အခန်း (၄၇)
Vol. 4 Ch. 47
လူအများ၏ မျက်လုံးအောက်တွင် ထိပ်ပြောင်ဘုန်းတော်ကြီးက တစ်ခုခုကို ချိတ်ဆွဲရန် အားထုတ်နေသည်။ သူ၏ခန္ဓာကိုယ်က နောက်ဘက်သို့ ကွေးညွတ်နေပြီး သူ့ခေါင်းက ရှေ့သို့ ဆန့်တန်းထားရာ ဂါရက်၏ လှုပ်ရှားမှုတိုင်းကို ပို၍ ရှင်းရှင်းလင်းလင်း မြင်ရရန် ကြိုးစားနေသောကြောင့် ထူးဆန်းသည့် C ပုံသဏ္ဌာန် ဖြစ်နေသည်။ ဆာဝက်စ်လိုက မခံမရပ်နိုင်တော့ဘဲ ရှေ့တိုးလာပြီး ချိတ်ကို ဆွဲကိုင်လိုက်သောအခါ ဂါရက်၏ အော်သံကို ကြားလိုက်ရသည်။
"အပ်သေးသေးလေးတွေ ယူလာခဲ့ သွားကြားထိုးတံလောက်ဆို ရတယ်"
ဂါရက်က သိုးခြေထောက်ပေါ်မှ ကြွက်သားအမြှောင်းတစ်ခုချင်းစီကို ဂရုတစိုက် ခွဲထုတ်ပြီး အမှတ်အသားအဖြစ် သွားကြားထိုးတံများ ထိုးထားလိုက်သည်။ ပြီးနောက် လူတိုင်းကို ခေါ်ပြီး ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဘာရွန် ဒီမှာကြည့်။ ကြွက်သားတွေ အများကြီး ရှိတယ်။ ခင်ဗျားလက်ပေါ်က တစ်ခု…ဒါက အဲဒီထဲက တစ်ခုပဲ"
သူက ဓားသွားကို လှည့်ပြီး လျင်မြန်စွာ ဖြတ်လိုက်သည်။ 'ပြတ်' ခနဲ မြည်သံနှင့်အတူ အရွတ်က ပြတ်ထွက်သွားပြီး ကြွက်သားက အပေါ်သို့ ကန်ထွက်သွားကာ ငွေရောင်အရွတ်က ကြွက်သားထုထဲမှာ ပျောက်ကွယ်သွားသည်။
"ကဲ အခု ဒါကို ပြန်ရှာရမယ်..."
ဂါရက်က ခေါင်းစောင်းပြီး သိုးခြေထောက်ကို လက်ဟန်ပြလိုက်သည်။ ထိုလက်ဟန်က တော်တော်ရှင်းသည်။
"တူးထုတ်လိုက်"
သူရဲကောင်းဘာရွန်: "..."
ဖလင်းသူရဲကောင်းနှင့် ဆာဝက်စ်လို: "..."
ထိပ်ပြောင်ဘုန်းတော်ကြီးက ငုံ့ကြည့်ပြီး အပေါ်အောက် လိုက်ကြည့်လိုက်သည်။ သူ့အင်္ကျီလက်များကို လိပ်တင်ပြီး ခွဲထားသည့် ကြွက်သားများထဲသို့ အတင်းတူးဆွလိုက်သည်။ အတော်လေး ရုန်းကန်ပြီး သူ၏လက်များ သွေးများပေနေမှ ကျုံ့သွားသည့် အရွတ်ကို တွေ့သွားပြီး လက်သည်းများဖြင့် ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်သည်။
"အိုး"
အရွတ်က ပြန်လျှောကျသွားသည်။
"အိုး"
ထပ်လျှောကျသွားပြန်ပြီ….
တတိယအကြိမ်တွင် ထိပ်ပြောင်ဘုန်းတော်ကြီးက သူ၏အမှားမှ သင်ခန်းစာယူပြီး သူ့လက်သည်းနှစ်ချောင်းလုံးဖြင့် ကြွက်သားကို ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ကောက်ဝတ်က သွေးပြန်ကြောများ ထောင်လာပြီး ဆွဲလိုက်သောအခါ အကောင်းပတိဖြစ်နေသော သိုးခြေထောက်တွင် အပေါက်တစ်ပေါက် ဖြစ်သွားသည်။
"ဟေ့ ဟေ့ ဟေ့ ရပ် ရပ်…."
