← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ဂါရက်၏ စိတ်ထဲတွင် ဤစကားစု လျှပ်ခနဲ ပေါ်လာသည်။ သူ၏ ယခင်ဘဝက ဝက်ဘ်ဝတ္ထုများနှင့် ဂိမ်းများတွင် ဤမှော်ပညာကို တွေ့ဖူးသည်။ သူ့တွင် အချိန်ကန့်သတ်ချက် ရှိပုံရပြီး မှော်ဆရာ၏ အဆင့်အလိုက် ကြာရှည်သည်။ ထို့ကြောင့် အချိန်စေ့သွားသောအခါ အားလုံး ချက်ချင်း ပျောက်ကွယ်သွားမည်ပင်။

ကျေးဇူးတင်စကား ပြောဆိုရန်ပင် အချိန်မရဘဲ ဂါရက်သည် အက္ခရာအားလုံးကို စာရွက်တစ်ရွက်ပေါ်တွင် အစီအစဉ်အတိုင်း အလျင်အမြန် ကူးယူလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ အယ်လယောတ်မှာ အဝေးသို့ ရောက်နေပြီး အလျင်အမြန် လျှောက်လှမ်းနေပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ်"

ဂါရက်က တံခါးဘောင်ကို မှီပြီး အော်ပြောလိုက်သည်။ ထို့နောက် စာအုပ်စင်ဆီသို့ ပြေးဝင်ကာ အခြေခံ တရားထိုင်နည်းစာအုပ်ကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။

တရားထိုင်ခြင်းသည် မှော်ဆရာများအတွက် အခြေခံအုတ်မြစ်ပင်။

စောနိုင်သမျှ စောလေ ကောင်းလေပဲ။

ဘာသာစကား ကျွမ်းကျင်မှု မှော်ပညာ အကျိုးသက်ရောက်နေစဉ်တွင် ဤစာအုပ်ကို ယခုပင် မှတ်သားပြီး အိမ်တွင် ကောင်းစွာ လေ့ကျင့်နိုင်ခြင်းက မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သည်။

သူသည် ပထမစာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီး အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည်။

"တရားထိုင်ခြင်းသည် မှော်ဆရာများအတွက် တစ်သက်တာလုံး လိုက်စားရမည့် အရာဖြစ်သည်။

ဟေလာ ယူရီလ်၊ မှော်ပညာသမိုင်း၊ နှစ် ၃၈၂။"

ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်….. ကျွန်တော် အခုနားလည်သွားပြီ။

ဤစာအုပ်ကို မှော်စာလုံးများဖြင့် ရေးသားထားပြီး ဂါရက် နားလည်ရန် မလိုအပ်သည့် ထူးဆန်းသော စာလုံးများ မဟုတ်ပေ။ ဤစာမျက်နှာများပေါ်ရှိ စာလုံးတိုင်းကို ဂါရက် သိသည်။

ဤစာအုပ်၏ ရေးသားသူက အမှန်တကယ် စိတ်သဘောထားပြည့်ဝသူပင်...

ဂါရက်သည် စာကို အာရုံစိုက်ပြီး ဖတ်ရှုခဲ့သည်။ ၎င်းသည် မှော်လောကသို့ အသစ်ဝင်ရောက်လာသူများအတွက် ရေးသားထားသည်ဖြစ်စေ၊ ရေးသားသူ၏ ဖော်ရွေသော သဘောသဘာဝကြောင့် ဖြစ်စေ "အခြေခံ တရားထိုင်နည်း"က အလွန်ရိုးရှင်းပြီး နားလည်လွယ်သည်။ ၎င်းသည် တရားထိုင်ခြင်း၏ ရည်ရွယ်ချက်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြင့် စတင်ခဲ့သည်။

တရားထိုင်ခြင်းသည် မှော်ဆရာများအတွက် သူတို့၏ စိတ်စွမ်းအားကို မြှင့်တင်ရန် နည်းလမ်းဖြစ်ပြီး ထို့နောက် စိတ်စွမ်းအားဖြင့် ကမ္ဘာကြီးကို လေ့လာခြင်း၊ ကမ္ဘာကြီးကို ရောင်ပြန်ဟပ်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။

