← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

“ပြော… မင်းလက်ထပ်စာချုပ်နဲ့ လိုက်လာတာမလား”

ဟန်ကျောက်ဟာ တိတ်ဆိတ်သွားသည်။ ဒီလောကတွင်လည်း စိတ်ကူးယဉ်ဝတ္ထုများ ရှိနေမည်ဟု ထင်မထားခဲ့ပေ။

သူဟာ လုယီ၏ လုယင်ရွှမ်းသို့ ပေးစာကို ဖွင့်မဖတ်ခဲ့ပေမယ့် စာပါ အချက်အလက်များကြောင့် အစမ်းရှင်သန်မှုတွင် သူ့အပေါ် ရုတ်တရက် အေးစက်သွားမှုကို ကြည့်ကာ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။

“စီနီယာအစ်မလုက ငါတို့ သိုင်းပညာ အကယ်ဒမီရဲ့ ပါရမီရှင် အနည်းစုထဲက တစ်ယောက်ပဲ။ သူမက အသက်၂၄နှစ်မှာ ခွန်အားသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ခဲ့ပြီး ခွန်အားသန့်စင်ခြင်းရဲ့ အကြီးစားကျွမ်းကျင်မှုနဲ့ မဝေးတော့ဘူး”

ယန်ပိုင်ချွမ်၏ မျက်နှာပေါ်၌ လေးစားမှုတို့ ပေါ်လာ၏။

“ပါရမီအနည်းငယ်လေးနဲ့ မောက်မာနေတတ်တဲ့ သူများတွေနဲ့ယှဉ်ရင် စီနီယာအစ်မလုက ညင်သာတဲ့ အကျင့်စရိုက်ရှိပြီး စကားပြောရ အဆင်ပြေတယ်။ သူမက တကယ့်ကို ပြီးပြည့်စုံတဲ့”

“ဆိုးတာက သူမက အားလုံးကို ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်ပေမယ့် အဲ့ဒါက ပိုပြီး သူစိမ်းဆန်သလို ခံစားရတယ်။ ဆန့်ကျင်ဘက်လိင်တွေအနေနဲ့ အရမ်းကို အလှမ်းဝေးတယ်လို့ ခံစားရပြီး ဘယ်သူနဲ့မှ မရိုးရှင််းတဲ့ ဆက်ဆံရေးရှိတယ်လို့ မကြားဖူးဘူး။ ကြည့်ရတာ သိုင်းပညာအပေါ်မှာပဲ စိတ်နှစ်ထားသလိုပဲ”

“အဲ့လိုလား”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ကြည့်ရတာ လက်စားချေမှုဟာ သူမအတွက် အရာရာဖြစ်ပုံပါ။

“မင်းတို့တွေ စေ့စပ်ထားတယ်လို့ ငါ့ကို မပြောနဲ့နော်” ယန်ပိုင်ချွမ်က သူ့ကို စားတော့ဝါးတော့မည်မတတ် ကြည့်သည်။

“ဟာသပဲ… ငါက နယ်စပ်မြို့လေးက လူဆင်းရဲလေး တစ်ယောက်ပါပဲ။ ငါ့ရဲ့ ပါရမီက ပုံမှန်ပဲ။ စီနီယာအစ်မလုရဲ့ ဖခင်ဆီမှာ ဆေဘာနဲ့ လက်သီးအတတ်ကို သင်ယူခဲ့တယ်။ အခုက သိုင်းကျောင်းကိုလာပြီး ဆက်လက်လေ့လာမှုပြုမလို့.. ဒီလောက်ပဲ”

ဟန်ကျောက် လျှင်မြန်စွာ ငြင်းဆန်၏။

သူဟာ လုယီ၏ စာကို လုယင်ရွှမ်းအား ပေးရန် လုံးဝ ပြင်ဆင်ထားခြင်း မရှိသေးပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် မသက်မသာ ခံစားရအောင် လုပ်ခြင်းဖြစ်၏။

လုယီ၏ အဆက်အသွယ် မေးမြန်းသည့် စာကိုလည်း ပို့မည်မဟုတ်ပါ။ စီရင်စုမြို့တော်တွင် အခွင့်အလမ်းနှင့် အရင်းအမြစ်များစွာ ရှိပါသည်။ သိုပေမယ့် ကျွမ်းကျင်သူများစွာ ရှိ၏။ လူတစ်ယောက်ဟာ ထင်ပေါ်နေပါက လျှို့ဝှက်ချက်များ ပေါ်သွားရန် လွယ်ကူပါည်။

