အခန်း (၁၆၄)
Vol. 11 Ch. 164
ထိုကျင့်စဉ်ဟာ ပြီးပြည့်စုံသည့် အဆင့်သို့ ကျင့်ကြံရန်အတွက် အခက်ခဲဆုံး ဖင်းချီများထဲမှ တစ်ခုကို စုပ်ယူရန် လိုအပ်ပါသည်။
ထို့အပြင် အကြမ်းကြုတ်ဆုံးနှင့် ကြီးဆိုးမှုအရှိဆုံး ဖြစ်သည့် မိုးကြိုးဖင်းချီကို စုပ်ယူပါက အကောင်းဆုံး ဖြစ်၏။ မဟုတ်ပါက ဆန်းကြယ်ရေခဲလက်သည်း ကဲ့သို့ပင် ခက်ခဲမှုမြင့်မားကာ စွမ်းအားက နိမ့်ပါးနေမှာပါ။
သို့ရာတွင် ဟန်ကျောက်အတွက်မူ တူညီစွာ အဆင်ပြေ၏။ သူဟာ သွေးချီချိုးဖျက်မှု တတိယအဆင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်ပေ။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်၏။
ဒီကျင့်စဉ်၏ ပထမနှစ်ဆင့်ဟာ မည်မျှပင် ခက်ခဲနေစေကာမူ သူ့ကို အချိန်အကြာကြီး နှောင့်နှေးစေမှာ မဟုတ်ပေ။ ထို့အပြင် ဤသည်မှာ သူ၏ ပါရမီအား မြှင့်တင်ရန်ကိစ္စနှင့် ပက်သက်နေ၏။
လျန်ညီအစ်မ သုံးယောက်ဆီမှ သူရခဲ့သည့် စိတ်ဝိညာဉ်သုံးပါး မြားကျမ်းဟာလည်း အသန်မာဆုံး စွမ်းအားကို ထုတ်လွှတ်နိုင်ရန် အံ့ဖွယ်သုံးပါး စွမ်းအားကို လိုအပ်သည်။ ဘာပဲဖြစ်ဖြစ် သူဟာ ထိုမြားကျမ်းကို ကျင့်ကြံရမှာ ဖြစ်သည်။
နောင်တွင် အံ့ဖွယ်သုံးပါး၏ စွမ်းအားကို စုပ်ယူပါက ဆန်းကြယ်ရေခဲလက်သည်းနှင့် ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်တို့လည်း လိုက်ဖက်ညီစွာ မြှင့်တင်နိုင်ပါသည်။
ဒီဗိုင်းကောင်းကင်ချိတ်တံဆိပ်အား ကူးယူပြီးနောက် သူဟာ အထွေထွေ စာအုပ်များအပိုင်းဆီသို့ လျှောက်သွားလိုက်သည်။
နာရီဝက်ကြာပြီးနောက် နောက်ဆုံးတွင် နံပါတ်ကိုးက ပြောခဲ့သည့် ဘဝကူးမန္တန်အား ထောင့်တစ်ခုတွင် တွေ့လိုက်ရသည်။
သို့ရာတွင် နံပါတ်ကိုးပြောခဲ့သည့် အတိုင်းပင် လူတစ်ယောက်ဟာ ဗုဒ္ဓကျင့်စဉ် အခြေခံတစ်ခုခု(သို့) နက်နဲသည့် ဗုဒ္ဓစွမ်းအားတို့ ရှိထားရန် လိုအပ်ပါသည်။ မဟုတ်ပါက မကောင်းသည့် အရာများကို ကြုံတွေ့ရပါက ဘဝကူးမန္တန်အား ရွတ်ဆိုလျှင်တောင် အသုံးဝင်မည် မဟုတ်ပါ။
ဟန်ကျောက်ဟာ ၎င်းကို ကူးယူခြင်းမပြုပါ။ အကြိမ်အနည်းငယ် ဖတ်ရှုကာ စိတ်ထဲတွင် အချက်အလက်များကို မှတ်ထားလိုက်၏။