အင်း... စာလုံးတိုင်းကိုလည်း နားလည်လာပြီ။ စကားစုတိုင်းကိုလည်း နားလည်ပြီ။

ဒါပေမဲ့ စိတ်စွမ်းအားဆိုတာက ဘာလဲ။ ငါ့ရဲ့ အာရုံစူးစိုက်မူလား။ တွေးခေါ်နိုင်စွမ်းလား ဒါမှမဟုတ် ဦးနှောက်လှိုင်းတွေရဲ့ လှုပ်ရှားမူအဆင့်လား။

မြင်လည်းမမြင်ရသလို ထိတွေ့လို့လည်းမရပေ။

EEG (ဦးနှောက်လျှပ်စစ်လှိုင်းမှတ်တမ်း) က အကူအညီဖြစ်မလား။ ဒါမှမဟုတ် မာ့စ်ရဲ့ ဦးနှောက်-စက် ကိရိယာက စိတ်စွမ်းအားကို ခန္ဓာကိုယ်ထက် ကျော်လွန်အောင် လုပ်နိုင်မလား။ ဒါမှမဟုတ် ဦးနှောက်လှိုင်းတွေ မဟုတ်ဘဲ အာရုံကြော သံလိုက်စက်ကွင်း တစ်ခုများလား။

ဤအတွေးများကို ခါချလိုက်ပြီး ဂါရက်က စိတ်အေးအေးဖြင့် စာဖတ်စတင်လိုက်သည်။ အချိန်က အကန့်အသတ်နှင့်မို့ သူ ကူးရေးရန် အချိန်ရမရ မသိသောကြောင့် တစ်ချိန်တည်းမှာ ဖတ်ရင်းမှတ်ရင်း လုပ်ရတော့သည်။

တစ်ခေါက်ဖတ်ပြီး နောက်တစ်ခေါက် ဖတ်နေတုန်း စာအုပ်တစ်ဝက်လောက်ရောက်သောအခါ သူ၏စိတ်ထဲ ရုတ်တရက် ဝေဝါးသွားပြီး...

စာအုပ်ထဲက စာသားများ ပုံပျက်ပန်းပျက်များ ဖြစ်သွားပြီး တစ်ခါတစ်ရံ ရင်းနှီးသော စကားလုံးအနည်းငယ် ပေါ်လာသည်။

မှော်ပညာ၏ သက်တမ်း ကုန်ဆုံးသွားပြီ။ ပြီးသွားပြီ။ ချက်ချင်း ပျောက်ကွယ်သွားသည်။ မှတ်ဉာဏ် တစ်စွန်းတစ်စတောင် မကျန်တော့ပေ။

ဂါရက် စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ သူ စာရွက်အလွတ်တစ်ရွက်ကို ဖြန့်ချလိုက်ပြီး အခြေခံ တရားထိုင်နည်း၏ ပထမစာမျက်နှာကို ပြန်လှန်လိုက်သည်။ ပုံများနှင့် စာမျက်နှာပေါ်က ပြန့်ကျဲနေသော စကားလုံးအနည်းငယ်၏ အကူအညီဖြင့် သူ မှတ်မိသည့်စာသားများကို ရေးသားစတင်လိုက်သည်။

တရားထိုင်ခြင်း၏ အဓိပ္ပာယ်။

တရားထိုင်ခြင်းဆိုတာ ဘာလဲ။

တရားထိုင်ခြင်းကို ဘယ်လိုစလုပ်ရမလဲ။ စိတ်ကို ငြိမ်သက်အောင်လုပ်ခြင်း၊ အိပ်ပျော်ခြင်းနှင့် နိုးကြားခြင်းကြားက အခြေအနေကို ရောက်အောင်လုပ်ခြင်း၊ အရင်ဆုံး အာရုံစိုက်ပြီးမှ ချဲ့ထွင်ခြင်း။

စိတ်စွမ်းအားကို အသုံးပြုပြီး ကမ္ဘာကြီးကို ဘယ်လိုထိတွေ့ရမလဲ။

ကနဦး တရားထိုင်စဉ်မှာ ဘာတွေ ခံစားရမလဲ။ ဘာတွေ ရှောင်ကြဉ်ရမလဲ...

