ်ဆို တရုတ်ပြည်သိက္ခာလည်းကျမယ်”
“နောက်တစ်မျိုးက ငါတို့ကမဖြစ်နိုင်တဲ့စျေးအမြင့်ကြီးပေးပြီး ပစ္စည်းကိုရအောင်လေလံဆွဲမယ်။ ငါတို့က လေလံအောင်သွားမယ်ဆိုလည်း ရှုံးမှာပဲ။ သူတို့ဘက်က ငါတို့အဲ့လိုဖြစ်တာကိုလိုချင်တာ”
“ရှင်းရှင်းပြောရရင် ငါတို့တရုတ်ပြည်မှာ သူဌေးတွေပေါတယ်ဆိုပေမဲ့ တယောက်မှ ဖောဘိစ် (Forbes) စာရင်းထဲမဝင်ကြဘူး။ ဖောဘိစ်စာရင်းထုတ်ပြန်မှုမှာ ဘက်လိုက်မှုတွေရှိတယ်ဆိုပေမဲ့ တရုတ်ပြည်က သူဌေးတွေက ငွေကြေးချမ်းသာမှုအနေအထားအရ လိုအပ်သေးတယ်လို့ ဆိုနိုင်တယ်”
ချမ်းသာသည့်မိသားစုမှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်တာမို့ ဝမ်ချုံးသည် ကိစ္စရပ်အသီးသီးကို ရှင်းရှင်းလင်းလင်းနှင့်အချက်အလက်ကျကျ တွေးခေါ်တတ်သည်။ သူ၏ မှန်းဆချက်များက ဖြစ်နိုင်သည့် အနေအထားများဖြစ်သည်။
“ဒေါ်လာ သန်း၂၀၀ဆိုလျှင်တောင် မလုံလောက်မှာ ငါစိုးရိမ်မိတယ်”ဟု ဝမ်ချုံးက စိုးရိမ်တကြီးပြောသည်။
“သေချာပိုင်နိုင်တဲ့ပစ္စည်းကိုပဲ လေလံဆွဲဖို့လိုမယ်ထင်တယ်။ ဒါကြောင့်မို့လို့ မင်းမှာ လေလံပွဲအတွက် သုံးနိုင်တဲ့ ငွေပမာဏဘယ်လောက်ပါလဲလို့မေးတာပါ”
“အင်း…” ဖန့်ကြွယ်ယွီက တခဏကြာတွေးတောလိုက်သည်။ “အမရီကတော့ ငါ့ထက်ပိုပြီးသိမှာပဲ”
“သခင်လေး ချက်ချင်းသုံးစွဲနိုင်တဲ့ ငွေပမာဏက ဒေါ်လာ ၅၀၀ဘီလီယံကျော်ရှိပါတယ်။ ကြိုက်တဲ့အချိန်မှာ လိုအပ်သလို ထုတ်ယူနိုင်ပါတယ်”
“ဒေါ်လာ ၅၀၀ဘီလီယံ” ဝမ်ချုံးသောက်လက်စရေတောင် အန်ထွက်မတတ် ဖြစ်သွားသည်။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တောင်မှ ဒေါ်လာ ၁၀၀ဘီလီယံလောက် ပိုင်ဆိုင်မှုပဲရှိသည်။
“ညီလေးဖန့် မင်းလက်ထောက်က ဘယ်လိုလူမျိုးလဲ”
ဝမ်ချုံးသည် ကျွမ်းရီ၏ သရုပ်မှန်ကို ပိုပြီးသိချင်စိတ်ပြင်းပြလာသည်။ သူမက ဖန့်ကြွယ်ယွီ၏ လက်ထောက်မှန်းသိသော်လည်း လက်ထောက်တစ်ဦးက ငွေပမာဏကို စီမံခန့်ခွဲပေးရသည်ဟု မကြားဖူးပေ။
“ငါလည်း သေချာတော့မသိပါဘူး။ သူက အသိုင်းအဝိုင်းကြီးကလာတာတော့သိတယ်။ သူ့အဖိုးနာမည်က ကျွမ်းဟန်ကျုံး။ ငါတို့ဖန့်မိသားစုနဲ့ ကျွမ်းမိသားစု သိကျွမ်းတာကြာခဲ့ပြီ။သူတို့ပဲ တရုတ်ပြည်မှာရှိတဲ့ ငါတို့ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးရတာလေ။အဲ့တာပါပဲ”
