← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

မိန်းကလေးတစ်ယောက်က ရှေ့သို့တက်ကာ သူ၏လက်ကို ဆွဲသည်။ ပြုံးကာ ပြော၏။

“စီနီယာအစ်မလုရဲ့ ဂျူနီယာမောင်လေးဆိုမှတော့ နောင်မှာ သေချာပေါက် အစ်မတို့ရဲ့ မောင်လေးပဲပေါ့။ စီနီယာအစ်မလု အခုပဲ ပြန်ရောက်လာတယ်။ လာခဲ့.. အစ်မမင်းကို ခေါ်သွားပေးမယ်”

“ဟုတ်ကဲ့.. ကျေးဇူးပါ”

ဟန်ကျောက်က ပြုံးကာ သူ၏လက်ကို တည်ငြိမ်စွာ ပြန်လည်ရုတ်သိမ်းသည်။

“ဒါဆိုကောင်းတယ်.. သွားရအောင်လေ”

ယန်ပိုင်ချွမ်က လက်ထဲရှိ ခေါက်ယပ်တောင်ကို ပိတ်ကာ ဥယျာဉ်အဝဆီသို့ လျှောက်သွားသည်။

“ဝမ်းနည်းပါတယ် စီနီယာအစ်ကိုယန်.. ကျွန်မတို့ ဓါးမိုးခြံဝန်းက အမျိုးသမီး တပည့်သားတွေနဲ့ပဲ ပြည့်နေတာလေ။ ယောကျားသားတွေ ဝင်ဖို့ကျ သိပ်မသင့်တော်ဘူး။ ကျေးဇူးပြုပြီး အပြင်မှာ ခဏလောက် စောင့်ပေးပါ” မိန်းကလေးက ယန်ပိုင်ချွမ်ကို တားသည်။

“အာ..”

ယန်ပိုင်ချွမ်ဟာ မှင်သက်သွား၏။ သူ၏ပါးစပ်ဟာ ဖွင့်တစ်လှည့် ပိတ်တစ်လှည့် ဖြစ်နေပြီး မည်ကဲ့သို့ ပြန်ပြောရမည်ကို မသိဖြစ်နေသည်။

“ဂျူနီယာမောင်လေးဟန်.. သွားရအောင်လေ” မိန်းကလေးက ဟန်ကျောက်ကို ပြုံးသည်။

“ညီလေးဟန်… လိုက်သွားလေ.. စောစောပြန်ထွက်ခဲ့ဦး” ယန်ပိုင်ချွမ်က အံကိုကြိတ်ကာ ပြောသည်။

“ကောင်းပါပြီအစ်ကိုယန်”

ဟန်ကျောက်ဟာ မိန်းကလေးနှစ်ယောက်နှင့် ဥယျာဉ်အတွင်းသို့ ဝင်ရောက်သည်။ သူ၏ မျက်နှာကို မွှေပျံ့မှုတစ်ခု ရိုက်ခတ်လာ၏။

ရနံ့လာရာကို ကြည့်လိုက်သော် အရှေ့ဘက်တွင် ရေကန်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတွင် နူးညံ့သည့် ပန်းရောင် ကြာပန်းများဖြင့် ပြည့်နှက်နေ၏။ သွယ်လျကာ လှပနေပါသည်။

အနောက်ဘက်မှာတော့ ကျောက်သားများ ပေါ်သည်။ ကျောက်ဆောင်များ၏ အနောက်ဘက်တွင် လှပသည့် အခင်းအကျင်းနှင့် အနိမ့်၊ အမြင့် စံအိမ်များ ရှိနေပါသည်။

“ဂျူနီယာမောင်လေးဟန်.. မိတ်ဆက်ဖို့ မေ့တော့မလို့.. အစ်မနာမည်က ယန်လဲ့ရူပါ။ မကြာသေးခင်ကပဲ သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ပြီးပြည့်စုံပြီးပါပြီ။ ဒီအတောအတွင်းမှာ အတွင်းအားကို ဖမ်းဆုပ်နိုင်ဖို့ ပြင်ဆင်နေတယ်”