တစ်ကြောင်းချင်းစီ၊ တစ်မျက်နှာချင်းစီအား မသိစိတ်ဖြင့်ပင် ဂါရက်၏ ဘယ်ဘက်တွင် စာလုံးများဖြင့် ပြည့်နေသော စာရွက်ပုံတစ်ပုံ စုပုံလာသည်။

မမျှော်လင့်သည့် အကျိုးအမြတ်ပင်။

ဒီညတော့ ပထမဆုံးအကြိမ် တရားထိုင်ကြည့်ရမယ်။

မှော်လောကကြီးရေ ငါ လာပြီကွ။

အိမ်ပြန်လမ်းတွင် ဂါရက်သည် စိတ်လှုပ်ရှားမှုများ ပျော်ရွှင်နေ၏။

ညဘက်ပင်ဖြစ်လင့်ကစား ရေပုံးအနည်းငယ်ကို သွားခပ်ကာ ထင်းခွဲပြီး ရေနွေးပူပူဖြင့် သေသေချာချာ ရေချိုးလိုက်သည်။ အိမ်တွင် သိုလှောင်ထားသည့် ထင်းတစ်ဝက်ပင် ကုန်သွားခဲ့သည်။ ရှေးခေတ်ဘဝက တော်တော်လေးကို အလုပ်ရှုပ်သည်။ ရေပိုက်နှင့် ရေနွေးစက်သာ ရှိခဲ့လျှင် သို့မဟုတ် သူသာ မှော်ပညာကို တတ်မြောက်ခဲ့လျှင် ရေချိုးရေကို တိုက်ရိုက်အပူပေးနိုင်ပေလိမ့်မည်။

သက်ပြင်းချရင်း ရေစိမ်နေစဉ် ဂါရက် ညည်းတွားလိုက်သည်။ မည်မျှပင် အလုပ်များစေကာမူ ရေချိုးခြင်းက မရှိမဖြစ်လိုအပ်သည်။ တရားထိုင်ခြင်း၏ အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် ရေချိုးခြင်းနှင့် အဝတ်လဲခြင်းသည် မရှိမဖြစ် လုပ်ငန်းစဉ်များဖြစ်သည်။ သူ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာပေါ်တက်ကာ ခြေချိတ်ထိုင်လိုက်သည်။

ဒီခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုက ပြဿနာပဲ။ ၁၆ နှစ်ပဲ ရှိသေးပေမဲ့ ဘာဖြစ်လို့ တင်ပျဉ်ခွေထိုင်လို့မရတာလဲ။

သို့သော်... "အခြေခံ တရားထိုင်နည်း" စာအုပ်မှာ တင်ပျဉ်ခွေ ထိုင်ရမယ်လို့ မပြောထားပေမဲ့ တရုတ်လူမျိုးတစ်ယောက်အနေဖြင့် တရားမထိုင်ခင် ဒီပုံစံကို မကြိုးစားကြည့်တာက အမြဲတမ်း စိတ်မသက်မသာ ဖြစ်မိသည်။

အောင်မြင်မှုနှုန်း ၅-၅ လို ဖြစ်နေတာမျိုးပေါ့။

ဂါရက်က ဘယ်ခြေကို ညာခြေပေါ် တင်ဖို့ ကြိုးစားခဲ့သည်။ ထပ်ခါထပ်ခါ ရုန်းကန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ။ ခြေထောက်များကို အကြောလျှော့ထားပြီး လေးထောင့်ပုံသဏ္ဌာန် ပုံစံမျိုး ထိုင်ကြည့်ပေမဲ့ ဟန်ချက်မထိန်းနိုင်ခဲ့ပေ။ ခြေထောက်များကို တြိဂံပုံသဏ္ဌာန် ဖြောင့်တန်းအောင် လုပ်ကြည့်သောအခါ နောက်ပြန်လှန်ကျသွားတော့သည်။

တခြားရွေးစရာမရှိတာကြောင့် သူ အိပ်ရာပေါ် ပြုတ်ကျသွားပြီး နံရံဆီ လှိမ့်သွားကာ ကိုယ်ကို မှီပြီး သူ့ခြေထောက်များကို ဆန့်ထုတ်လိုက်သည်။

အာ သက်သောင့်သက်သာရှိလိုက်တာ။

ကဲ မျက်လုံးမှိတ်မယ်။

စိတ်ကို ရှင်းရှင်းထားပြီး ရှူသွင်း... ရှူထုတ်... အမှောင်ထုထဲမှာ ရှိနေတယ်လို့ စိတ်ကူးကြည့်…အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံတွေကို ပိတ်ထား...