“မစ္စတာဝမ်က ကျွန်မကိုရော ကျွန်မအဘိုးကိုရော မသိလောက်ပါဘူး။ ဒါပေမဲ့ ကျွန်မအဖေရဲ့ နာမည်ကိုတော့ ကြားဖူးလောက်မှာပါ။ ကျွန်မအဖေက ကျွမ်းဖန့်ပါ”
“ကျွမ်းဖန့် ကျွမ်းဖန့်” ဝမ်ချုံးက တစ်နေရာကို စိုက်ကြည့်ပြီး တွေးတောနေသည်။ တခဏအကြာမှာ သူ၏မျက်လုံးများ လက်ခနဲဖြစ်လာသည်။
“မင်းက ကျွမ်းဖန့်သမီးလား”
ဝမ်ချုံး၏ ဖခင်က တရုတ်ပြည်မှာ သူဌေးသူကြွယ်ပေါများကြောင်းပြောဖူးသည်။ အဲ့ဒီ့အထဲမှာမှ မျိုးရိုးစဉ် ဆက်ချမ်းသာသည့် မိသားစုတစ်စုရှိသည်။ လေလံပွဲစီစဉ်သူရော့စ်ချိုင်းမိသားစုလိုပဲ ဖြစ်သည်။
ကျွမ်းမိသားစု၏ ချမ်းသာမှုကို မှန်းဆမရပေ။ တရုတ်ပြည်တခွင်လုံးမှာ သူတို့၏ စီးပွါးရေးလုပ်ငန်းများကို ဖြန့်ကျက်ထားသည်။ကျွမ်းမိသားစု၏ ယခုလက်ရှိ အိမ်ထောင်ဦးစီးမှာ ကျွမ်းဖန့်ဖြစ်သည်။
“ညီလေးဖန့်..မင်းကဘယ်လိုလူများလဲ။ ကျွမ်းမိသားစုရဲ့ ဆက်ခံသူတောင်မှ မင်းဆီမှာ လက်ထောက်အနေနဲ့ လုပ်နေရတယ်။ ငါ မင်းကိုတကယ်လေးစားတယ်ကွာ”
“ဒါနဲ့ မစ္စတာဖန့် အနေနဲ့ ဒေါ်လာဘီလီယံငါးရာသုံးနိုင်တယ်လို့ မစ္စကျွမ်းက ခုနလေးတင်ပြောခဲ့တာနော်။ ဆိုတော့ နောက်ထပ်ပိုင်ဆိုင်မှုတွေ ငွေသားအနေနဲ့ပေါ့ ဘယ်လောက်ရှိနိုင်သေးလဲ”
ကျွမ်းရီက ဖြေသင့်မဖြေသင့်ဆိုတာကို ဖန့်ကြွယ်ယွီအားတစ်ချက်လှမ်းအကဲခတ်သည်။
“ပြောလိုက်ပါ။ ငါလည်း သိချင်နေတာနဲ့ အတော်ပဲလေ” ဖန့်ကြွယ်ယွီက သူမည်မျှ ပမာဏ ချမ်းသာကြွယ်ဝမှန်းမသိပေ။သို့သော် သူအကြမ်းဖျဉ်းခန့်မှန်းရသလောက်ဆို ငွေပမာဏသည် ထရီလီယံလောက် ရှိလိမ့်မည်။
“မစ္စတာဖန့်ရဲ့ ပိုင်ဆိုင်မှုတွေကို ခုနှစ်ပိုင်းခွဲပါတယ်။ ကျွန်မက ခုလက်ရှိ ငွေသား ဒေါ်လာ ဘီလီယံ ၅၀၀ကို စီမံခန့်ခွဲရပါတယ်။ တစ်နေ့ထဲမှာဆို ဥရောပဘက်ကနေ အနည်းဆုံးယူရို၈၀၀ဘီလီယံကို အပြောင်းအရွှေ့ လုပ်နိုင်ပါတယ်။ တခြားဒေသတွေပါ ပါမယ်ဆို ငါးထရီလီယံလောက်ရှိမယ်ထင်တာပဲ”
“တနေ့မှာ ငါးထရီလီယံ ဟုတ်လား။” ဝမ်ချုံးက ထခုန်မတတ်ဖြစ်သွားသည်။ “ မင်း ဘဏ်လုပ်ငန်းတွေလုပ် နေတာလား”
“ဟားး မင်းပြော သလိုပါပဲ ငါက ဘဏ်တချို့တော့ ပိုင်ပါတယ်”
“မဟုတ်ဘူး သခင်လေး။ ကျွန်မအခုပြောနေတာက ချက်ချင်းလွယ်လွယ်ကူကူရနိုင်တဲ့ပမာဏပေါ့။ ဘဏ်တွေကို ထည့်မတွက်ထားပါဘူး။ တစ်ပတ်အတွင်းဆို ပိုက်ဆံ ၁၀ထရီလီယံလောက် အသာလေးထုတ်နိုင်တယ်”
