ရုပ်ပြောင်းရုပ်လွှဲပညာ
Vol. 11 Ch. 148
ဝေဟင်ထက်တွင် မိနစ်အနည်းငယ် ပျံသန်းပြီးနောက် ဟယ်လီကော်ပတာသည် မြောက်ပိုင်းမျှော်စင်မြို့ ကိုရောက်ရှိလာသည်။ လာဒီးနစ်မိသားစုသည် သူတို့၏ စံအိမ်တော်ကို မြေနေရာအကျယ်ကြီးပေါ်တွင် ရှေးဟောင်းရဲတိုက်တစ်ခုအလား ခမ်းနားကြီးကျယ်စွာတည်ဆောက်ထားသည်။
“မိုက်လိုက်တဲ့ နေရာပါလား” ဖန့်ကြွယ်ယွီတောင်မှ တအံ့တဩဖြစ်ရသည်။ ထိုရဲတိုက်ကြီးတည်ရှိရာ မြေနေရာအကျယ်အဝန်းသည် မြို့သေးသေးလေးတစ်မြို့နီးပါးရှိသည်။
ထိုရဲတိုက်ကိုဆောက်ဖို့ မဆိုထားနှင့်။ မြေတန်ဖိုးတစ်ခုတည်းနှင့်ပင် တန်ဖိုးက မနည်းမနောဖြစ်နိုင်သည်။ ရော့စ်ချိုင်းမိသားစုသည် ခမ်းနားကြီးကျယ်မှုနှင့် ပြည့်စုံလှပေသည်။
“သခင်လေး..ဒါကရော့စ်ချိုင်းမိသားစုရဲ့ ဥရောပမှာရှိတဲ့ ပိုင်ဆိုင်မှုထဲက အသေးလေးတစ်ခုပဲရှိပါသေးတယ်။ မြေနေရာအကျယ်ကလည်း ၁၀၀ဟက်တာကျော်ကျော်ပဲရှိပါတယ်။အဲ့လောက်မကြီးပါဘူး။ ဥရောပမှာ သခင်လေးပိုင်တဲ့ အကြီးဆုံးနေရာဆို ဒီ့ထက် အဆပေါင်း ၅၀လောက်ကြီးတယ်”
“အဆငါးဆယ် ဟုတ်လား။ ဒါဆို ဟက်တာပေါင်း ၅၀၀၀ပေါ့”
“ဟုတ်ပါတယ်။ အဲ့နေရာက သခင်လေးပိုင်တဲ့ စပျစ်ခြံပါ။ သခင်လေးသောက်နေကျ ဝိုင်တွေအဓိကထုတ် လုပ်ပေးတဲ့နေရာပါ”
“အခွင့်သာရင် အဲ့နေရာကို တစ်ခေါက်လောက်သွားကြည့်ကြတာပေါ့”
ဧည့်သည်များကိုကြိုဆိုရန် ရော့စ်ချိုင်းမိသားစုက ကိုယ်ပိုင်ဂျက်လေယာဉ်များ ရပ်နားရန် နေရာစီစဉ် ပေးထားသည်။သို့သော် ကိုယ်ပိုင်ဟယ်လီကော်ပတာနှင့် လာရောက်သည့်လူမှာ အရေအတွက်နည်းပေသည်။
ထို့ကြောင့် ဖန့်ကြွယ်ယွီတို့၏ ဟယ်လီကော်ပတာဆင်းသက်လာချိန်တွင် လူအများစုက တအံ့တဩဝိုင်း ကြည့်ကြသည်။
အလျားနှစ်ဆယ်မီတာရှည်ပြီး ငါးမီတာအမြင့်ရှိသော ဟယ်လီကော်ပတာဘေးတွင် ဂျက်လေယာဉ်များက ပုပုသေးသေးလေးဖြစ်နေသည်။
“ကြီးလိုက်တဲ့ဟယ်လီကော်ပတာပါလား။ ဘယ်သူများစီးလာတာလဲ။ တစ်မိသားစုလုံးများ ခေါ်ချလာတာလား”