အခြေခံ တရားထိုင်နည်းမှာ ဖော်ပြထားသည့် အဆင့်များအတိုင်း ဂါရက်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့သည်။

တိတ်ဆိတ်... ငြိမ်သက်... လန်းဆန်း... ကြည်နူး...

ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်နိုင်ခဲ့တာကြောင့်ပဲဖြစ်စေ၊ ဒါမှမဟုတ် ဒီကမ္ဘာကို ရောက်လာခဲ့လို့ပဲဖြစ်စေ၊ မှော်ပညာကို သင်ယူဖို့အတွက် အားအင်အချို့ ရရှိခဲ့ပုံရသည်။ သူ စိတ်ကို စုစည်းလိုက်သောအခါ ကုသသည့် မှော်ပညာကို သုံးစွဲသလိုပင် အမှောင်ထုထဲမှာ အလင်းရောင်တစ်ခု တကယ်ကို ရှိနေပုံရသည်။

ဒါက ဘာလဲ။

အပေါ်လည်း မဟုတ်သလို အောက်လည်း မဟုတ်ဘူး ဘယ်ညာလည်း မဟုတ်သလို အတွင်းအပြင်လည်း မဟုတ်ဘူး။

လခွမ်း ….. ဒါက... ငါလား…

ဂါရက် တုန်ယင်စွာ တုန်လှုပ်သွားပြီး လက်ရှိ ရှင်းလင်းပြတ်သားသည့် အခြေအနေကို ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ သူ မျက်လုံးမှိတ်ပြီး ခဏတာ စိတ်ငြိမ်အောင် ရုန်းကန်ပြီးမှ နောက်ဆုံးတွင် သူ၏စိတ်ကို ထပ်မံ ထိန်းချုပ်နိုင်ခဲ့သည်။ တရားထိုင်ခြင်းထဲသို့ ဝင်ရောက်ပြီး နောက်တစ်ဆင့်ကို ဆက်သွားရသည်။

အခြေခံ တရားထိုင်နည်းအရ စိတ်စွမ်းအားကို လေ့ကျင့်ရန်အတွက် စိတ်ကူးယဉ်ပြီး "မိမိကိုယ်ကို" တည်ဆောက်ရမည်။ ထို့နောက် ပြင်ပစွမ်းအားများကို ဆွဲသွင်းပြီး ဤ 'မိမိကိုယ်ကို' ကို ခိုင်မာအောင် လုပ်ရမည်။ အားအင်တစ်ခု ရောက်ရှိလာပြီးနောက် စိတ်စွမ်းအားကို ထုတ်လွှင့်နိုင်ပြီး ပြင်ပကမ္ဘာကို စတင် သက်ရောက်မှုရှိလာမည်...

ထိုအတွေးနှင့်အတူ အမှောင်ထုထဲက အလင်းရောင် အစက်အပြောက်လေးက ပြောင်းလဲလာသည်။ အခြေခံ တရားထိုင်နည်းက ပုံများအတိုင်းပင်။ ခြေလက်၊ ဦးခေါင်း၊ မျက်နှာသွင်ပြင်၊ ကြွက်သားများနှင့် စီးဆင်းနေသည့် သွေးများကို အလင်းအစက်အပြောက်များနှင့် မျဉ်းကြောင်းများဖြင့် ပုံဖော်ထားသည့် ပုံသဏ္ဌာန်လေးတစ်ခုက လေဟာနယ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေ၏။

