မကျေနပ်သေးဘူး စျေးကိုထပ်မြှင့်မယ်
Vol. 11 Ch. 150
OCD- “Obsessive Compulsive Disorder”
ထိုရောဂါရှိသူများသည် လမ်းလျှောက်လျှင် မျဉ်းပေါ်မှာတဖြောင့်တည်းလျှောက်ကြသည်။ ထမင်းစားလျှင်လည်း တစ်စေ့မကျန်အကုန်စားကြသည်။ အပြင်ထွက်ခါနီးကျလျှင် မီးပိတ်မပိတ်ထပ်ခါထပ်ခါစစ်ဆေးကြသည်။
သို့သော် သူတို့စျေးဝယ်သည့်ပမာဏကို ကိန်းပြည့်အထိရောက်အောင် ဝယ်ကြသည်ဟု တစ်ခါမှ မကြားဖူးပေ။ လေလံပွဲတွင် ကိန်းပြည့်ထိရောက်အောင် မြှင့်တင်သော ပမာဏသည် တစ်ယူရို နှစ်ယူရို ပမာဏ မဟုတ်ဘဲ သန်းနှင့်ချီသော ယူရိုပမာဏဖြစ်သည်။
တစ်ဖက်လူက ယူရို၈.၁ သန်း ဟု လေလံစျေးတင်ချိန်တွင် ဖန့်ကြွယ်ယွီက မဆိုင်းမတွပင် ယူရို ၉သန်းဟူသော ပမာဏကို တိုးပေးလိုက်သည်။
“ဒီ့ထပ်ပိုပြီး စျေးပိုပေးချင်တဲ့လူရှိပါသေးလားရှင်”
“တစ်”
“နှစ်”
“သုံး”
“ဒုံး”
“Patek Philippe ရဲ့ ၁၇၅နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ နာရီကို လက်ဝယ်ပိုင်ဆိုင်သွားတဲ့ အခန်း ၁မှ ဧည့်သည်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါတယ်ရှင်”
စကားလက်၏ မျက်နှာပေါ်မှာအပြုံးပန်းများ ဝေဆာနေသည်။ လေလံပွဲ စီစဉ်သူအနေဖြင့် ပစ္စည်းတစ်ခုချင်းစီအတွက် အပိတ်စျေးကို ကြိုတင်ခန့်မှန်းထားရှိခဲ့သည်။ ခန့်မှန်းစျေးထက်ကျော်လွန်ပြီး စျေးပိုရပါက သူမအတွက် ကော်မရှင်ခအား ဘောနပ်စ်အနေဖြင့် ပေးသည်။
ဥပမာအားဖြင့် ဤနာရီကို ရော့စ်ချိုင်းမိသားစုက ယူရို ၇.၄သန်း ရမည်ဟု ခန့်မှန်းထားသည် ဆိုကြပါစို့။ ယူရို ၈သန်းနှင့် ရောင်းထွက်ပါက အပိုငွေ ယူရို ၆သိန်းအား အစီအစဉ်တင်ဆက်သူက ဘောနပ်စ်အနေဖြင်ရသည်။ ပမာဏမများသော်လည်း ပစ္စည်းတစ်ခုချင်းအလိုက် နည်းနည်းစီရသွားပါက တစ်ခါတလေ သူမရရှိသည့် လစာထက်တောင် ပိုများနေသည်
“ထပ်မံပြီး လေလံတင်ရောင်းချမဲ့ ပစ္စည်းကတော့ အရောင်ငါးရောင်ရှိတဲ့ ဒိုင်နိုဆောရဲ့ အရိုးစု ဖြစ်ပါတယ်”