သိုင်းပညာ အကယ်ဒမီဟာ မိသားစုနှင့် ဂိုဏ်းများကဲ့သို့ မဟုတ်ပေ။ ဤသည်မှာ ပြေလျော့သည့် စီမံခန့်ခွဲမှုနှင့် ကျောင်းတစ်ခုသာ ဖြစ်၏။ သူ့အတွက် နေထိုင်ဖွံ့ဖြိုးရန် သင့်တော်ပါသည်။

အခြား သိုင်းသမားများအတွက် မြင့်မားသည့် ကန့်သတ်ချက်များသောကြောင့် ကျင့်ကြံနိုင်ခြင်း မရှိသည့် သိုင်းပညာအချို့ဟာ သူ့အတွက် ရတနာများ ဖြစ်၏။

“အဲ့ဒါဆို ကောင်းတယ်”

ယန်ပိုင်ချွမ်ဟာ သန်မာသည့် ပြိုင်ဘက်တစ်ယောက် လျော့ပါးသွားသည့်အလား စိတ်သက်သာရာ ရသွား၏။

“ဒါနဲ့ အစ်ကိုယန်.. ချီလင်အဆင့်နဲ့ ချန်ကောင်းကင်အဆင့်က ဘာတွေလဲ”

ဟန်ကျောက်က စကားပြောင်းကာ ရှေ့ရှိ ကြီးမားသည့်‌ ကျောက်တိုင်ကြီးနှစ်ခုကို ညွှန်ပြသည်။

“ချီလင်အဆင့်နဲ့ ချန်ကောင်းကင်အဆင့်.. ဒါတွေက ကြယ်တာယာစံအိမ်က စာရင်းလုပ်ထားတဲ့ အဆင့်ဇယားပဲ။

သူတို့က ဝေ၊ ချီနဲ့ ချူမှာရှိတဲ့ အထူးချွန်ဆုံး လူငယ်ကျွမ်းကျင်သူတွေကို မှတ်တမ်းတင်ထားတာ။ လူတစ်ယောက်ရဲ့ အသက်လိုအပ်ချက်က ကိုက်ညီပြီး အဆင့်ဝင်နိုင်ရင် ကြယ်တာယာစံအိမ်က ထုတ်လုပ်တဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ရနိုင်တယ်။ သူတို့က အဆင့်ဇယားပေါ်ကို ရောက်လာရော…

ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောာင်ထားသူတွေရဲ့ ခွန်အားခြားနားချက်က အရမ်းမများရင် သက်ဆိုင်ရာ အကွာအဝေးတစ်ခုကို ရောက်ရင် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်ကြတယ်။

အဲ့ဒီအထဲမှာ ချီလင်အဆင့်က အသက်၃၀နှစ်အောက်က သိုင်းသမားတွေကို မှတ်တမ်းတင်ထားတယ်။ ဒီအထဲမှာရှိတဲ့ အားအနည်းဆုံးလူက ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှု အဆင့်မှာပဲ။

သူတို့က စစ်ဘုရင်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ထိပ်တန်းသိုင်းသမားတွေ ဖြစ်တယ်”

ယန်ပိုင်ချွမ်က ရှင်းပြသည်။

“ငါသိပြီ”

ဟန်ကျောက်က ရေရွတ်သည်။ ဤသည်မှာ ရှင်းလင်းစွာပင် တိုက်ပွဲဖြစ်ရန် တမင်ထောင်ပေးခြင်း ဖြစ်၏။

“ချန်ကောင်းကင် အဆင့်ကလည်း အတူတူပဲ။ အဲ့ဒါက အသက်၆၀နှစ်အောက်က သိုင်းသူတော်စင်အဆင့် သိုင်းသမားတွေကို မှတ်တမ်းတင်ထားတယ်။ မြွေအဆင့်ရှိတဲ့ အုပ်စိုးသူ မိသားစုနဲ့ သွေးမျိုးဆက် အသုံးပြုသူတွေရောပဲ”