နောက်တစ်ခဏတွင် ရေထဲ ကျသွားသည့် ကျောက်တုံးတစ်တုံးကဲ့သို့ပင် အလင်းရောင်ပုံသဏ္ဌာန်ကနေ စက်ဝိုင်းပုံလှိုင်းများ ထွက်ပေါ်လာပြီး အမှောင်ထုထဲကို ပျံ့နှံ့သွားကာ တိတ်ဆိတ်စွာ ပြန်လည် ရောင်ပြန်ဟပ်လာသည်။ တုံ့ပြန်မှုတိုင်းနှင့်အတူ အလင်းဖြင့်ဖွဲ့စည်းထားသည့် ပုံသဏ္ဌာန်က နည်းနည်း ပို၍ ခိုင်မာလာသည်။

ဒါ ငါလား။ ဒီ စိတ်ကူးယဉ် အလင်းပုံသဏ္ဌာန်က ငါ့ရဲ့ စိတ်စွမ်းအားလား။

ဂါရက် နည်းနည်း ကြောင်သွားသည်။ ဆက်သွယ်မှုတစ်ခုက သူကို ပြောနေသလိုပင်။

ဟုတ်တယ် ဒါက မင်းပဲ… ဒါ မင်းရဲ့ စိတ်စွမ်းအားပဲ။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံစံပေါ် မူတည်ပြီး စုစည်းလာတယ်၊ မင်းရဲ့ ဆန္ဒနှင့်အညီ လှုပ်ရှားတယ်၊ အားအင် လုံလောက်လာတဲ့အခါ ရုပ်ခန္ဓာကို ပြုစုပျိုးထောင်နိုင်ပြီး လက်ရှိကမ္ဘာကို ဝင်ရောက်စွက်ဖက်နိုင်တယ်။

ဒါပေမဲ့ ဒီအလင်းပုံသဏ္ဌာန် အသေးစိတ်တွေက မမှန်ဘူး။ ကြွက်သားတွေက မမှန်ဘူး။ သွေးစီးဆင်းမှုက မမှန်ဘူး။ သွေးလွှတ်ကြောနှင့် သွေးပြန်ကြော ခွဲခြားမထားဘူး၊ ဘယ်ဘက် နှလုံးအပေါ်ခန်း၊ ဘယ်ဘက် နှလုံးအောက်ခန်း၊ ညာဘက် နှလုံးအပေါ်ခန်း၊ ညာဘက် နှလုံးအောက်ခန်း ဒါမှမဟုတ် သွေးထုတ်လွှတ်တဲ့ လမ်းကြောင်းတွေကို ပုံမဖော်ထားဘူး။

အာရုံကြောတွေနဲ့ သွေးကြောမျှင်လေးတွေ ဒါတွေ တစ်ခုမှကို ပုံမဖော်ထားဘူး။

ဂါရက် စိတ်တိုလာသည်။ အခြေခံ တရားထိုင်နည်းစာအုပ်ထဲက ပုံတွေက အလွန်ကြမ်းတမ်းပြီး အသေးစိတ်တွေ အများကြီး လိုနေသလို အရာများစွာကိုလည်း မမှန်မကန် ပုံဖော်ထားသည်။ ဆေးကျောင်းသားတစ်ယောက်၏ ဂုဏ်သိက္ခာကို ထောက်ရှုပြီး ပြောရမည်ဆိုလျှင် သူ အမှားခုနစ်၊ ရှစ်ခု၊ ဒါဇင်နှင့်ချီတောင် အလွယ်တကူ ရှာတွေ့နိုင်သည်။

ဒီလိုဆို မဖြစ်ဘူး။

ဂါရက်သည် သူ၏ စွမ်းအင်ကို စုစည်းလိုက်ပြီး သူ၏ ယခင်ဘဝက ခန္ဓာဗေဒပုံများကို မှတ်မိအောင် ပြန်စတင်လိုက်သည်။ မသိသာဘဲ အလင်းဖြင့်ဖွဲ့စည်းထားသည့် ပုံသဏ္ဌာန်က သူ၏ အမှတ်ရစရာများနှင့်အတူ ပြောင်းလဲလာသည်။

အရိုး ၂၀၆ ချောင်းက အောက်ခြေကနေ အပေါ်အထိ အဆစ် ၃၀၀ ကျော်နဲ့ ချိတ်ဆက်ထားပြီး ခိုင်မြဲပြီး ပျော့ပြောင်းစွာ ဆက်သွယ်ထားတယ်။