ဂါရက် ဆက်မကြည့်နိုင်တော့ပေ။
"အရှင်ဘုရားရေ ဒီမှာ အတင်းအဓမ္မ လုပ်လို့မရဘူး။ သင့်တော်တဲ့ ကိရိယာတွေ လိုတယ်... တစ်ယောက်ယောက် ညှပ်တစ်စုံ ယူလာခဲ့... မဟုတ်ဘူး၊ ညှပ်မရှိဘူးလား။ ကောင်းပြီလေ သံချောင်းပြားသေးသေးလေး နှစ်ချောင်းနဲ့ ချိတ်တွေ ပိုယူလာခဲ့"
"သွားယူလာခဲ့"
ထိပ်ပြောင်ဘုန်းတော်ကြီးနှင့် သူရဲကောင်းအများအပြားက တစ်ပြိုင်နက်တည်း အမိန့်များ ပေးလိုက်သည်။ မီးဖိုချောင်က ချက်ချင်း ဆူညံသွားပြီး လက်ဖက်ရည်တစ်ခွက်ခွဲစာခန့် အချိန်ကြာတော့ ဂါရက် တောင်းဆိုသည့် ပစ္စည်းများကို ယူလာခဲ့ကြသည်။ သံချောင်းရှည်များက မညီမညာဖြစ်နေပြီး သူရဲကောင်းများ လုပ်ထားသည့် ကောက်နေသည့်ချိတ်များကလည်း ကြမ်းတမ်းသော်လည်း ဂါရက်က လက်ခံရတော့သည်။
"ဒါနဲ့ပဲ ရမှာပဲ..."
သူက ကြွက်သားကို ဂရုတစိုက် ခွဲလိုက်ပြီး ချိတ်ဖြင့်ချိတ်လိုက်သည်။ သူရဲကောင်းနှစ်ဦးကို ဆန့်ကျင်ဘက် လမ်းကြောင်းဆီ ဆွဲခိုင်းလိုက်သည်။ အတွင်းပိုင်းမှ ပြတ်နေသည့် အရွတ်ကို တွေ့သောအခါ သံချောင်းပြားသေးသေးလေးနှစ်ချောင်းဖြင့် မြဲမြဲညှပ်ပြီး သူရဲကောင်းဘာရွန်ကို ခေါ်လိုက်သည်။
"ဆွဲ နောက်ကို ဆွဲ"
"ဆွဲ"
သူရဲကောင်းဘာရွန်က အားထုတ်ပြီး သိုးခြေထောက်ကို 'အီး' ခနဲမြည်အောင် ဆွဲလိုက်သည်။ တစ်လက်မချင်းစီ ဆွဲပြီး ကြွက်သားများ ပြန်မပြဲအောင် တားဆီးလိုက်သည်။ ပြတ်နေသည့် အရွတ်က ၎င်း၏ အစွန်းတစ်ဖက်နှင့် ပြန်ထိမိသည်နှင့် ဂါရက်က ချက်ချင်း အမိန့်ပေးလိုက်သည်။
"ကောင်းပြီ။ ဒီနေရာမှာပဲ သေချာကိုင်ထား၊ မလှုပ်နဲ့။ အရှင်ဘုရားရေ အရွတ်တွေကို ပြန်ဆက်ဖို့ ကုသတဲ့ မှော်ပညာလေး သုံးပေးပါဦး"
အဖြူရောင် အလင်းရောင် ဆင်းသက်လာသည်။ လူအုပ်စုက ဝိုင်းအုံနေကြပြီး ခွဲစိတ်ဓားဖြင့် ဖြတ်ထားသည့် အရွတ်က အံ့ဖွယ်နည်းဖြင့် ပြန်ဆက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
"ဒီလို လုပ်တာကိုး"
"ဒီလိုဆိုတော့ ပိုရှင်းတာပေါ့။ ဘာရွန်အိုကြီး ကြည့်ကြည့် ခင်ဗျားရဲ့ အရွတ်တွေကိုလည်း ဒီလိုပဲ ဆက်လို့ရတယ်"
"ဂါရက်လေး မင်း တကယ်ကို အံ့ဩစရာကောင်းလိုက်တာ"
သူရဲကောင်းများက အံ့ဩတကြီး အော်ဟစ်ကြသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက အခွင့်အရေးကို လက်ဆုပ်ကိုင်ပြီး သိုးကို လုံးဝ ကုသပေးလိုက်သည်။ သူ၏ နတ်ဘုရားဆန်သည့် ထိန်းချုပ်မှုကို လွှတ်ပေးလိုက်သောအခါ ထိုတိရစ္ဆာန်က လျင်မြန်စွာ ပြေးထွက်သွားသည်။