ယန်ပိုင်ချွမ်က ဆက်လက်ပြောသည်။

“တကယ်လို့ ကျောက်စိမ်းတံဆိပ်ပြားကို ရထားသူက အဲ့ဒါကို ဖွက်ထားမယ်ဆိုရင်ရော”

“အဆင့်ပြဇယားထဲမှာ ပါဝင်လိုသူတွေက လောကကြီးမှာ ကျော်ကြားချင်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ဘယ်သူက အဲ့လိုလုပ်မှာလဲ”

ယန်ပိုင်ချွမ်က သူ့ကို ထူးဆန်းစွာ ကြည့်သည်။

“တကယ်လို့ အဆင့်ထဲက လူတစ်ယောက်က အချိန်အတော်ကြာအောင် ပျောက်သွားတာ(သို့) ကျောက်စိမ်းတံဆိပ်ပြားကို ဆန်မာရုအိတ်ထဲမှာ ဖွက်ထားပြီး မထုတ်တာတို့ဆိုရင် ကြယ်တာယာစံအိမ်က ကျောက်စိမ်းတံဆိပ်ပြားကို ထပ်ထုတ်ပြီး အဆင့်ကို ပြောင်းလဲပေးတယ်”

“ကျွန်‌ေတာ်နားလည်ပြီ”

ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွား၏။ ဘာပဲဖြစ်ဖြစ် သူ့အနေနှင့် ကျောက်စိမ်းတံဆိပ်ပြားကို ထပ်မံထုတ်ရန် မဖြစ်နိုင်ပါ။

“ကျောက်စိမ်းတံဆိပ်ပြားကို ရတဲ့ ဘယ်သူမဆို လက်လျှော့မှာ မဟုတ်ကြဘူး”

ယန်ပိုင်ချွမ်က လေးနက်စွာ ပြောသည်။

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်က ပဟေဋိဖြစ်သွားသည်။

“ဘာလို့လဲဆိုတော့ ချီလင်အဆင့်ပေါ်က လူတွေပဲ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အလယ်ပိုင်း စီရင်စုရဲ့ ထူးခြားမှုနယ်မြေစမ်းသပ်ပွဲမှာ ပါဝင်နိုင်မှာ”

“ထိပ်တန်းဆယ်ယောက်က ဖန်တီးခြင်းဆေးလုံး တစ်လုံးစီကို ရနိုင်ကြမှာ”

“အဲ့ဒါက လူတစ်ယောက်ရဲ့ ပါရမီကို မြှင့်တင်ပြီး အဆင့်ကြီးတစ်ခုကို ချိုးဖျက်နိုင်ချေကို တိုးမြင့်စေနိုင်တဲ့ အဆင့်မြင့်အဆင့် ဆေးတစ်မျိုးပဲ”

“ထိပ်ဆုံးသုံးယောက်ဆိုရင် ပြီးပြည့်စုံတဲ့ အတုအယောင် ဒီဗိုင်းလက်နက်တစ်ခုစီတောင် ရကြမှာ။ ဒီဆွဲဆောင်မှုကို ဘယ်သူမှ မခံနိုင်ကြဘူး”

ယန်ပိုင်ချွမ်၏ မျက်လုံးများက လင်းလက်နေ၏။

ဟန်ကျောက်ဟာ တိတ်ဆိတ်သွားသည်။ ဒီဖန်တီးခြင်းဆေးလုံးဟာ အစမ်းရှင်သန်ခြင်း အတွင်းတွင်လည်း ပေါ်လာခဲ့သေး၏။ သူ၏ အကြီးဆုံးသမီးဟာ ရရှိလာပြီးနောက် သူ့ကို ပေးလိုခဲ့သည်။ သို့ပေမယ့် သူဟာ ယူလိုက်ခြင်းမရှိပါ။

“တစ်ချက်ကြည့်တာနဲ့ အလယ်ပိုင်း စီရင်စုရဲ့ ထူးခြားမှုနယ်မြေကို မင်းမသိဘူးဆိုတာ ငါပြောနိုင်တယ်”

ယန်ပိုင်ချွမ်က ပြုံးကာ ရုတ်တရက် အသံတိုးသွားသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက.. အရှေ့ဘက် အောင်နိုင်ခြင်း တိုက်ကြီးမှာ ကမ္ဘာပျက်မတတ် တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့တယ်။ အဲ့ဒါက ကြီးမြတ်တဲ့ ချင်အင်ပါယာရဲ့ အစည်ကားဆုံး အလယ်ပိုင်းစီရင်စုကို တစ်ခါတည်း ပြိုလဲစေခဲ့တယ်။