ကြွက်သား ၆၄၀ ခုက အရွတ်တွေကနေ အရိုးတွေနဲ့ တွယ်ဆက်ထားတာ ဒါမှမဟုတ် တခြားကြွက်သားတွေနဲ့ တိုက်ရိုက် ဆက်သွယ်ထားတာ။

နှလုံးက အားကောင်းကောင်း ခုန်တယ်။ သွေးလွှတ်ကြောတွေထဲကနေ သွေးတွေကို စုပ်တင်တယ်၊ သွေးကြောမျှင်လေးတွေကနေ ပြန်စုပြီး သွေးပြန်ကြောတွေကနေ နှလုံးဆီ ပြန်ပို့တယ်။

အာရုံကြောစနစ်၊ အသက်ရှူစနစ်၊ အစာချေစနစ်၊ ဆီးလမ်းကြောင်းစနစ်၊ ဟော်မုန်းစနစ်၊ ကိုယ်ခံအားစနစ်၊ မျိုးပွားစနစ်...

နောက်ဆုံးမှာ အရေပြားက အားလုံးကို ဖုံးအုပ်ထားတယ်၊ ဆံပင်တွေ ပေါက်လာတယ်၊ လက်သည်းတွေ ထွက်လာတယ်...

အသေးစိတ်တိုင်းကို သူ ကိုယ်တိုင် ခွဲစိတ်ဖူးတာ ဒါမှမဟုတ် ကုသဖူးတာ မဟုတ်ရင်တောင် အကြိမ်ရေမရေမတွက်နိုင်အောင် လေ့လာဖူး၊ ပုံဆွဲဖူး၊ မှတ်မိဖူးတယ်။ ဒီအချိန်မှာတော့ ဒီမှတ်ဉာဏ်တွေက လုံးဝ ရှင်းလင်းနေတယ်။

ဒီအတိုင်းပဲဆိုရင် တခြားကမ္ဘာတစ်ခုမှာတောင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဒီလိုပဲ ဖြစ်ရမယ်။

ဂါရက်က ခိုင်မာစွာ တွေးလိုက်သည်။

သူ ကိုယ်တိုင် လူနာတွေကို ကုသခဲ့ဖူးသည်။

ဝမ်းဗိုက်ကို ခွဲစိတ်ဖူးသလို အသည်းက သွေးတွေစိမ့်ထွက်တာကိုလည်း ရပ်တန့်ခဲ့ဖူးသည်။ လေပြွန်ကို ခွဲစိတ်သလို ရင်ခေါင်းကိုလည်း ဖောက်ထွင်းဖူးသည်။ အောင်မြင်သည့် ကုသမှုတိုင်းက သူ၏ နားလည်မှု မမှားကြောင်း အာမခံနေခြင်းပင်။

သူ သတိပြန်ဝင်လာသည့်အခါ လေဟာနယ်ထဲက အလင်းနှင့်ဖွဲ့စည်းထားသည့် ပုံသဏ္ဌာန်က ပုံကြမ်းများထက် အဆပေါင်းများစွာ ပိုပြီး သေသပ်လာ၏။

အနီးကပ် ကြည့်လိုက်သောအခါ သူ့၏ ယခင်ဘဝမှာ လေ့လာခဲ့သည့် လူ့ခန္ဓာဗေဒအတိုင်း အတိအကျ ဖြစ်နေခြင်းပင်။

အဖြူရောင်အလင်းနဲ့ လုပ်ထားတဲ့ နှလုံးက အားကောင်းကောင်း ခုန်တယ်။

ခုန်လိုက်တိုင်း မမြင်နိုင်တဲ့ အလင်းဝိုင်းတစ်ခု ထွက်ပေါ်လာတယ်။ ဒါပေမဲ့ ဒီအသစ်တည်ဆောက်ထားတဲ့ ပုံသဏ္ဌာန်က ထုတ်လွှတ်တဲ့ အလင်းဝိုင်းက အရင်ကထက် နှစ်ဆကျော် ပိုအားကောင်းနေသလိုပဲ။