“မောင်လေးဟန်.. လက်ရှိ မင်းရဲ့အဆင့်ကဘာလဲ.. ပြီးရင် စမ်းသပ်မှု လုပ်ရမှာနော်။ သွေးချီချိုးဖျက်မှု ဒုတိယနဲ့ တတိယအဆင့် လူတွေက အတွင်းဘက်ခြံဝန်းကို တိုက်ရိုက်ဝင်ရောက်နိုင်ကြတယ်”

“သွေးချီချိုးဖျက်မှု ပထမအဆင့် ဆိုရင်တော့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်ပြီးမှ အတွင်းဘက်ခြံဝန်းကို ဝင်ရောက်နိုင်မှာ”

မိန်းကလေးက လမ်းလျှောက်ရင်းက ရှင်းပြသည်။

“ဟုတ်.. မကြာသေးခင်က ကျွန်တော် သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆရာက သိုင်းပညာအကယ်ဒမီကို ကျွန်တော့ကို လာပြီး ပညာသင်ယူခိုင်းလိုက်တာပါ”

ဟန်ကျောက်က ပြန်ကြား၏။

သူ၏ လက်ရှိ စိတ်ဝိညာဉ်ပုန်းအောင်းခြင်း အတတ် အဆင့်နှင့် တိုက်ခိုက်မှုသာ မပြုပါက စစ်ဘုရင်အဆင့် တစ်ယောက်ပင်လျှင် သိုင်းအဆင့်အား တွေ့မြင်နိုင်ရန် ခက်ခဲလှပါသည်။

ယခုကိစ္စဟာ ဝင်ရောက်မှုအတွက်သာ စမ်းသပ်ခြင်းဖြစ်ရာ စစ်ဘုရင်တစ်ယောက် ကိုယ်တိုင် လာရောက်စမ်းသပ်ရန် လိုအပ်မည်မထင်ပေ။

“အဲ့ဒါဆို ကောင်းတယ်။ အဲ့လိုဆိုရင် ပြီးရင် အတွင်းပိုင်းခြံဝန်းကို တစ်ခါတည်း ဝင်ရောက်လို့ရပြီ။ ကျင့်ကြံရာမှာ နားမလည်တာ တစ်ခုခုရှိရင် အစ်မကို အချိန်မရွေး လာရှာလို့ရတယ်နော်။ အစ်မနေတဲ့ နေရာက ဓါးမိုးခြံဝန်းရဲ့ အရှေ့ဘက်တောင်ပံမှာ”

ယန်လဲ့ရူက ပြုံးကာ သူမ၏ပုံဟာ ပိုမိုကာပင် စိတ်အားထက်သန်လာခဲ့၏။

“ကျေးဇူးပါ”

ဟန်ကျောက်ဟာ တိတ်ဆတ်စွာ နားထောင်ရင်းမှ အကြိမ်ကြိမ် ခေါင်းညှိတ်ခဲ့သည်။ လေးနက်စွာ နားထောင်နေကြောင်း ပြသသည့် သဘောဖြစ်၏။ ခဏအကြာ၌ သူဟာ ယန်လဲ့ရူနောက်သို့ လိုက်ရင်း ဥယျာဉ်၏ အရှေ့ဘက်အပိုင်းသို့ ရောက်ရှိလာခဲ့သည်။ အခန်းတစ်ခု၏ တံခါးဝ၌ ရပ်တန့်သွား၏။

“စီနီယာအစ်မလုရှိလား… နင့်ရဲ့ ဇာတိမြို့က ဂျူနီယာမောင်လေး လာရှာတယ်”

ယန်လဲ့ရူက အခန်းထဲသို့ အော်လိုက်သည်။

“ဂျူနီယာမောင်လေး”

အခန်းထဲမှ နူးညံ့သည့် လေသံနှင့် အေးစက်တိုတောင်းသည့် အသံတစ်ခု ပေါ်လာခဲ့သည်။

တံခါးဖွင့်သံ တစ်ခုနှင့်အတူ အခန်းတံခါးဟာ ပွင့်လာခဲ့ပြီး အလွန်လှပသည့် မိန်းကလေးတစ်ဦး လျှောက်ထွက်လာ၏။ သူမဟာ ယန်လဲ့ရူ၏ ဘေးရှိ ချောမောသည့် လူငယ်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“နင်က ကျောက်နက်မြို့ကလား”