နောက်ဆုံးမှာ အကြောင်းပြချက် အချို့ကြောင့် အလယ်ပိုင်းစီရင်စု တစ်ခုလုံးကို နတ်ဆိုးစွမ်းအင်နဲ့ ယင်စွမ်းအင်တွေက ဖုံးလွှမ်းသွားခဲ့တယ်။

နတ််ဆိုးစွမ်းအင်နဲ့ ယင်စွမ်းအင်တွေ အများကြီး လျှံထွက်လာပြီး သေမျိုးတွေ မျိုးတုန်းကုန်မှာကို ကာကွယ်ဖို့အတွက် အရှေ့ဘက် အောင်နိုင်ခြင်း တိုက်ကြီးက အုပ်စိုးသူမိသားစုတွေက တိုက်ခိုက်မှုကို စတင်ရပ်တန့်ခဲ့ကြတယ်။

နောက်ဆုံးမှာ အခင်းအကျင်းကြီး တစ်ခုကို အသုံးပြုပြီး အလယ်ပိုင်းစီရင်စုကို လုံးဝ ပိုင်းခြားလိုက်ကြတယ်။ ပြီးတော့ ကြယ်တာယာစံအိမ်က ချီလင်အဆင့်ကို ဖန်တီးခဲ့တယ်။

ဆယ်နှစ်ပြည့်တိုင်းမှာ တစ်ကြိမ် အဆင့်ထဲက လူတွေက အလယ်ပိုင်းစီရင်စုရဲ့ ထူးခြားနယ်မြေထဲကို ဝင်ရောက်ပြီး သူတို့သတ်ဖြတ်တဲ့ နတ်ဆိုးထူးခြားမှု သတ္တဝါ အရေအတွက်အတိုင်း အဆင့်တွေ ရကြတယ်”

“ဒါ့ကြောင့်.. မင်းမှာသာ နတ်ဆိုးထူးခြားမှု သတ္တဝါတွေကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတစ်ခုရှိရင် ဖန်တီးခြင်းဆေးလုံးကို ရပြီး ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ကို မြင့်တက်သွားမှာ”

“မင်းပြောတာက အလယ်ပိုင်း စီရင်စုက နတ်ဆိုးစွမ်းအင်နဲ့ ယင်စွမ်းအင်တွေ ပြည့်နှက်နေတယ်လို့လား”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဤသည်က သူ၏ နတ်ဆိုးဖင်းအား၏ အကန့်အသတ်ကို တစ်ခါတည်း ချိုးဖျက်စေနိုင်မည် မဟုတ်ပါလား။

အရေးအကြီးဆုံးမှာ ဝိညာဉ်အဆီအနှစ်လုံးကို ကောင်းကောင်း စုဆောင်းနိုင်ပါပြီ။ ဒီဗိုင်းလက်နက်များအတွက်လည်း တူညီစွာ ဖြစ်၏။

“ဒါပေါ့..”

ယန်ပိုင်ချွမ်က အလွန်သေချာစွာ ပြော၏။

“အရမ်းအန္တရာယ် များမှာပေါ့”

ဟန်ကျောက်ဟာ အဓိကပြဿနာကို တွေးမိလိုက်သည်။ ထူးခြားမှုကဲ့သို့ စွမ်းအားကြီးမားသည့် နတ်ဆိုးများ စောင့်ကြပ်နေပါက မည်ကဲ့သို့ သွားရမည်နည်း။

“အန္တရာယ်မျာတာပေါ့.. ဒါပေမယ့် အလယ်ပိုင်း ဧရိယာကို မသွားရင် ဘာပြဿနာကြီးမှ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အလယ်ပိုင်း စီရင်စုရဲ့ ထူးခြားမှုနယ်မြေ ဖွင့်လှစ်တိုင်းမှာ လူတစ်ဝက်ကျော်လောက် အသက်ရှင်ရက် ပြန်ထွက်လာနိုင်ကြတယ်။