“ငါ အဲ့လေယာဉ်အမျိုးအစားကိုသိတယ်။ အဲ့တာ SH-3 ပင်လယ်ဘုရင် အမျိုးအစားလေ။ အမေရိကန်သမ္မတမှာ အဲ့လိုလေယာဉ်မျိုးတစ်စီးရှိတယ်လို့ကြားဖူးတယ်။ သေချာတာတော့ ဒီလူက ခေသူမဟုတ်ဘူးပဲ”
“ဟ ဒါပေါ့ကွ။ ဒီလေလံပွဲကို တကမ္ဘာလုံးက ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေတက်ကြတာ။ဒါက အထွေအထူးမှ မဟုတ်တာ။ တချို့ပစ္စည်းတွေဆို ထူးထူးဆန်းဆန်း ရှားရှားပါးပါးတွေလို့ ကြားတာပဲလေ”
ထိုလေယာဉ်ပေါ်မှ အာရှလူမျိုးအဖွဲ့လိုက်ဆင်းသက်လာတော့သည်။
သူတို့စိတ်ဝင်တစားရှိနေသော ဟယ်လီကော်ပတာမှဆင်းသက်လာသူများသည် ဂျပန်လူမျိုးများဟု ထင်မိပြီး စိတ်အေးသွားကြသည်။
သူတို့က ဒီလေလံပွဲကို ခွေးဦးခေါင်းနှင့် တခြားရှားပါးရတနာများလေလံဆွဲရန်ရောက်လာကြခြင်းမဟုတ်ပေ။ သူတို့စိတ်ဝင်တစားရှိနေသော ပစ္စည်းတစ်ခုခုလည်း ရှိလောက်ပေမည်။
“ဒီတစ်ကြိမ်လေလံဆွဲဖို့ရော ပိုက်ဆံလောက်လောက်ငှငှပါရဲ့လား”
“စိတ်မပူပါနဲ့ လူကြီးမင်းရှင်းဂျန်။ ဒေါ်လာ ၅၀ ဘီလီယံပြင်လာခဲ့ပါတယ်။ ဒီပစ္စည်းကို ကျိန်းသေပေါက် လေလံအောင်မှာပါ”
“အရမ်းလည်း ပိုင်သေတွက်မထားနဲ့ဦး။ ဒီပစ္စည်းကို နိုင်ငံတော်တော်များများက လေလံဆွဲချင်ကြတာ။ ငါတို့ပါသလောက်ပိုက်ဆံပမာဏ သူတို့မှာပါလာခဲ့လျှင် ဘေးကြပ်နံကြပ်ဖြစ်ဦးမှာ”
“ဒီဟယ်လီကော်ပတာက ဘယ်သူ့ဟာလဲ။ အမေရိကန်တွေပိုင်တာလား”
“မဟုတ်လောက်ဘူးး။ ဒီပွဲကို အမေရိကန်တွေလာတယ်လို့မကြားမိဘူး။”
“ကောင်းတယ်။ သူတို့မလာတော့ အဆင်ပြေတာပေါ့။ အထဲ ဝင်ကြစို့လေ”
သူတို့က မျက်နှာဖုံးတွေစွပ်ပြီး ရဲတိုက်အတွင်းထဲသို့ ဝင်သွားတော့သည်။
“ဒီနေ့ပွဲမှာ လူတွေအများကြီးပါလား”
ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးသည် မျက်နှာဖုံးများ အသီးသီးဝတ်ဆင်ပြီး ရှေ့မှာနေပြီး လျှောက်လာကြသည်။ ကျွမ်းရီနှင့် ကူးရီကသူတို့၏ နောက်မှလိုက်လာကြသည်။ ဒီနေရာကိုရောက်လာကြသူများက အထက်တန်းလွှာ များဖြစ်ကြပြီး အပေါင်းအသင်းကျယ်ပြန့်ချင်သဖြင့် ပွဲတက်လာကြသည်။ ကူးရီလိုမျိုး မျက်နှာဖုံးမစွပ်ထားသူကို တွေ့ရဖို့ ခဲယဉ်းပေသည်။