လက်တွန်းလှည်းပေါ်တွင် သုံးမီတာရှည်လျားပြီးတစ်မီတာမြင့်သော ဒိုင်နိုဆောအရိုးစုကို တင်လာပြီး ဖြည်းဖြည်းချင်းတွန်းလာသည်။
“မိုက်လိုက်တာ။ သူတို့ဆီမှာ ဒီလိုပစ္စည်းတောင်ရှိတယ်”
ဖန့်ကြွယ်ယွီက လေလံတင်ပစ္စည်းများစာရင်းကို ယူကြည့်ချိန်တွင် တခြားပစ္စည်းများကို စိတ်မဝင်စားပေ။
ဒီပစ္စည်းမျိုးက ရှားပါးပြီး တူးဖော်ရရှိပါကလည်း နိုင်ငံတော်ပြတိုက်များတွင်သာ ထိန်းသိမ်းထားသော ပစ္စည်းများဖြစ်သည်။ ရှေးဟောင်းပစ္စည်းများစုဆောင်းလိုသူများအဖို့ ထိုပစ္စည်းမျိုးကို ရဖို့ခဲယဉ်းလှပေသည်။
“ဒီပစ္စည်းအတွက် ကြမ်းခင်းစျေးက ယူရိုရှစ်သိန်းဖြစ်ပါတယ်။ တစ်ခါတိုးရင် အနိမ့်ဆုံး ယူရိုတစ်သောင်း တိုးပေးရပါမယ်”
ထူးထူးဆန်းဆန်းပင် ဒုတိယလေလံတင်ပစ္စည်း၏ တန်ကြေးက သိသိသာသာလျော့နည်းခဲ့သည်။
“စျေးနည်းလိုက်တာ” ထိုပစ္စည်းမျိုးဆို အဆမတန်စျေးကြီးလိမ့်မည်ဟု ဖန့်ကြွယ်ယွီတွက်ဆထားမိသည်။ ကျန်းနန်ရှိသူ့အိမ်တွင်အခန်းလွတ်ပေါင်းများစွာရှိသည်။ ဒိုင်နိုဆောရုပ်ကြွင်းကို ရပါက ဧည့်သည်များကို ကြိုဆိုသည့် ပစ္စည်းအနေဖြင့် အသုံးပြုနိုင်သည်။
သူက ဝမ်ချုံးကိုတစ်ချက်လှမ်းကြည့်သည်။
“ငါ့ကိုမကြည့်နဲ့။ ဒီလိုအလှဆင်တဲ့ပစ္စည်းမျိုးကို ငါစိတ်မဝင်စားဘူး”
“ကောင်းပြီလေ။အဲ့တာဆို ငါယူလိုက်မယ်”
သူလိုချင်သော ပစ္စည်းကို လိုချင်သည့်လူများရှိနေမလားဟု ဖန့်ကြွယ်ယွီတစ်ချက်မတွေးပေ။
“ယူရိုတစ်သန်း” ဖန့်ကြွယ်ယွီက ကြမ်းခင်းစျေးထက် နှစ်သိန်းပိုပေးပြီး တစ်ခါတည်း စျေးမြှင့်လိုက်သည်။
“ဟာ ဒီကောင်လုပ်ပြန်ပြီ”
“၁.၀၅ သန်း”နောက်ထပ်ဧည့်သည်တစ်ဦးက စျေးကိုမြှင့်သည်။
“ယူရိုနှစ်သန်း”
“ဝိုး” လေလံပွဲမှာရှိနေသော လူများက လေလံစျေးကို နှစ်ဆမြှင့်လိုက်သည့်အပေါ် အထူးအဆန်းဖြစ် ကုန်ကြသည်။
“ညီလေးဖန့် ဘာလို့စျေးကို အရမ်းကြီးမြှင့်ပြီး ပေးတာလဲ”
“ဘာမှမဟုတ်ပါဘူး။ စျေးကိုနည်းနည်းချင်းစီတိုးနေတော့ အချိန်ကုန်တာပေါ့။ ပွဲတက်လာတဲ့ လူတွေအချိန်ကုန် သက်သာအောင် လုပ်ပေးတာ ကောင်းတယ်မလား”