သူဟာ ဘဝကူးမန္တန်အား ပြန်ထားပြီးနောက် လှေကားဝဆီသို့ ပြန်ခဲ့သည်။ သူသည် ပါရမီအား မြှင့်တင်ရန် လိုအပ်သည်မှ လွဲ၍ အခြား မည်သည်ကိုမှ ကျင့်ကြံရန် စီစဉ်ထားခြင်း မရှိပေ။
“နှစ်ခုတည်းလား”
“ဟုတ်ကဲ့”
“ကောင်းပြီ။ စုစုပေါင်း ကြေးပြား၄၀ ကုန်ကျမယ်”
အဖိုးအိုက လက်ကိုဆန့်သည်။
“အလကားမဟုတ်ဘူးလား”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
“သိုင်းကျမ်းတွေကတော့ အလကားပဲ။ ဒါပေမယ့် စာအုပ်လွတ်တွေကတော့ ပိုက်ဆံပေးရတယ်။ တစ်အုပ်ကို ကြေးပြား၂၀ရှိတယ်”
အဖိုးအိုက ရှင်းပြသည်။
“ကောင်းပြီ”
ဟန်ကျောက်က သူ၏ရင်ဘတ်ကို စမ်းသည်။ ဆန်မာရုအိတ် အတွင်းမှ ကြေးပြား၄၀ကို ထုတ်လိုက်၏။ သူဟာ ပြီးခဲ့တုန်းက အတွေ့အကြုံကြောင့် အကြွေများစွာကို အထူး လဲထားခဲ့သည်။
အဖိုးအိုက ပိုက်ဆံကို ယူကာ သိုင်းစာအုပ်များကို ဟန်ကျောက်အား ပြန်ပေးသည်။ ပါဝင်သည့် အချက်အလက်များကတော့ သူဟာ ပထမစာမျက်နှာကိုပင် လှန်လောကြည့်ခြင်း မပုပါ။
အရင်တုန်းက လူသစ်များဟာ အလကားဟု ကြားလိုက်ရသည်နှင့် သိုင်းကျမ်း၂၀လောက်ကို တစ်ခါတည်း ထိုင်ကူးတတ်ကြသည်။ သူတို့ဟာ ဝါးနိုင်သည်ထက် ပိုမိုကိုက်ကြခြင်း ဖြစ်၏။
သာမန််လူတစ်ယောက်အတွက် တစ်ခုလောက်ကို အထူးပြုကျင့်ကြံခြင်းက အကောင်းဆုံးဖြစ်သည်။ အလွန်ဆုံး နောက်ထပ်တစ်ခုလောက် ထပ်မံကျင့်ကြံနိုင်၏။
လူတစ်ယောက်ဟာ ကျင့်စဉ် ငါးခု၊ ခြောက်ခု(သို့) ခုနစ်ခု၊ ရှစ်ခုကိုပင် ကျင့်ကြံပါက နောက်နေသည်ပင် ဖြစ်ပေလိမ့်မည်။ သူဟာ သိုင်းကျမ်းတစ်ခု၏ ပုံမှန်စွမ်းအားကိုပင် ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။
ဒီလူသစ်ဟာ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်း ဖြစ်ပေမယ့် နှစ်အုပ်သာလျှင် ကူးယူခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် နားလည်သည်ဟု ဆိုနိုင်ပါသည်။
ဟန်ကျောက်ဟာ သိုင်းကျမ်းများကို ကူးယူအပြီးတွင် ဓါးမိုးခြံဝန်းရှိ အနောက်ဘက်တောင်ပံဆီသို့ ပြန်ခဲ့သည်။ သို့ရာတွင် သူဟာ ဆန်းကြယ်ရေခဲ လက်သည်းနှင့် ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်တို့အား ကျင့်ကြံရန် အလျှင်လိုခြင်း မရှိပါ။