“သူဌေးတစ်ထောင်လောက် ဖိတ်ထားတယ်ကြားတယ်။ သူတို့ရဲ့ ကိုယ်ရေးအရာရှိနဲ့ သက်တော်စောင့်တွေပါ ပေါင်းမယ်ဆို လူထောင်ပေါင်းများစွာရှိလောက်မယ်” ဟု ကျွမ်းရီကပြောသည်။
“သခင်လေး ဒီလေလံပွဲက ထူးဆန်းတယ်။ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ချို့ရယ် စွမ်းအားရှင်တွေရယ် ရှိတယ်လို့ အာရုံခံစားမိတယ်”ဟု ကူးရီက သူ့နားကို ကပ်ပြီးတိုးတိုးလေးပြောပြသည်။
“စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူဆိုတာ ဘာကိုပြောတာလဲ”
“စစ်သားတွေလို့ပြောချင်တာပါ”
“အို ဟုတ်လား” ပုံမှန်လေလံပွဲမှာဆို ထိုလူများကို မတွေ့ရပေ။ ရှေးဟောင်းပစ္စည်းများက စစ်သားများအဖို့ အသုံးမလိုပေ။ဒါ့အပြင် လေလံပွဲကိုတက်ရန် စစ်ဘက်ဆိုင်ရာတာဝန်များကို ပစ်ထားခဲ့ဖို့ အချိန်မရှိပေ။
ထို့ကြောင့် မည်သည့်ပစ္စည်းများကို လေလံဆွဲမည်ဆိုတာ စိတ်ဝင်စားဖို့ကောင်းလှသည်။
“အမျိုးအမည်မဖော်ထားတဲ့ ပစ္စည်းတွေပါလာလို့လား”
“အထဲကိုဘယ်လိုဝင်ကြမလဲ”
လုံခြုံရေးတင်းကြပ်စွာချထားသော ခန်းမဝင်ပေါက်ရှေ့ ရောက်လာကြသည်။အထဲကိုဝင်ရန် ဖိတ်စာကိုပြ ဖို့လိုသည်။သူတို့အတွက် VIPအခန်းစီစဉ်ထားကြောင်းကျွမ်းရီက ပြောပြသည်။
“သခင်လေး ကျွန်မနောက်ကလိုက်ခဲ့ပါ”ခန်းမ၏ ဘေးတွင် လျှို့ဝှက်ဝင်ပေါက် သေးသေးလေးတစ်ခုရှိနေသည်။
ထိုနေရာတွင် ပုဝဝအမျိုးသားတစ်ဦးက ဟိုဟိုဒီဒီကြည့်နေသည်။
ကျွမ်းရီက maskကိုဖယ်လိုက်ပြီး ထိုလူကိုနှုတ်ဆက်သည်။
“မစ္စတာကော့တ်..မတွေ့ရတာကြာပြီနော်”
“အိုး မစ္စကျွမ်းရီ” ထိုလူကြီးက လေးလေးစားစားဦးညွှတ်သည်။
“ကျွန်တော်စောင့်နေတာ ကြာနေပြီ”
“အားလုံးစီစဉ်ပြီးပြီလား”
“ဟား ဘာမှ စီစဉ်ဖို့ကိုမလိုတာပါ။ လာဒီးနစ်မိသားစုဆိုတာနဲ့ ဥရောပမှာရှိတဲ့ ကြိုက်တဲ့ပွဲကို တက်လို့ရတယ်..ဒါ..ဒါက သခင်လေးလား”