ဝမ်ချုံးဘက်က ဘာမှပြန်မပြောနိုင်တော့ပေ။ ဖန့်ကြွယ်ယွီက ရုပ်ရှင်မြို့တော်တည်ထောင်ရန် ပိုက်ဆံအများကြီး ထုတ်ပေးတုန်းက သူအံ့အားသင့်ခဲ့မိသည်။ ရုပ်ရှင်မြို့တော်အတွက် သုံးစွဲခဲ့သော ပမာဏသည် သူ့ပိုင်ဆိုင်မှု၏ အစွန်အဖျားလောက်ပဲရှိသည်ဆိုတာ ယခုမှပဲ နားလည်သဘောပေါက်တော့သည်။ ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုပမာဏကို မည်သူကမှ တိတိကျကျမခန့်မှန်းနိုင်ပေ။
“အင်း ဒီလိုဆို ငါ့ပိုက်ဆံသန်းနှစ်ရာကို လေလံပွဲမှာပါတဲ့ တခြားပစ္စည်းတွေအတွက် သုံးလိုက်မယ်လေ။မင်းက ခွေးခေါင်းကိုရအောင်ဝယ်လိုက်”
ဖန့်ကြွယ်ယွီက လေလံပွဲတွင်ပါသမျှ ပစ္စည်းတိုင်းကို ဝယ်နိုင်သည်ဆိုတာ သိသည်။
“အင်း ကောင်းပြီလေ” အပြင်ပန်းကကြည့်လျှင် ဖန့်ကြွယ်ယွီ၏ ပုံစံကအေးဆေးတည်ငြိမ်နေသော်လည်း သူ၏ ပိုင်ဆိုင်မှုပမာဏကို ကြားပြီး စိတ်ထဲဗလောင်ဆူနေသည်။
“သခင်လေး လေလံပွဲကိုတက်မယ်လို့ ဆုံးဖြတ်ပြီးပြီလား” ဟု ကျွမ်းရီကမေးသည်။
“ဒါပေါ့ တက်ရမှာပေါ့။ နိုင်ငံ့ရတနာက လေလံပွဲမှာပါမှာလေ။ ရအောင်ဆွဲရမှာပေါ့”
“ဒါဆို ကျွန်မစီစဉ်ပေးပါ့မယ်။ ဖိတ်စာထဲမှာပါတဲ့ ထိုင်ခုံနေရာက ရိုးရိုးထိုင်ခုံတွေပါ။ မစ္စတာဝမ်နဲ့ သခင်လေးအတွက် အကောင်းဆုံးခုံနေရာကို စီစဉ်ပေးပါ့မယ်”
လေလံပွဲတွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များစုဝေးနေကြမည်။ သူဌေးတိုင်းက အနေအထားမတူပေ။ ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးမှာတောင်မှ ကြွယ်ဝချမ်းသာမှုက မိုးနဲ့မြေလိုကွာခြားကြသည်။
“လာဒီးနစ်မိသားစုလည်း ဖိတ်စာရမှာ သေချာတယ်။သူတို့ခုံနေရာယူရမယ်” သူတို့အားလုံးက ဖန့်ကြွယ်ယွီအတွက် လုပ်ကိုင်ပေးရတာမို့ လာဒီးနစ်မိသားစုအား အပြင်လူလို့ မထင်ပေ။
“ကောင်းပြီလေ။ အဲ့လိုပဲလုပ်လိုက်ပါ။ ပိုက်ဆံသာများများယူလာခဲ့။ကောင်းတဲ့ပစ္စည်းတွေ့တာနဲ့ အကုန်ဝယ်ပစ်မယ်။ ငါ့အတွက်မလိုဘူးဆိုလျှင်တောင်မှ ငါ့သားသမီးအတွက် အသုံးတည့်လာမှာပဲဟားဟားဟား”
ဝမ်ချုံးက ထပြီး ရိုက်ချင်စိတ်များတဖွားဖွားပေါ်လာတော့သည်။
“သူ့ကိုယ်သူ စျေးထဲရောက်တယ်များ ထင်နေတာလား”