အခန်း (၄၆)
Vol. 4 Ch. 46
"ဒီပုံကြမ်းက ဘာအတွက်လဲ"
"ပုံကြမ်းသက်သက်ဆိုရင် ခိုးယူတယ်လို့ မယူဆဘူးလား။ ဒါမှမဟုတ် လုံးဝကို ခိုးယူတာလား"
ဂါရက် ပါးစပ်ဟလိုက်ပြီး ဘုန်းတော်ကြီးနှင့် ငြင်းခုန်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူရဲကောင်းဘာရွန်ကို ဆက်၍ အော်ပြောလိုက်သည်။
"ပြီးတော့ ငါ ခွဲစိတ်လိုက်ရင်တောင် မင်းတို့ရဲ့ ကြွက်သားတွေကို ဘယ်လိုပြန်ချုပ်ရမှာလဲ။ ငါ့လက်နဲ့လား"
"ဘာလို့ မင်းရဲ့လက်တွေကို မသုံးနိုင်ရမှာလဲ"
ဂါရက် စကားမဲ့သွားသည်။ သူ ကုလားထိုင်တွင် ပြန်ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်သည်။ သူ မည်သည့်လမ်းကို ရွေးချယ်ခဲ့သည်ကို ပြန်မေးခွန်းထုတ်မိသည်။ "လူနာတွေကို ပညာပေးနိုင်စွမ်း ငါ ဆုံးရှုံးသွားပြီလား။ ငါ့အရင်ဘဝတုန်းက ဒီအဆင့်ရောက်ရင် ဘယ်သူမဆို နားလည်ပြီးသားပဲဟာ။ ပြီးတော့ ထိပ်ပြောင်ဘုန်းတော်ကြီးကလည်း ငါပြောတာ နားလည်ပုံပါပဲ... ဘာလို့ ဒီသူရဲကောင်းတွေက ခုထိ..."
ထားလိုက်ပါတော့။
ကြမ်းတမ်းသောသူ၏ နားလည်နိုင်စွမ်းကို မှော်ဆရာတစ်ယောက်နှင့် နှိုင်းယှဉ်၍မရပေ။
အဲ့တော့ ငါကဘယ်လိုရှင်းပြရမှာလဲ။ ဒီနေရာမှာပဲ ခွဲစိတ်ပြရမှာလား။
အကြံကောင်းပဲ။
ဂါရက်၏ မျက်လုံးများ လင်းလက်လာသည်။ သူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ် ထရပ်လိုက်သည်။
သူရဲကောင်းဘာရွန်ကို ပြုံးပြရင်း "ဒီလိုဆို ဘယ်လိုလဲ။ ကျွန်တော် ဝက်ခြေထောက် ဒါမှမဟုတ် သိုးခြေထောက်တစ်ချောင်း ရှာလိုက်မယ်။ ပြီးရင် ဒီမှာ ခွဲစိတ်ပြမယ်။ ဒါဆို ဘယ်လို ကုသလဲဆိုတာ ခင်ဗျားတို့ နားလည်သွားလိမ့်မယ်။ အရှင်ဘုရား… ကျွန်တော့်ကို ခဏစောင့်ပေးနိုင်မလား"
"ဒီအချိန် ဘယ်မှာ ဝက်ခြေထောက် ရှာလို့ရမှာလဲ"
ထိပ်ပြောင်ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက တာဝန်ယူပြီး ဂါရက်ကို ဆွဲကိုင်လိုက်ရင်း "ထားလိုက်ပါတော့ ငါနဲ့ လိုက်ခဲ့"
"ခဏ စောင့်ပါဦး ကျွန်တော့် ခွဲစိတ်ဓား…ဓား…."