ဟန်ကျောက်က ရှေ့ရှိ လုယင်ရွှမ်းကို ကြည့်သည်။ အနည်းငယ် မှင်သက်စွာ ခံစားရ၏။ သူမ၏ အသွင်အပြင်ဟာ တင့်တယ်ကာ လှပသည်။ အဖြူရောင် သိုင်းဝတ်စုံကိုပဲ ဝတ်ဆင်ထား၏။ ထိုဝတ်စုံက သူမကို ပိုမိုအရပ်ရှည်ကာ သွယ်လျနေစေသည်။

သို့ရာတွင် ယခုအချိန်၌ သူမ၏ မျက်ခုံးများဟာ တိမ်းစောင်းနေပြီး လူသတ်ငွေ့တစ်ခု ပါဝင်နေပါသည်။ သူမ၏ မျက်မှောင်ကြုတ်မှုဟာ ရေခဲကဲ့သို့ အေးစက်၏။

“လုယင်ရွှမ်း- ချီတစ်ဆင့် စစ်ဘုရင်။ အတွင်းပိုင်းရော အပြင်ပိုင်းပါ ကျင့်ကြံသည်။ အစစ်အမှန်ချီနှင့် အတွင်းအားတို့ဟာ ဒြပ်စင်ငါးမျိုးမှ တစ်မျိုးဖြစ်သည့် မီးချီနှင့် နှလုံးသားတွင် ပေါင်းစပ်ခဲ့သည်။ သစ်သားချီဟာ အသည်းတွင် ပေါင်းစပ်တော့မှာ ဖြစ်၏”

“သူမ၏ ခန္ဓာကိုယ်ထဲတွင် ဖင်းချီနှင့် ယင်ယန်ချီတို့ဟာ များပြားစွာ စုစည်းနေပါသည်။ သူမ၏ခွန်အားဟာ အံ့ဩစရာ ကေင်းလှ၏။ သင်ဟာ သူမ၏ပြိုင်ဘက် လုံးဝမဟုတ်ပေ”

“ဒီအချိန်၌ သူမ၏ အတွင်းအင်္ဂါများဟာ ဒဏ်ရာရထား၏။ ဖင်းချီနှင့် ယင်ယန်ချီတို့ဟာ ညီမျှမှု ဆုံးရှုံးတော့မှာပါ။ ငါးနှစ်၊ ခြောက်နှစ် ကြာပြီးနောက် လုံးဝ အထိန်းအချုပ်မဲ့ကာ သေချာပေါက် သေဆုံးရလိမ့်မည်”

စနစ်၏ အချက်ပေးချက်ကို ကြည့်ကာ ဟန်ကျောက်ဟာ မှင်သက်သွားသည်။

သူ၏ သွေးချီ အာရုံခံမှုအရ လုယင်ရွှမ်းဟာ ခွန်အားသန့်စင်း အဆင့်၌သာ ရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ရှင်းလင်းစွာပင် သူမဟာလည်း အလွန်ကောင်းမွန်သည့် ဖုံးကွယ်ခြင်း အတတ်တစ်ခုကို ကျင့်ကြံထားပါသည်။

ပုံမှန်အားဖြင့် စနစ်ဟာ အချက်ပေးသည့် အချိန်၌ သက်ဆိုင်ရာ လူတစ်ယောက်၏ ခွန်အားဟာ အခြေခံအားဖြင့် သူ့ထက် အရမ်းကြီး နိမ့်ကျသည်(သို့) မြင့်မားသည်ဟု ဖော်ပြလေ့မရှိပါ။ ဥပမာအားဖြင့် နောက်ဆုံးအကြိမ် ပေါ်လာတုန်းက ချီရွှမ်းမင်ဖြစ်သည်။

မထင်မှတ်စွာပင် ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ပါလျှက်နှင့် အချက်ပေးမှုတွင် သူဟာ လုယင်ရွှမ်းဟာ ပြိုင်ဘက်မဟုတ်ဟု လုံးဝ ဖော်ပြထားသည်။

တစ်နည်းအားဖြင့် ဆိုပါက လုယင်ရွှမ်းဟာ အနည်းဆုံး ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူရန် ခွန်အားရှိမှာပါ။ ချီသုံးဆင့် စစ်ဘုရင်တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်လောက်၏။ စူပါအဆင့် ပါရမီရှင့် ပါရမီရှင်တစ်ယောက် ပီသလှပါသည်။