အဲ့လူတွေထဲက ထိပ်တန်းဆယ်ယောက်ထဲကို မဝင်နိုင်တဲ့လူတွေ ဆိုရင်တောင် အများစုက နောင်မှာ နိုင်ငံတစ်နိုင်ငံကို လှုပ်ခါနိုင်တဲ့ နာမည်ကြီး ကျွမ်းကျင်သူတွေ ဖြစ်လာကြတာ”

“သိုင်းသမားများစွာကိုလည်း ထိပ်တန်း အုပ်စိုးသူ မိသားစုတွေက ရွေးချယ်ခေါ်ယူကြတယ်.. သူတို့တွေက တစ်ခါတည်း အကျိုးခံစားခွင့်တွေကို ကမ်းလှမ်းကြတာ”

ယန်ပိုင်ချွမ်က မနာလိုစွာ ပြောသည်။

မည်မျှ ကောက်ကျစ်လိုက်သည့် အုပ်စိုးသူ မိသားစုများ ဖြစ်သနည်း။ ဤသည်မှာ ထိပ်တန်း သိုင်းသမားများ အားလုံးကို အမြစ်မှ ဆွဲယူခြင်း မဟုတ်ပါလား။

ဟန်ကျောက်ဟာ အံ့ဩသွားသ်ည။

“ချန်ကောင်းကင် အဆင့်ကတော့.. အဲ့ဒါက အများကြီး ပါဝင်ပက်သက်မှုတွေ ရှိနေတယ်။ ကျွန်တော်လည်း ချန်ကောင်းကင် နန်းတော်က ဘယ်မှာလဲ ဆိုတာကို မသိဘူး.. ကြားတာတော့ အဲ့ဒါက သိုင်းနတ်ဘုရားအဆင့်ကို ချိုးဖျက်မယ့် လျှို့ဝှက်ချက်နဲ့ သက်ဆိုင်နေတယ်တဲ့” ယန်ပိုင်ချွမ်က မရေရာစွာ ပြောသည်။

“သိုင်းနတ်ဘုရား အဆင့်ကို ချိုးဖျက်မယ့် လျှို့ဝှက်ချက်လား…”

ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ လုံခြုံမှု ရှိစေရန်အတွက် သူဟာ အခြေအနေများကို ကြည့်ရှုပြီးမှ အလယ်ပိုင်း စီရင်စု၏ ထူးခြားနယ်မြေကို သွားရပေမည်။

သိုင်းနတ်ဘုရားအဆင့်ကို ချိုးဖျက်ရန်နှင့် ပက်သက်သည့် လျှို့ဝှက်ချက်ကြီး ပါဝင်နေရာ အနည်းငယ် စွန့်စားရန် ထိုက်တန်၏။

“ချန်ကောင်းကင် နန်းတော်ရဲ့ သေစေနိုင်ချေကတော့ အရမ်းမြင့်တယ်။ ကျွန်တော်ကြားတာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀အတွင်း ဘယ်သန့်စင်တဲ့ သိုင်းသမားမှ ဝင်ပြီးရင် အသက်ရှင်ရက် ပြန်ထွက်မလာနိုင်ခဲ့ဘူးတဲ့”

ယန်ပိုင်ချွမ်က ဟန်ကျောက်၏ ပုခုံးကို ပုတ်ကာ သက်ပြင်းချသည်။

“အဲ့ဒါက ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ချန်ကောင်းကင် အဆင့်ဇယာားထဲကို ဝင်ချင်ရင် အနိမ့်ဆုံး သိုင်းသူတော်စင်အဆင့် ခွန်အားရှိမှ ရမှာ။ ငါတို့ကတော့ တစ်ဘဝလုံးမှာမှ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုအထိ ကျင့်ကြံနိုင်ရင် မဆိုးတော့ဘူး။ စီနီယာအစ်မလုလိုမျိုး လူတစ်ယောက်ပဲ ချန်ကောင်းကင်အဆင့်ထဲကို ဝင်ရောက်နိုင်မယ်လို့ ငါထင်တယ်”

“အင်း”

ဟန်ကျောက်က တွေးဆစွာ ခေါင်းညှိတ်သည်။

“ကြည့်လိုက်.. အဲ့သိုင်းသမားနှစ်ယောက်က ချန်ကောင်းကင်အဆင့်ထဲကို ဝင်ရောက်နိုင်ဖို့ မြင့်မားတဲ့ မျှော်လင့်ချက်ရှိတယ်”