စင့်မြင့်ထက်မှာရှိနေသော စကားလက်က ပြောမပြတတ်လောက်အောင် ပျော်ရွှင်နေမိသည်။ ဒီရုပ်ကြွင်းအတွက် ပွဲစီစဉ်သူများ၏ ခန့်မှန်းစျေးက ယူရို၁.၅သန်းမျှသာ ဖြစ်သည်။ ဖန့်ကြွယ်ယွီပေးသော စျေးက ခန့်မှန်းစျေးထက် ယူရိုငါးသိန်း ပိုများလိမ့်မည်ဟု မည်သူကထင်မည်နည်း။
“ဘယ်လို သူဌေးမျိုးကအခန်းနံပါတ် ၁မှာရှိနေတာလဲ”
စကားလက်က ဝယ်သူကို အရမ်းသိချင်သွားသည်။ သို့သော် သူမက ဆက်ပြီး လေလံတင်ရောင်းမည့် ပစ္စည်း တစ်မျိုးကို မိတ်ဆက်ပေးသည်။
“အင်း..ရွှေတွေ စိန်တွေနဲ့ စီခြယ်ထားတဲ့ ခွက်..အင်း မဆိုးပါဘူး။ ရှင်းယွီအစားအစာစားတဲ့အချိန်သုံးလို့ရတာပေါ့။ ယူရို၈သိန်းဆိုတော့ စျေးမများပါဘူး”
“ဟော့ကင်းသုံးခဲ့တဲ့ ဝှီးချဲ..အင်း ဘယ်လိုလူက လေလံတင်တာပါလိမ့်။ ဒါပေမဲ့ ဝမ်ချုံးတစ်ယောက် ဘတ်စကတ် ဘောဆော့ရင်း ထိခိုက်မိမယ်ဆို အဲ့အချိန်ကျ ဒီဝှီးချဲကို ပို့ပေးမယ်လေ။ ဟော့ကင်းရဲ့ ဥာဏ်ပညာလေး ဘာလေးလည်း ရတာပေါ့”
လေလံပစ္စည်းများတစ်ခုပြီးတစ်ခုရောင်းချပြီးစီးခဲ့သည်။ စျေးအမြင့်ဆုံးက ယူရိုသန်းနှင့် ချီပြီး တန်ကြေးရှိပြီး စျေးအနည်းဆုံးက သိန်းနှင့်ချီပြီး တန်ကြေးရှိသည်။ ပစ္စည်းအားလုံးကို ဖန့်ကြွယ်ယွီတစ်ဦးတည်းက လက်ဝယ် ရရှိခဲ့သည်။ လေလံတင်ပစ္စည်းများထဲတွင် စျေးအနည်းဆုံးပစ္စည်းများဖြစ်သော်လည်း ပရိတ်သက် အများစုက ဖန့်ကြွယ်ယွီတစ်ဦးတည်းက ပိုင်ဆိုင်သွားသည့်အပေါ် မကျေမလည် ဖြစ်ကြသည်။
“အခန်း ၁ က သူဌေးခင်ဗျား ခင်ဗျားတစ်ဦးတည်း ဝယ်နေသလိုဖြစ်နေပြီလို့ မထင်မိဘူးလား” သူတို့ဘေးခန်းမှ သူဌေးတစ်ဦးဆီမှ ဒေါသသံများထွက်ပေါ်လာသည်။
သူဌေးများက သူတို့လေလံအောင်လိုသော ပစ္စည်းများအတွက် လုံလောက်သော ငွေပမာဏကို တစ်ပါတည်း ယူလာကြပြီးဖြစ်သည်။
သို့သော် ဖန့်ကြွယ်ယွီ၏ ကမူးရှူးထိုး လေလံဆွဲသည့်ပုံစံကြောင့် သူတို့လေလံဝင်ဆွဲဖို့ အခွင့်မသာတော့ပေ။
လေလံပွဲတစ်ခုလုံးတွင် အံ့ဩသူများ၊ ဒေါသထွက်သူများ၊ စိတ်ထဲမကျေမလည်ဖြစ်သူများနှင့် ပြည့်နှက်နေတော့သည်။