အဲ့ဒီအစား တံခါးနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာ ပိတ်သည်။ ထို့နောက် စိတ်ထဲတွင် ရေရွတ်လိုက်၏။
“စနစ်”
“အချက်ပေးအပိုင်းအစ ၇၅ခုကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”
“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်တို့ကို ကုန်ကျမည်”
“ဝိညာဉ်အဆီအနှစ်လုံးထဲက ယင်စွမ်းအင်တော့ ကုန်ပြီ။ သူ့ရဲ့ သဘာဝအတိုင်း ပြန်စုဆောင်းတာနဲ့ ဒီဗိုင်းလက်နက်တွေက ပုံမှန်ထောက်ပံ့တဲ့ ယင်စွမ်းအင်တွေနဲ့ဆို နောက်ထပ် အစမ်းရှင်သန်မှုကို နှစ်ဝက်လောက်ကြာမှ လုပ်နိုင်တော့မှာ”
ဘာပဲဖြစ်ဖြစ် နောင်တွင် ကျိုကျိုးဟာ မြို့ထဲမှ ထွက်ခွာမည်မဟုတ်ပေ။ ထို့ကြောင့် သူ၏လုံခြုံရေးဟာ ပြဿနာမရှိပါ။
ဒီအစမ်းရှင်သန်မှု အတွင်းတွင် သူဟာ လုဟွမ်ရှုံကို သတ်လိုက်ပါက အန္တရာယ်ရှိမည်လားဟု ကြည့်မည်ဖြစ်၏။ အန္တရာယ်ရှိပါက အနည်းငယ် ပိုမိုကာ စောင့်မည်ဖြစ်သည်။
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၁နှစ်တွင် သင်သည် ဓါးမိုးစံအိမ်သို့ ဝင်ရောက်ခဲ့သည်”
“လုဟွမ်ရှုံ၏ ခြေထောက်ဟာ ဆံဖြူနတ်ဆိုးမ၏ တိုက်ခိုက်မှုကြောင့် ကျိုးသွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်
ရကာ သတိလစ်သွားခဲ့သည်”
“ထိုညတွင် သင်သည် လုစံအိမ်သို့ ဝင်ရောက်ကာ လုဟွမ်ရှုံကို သတ်ဖြတ်ရန် ပြင်ဆင်သည်။ နောက်ဆုံးတွင် သိုင်းသူတော်စင်တစ်ယောက်နှင့် ကြုံတွေ့ကာ သေဆုံးခဲ့၏”
ဟန်ကျောက်ဟာ မှင်သက်သွားသည်။ ဤသည်မှာ သူလုပ်ဆောင်ခဲ့သည့် အစမ်းရှင်သူများထဲတွင် အတိုဆုံး ဖြစ်သည်။
မနေ့က သူဟာ ထိုအကြောင်းကို လုယင်ရွှမ်းအား မေးခဲ့၏။ လုဟွမ်ရှုံဆီ၌ မည်သည့် အထူးနောက်ခံတို့ မရှိဟု သိရသည်။ သူဟာ လုမိသားစု၏ အသန်မာဆုံး ဖြစ်၏။
‘ဖြစ်နိုင်တာက သိုင်းအကယ်ဒမီရဲ့ အကယ်ဒမီခေါင်းဆောင်များလား’
ဟန်ကျောက်က စဉ်းစားသည်။ လုဟွမ်ရှုံကို ကာကွယ်ရန် ဖြစ်နိုင်သည့် လူမှာ သိုင်းအကယ်ဒမီ၏ ခေါင်းဆောင်ဖြစ်သူ ဖင်းနှစ်ဆင့် သိုင်းသူတော်စင် ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် လုယင်ရွှမ်းဟု ယူဆရသည့် ဆံဖြူနတ်ဆိုးမဟာ သူ့ကို တစ်ခါတည်း သတ်ဖြတ်မှု မပြုခဲ့တာ ဖြစ်ပေလိမ့်မည်။