ယန်ပိုင်ချွမ်က ဘယ်ဘက်ရှိ ကျောက်တိုင်ကို ညွှန်ပြသည်။

“ချီရွှမ်းမင်က ဒီနေ့မှာ အဆင့်၁၄၀လောက် မြင့်တက်သွားတယ်”

“အဆင့်ထဲကို ခုနကမှ ဝင်ရောက်လာတဲ့ လူတစ်ယောက်လည်း ရှိတယ်။ သူ့နာမည်ကို မသိဘူး။ ဒါပေမယ့် သူက ခွန်အားသန်စင်ခြင်း အဆင့်က ဒေါသရေနဂါးဂိုဏ်းရဲ့ မြွေနက်ခန်းမက ခန်းမသခင် လင်းဖုန်းကို သတ်ခဲ့တယ်”

“လင်းဖုန်းရဲ့ တိုက်ခိုက်မှု ခွန်အားက ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒီလိုမကောင်းဆိုးရွားတစ်ကောင် ဘယ်ကပေါ်လာလဲ ငါလည်း မသိဘူး။ သူ့မှာ စစ်ဘုရင်အဆင့် ခွန်အားကို ပိုင်ဆိုင်လောက်မှာ”

ဟန်ကျောက်ဟာ ကြောင်တောင်သွား၏။ သုံးပါးသော အနှစ်သာရအားကို အားကုန် အသုံးပြုပြီးနောက် သူဟာ တစ်ဖက်လူကို တစ်ချက််တည်းနှင့် အနိုင်ယူခဲ့လေသည်။ ဤသည်မှာ စစ်ဘုရင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည်လား။

“လင်းဖုန်းက ဒီနှစ်မှာ အသက်၂၂ပဲ ရှိသေးတာ။ သူက ဒေါသရေနဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းရဲ့ မွေးစားသားပဲ။ သိုင်းသူတော်စင်က ကိုယ်တိုင် သင်ကြားပြသပေးနေတဲ့ လူငယ်ကျွမ်းကျင်သူ တစ်ယောက်ပေါ့။ ငါသာ အဲ့အသက်အရွယ်နဲ့ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ရောက်နိုင်ရင် အိပ်မက်ထဲမှာတောင် ထရယ်လောက်တယ်”

ယန်ပိုင်ချွမ်က သက်ပြင်းချသည်။

“အင်းပေါ့”

ဟန်ကျောက်က အနည်းငယ် ထောက်ခံစွာ ပြောသည်။ ဖြစ်နိုင်တာက ထိုအချိန်က လင်းဖုန်းဟာ အချို့ ဝှက်ဖဲများကို အချိန်မှီ အသုံးမပြုနိုင်ခဲ့ပုံပါ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူကို အရမ်း အားနည်းသည်ဟု သူခံစားရ၏။

ထိုအချိန်၌ ယန်ပိုင်ချွမ်က ရင်ဘတ်ကိုပုတ်ကာ ပြောသည်။

“ညီ‌‌ေလးဟန်.. နောက်လေးနှစ်မှာလာမယ့် အလယ်ပိုင်း စီရင်စု စမ်းသပ်ပွဲမှာ ချီရွှမ်းမင်နဲ့ အဲ့ဒီအမည်မသိ ကျွမ်းကျင်သူတို့ သေချာပေါက် ထိပ်တန်း၂၀ထဲကို ဝင်နိုင်မှာလို့ ငါမင်းနဲ့ လောင်းရဲတယ်”

“၁၆နှစ်ကြာပြီးရင် ချန်ကောင်းကင်နန်းတော် ဖွင့်လှစ်တဲ့အခါ သူတို့တွေ သေချာပေါက် ချန်ကောင်းကင်အဆင့်ထဲကို ဝင်နိုင်နေကြမှာ”

“ကျွန်တော်က အလောင်းအစား ဝါသနာမပါဘူးဗျ”

ဟန်ကျောက်က တစ်ခါတည်း ငြင်းသည်။

လောင်းပါက သူဟာ သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ပါလား။ ၁၆နှစ်အတွင်းတွင် သိုင်းသူတော်စင်အဆင့်သို့ မမြင့်တက်နိုင်ပါက သူဟာ အမှန်တကယ်ကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရပေတော့မည်။

“ဟူး.. ပျင်းဖို့ကောင်းလိုက်တာ”