ထိပ်ပြောင်ဘုန်းတော်ကြီးက လျင်မြန်စွာ ရှေ့သို့ တရွေ့ရွေ့သွားသည်။ ဂါရက်မှာ ဆွဲခေါ်ခံရပြီး မောပန်းနွမ်းနယ်နေသည်။ သူက ခွဲစိတ်ကိရိယာများကို သူ့လက်တစ်ဖက်ဖြင့် လွှဲရင်း နောက်ဆုံးတွင် သူရဲကောင်းဖလင်းက မခံနိုင်တော့ဘဲ ပြေးလာပြီး သူ၏ ခွဲစိတ်ပစ္စည်းအစုံကို ယူလိုက်သည်။
သူတို့ ဘုန်းတော်ကြီးနောက်သို့ လိုက်သွားစဉ် ပတ်ဝန်းကျင်က ပို၍ လင်းလာကာ ပို၍ တက်ကြွလာသည်။ နောက်ဆုံးတွင် သူတို့သည် လင်းထိန်နေပြီး မီးခိုးများ ပြည့်နေသော ဧည့်ခံစားသောက်ဆိုင်တစ်ခုသို့ ရောက်လာသည်။ ဆိုင်ထဲတွင် လူဆယ်ဂဏန်းခန့် ရယ်မောအော်ဟစ်နေကြသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက တံခါးကို ဖွင့်ဝင်ပြီး အော်ပြောလိုက်သည်။
"အဘိုးကြီး ဝက်ခြေထောက် ရှိလား"
"ခြေထောက်တစ်ဝက် ကျန်သေးတယ်"
ကောင်တာနောက်မှ ဝေးကွာသော အသံတစ်သံက ပြန်ဖြေသည်။
"ကင်ပေးရမလား"
"အစိမ်းလိုချင်တယ်။ မီးဖိုချောင်ကို ခေါ်သွားပေး"
ဘုန်းတော်ကြီးက ဟိန်းခနဲအော်လိုက်သည်။ လူအုပ်ကြားထဲကို ဖြတ်လျှောက်သွားပြီး နောက်မှ သူရဲကောင်းသုံးယောက် လိုက်ပါလာသည်။ ဘားထဲရှိ အရက်သောက်သူများက ပင်လယ်နီကဲ့သို့ပင် ကွဲထွက်သွားကြသည်။ ဂါရက်ဆိုသည့် လူငယ်လေးကတော့ တရွတ်တိုက် ပါသွားပြီး မီးဖိုချောင်တံခါးတွင်ပင် ရပ်တန့်မနေခဲ့ပေ။
မီးဖိုချောင်က လူစည်ကားနေသည်။ ထမင်းချက်ကြီးနှင့် လက်ထောက်အနည်းငယ်က အရှိန်အဟုန်မြှင့်ထားသကဲ့သို့ လှုပ်လှုပ်ရှားရှား ပြေးလွှားနေကြသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက အသားကောင်တာဆီ တန်းတန်းမတ်မတ် သွားပြီး ဝက်ခြေထောက်တစ်ချောင်းကို ဆွဲယူလိုက်သည်။ စစ်ဆေးကြည့်ပြီးတော့ ဂါရက်ဘက်သို့ လှည့်ပြီး "ဒါကို သုံးလို့ရမလား" ဟု မေးလိုက်သည်။
"ငါ့ခြေထောက်ကို ချလိုက်စမ်း"
တစ်ဖက်ကနေ ဒေါသတကြီး အော်သံထွက်လာသည်။ ထမင်းချက်ကြီးက ဓားတစ်ချောင်းနှင့် ရှေ့သို့ ခုန်ဝင်လာပေမဲ့ အချိန်မီ ရပ်တန့်သွားသည်။
"အရှင်ဘုရား"
ထိပ်ပြောင်ဘုန်းတော်ကြီးက စိတ်မပါ့တပါဖြင့် ခေါင်းညိတ်ပြီး ဂါရက်ကို စိုက်ကြည့်နေတုန်းပင်။ ဂါရက်က ဝက်ခြေထောက်ကို စစ်ဆေးရန် သူ၏လည်ပင်းကို ဆန့်လိုက်သောအခါ အရိုးကြီး၏ အဆစ်နှစ်ဖက်လုံးကို ဖြတ်ထားပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်း ခေါင်းခါလိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက ဝက်ခြေထောက်ကို ချက်ချင်း ပြန်ချလိုက်ပြီး "သိုးခြေထောက် ရှိလား" ဟု မေးလိုက်သည်။
"မရှိဘူး..."