...ခြေထောက်တော့ အနည်းငယ် ထော့နဲ့နေ၏။
"ဂါရက် ဘာလို့ ခုထိ ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေသေးတာလဲ"
"အဲဒါကြောင့် ကျွန်တော် ပြောတာလေ။ သင့်တော်တဲ့ ကိရိယာတွေ လိုတယ်လို့"
"ဘာတွေ လိုအပ်လဲ"
ထိပ်ပြောင်ဘုန်းတော်ကြီးက လေးနက်စွာ မေးလိုက်သည်။ ဂါရက်၏ မျက်လုံးများ လင်းလက်လာသည်။
လင်းဆိုသည့် နက်ခရိုမန်ဆာက သူ့ကို ပေးခဲ့သည့် ခွဲစိတ်ကိရိယာများက ဘာမှမရှိတာထက်တော့ ပိုကောင်းသည်။
ဓားသွားများမှာ လှိုင်းတွန့်ပုံသဏ္ဌန်များဖြစ်နေပြီး၊ ကတ်ကြေးများကပင် ပန်းများကိုပင် ကောင်းကောင်းမညှပ်နိုင်ပေ။
ချိတ်တစ်ချောင်းသာ ရှိပြီး သွေးကြောညှပ်တံတွေကိုတောင် ဘာတွေမှန်းသိမှာ မဟုတ်ပေ။ အမျိုးအစားနှင့် တိကျမှုအရဆိုလျှင် ၂၁ ရာစုက သူ၏အတွေ့အကြုံများအရ ဂါရက်က လက်ခံရန် အနည်းငယ် ခက်ခဲနေသေးသည်။
သို့သော် တစ်ယောက်ယောက်ကို လုပ်ခိုင်းရမည်ဆိုလျှင် ဂါရက်က သူ၏ပိုက်ဆံအိတ်ကို ကြည့်ပြီး စိုးရိမ်ပူပန်မှု ဖြစ်မိသည်။ အစတုန်းက သူသည် တဖြည်းဖြည်း စုဆောင်းရန် စီစဉ်ထားသော်လည်း မထင်မှတ်ဘဲ ဘုရားကျောင်းက စတင်၍ ရှေ့ဆောင်ခဲ့သည်။
ဘုရားကျောင်းက ချမ်းသာသည်။ အထောက်အပံ့ကောင်းသည်။ ချမ်းသာသူများဆီကနေ ခွဲစိတ်ကိရိယာများအတွက် ယူမည်။ သူဌေးများနှင့် ယဉ်ကျေးနေစရာ မလိုပေ။
"စကားအနည်းငယ်နဲ့ ရှင်းပြလို့ မရဘူး"
သူက ထိပ်ပြောင်ဘုန်းတော်ကြီးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"ကျွန်တော် အိမ်ပြန်ပြီး ပုံဆွဲပြလိုက်ရမလား"
ထမင်းစားချိန်ခန့် ကြာပြီးနောက် ထိပ်ပြောင်ဘုန်းတော်ကြီးက အံ့အားသင့်စွာဖြင့် ခွဲစိတ်ကိရိယာမျိုးစုံပုံများနှင့် ပြည့်နေသည့် စာရွက်ကြီးတစ်ရွက်ကို စိုက်ကြည့်နေသည်။
အသေးစိတ် မှတ်စုများပင် ပါသေးသည်။
"ဒါက ဘာလဲ"
"ခွဲစိတ်ဓားရဲ့ လက်ကိုင်။"
"ဒါက"
"စက်ဝိုင်းပုံ ဓားသွား။ ဒါက ကွေးနေတဲ့ ဓားသွား၊ တြိဂံပုံ ဓားသွား၊ အမျိုးမျိုးရှိတဲ့ အရွယ်အစားတွေ"
"ဒါကရော"
"သွေးတိတ်ညှပ်"
"ဘာလို့ နှစ်ခုက ပုံစံတူဆွဲထားတာလဲ"
"ဪ ဒါက သွေးတိတ်ညှပ် မဟုတ်ဘူး၊ ဒါက အပ်ကိုင်တဲ့ ညှပ်။ ဒါတွေက အသားညှပ်၊ အသေးနဲ့ အကြီး၊ နှာဖူးပြားညှပ်။ ဒါက ခြင်ညှပ်၊ ဒါက အချွန်ခြင်ညှပ်။ ဒါက ခွေးသွားစိတ်ညှပ်၊ ကွေးနေတဲ့ တိမ်းစောင်းညှပ်၊ ဖြောင့်တန်းတဲ့ တိမ်းစောင်းညှပ်၊ ဒါတွေက အကြီး၊ အလတ်၊ အသေး ကွေးနေတာတွေ..."