ယန်ပိုင်ချွမ်က လက်ကိုဝှေ့ယမ်းကာ ချက်ချင်းပင် စကားပြောင်းလိုက်သည်။

“ဒါပေမယ့် ငါတို့တွေမှာ တော်တော်လေးတူတာ တစ်ခုတော့ ရှိတယ်။ ငါလည်း အလောင်းကစား မလုပ်တတ်ဘူး.. အလောင်းကစားနဲ့ ငါနဲ့ကို ပေါင်းစပ်လို့မရဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်”

“ကောင်းတာပေါ့”

“သွားရအောင်… ငါမင်းကို သိုင်းအကယ်ဒမီကို ခေါ်သွားပေးမယ်။ ငါမှတ်မိတာမှန်ရင် ဒီအတောအတွင်းမှာ စီနီယာအစ်မလု မရှိဘူးကွ.. ခရီးသွားနေတယ် ထင်တယ်.. လဝက်အတွင်း ပြန်မလာလောက်ဘူး”

“မင်းစောင့်နိုင်ရင်တော့ ငါမင်းကို တည်းခိုဆောင်တစ်ခုမှာ နေဖို့ အရင်ရှာပေးမယ်။ ဘာပဲဖြစ်ဖြစ် သိုင်းအကယ်ဒမီက လူတိုင်းကို လက်မခံဘူးလေ”

“စီနီယာအစ်မလု ပြန်လာရင်တော့ သူမရဲ့ ထောက်ခံမှုနဲ့ ဝင်ရောက်နိုင်ချေက အများကြီး မြင့်မားလာမှာ”

ယန်ပိုင်ချွမ်က ပြောသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုယန်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးသည်။ ယခုကဲ့သို့ အားတက်သရော ကူညီတတ်သည့်လူကို တွေ့ရရန် ရှာပါး၏။

“ရပါတယ်။ ငါက မိတ်ဆွေဖွဲ့ရတာကို ဝါသနာပါတယ်။ အထူးသဖြင့် ငါ့လို ချောမောတဲ့ လူတွေကို တွေ့တဲ့အခါမှာပဲ”

ယန်ပိုင်ချွမ်က ဝမ်းသာစွာ ရယ်၏။

သူဟာ ဟန်ကျောက်ကို ကွမ်းလင်ဒေသရှိ သိုင်းပညာ အကယ်ဒမီဆီသို့ ဦးဆောင်ခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် သူ၏ပါးစပ်ဟာ တခဏမျှ ရပ်တန့်သွားခြင်း မရှိပါ။ ဒီလူဟာ အမှန်တကယ်ကို စကားများသူ ဖြစ်သည်။

သို့ပေမယ့် ဟန်ကျောက်ဟာ စိတ်အနှောင့်အယှက်ဖြစ်စွာ ခံစားရခြင်း မရှိပေ။ အခြေခံအားဖြင့် မည်သည့် စားသောက်ဆိုင်ဟာ အရသာရှိသည်၊ မည်သည့်ဒေသဟာ အလောင်းကစား နေရာဖြစ်သည်၊ ဆောင်ကြာမြိုင်မှ မည်သည့်မိန်းကလေးဟာ လှပသည်ဟူ၍ ပါဝင်၏။

အထူးသဖြင့် သူဟာ နာမည်ကြီး ဆောင်ကြာမြိုင် မိန်းကလေးများ အားလုံး၏ အမည်များကို ပြောနိုင်ရာ ဟန်ကျောက်အနေနှင့် တော်တော်လေး လေးစားသွားသည်။

ဤသည်မှာ အလောင်းကစား၊ ပြည့်တန်ဆာများနှင့် စပ်ဆက်၍မရသည့်လူ၏ ဆိုလိုရင်းလေလား။

ဤနည်းအားဖြင့် ယန်ပိုင်ချွမ်ဟာ လမ်းတစ်လျှောက် နာရီဝက်ဖြင့် ရောက်နိုင်သည့် နေရာကို ၂နာရီကျော်ကြာအောင် သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သိုင်းပညာ အကယ်ဒမီ၏ ပတ်ဝန်းကျင်ကို လိုက်ပြ၏။