ထိပ်ပြောင်ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ထမင်းချက်ကြီးက ချောင်းကြည့်ပြီးတော့ ဝက်ခြေထောက်ကို ဆွဲယူပြီး လုယူခံရမည်စိုးသည့်အတိုင်း ပြေးထွက်သွားသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးကတော့ ဆူဆူညံညံကို ဂရုမစိုက်ဘဲ ခဏတာ စဉ်းစားပြီး "အသက်ရှင်တာ သုံးလို့ရမလား" ဟု မေးလိုက်သည်။
"အသက်ရှင်တာဆို ရလား"
ဂါရက်က သဘောမပေါက်သေးဘဲ အလိုအလျောက် ပြန်ဖြေလိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက ခေါင်းညိတ်ပြီး ထရပ်လိုက်သည်။ ခဏအကြာတွင် ဂါရက် အံ့အားသင့်နေသည့်ကြားက တိရစ္ဆာန်အော်သံပေးနေသော သိုးအရှင်တစ်ကောင်ကို ဆောင်လာပြီး ကောင်တာပေါ်သို့ ပစ်တင်လိုက်သည်။
"ဒါကို သုံးလို့ရမလား"
ဘုရားရေ….တကယ်ကြီး အရှင်ကို ယူလာတာပါလား။
ဂါရက် ကြောင်အသွားသည်။ သူ၏ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ထိပ်ပြောင်ဘုန်းတော်ကြီးက ချောင်းဟန့်ပြီး ထပ်မေးလိုက်သည်။
"ဒါကို သုံးလို့ရမလား"
"ဟုတ် ဟုတ်"
ဂါရက် သတိပြန်ဝင်လာပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာလဲ"
ဂါရက်က လက်လှမ်းလိုက်သောအခါ ကြောက်လန့်နေသည့် သိုးက သူ၏လက်ကို ကန်မိတော့မလိုဖြစ်သွားသည်။ သူ ချက်ချင်းပငါ လက်ပြန်ရုပ်လိုက်ပြီး ဘုန်းတော်ကြီးဘက်သို့ လှည့်ပြီး ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြလိုက်သည်။
ဘုရားရေ….ခင်ဗျားက သိုးအရှင်ကြီးကို ယူလာပြီး မေ့ဆေးတောင် မပေးဘဲနဲ့ ကျွန်တော် ဘယ်လို ခွဲစိတ်ရမှာလဲ။
ဒေသခံ ထုံဆေးလောက်ဆိုရင်တောင် ရပါပြီ။
ထိပ်ပြောင် ဘုန်းတော်ကြီးက တခွီးခွီးရယ်သည်။ ခဏတာ ဆုတောင်းပြီး လက်ချောင်းများကို ဖြတ်ခနဲ မြည်အောင်လုပ်လိုက်သည်။ ချက်ချင်းပင် အဖြူရောင် အလင်းတန်းများက သိုးအရှင်ကို ကောင်တာမှာ ချည်နှောင်လိုက်သည်။ သူ၏ခြေထောက်များက အပေါ်သို့ မြှောက်တက်နေပြီး အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေပုံရသော်လည်း အသံပင် ထွက်လို့မရတော့ပေ။
"အာ... ဒီလို ခွဲစိတ်ရတာ ပိုအဆင်ပြေတယ်..."
ဂါရက်က ကျေနပ်စွာ သက်ပြင်းချရင်း ကောင်တာရှေ့တွင် နေရာယူလိုက်သည်။ ပတ်ပတ်လည်ကို ကြည့်ပြီး "ဦးလေးဖလင်း သေတ္တာလေး လှမ်းပေးပါဦး။ ဦးလေးစီလို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရအောင် ဘယ်ဘက်မှာ ရပ်နေပေးပါ။ ခြေဖျားထောက်စရာ မလိုပါဘူး... အရှင်ဘုရားကတော့ ဒီနားက နည်းနည်း မှောင်နေလို့ အလင်းရောင် မှော်ပညာလေး သုံးပေးပါဦး" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် အရက်ဆိုင်ပိုင်ရှင်က ထမင်းချက်ကြီးနှင့်အတူ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး ထိပ်ပြောင် ဘုန်းတော်ကြီးနှင့် သူ ယူလာသည့် သိုးကို ချောင်းကြည့်နေကြသည်။ သို့သော် သူတို့ အံ့သြစရာကောင်းသည်မှာ ထိပ်ပြောင် ဘုန်းတော်ကြီးက ဘေးတွင် ရပ်နေရုံသာဖြစ်ပြီး ဂါရက်ကသာ ကောင်တာမှာ တည်ငြိမ်စွာ ရပ်ကာ သစ်သားသေတ္တာတစ်လုံးကို ဖွင့်ပြီး ခွဲစိတ်ဓားကို ကောက်ယူလိုက်ခြင်းပင်။
ဓားကို ကိုင်လိုက်သည်နှင့် ဂါရက်၌ ပြတ်သားသော ဟန်ပန် ပေါ်ထွက်လာသည်။ သူ၏အရင်ဘဝက ဆရာဝန်တစ်ဦးအနေဖြင့် လုပ်ခဲ့၊ ကြီးကြပ်ခဲ့သည့် ရာနှင့်ချီသော ခွဲစိတ်မှုများကဲ့သို့ပင် သူက လျင်မြန်စွာ စတင်ပြီး အမိန့်များ ပေးလိုက်သည်။
"ကုသမှု မလုပ်ခင် ပတ်ပတ်လည်က အမွေးတွေကို ရိတ်ရမယ်... ဘာရွန် မရယ်ပါနဲ့ဗျာ။ အချိန်တန်လို့ ရိတ်ဖို့ လိုလာရင် ကိုယ့်ဘာသာ ရိတ်ဓား ရှာတာ ပိုကောင်းလိမ့်မယ်... ပြီးရင် အရေပြားပေါ်မှာ ခွဲစိတ်မယ် အရမ်းအနက်ကြီးတော့ မဟုတ်ဘူးပေါ့..."