"စကားမစပ် ခြင်ညှပ်၊ အချွန်ခြင်ညှပ်၊ အသားညှပ်၊ သွေးတိတ်ညှပ်တွေက တော်တော်သေးတယ်။ ရတနာပန်းထိမ်သမားတစ်ယောက်ကို လုပ်ခိုင်းတာ အကောင်းဆုံးပဲ။"
"ဒီ ဒီလောက် အများကြီးလား"
ထိပ်ပြောင်ဘုန်းတော်ကြီး စကားမဲ့သွားသည်။
ဂါရက်က သက်ပြင်းချလိုက်သည်။
"ဒါတွေက အရေးတကြီး လိုအပ်တာတွေပဲ။ အစုံအလင် ရဖို့ဆိုရင် အဝေးကြီး လိုသေးတယ်..."
ခွဲစိတ်ကုသမှု တစ်ခုမှ ကိရိယာ ဒါဇင်နှင့်ချီသော လှည်းတစ်စီး မပါဘဲ ရောက်မလာပေ။ စတင်ရန်ပင် မဖြစ်နိုင်ပေ။ လုံခြုံစိတ်ချမှုဆိုတာ လုံးဝ မရှိပေ။
သူရဲကောင်းဘာရွန်က စာရွက်ပေါ်မှ ပုံစံများကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ၏လက်ကောက်ဝတ် ဒဏ်ရာကို ကြည့်ပြီး တဖြည်းဖြည်း ခေါင်းငုံ့သွားသည်။ သူ၏မျက်နှာက တောက်ပရာမှ မှိုင်းမှိုင်းညို့ညို့ ဖြစ်လာပြီး နောက်ဆုံးတွင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"ကျွန်တော်..."
ဂါရက်က သ၏မျက်နှာအမူအရာများကို ကြည့်နေခဲ့သည်။ ဤကဲ့သို့ ပဋိပက္ခဖြစ်ပြီး ယိမ်းယိုင်နေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည့် ပုံစံမျိုးကို သူ၏အရင်ဘဝတွင် အကြိမ်ကြိမ် မြင်ဖူးခဲ့သည်။
ငွေကြေးချို့တဲ့သော မိသားစုများသည် ကုသနိုင်ရန် မျှော်လင့်ချက်ဖြင့် ကိုယ်ပိုင်ပစ္စည်းအားလုံးကို ရောင်းချပြီး စွန့်စားရန် ဆုံးဖြတ်နေကြသည်။ သူတို့သည် အရေးပေါ်ခန်းများတွင်၊ ငွေချေကောင်တာများတွင် အမြဲတမ်း ချီတုံချတုံဖြစ်နေပြီး စောင့်ဆိုင်းခန်းများတွင် စိတ်ပူပန်မှုများဖြင့် ပြည့်နေသည်။
ထိုစဉ်က သူ ဘာမှ အများကြီး လုပ်မပေးနိုင်ခဲ့ပေ။ တစ်နှစ်တွင် သုံးရာခြောက်ဆယ့်ငါးရက်၊ တစ်ရက်ကို လူနာ ဒါဇင် သို့မဟုတ် ရာနှင့်ချီရှိသည့်အထဲတွင် စီးပွားရေးခက်ခဲနေသည့် လူနာအချို့ အမြဲတမ်း ပါဝင်နေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ နောက်ဆုံးတွင် သူ တစ်ခုခု လုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
ဂါရက်က သူရဲကောင်းဘာရွန်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူ့ခေါင်းကို မော့ပြီး ထိပ်ပြောင်ဘုန်းတော်ကြီးကို ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"အရှင်ဘုရား ဒီကိရိယာအစုံကို လုပ်ပေးဖို့ ခင်ဗျား အကူအညီပေးလို့ ရမလား။ ပြီးတာနဲ့ ကျွန်တော် သူရဲကောင်းဘာရွန်ကို ဘုရားကျောင်းကို ခေါ်သွားပြီး ကုသမှုပြီးမြောက်အောင် လုပ်ပေးပါမယ်။ ဒီပုံတွေနဲ့ ကုသမှုလုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ် မှတ်တမ်းတင်ပေးနိုင်ပါတယ်"