ဒီလိုလား။

စိတ်စွမ်းအားကို ခန္ဓာကိုယ်နဲ့ အနီးကပ် ချိန်ညှိထားဖို့ လိုတာလား။ အဲ့လိုလုပ်မှ အမြင့်ဆုံးပဲ့တင်သံကို ရရှိနိုင်ပြီး အထောက်အပံ့ကို ခံယူလိုရမယ်။ အဲ့ဒါဆိုရင် တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို တုံ့ပြန်မှု ပေးနိုင်မှာလား။

ဂါရက် မသေချာပေ။ သို့သော် သူ နားမလည်နိုင်သော ခံစားချက်တစ်ခု ရှိသည်။ သူ၏ စိတ်စွမ်းအားသည် စတင်တည်ဆောက်စဉ်ကထက် သိသိသာသာ ပိုမိုအားကောင်းနေခြင်းပင်။ ထို့ကြောင့် နောက်ထပ်ကြိုးစားရမည့်အရာမှာ ဤကမ္ဘာကို စိတ်စွမ်းအားဖြင့် ခံစားသိမြင်ခြင်းပင်။

ကမ္ဘာကြီးက ငါရဲ့ စိတ်စွမ်းအားကို ဘယ်လိုမျိုးမြင်နိုင်မှာလဲ။

'အခြေခံ တရားထိုင်နည်း' ၏ ညွှန်ကြားချက်များအတိုင်း ဂါရက်သည် အလင်းဖြင့်ဖွဲ့စည်းထားသော ပုံသဏ္ဌာန်မှ ထုတ်လွှတ်သော လှိုင်းများကို တက်ကြွစွာ ထိန်းချုပ်ကာ အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ ထို့နောက် စိတ်စွမ်းအား၏ အာရုံခံစားမှုအောက်တွင် ကမ္ဘာကြီးတစ်ခုလုံး... ပြောင်းလဲသွားသည်။

မြဲမြံသော၊ ခိုင်မာသော စွမ်းအား၊ ဤကမ္ဘာကို ထောက်ပံ့ထားသည်။

ပေါ့ပါးသော၊ သိမ်မွေ့သော စွမ်းအား၊ လွတ်လပ်ပျော်ရွှင်စွာဖြင့် တစ်ခဏမျှပင် မနားမနေ လှုပ်ရှားနေသည်။

မီးကဲ့သို့သော၊ မငြိမ်မသက်သော စွမ်းအား၊ ကန့်သတ်မထားဘဲ အကြီးမားဆုံးသော အင်အားကို ဆောင်ကြဉ်းပေးသည်။

နူးညံ့သိမ်မွေ့သော၊ သိပ်သည်းသော စွမ်းအား၊ တိတ်ဆိတ်စွာ ပြုစုပျိုးထောင်ပေးပြီး အသက်ဓာတ်ကို တိတ်တဆိတ် ဖြန့်ကျက်ပေးသည်။

မြေ၊ ရေ၊ မီး၊ လေလား။ အဓိက ဒြပ်စင်ကြီး လေးပါးလား။

ဂါရက် အလွန်အံ့ဩသွားသည်။ သူ၏ စိတ်ခံစားချက်များ လှုပ်ရှားမှုနှင့်အတူ သူ၏ တရားထိုင်နေသော ပတ်ဝန်းကျင်ရှိ အလင်းဖြင့်ဖွဲ့စည်းထားသော ပုံသဏ္ဌာန်မှာ ပြင်းထန်စွာ တုန်ခါသွားပြန်ပြီး ပျောက်ကွယ်လုနီးပါးပင်။

"ဒါက... ငါ့စိတ်စွမ်းအားနဲ့ မြင်နေရတဲ့ ကမ္ဘာလား"

ကနဦး တုန်လှုပ်မှုအပြီးတွင် ဂါရက်က အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

အခြေခံ တရားထိုင်နည်းအရဆိုရင် အဓိကဒြပ်စင်ကြီးလေးပါးကို ခံစားသိမြင်နိုင်ရင် ငါ့စိတ်စွမ်းအားက မှော်ဆရာတပည့်အဆင့်ကို ရောက်ပြီလို့ အဓိပ္ပာယ်ရတာလား။

"ဒါဆို ဒီနေ့ကစပြီး ငါ မှော်ပညာကို စပြီး နားလည်နိုင်ပြီလား"

All Chapters