သူ ပြောနေရင်း ဓားထိပ်ဖျားက သိုးခြေထောက်၏ အရေပြားကို ထိုးဖောက်သွားပြီး အားမစိုက်ရဘဲ ဖြတ်လိုက်သည်။ အရေပြား ကွဲသွားပြီး သွေးများ ခဏတာ ခဲသွားသကဲ့သို့ပင်။
သွေးစပါးပါးလေး တစ်ကြောင်းသာ ပေါ်လာသည်။
"ဝိုး..."
မီးဖိုချောင်ထဲတွင် တိုးတိုးလေး မြည်သံများ ထွက်ပေါ်လာသည်။ ဘားပိုင်ရှင်နှင့် လက်ထောက်ထမင်းချက်တို့ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ထိပ်ပြောင် ဘုန်းတော်ကြီးက အမိန့်ပေးသကဲ့သို့ လုပ်ဆောင်ပြီး သိုးကို ချည်နှောင်ကာ မှော်ပညာများ သုံးနေသည်ကို သူတို့ မြင်နေရသည်။ ဘားပိုင်ရှင်က ထမင်းချက်ကိုပင် တံတောင်ဆစ်ဖြင့် တွန်းရင်း "ဟေ့ ဒီလူငယ်လေးက ဘယ်သူလဲ" ဟု မေးလိုက်သည်။
"စကားမပြောနဲ့"
ထမင်းချက်က မတွန့်ဆုတ်ဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။ ဂါရက်၏ ဓားလှုပ်ရှားမှုများကို စူးစိုက်ကြည့်နေရင်း "သူ့ဓားပညာက အံ့မခန်းပဲ... သူက အသားကို မထိခိုက်ဘဲ ဖြတ်နိုင်တယ်။ သွေးထွက်တာလည်း နည်းနည်းလေးပဲ။ အထင်ကြီးစရာပဲ"
ဂါရက်ကတော့ လုံးဝ ကျေနပ်ခြင်းမရှိပေ။ တကယ်တော့ သူသည် လူ့အရေပြားနှင့် ပိုမိုရင်းနှီးသည်။ သူ၏ကျွမ်းကျင်မှုအရဆိုလျှင် တစ်ချက်ဖြတ်လိုက်သည်နှင့် အောက်ခံတစ်ရှူးများကို မထိခိုက်ဘဲ အရေပြားကိုသာ ထိမည်ပင်။ သူသည် သူ၏အရင်ဘဝတွင် ကြွက်များ၊ ယုန်များ ခွဲစိတ်ဖူးသော်လည်း သိုးများနှင့်တော့ အတွေ့အကြုံ သိပ်မရှိပေ။ ဓားပေါ်ရှိ သွေးစွန်းတာများကို ကြည့်ပြီး သက်ပြင်းညင်သာစွာ ချလိုက်သည်။
"ဒီဓားက တုံးနေတော့ အမြန်လုပ်လို့ မရဘူး... ဘာရွန် ဓားက နည်းနည်း ပိုထက်ရင် ကျွန်တော် ခင်ဗျားရဲ့ လက်ကောက်ဝတ်ကို ခွဲတဲ့အခါ သွေးထွက်တာ တစ်ဝက်လောက် လျှော့နိုင်တယ်..."
"ကျွန်တော် ဓားသွားရှာလိုက်မယ်"
သူရဲကောင်းဘာရွန်က ချက်ချင်း ပြန်ဖြေလိုက်သည်။ ဂါရက်က သက်ပြင်းချလိုက်သည်။
"ဘယ်ဓားမဆို မရဘူး။ ကျွန်တော်လိုချင်တဲ့ ပုံစံမျိုး ဖြစ်ရမယ်... နောက်တစ်ခုက အရေပြားကို ဘေးဘက်ကို ဆွဲချပြီး ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လုပ်ပါ။ အရှင်ဘုရားက ဒီချိတ်ကို ကိုင်ပေးလို့ရမလား"
သူက အမိန့်ပေးလိုက်သောအခါ ထိပ်ပြောင်ဘုန်းတော်ကြီးက နာခံစွာ ချိတ်ကိုယူပြီး နောက်သို့ ဆွဲလိုက်သည်။ ဂါရက်က ချိတ်ကို တစ်ဝက်တစ်ပျက် ကြည့်နေပြီး သူ၏လက်များက ရပ်တန့်နေခြင်းမရှိပေ။
"ဆွဲဦး နည်းနည်း ပိုဆွဲကြည့်။ အားနည်းနည်း ပိုထည့်... ကောင်းပြီ၊ အဲဒီလိုလေးပဲ သေချာကိုင်ထား"
ထမင်းချက်ကြီးနှင့် ဘားပိုင်ရှင်တို့ စကားမဲ့သွားကြသည်။ ထိပ်ပြောင် ဘုန်းတော်ကြီးကတော့ တိတ်ဆိတ်နေရင်း ချိတ်ကို ဆွဲနေခြင်းကိုသာ အာရုံစိုက်နေသည်။