“ဟုတ်ပါတယ်။ သခင်လေးကို မိတ်ဆက်ပေးရဦးမယ်။ ဒါက မစ္စတာကော့တ်လာဒီးနစ်ပါ။ ဖန့်မိသားစုနဲ့ လာဒီးနစ်မိသားစုအချင်းချင်းအပြန်အလှန်ဆက်သွယ်ဖို့ မစ္စတာကော့တ်ကပဲ လုပ်ပေးတာများတယ်။ သူက ကျွန်မတို့နဲ့ အဆက်အသွယ်အရှိဆုံးလူလို့ပြောရင်လည်း မမှားပါဘူး”
“ဟဲလို မစ္စတာကော့တ် တွေ့ရတာဝမ်းသာပါတယ်” ဟုဆိုတာ ဖန့်ကြွယ်ယွီက maskကိုချွတ်ပြီး နှုတ်ဆက်သည်။
ဖန့်ကြွယ်ယွီကိုမြင်ပြီး ကော့တ်က မျက်ရည်များဝဲတက်လာသည်။ သူတို့မိသားစု၏ ကျေးဇူးရှင်ဖြစ်သော ဖန့်ယန်နှင့် ဖန့်ကြွယ်ယွီက အတော်လေးရုပ်ချင်းဆင်သည်။
“သခင်လေး နောက်ဆုံးတော့ ကျွန်တော်တို့ဆုံကြရပြီဗျာ”မစ္စတာကော့တ်က အားပါးတရ လက်ဆွဲနှုတ် ဆက်သည်။ “ဥရောပက နွေးထွေးစွာ ကြိုဆိုပါတယ် သခင်လေး”
“လာဒီးနစ်မိသားစုက အမြဲလိုလိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”
“မဟုတ်တာဗျာ။ ဖန့်မိသားစုက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ ဒါကြောင့်မို့ ဖန့်မိသားစုအတွက် ဘာပဲလုပ်ရလုပ်ရ အမြဲအသင့်ပါ”
“သခင်လေး ..အထဲကိုဝင်ကြစို့လေ။ ကျွန်တော့်နောက်ကလိုက်ခဲ့ပါ” ဟုဆိုတာ မစ္စတာကော့တ်က အခန်းအတွင်းသို့ လမ်းပြခေါ်သည်။
“ခဏလေးပါရှင့်။ ဒါက VIPအခန်းပါ။ ဖိတ်စာလေးတစ်ချက်လောက်ကြည့်လို့ရမလားရှင့်”
VIPဝင်ပေါက်နားမှာ လုံခြုံရေးတင်းကျပ်စွာ ချထားသည်။
“သခင်လေး အဲ့မြင်နေရတဲ့နှစ်ယောက်က Sအဆင့် စွမ်းအားရှင်တွေပါ”ဟု ကူးရီက ခပ်တိုးတိုးလှမ်းပြောသည်။
ဒီလိုလေလံပွဲမျိုးအတွက် စွမ်းအားရှင်များကို စောင့်ကြပ်ခိုင်းသည်မှာ မထူးဆန်းပေ။ ကော့တ်က သူ၏ ဝတ်စုံကိုဖွင့်ပြပြီး အတွင်းထဲမှာရှိသော ဖန့်မိသားစုတံဆိပ်ကိုပြသည်။
အစောင့်နှစ်ယောက်က အံ့အားသင့်သွားသည်။ ထိုတံဆိပ်က ဘာလဲဆိုတာ သူတို့သဘောပေါက်ကြသည်။
ထိုတံဆိပ်သည် ဥရောပတခွင် နာမည်ကြီးသော လာဒီးနစ်မိသားစု၏ အမှတ်အသားဖြစ်သည်။
ကော့တ်က ကြယ်သီးကိုပြန်တပ်ရင်း “ဒါဆို အထဲကိုဝင်ဖို့ ဖိတ်စာပြဖို့ လိုသေးလား” ဟု အစောင့်များ ကို မေးလိုက်သည်။