“ဟင် ငါက ဘာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မိလို့လဲ” ဖန့်ကြွယ်ယွီက အခန်းတွင်းရှိ စပီကာကို ဖွငိ့ပြီး ပြောလိုက်သည်။
“အင်း တရုတ်လူမျိုးပါလား”ဖန့်ကြွယ်ယွီက တရုတ်ဘာသာစကားကို သုံးပြီးပြန်မေးသည်။ သူဘယ်ကလာလဲဆိုတာ ဖုံးကွယ်လိုစိတ်မရှိပေ။
“တရုတ်မှာ ဒီလောက်ချမ်းသာတဲ့ သူဌေးဘယ်တုန်းက ဘယ်လို ပေါ်လာခဲ့တာလဲ”
လူအများစုက အခန်း၁ ကို တအံ့တဩဝိုင်းကြည့်ကြသည်။ပစ္စည်းတစ်ခုချင်းစီအတွက် လေလံအောင်သည့် စျေးက မများသော်ငြား အားလုံးပေါင်းလိုက်လျှင် ယူရို သန်း ၂၀ကျော်ရှိသည်။
ထိုပမာဏသည် ပေါ့သေးသေးပမာဏမဟုတ်ပေ။ ယူရို သန်း ၂၀နှင့်ဆိုအများကြီး ဝယ်ယူနိုင်သည်။
“မစ္စစကားလက်..လေလံပွဲမှာ လူတစ်ဦးတည်းက ပစ္စည်းအများကြီးဝယ်လို့မရဘူးဆိုတဲ့ စည်းမျဉ်းရှိပါသလား ခင်ဗျာ”ဟု ဖန့်ကြွယ်ယွီက လှမ်းမေးသည်။
“မရှိပါဘူးရှင့် လူကြီးမင်း”
ဖန့်ကြွယ်ယွီ၏ ကျေးဇူးနှင့် စကားလက်က ကော်မရှင်ကြေးကို ယူရိုတစ်သန်းကျော်ရနေပြီဖြစ်သည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီဘက်က ရပ်တည်ပေးရမည်။
“ဒါပဲလေ။ ခင်ဗျားတို့က ဘာလို့ပြသနာရှာနေကြတာလဲ။ လေလံပွဲရဲ့ စည်းမျဉ်းတွေကို ငါလိုက်နာတယ်။ ငါ့ဘက်က ပိုက်ဆံအများဆုံးပေးနိုင်မယ်ဆို အဲ့ပစ္စည်းကို ငါရမှာပေါ့။ ဘာတွေဖြစ်နေကြတာလဲ”
ဖန့်ကြွယ်ယွီ၏ တစ်ဖက်အခန်းက လူ၏တိုက်ခိုက်မှုကို ခပ်ပြတ်ပြတ်တုံ့ပြန်သည်။
“လူကြီးမင်း..ငါတို့က လေလံမအောင်နေဘူးဆိုတာ ငါတို့မှာ ထိုက်သင့်တဲ့ ငွေပမာဏ အရည်အချင်း မပါ လာဘူးလို့ မဆိုလိုဘူးနော်”
“ခင်ဗျားတို့ သဘောမကျရင် စျေးကိုမြှင့်ကြပေါ့ဗျာ။ ဘာလို့ ဒီတိုင်းရပ်ကြည့်နေကြတာလဲ”
“ဒါဆို မင်းဘက်က စျေးကို အဆမတန် လိုက်မမြှင့်နဲ့”
“ငါက ဘယ်တုန်းက လုပ်လို့လဲ။ ဟား ကောင်းပြီလေ။ မင်းတို့ဘက်က အဲ့လိုမြင်နေမှတော့ မထူးပါဘူး။ ဒီ့ထက်ပိုပြီး စျေးမြှင့်ဦးမှာ။ ခုချိန်ကစပြီး မင်းတို့က ဒီနေ့လေလံပွဲမှာ မြင်မြင်သမျှ အကုန်ဝယ်နိုင်မယ်ဆို မင်းရဲ့ မျိုးရိုးနာမည်ငါပြောင်းပစ်မယ်”