တစ်ချိန်တည်းတွင် သူမဟာ ကောင်းကင်ဖင်းနတ်ဆိုးအတတ်ကဲ့သို့ ကျင့်စဉ်မျိုးကိုလည်း ကျင့်ကြံထားသေး၏။

“စီနီယာအစ်မလုကို တွေ့ဆုံပါတယ်။ ဆရာလုရဲ့ အမိန့်နဲ့ ကျွန်တော်ဒီကို လာခဲ့တာပါ။ ဖြစ်နိုင်ရင် သိုင်းပညာအကယ်ဒမီမှာနေပြီး သိုင်းပညာ သင်ကြားချင်ပါတယ်” ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။

“နင်က ငါ့အဖေရဲ့ တပည့်အသစ်လား။ သူနင့်ကို ငါ့ဆီလာတွေ့ခိုင်းတာလား”

လုယင်ရွှမ်း၏ မျက်နှာပေါ်၌ စိတ်ပြေလျော့ကာ ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာ၏။ သို့ပေမယ့် လျှင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားသည်။

“ဟုတ်ပါတယ်”

ဟန်ကျောက်ဟာ အနည်းငယ် မှင်သက်သွား၏။ နောက်ဆုံးတွင် ရေခဲကဲ့သို့ အေးစက်ပေမယ့် နေကဲ့သို့ တောက်ပသည့်အပြုံးရှင် ဟူသည့် ဆိုလိုရင်းကို တွေ့မြင်ခဲ့ရလေပြီ။

လုယင်ရွှမ်း၏ ပုံစံကို ကြည့်ရတာ ရှင်းလင်းစွာပင် သူမဟာ လုယီနှင့် ပြဿနာတက်ထားသည့်ပုံ မပေါ်ပါ။ သူမတို့ဟာ ရှင်းလင်းစွာပင် အလွန် ဆက်ဆံရေးကောင်းမွန်သည့် သားအဖများ ဖြစ်ကြ၏။

“ဂျူနီယာညီမယန်.. ကျေးဇူးတင်ပါတယ်”

လုယင်ရွှမ်းက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ယန်လဲ့ရူကို ဦးညွှတ်သည်။

“စီနိယာအစ်မလုက အရမ်းကြီး အားနာနေပြန်ပါပြီ။ ကျွန်မ ရှင်တို့ကို မနှောင့်ယှက်တော့ဘူး”

ယန်လဲ့ရူက အပြုံးတစ်ခုနှင့် ပြန်လည်တုံ့ပြန်ကာ ချက်ချင်းပင် ပြန်သွားသည်။

“ဂျူနီယာမောင်လေးဟန်.. ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”

လုယင်ရွှမ်းက ပြုံးကာ ဟန်ကျောက်ကို စကားပြောရန်အတွက် အခန်းထဲသို့ ဖိတ်သည်။

“ဟုတ်”

ဟန်ကျောက်ဟာ သူမနောက်မှ လိုက်ပြီး အခန်းထဲသို့ ဝင်၏။

“စိတ်မရှိပါနဲ့.. အခုမှ အခန်းကို ပြန်ရောက်တာဆိုတော့ ဘာလက်ဖက်ရည်မှ မပြင်ထားခဲ့ဘူး။ ထိုင်ပါဦး”

“စီနီယာအစ်မလု.. အားနာနေစရာ မလိုပါဘူး”

ဟန်ကျောက်ဟာ အခန်းထဲရှိ စားပွဲဝိုင်းတစ်ခုတွင် ထိုင်လိုက်၏။

လုယင်ရွှမ်းက တစ်ဖက်တွင် ထိုင်ကာ သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်သည်။

“ဂျူနီယာမောင်လေးဟန်.. နင်ဒီနှစ် အသက်ဘယ်လောက် ရှိပြီလဲ။ တစ်ယောက်တည်း လာတာလား”

“ဒီနှစ်မှာ ကျွန်တော့အသက် ၂၁နှစ် ရှိပါပြီ။ တစ်ယောက်တည်း လာခဲ့တာပါ”

ဟန်ကျောက်က အမှန်အတိုင်းပင် ပြော၏။

All Chapters