ထိပ်ပြောင်ဘုန်းတော်ကြီး၏ မျက်မှောင်ကြုတ်ထားမှုက တဖြည်းဖြည်း ပြေလျော့လာသည်။ သူက ရည်ရွယ်ချက်ရှိရှိ ခေါင်းခါလိုက်သည်။
"ဒါလောက်ပဲလား"
"ဒါလောက်ဆို မလုံလောက်ဘူးလား"
ဂါရက်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။
"အရှင်ဘုရား… စစ်နတ်ဘုရား ဘုရားကျောင်းရဲ့ နောက်လိုက်တွေထဲမှာ စစ်သည်တော်တွေ အများကြီး ရှိတယ်မလား။ မကုသနိုင်တဲ့ ဒဏ်ရာဟောင်းတွေ ရရှိထားတဲ့ ဘယ်နှစ်ယောက် ရှိလဲ။ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ခင်ဗျားတော့ သေချာပေါက် သိတယ်မလား။"
ထိပ်ပြောင်ဘုန်းတော်ကြီးက ခပ်ပါးပါး ခေါင်းညိတ်လိုက်သည်။ တကယ်ပင် သူသိသည့်သူများထဲတွင် ဒဏ်ရာဟောင်းများကြောင့် အနားယူထားသည့် အဆင့်မြင့်စစ်သည်တော် ဆယ်ဂဏန်းခန့် ရှိသည်။
"ဒီစစ်သည်တော်တွေ တော်တော်များများက ပိုက်ဆံရှိတယ်မလား။ စဉ်းစားကြည့်ပါဦး၊ ဒဏ်ရာဟောင်းတွေ ကုသလို့ရတယ်၊ သူတို့ စစ်မြေပြင်ကို ပြန်သွားနိုင်တယ်ဆိုတာ သိရင် ဘုရားကျောင်းအတွက် သူတို့ ဘာတွေ လုပ်ပေးချင်ကြမလဲ။ တခြားဘုရားကျောင်းတွေက ကုသလို့ မရဘူး၊ စစ်နတ်ဘုရား ဘုရားကျောင်းကပဲ ကုသနိုင်တယ်"
"အရှင်က စစ်နတ်ဘုရား ဘုရားကျောင်း တစ်ခုတည်းလို့ ပြောတာလား"
ထိပ်ပြောင်ဘုန်းတော်ကြီး စိတ်လှုပ်ရှားသွားသည်။ ဂါရက်က ပခုံးတွန့်ပြလိုက်သည်။
"ကျွန်တော်ကတော့ နွေဦးနတ်ဘုရားမ ဘုရားကျောင်းမှာ သင်ကြားပေးဖို့ စိတ်ကူးမရှိဘူး..."
သဘာဝနတ်ဘုရား ဘုရားကျောင်းအတွက်ကတော့ ချောင်းဟန့်ရင်း သူ၏ ပရောဖက်ဆာအဖြစ် မှတ်ပုံတင်ထားသည်မှာ အတုအယောင်ဖြစ်ပြီး သူ အမြန်ဆုံး ထွက်ပြေးရန်သာ စဉ်းစားနေခြင်းဖြစ်သည်။
ထိပ်ပြောင်ဘုန်းတော်ကြီးက စဉ်းစားလိုက်သည်။
စဉ်းစားလေလေ ဤအဆိုပြုချက်က ပို၍ အကောင်အထည်ဖော်နိုင်လေလေ ဖြစ်လာသည်။ သူက ဂါရက်ကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်း လူဆိုးလေး။ ငါတို့ကို ဘယ်လို ကုသရမလဲ သင်ပေးပြီး မင်းက ဓားအစုံကို အလကား ရဖို့ ကြံစည်နေတာလား"
"မငြင်းနိုင်ဘူးမလား"
ဂါရက်က ရယ်မောလိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက သူ၏ပခုံးကို ပုတ်လိုက်သည်။
"ငါက မငြင်းနိုင်တော့ဘူးတဲ့လား"
"အိုး မရိုက်ပါနဲ့။ တစ်ခုခု ကွဲသွားရင် ဘယ်သူမှ ခွဲစိတ်လို့ရတော့မှာ မဟုတ်ဘူး"