သိုင်းပညာအကယ်ဒမီရှိ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သာ အသတ်ခံရပါက ဤသည်မှာ အမှန်တကယ်ကို သိုင်းကျောင်း၏ ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်လာမှာ ဖြစ်သည်။
“အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ငါလည်း အလျှင်မလိုပါဘူး.. ဒီအချိန်အတွင်းတော့ ထားလိုက်သေးတာပေါ့”
ဟန်ကျောက်က ပြုံးသည်။
“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၃၁၉လျန်”
“နံပါတ်၂”
“စွမ်းရည်မှတ် +၃၂”
“စုစုပေါင်းစွမ်းရည်မှတ်- ၅၂”
“ဒီလောက်များတဲ့ စွမ်းရည်မှတ်တွေ တစ်ခါမှ မစုခဲ့ဖူးဘူး”
ဟန်ကျော်က စဉ်းစားသည်။ ထို့နောက် နဂါးနီလှံ အပိုင်းအစကို ဆန်မာရုအိတ််အတွင်းမှ ထုတ်သည်။
“နံပါတ်ကိုး ထွက်လာခဲ့”
အနီရောင် အလင်းတစ်ခု လက်သွားပြီး နံပါတ်ကိုး၏ ပုံရိပ်ဟာ ပေါ်လာခဲ့၏။ သူက ဒူးတစ်ဖက်ထောက်ကာ လေးစားစွာ ပြောသည်။
“သခင်ကို တွေ့ဆုံပါတယ်”
“ဘဝကူးမန္တန်ကို ငါသင်ယူပြီးပြီ။ ဒါက နောက်ဆုံးအကြိမ်ပဲ.. မင်းငါ့ကို သခင်လို့ ခေါ်စရာ မလိုတော့ဘူး။ ငါ့နာမည်ပဲခေါ်”
ဟန်ကျောက်က လက်ကို ဝှေ့ယမ်း၏။
နံပါတ်ကိုးက ခဏတာ စဉ်းစားပြီးနောက် မတ်တပ်ရပ်သည်။ သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ သိုင်းသမားတစ်ယောက်၏ အသွင်ဖြင့် ဦးညွှတ်၏။
“သ.. ဟ.. ညီအစ်ကိုဟန်”
“မင်းအဆင်သင့် ဖြစ်ပြီလား”
ဟန်ကျောက်က ပြော၏။
“သခင်… မင်းမှာ စာရွက်နဲ့ ဘောပင်ရှိလား”
နံပါတ်ကိုးက လေးနက်စွာ မေးသည်။
“ရှိတယ်။ ဘာဖြစ်လို့လ”
“အစ်ကိုဟန်ရဲ့ ကိုယ်ပွားအတွက် ပုံရိပ်ယောင်ပြောင်းလဲခြင်းအတတ်ကို အမြန်ဆုံး အသားကျအောင် အသေးစိတ်မှတ်တမ်း ရေးပေးမလို့”
“ကျေးဇူး”
ဟန်ကျောက်က ဆန်မာရုအိတ်အတွင်းမှ ဘောပင်နှင့် စာရွက်တို့ကို ထုတ်သည်။ နံပါတ်ကိုးဟာ စားပွဲသို့ သွားကာ ဘောပင်ကို ကိုင်ပြီး ခဏတာ ရပ်တန့်နေ၏။ အချိန်အတော်ကြာပြီးနောက် စတင်ရေးသားသည်။
သူ၏ အရုပ်ဆိုးသည့် လက်ရေးက သူ့ကို မျက်မှောင်ကြုတ်မိစေ၏။ သို့ပေမယ့် နောက်ဆုံးတွင် မှတ်တမ်းရေး၍ ပြီးဆုံးသွားသည်။
“ရပါပြီ အစ်ကိုဟန်”
နံပါတ်ကိုးက စကားလုံးများဖြင့် ပြည့်နှက်နေသည့် စာရွက်ကို ကျိုကျိုးအား ပေးသည်။