ဒီလူဟာ သိုင်းအကယ်ဒမီမှ လူများနှင့် ဆက်ဆံရေး ကောင်းမွန်သည့်ပုံပါ။ ဆုံတွေ့ရသည့် အားနည်းသူ၊ သန်မာသူ အားလုံးဟာ သူ့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်ကြ၏။

ကောင်းကင်၏ ပိုမို၊ ပိုမိုကာ မှောင်လာပုံကို တွေ့ရပြီးနောက် ယန်ပိုင်ချွမ်က သူ့ကို ဆောင်ကြာမြိုင်တစ်ခုသို့ ခေါ်ကာ သီချင်းနားထောင်ဖို့လုပ်သည်။

ဟန်ကျောက်က ငြင်း၏။ လုယင်ရွှမ်းသာ သိသွားပါက သူမ၏ သူ့အပေါ် အမြင်ဟာ ကောင်းမည်မဟုတ်ပေ။ သူဟာ သွားပြီးလျှင်လည်း သီချင်းကိုသာ နားထောင်မည် ဖြစ်ပေမယ့် အနာဂတ် ဖွံ့ဖြိုးရေးအတွက် ထားလိုက်တော့တာ ကောင်းပါသည်။ ဘဝခရီး အရှည်ကြီး ရှိပါသေးသည်။ လောစရာမလိုပါ။

ဟန်ကျောက်၏ ဆန္ဒမရှိပုံကို တွေ့ရပြီးနောက် ယန်ပိုင်ချွမ်က သူ့ကို အတင်းခေါ်မနေတော့ပါ။ ပတ်ဝန်းကျင်ကောင်းကာ ဈေးသင့်သည့် တည်းခိုဆောင်တစ်ခုဆီသို့ ခေါ်သွား၏။ မနက်ဖြန်တွင် လာရှာမည်ဟု ပြောသွားသေးသည်။

“ဘယ်လောက် အံ့ဩဖို့ကောင်းတဲ့လူလဲ”

ဟန်ကျောက်ဟာ လမ်းအဆုံးရှိ ယန်ပိုင်ချွမ်၏ ထွက်ခွာသွားမှုကို ကြည့်ကာ ပြုံးသည်။

သတိပြန်လည်လာပြီးနောက် တံခါးကို တင်းကြပ်စွာ ပိတ်ကာ နှလုံးသားထဲတွင် ရေရွတ်လိုက်၏။

“စနစ်”

“အချက်ပေးအပိုင်းအစ ၈၀အား စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုသလား”

“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်တို့ကို ကုန်ကျမည်..”

ငါ့အတွက် သွားစရာ အလယ်ပိုင်း စီရင်စုရဲ့ ထူးခြားနယ်မြေ ရှိကတည်းက ထူးခြားမှုတွေကို လိုက်ရှာပြီး စွန့်စားနေစရာ မလိုတော့ဘူး..

“ထင်ထားတဲ့အတိုင်းပဲ.. တကယ့်ပြင်ပမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ပိုရရင် အစမ်းရှင်သန်ခြင်းထဲမှာ နည်းလမ်းတွေ ပိုများလာမှာ”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ အရင်ဆုံး အစမ်းရှင်သန်ခြင်းတွင် စမ်းသပ်ကြည့်ရန် လုပ်၏။

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၂၁နှစ်တွင် သင်သည် ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့သို့ ရောက်လာခဲ့သည်။ ယန်ပိုင်ချွမ်နှင့် တွေ့ဆုံကာ ချီလင်အဆင့်နှင့် ချန်ကောင်းကင်အဆင့်တို့၏ အကြောင်းကို သူ့ဆီမှ သိခဲ့၏”

“… သင်သည် လုယင်ရွှမ်း၏ ယုံကြည်မှုကို ရရှိပြီး ကျီမိသားစုသို့ ဝင်ရောက်ခဲ့သည်”

“ကျီပိုင်ဝေ၏ အရင်းအမြစ်များ ထောက်ပံ့မှုဖြင့် သင်သည် ဆေးဖော်ခြင်းကို ကြိုးစားသင်ယူခဲ့သည်။ သင့်ကိုယ်သင် ဆေးပညာ၌ ပါရမီအတော်ကောင်းပုံအား နားလည်လိုက်၏။ တစ်နှစ်တောင် မပြည့်ပဲ သင်ဟာ အဆင့်နိမ့်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်”

All Chapters