အခန်း (၁၆၀)
Vol. 11 Ch. 160
“လက်ရှိ နင့်ရဲ့အသက်နဲ့ သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ရောက်နိုင်တာ.. အစ်မအဖေက အရမ်းတန်ဖိုးထားမှာမလား။ ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းလာခိုင်းဖို့ စိတ်ချရတာလဲ”
လုယင်ရွှမ်းက အသာပြောသည်။
ဟန်ကျောက်ဟာ အတွေးလွန်သည်လား မသိပေ။ သို့ပေမယ့် သူမ၏ လေသံဟာ အနည်းငယ် အချိုးမကျစွာ ရှိနေ၏။
“ဆရာက ကျွန်တော်လာခါနီးမှ ကိစ္စတစ်ခု ပေါ်လာလို့ ခရီးသွားလို့မရဘူး။ မကြာခင်ကျမှပဲ စီရင်စုမြို့ကို သူလည်း လာမယ်ထင်တယ်။ ကျွန်တော့ကို တစ်ယောက်တည်း လွှတ်တာကတော့ လေ့ကျင့်ပေးချင်လို့ ဖြစ်မယ်ထင်တယ်”
ဟန်ကျောက်၏ ဦးနှောက်ဟာ အချိန်တိုအတွင်း ရွေ့လျားနေပြီး အဖြေကို ယုတ္တိရှိစေရန် အကောင်းဆုံး ကြိုးစားကာ ဖြေကြားသည်။
“ဟုတ်ပါပြီ”
လုယင်ရွှမ်းက အသာခေါင်းညှိတ်ကာ လက်ကိုဆန့်သည်။
“ဟန်”
ဟန်ကျောက်ဟာ ခဏတာ မှင်သက်သွား၏။ ဖြစ်နိုင်တာက သူ့ဆီက မိတ်ဆက်ခြင်း လက်ဆောင် လိုချင်၍လား။
“ငါ့အဖေ နင့်ကို ယူလာခိုင်းတဲ့ စာစောင်ရော”
သူမ၏ မျက်ခုံးများက မြင့်တက်သွားသည်။
“ဘာစာစောင်လဲဗျ”
ဟန်ကျောက်က နားမလည်ချင်ယောင် ဆောင်၏။ အစမ်းရှင်သန်တုန်းကအတိုင်းသာ ဆိုပါက လုယီ၏ စာကာ အရေးကြီးအကြောင်းအရာများ ပါဝင်ခြင်းမရှိပါ။
အဲ့ဒီအစား သူ့အကြောင်းကို ပြောကြားထားကာ လုယင်ရွှမ်း၏ မနှစ်မြို့မှုကို ခံရမှာ ဖြစ်သည်။ တစ်နှစ်ကြာပြီးမှ ဆက်ဆံရေးဟာ ပြန်လည် ကောင်းမွန်လာခဲ့၏။ ထို့ကြောင့် သူဟာ သူမကို စာစောင်အား ပေးရန် ပြင်ဆင်ထားခြင်း မရှိပါ။
“ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းမှာ သူငါ့ကိုလတိုင်း စာတွေရေးလာတာ သူ့ရဲ့ ဂုဏ်ယူရတဲ့တပည့် နင့်ကြောင့်မလား။ မဟုတ်ရင် ဒီလောက် မကြာခဏ ဘယ်လိုစာရေးမှာလဲ။ ဒီတစ်ကြိမ် နင်လာတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး ဘာစာမှ မထည့်ပေးလိုက်ပဲ မနေဘူး”
လုယင်ရွမ်းက တည်ငြိမ်စွာ ပြောသည်။
ဟန်ကျောက်၏ ပုံစံက အေးခဲသွား၏။ သမီးဖြစ်သူသာ ဖအေကို အသိဆုံး ဖြစ်သည်။
“ဂျူနီယာမောင်လေးဟန်.. နင်ငါ့ကို တွေ့လျှင်တွေ့ချင်တော့ ခွန်အားသုံးရအောင် ဖိအားမပေးချင်ဘူးမလား” လုယင်ရွှမ်းက လေးနက်စွာ ပြောသည်။
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး.. ကျွန်တော်က နောက်တာပါ”
သူမ၏ စကားလုံးများဟာ ရန်လိုလှသည်ဟု ဟန်ကျောက် ခံစားရသည်။ သူဟာ အိတ်ထဲသို့ အမြန်နှိုက်ကာ လုယီ၏ စာကို ထုတ်လိုက်သည်။
ဤသည်ကို တွေ့ရပြီးနောက် လုယင်ရွှမ်းက နှုတ်ခမ်းစေ့ကာ ပြုံးသည်။ ချိတ်ပိတ်ထားသည့် စာစောင်ကို ဖွင့်ဖောက်ကာ စစ်ဆေးကြည့်၏။
မကြာခင် သူမမျက်နှာပေါ်ရှိ အပြုံးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လာခဲ့ပြန်သည်။ ဤသည်မှာ ဟန်ကျောက်၏ ပထမဆုံးအကြိမ် လူတစ်ယောက်၏ အပြုံးနှင့်၊ မျက်မှောင်ကြုတ်မှု၌ ယခုလောက်အထိ ကွာခြားချက် ကြီးမားပုံကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။
“ဂျူနီယာမောင်လေးဟန်.. ကြည့်ရတာ ငါ့အဖေ စာထဲမှာ ရေးမယ့်အကြောင်းကို နင်ခန့်မှန်းမိတဲ့ပုံပဲ”
လုယင်ရွှမ်းက စကားဆုံးပြီးနောက် ဟန်ကျောက်ကို ကြည့်ကာ အသာပြုံးသည်။ မာကျောမှုတစ်ခု ပါနေ၏။
“စီနီယာအစ်မလု.. စိတ်မပူပါနဲ့.. ကျွန်တော့မှာ အစ်မအပေါ် ဘာမသင့်တော်တဲ့ အတွေးမှ မရှိပါဘူး။ ကျွန်တော်က သိုင်းပညာ လေ့လာဖို့ကိုပဲ အာရုံစိုက်ချင်တာ”
ဟန်ကျောက် သူ၏အတွေးကို အမြန်ရှင်းပြသည်။ သူဟာ လက်တွေ့ဆန်သည့်လူ ဖြစ်ရန် လိုအပ်ပါသည်။ စိတ်ကူးတိုင်းသာ လုပ်ပါက ပြဿနာများပေလိမ့်မည်။
“အဲ့ဒါ အကောင်းဆုံးပဲ”
လုယင်ရွှမ်းက လေးနက်စွာ ပြောသည်။
“ငါ့အပေါ်မှာ အချိန်ကုန်နေလို့ ဘာအဓိပ္ပာယ်မှ မရှိဘူး” ဟန်ကျောက်ဟာ တိတ်ဆိတ်သွား၏။ သာမန်လူတစ်ယောက်သာ ထိုစကားကို ကြားပါက တစ်ခါတည်း အငြင်းခံရသည်ဟု တွေးမိကြမှာပါ။
သို့ရာတွင် တကယ်တော့ သူမဟာ ယင်ယန်ချီ မညီမျှမှုကြောင့် အချိန်အကြာကြီး မနေရတော့ဟု ပြောနေခြင်း ဖြစ်၏။
ဟန်ကျောက်၏ တိတ်ဆိတ်သွားပုံကို တွေ့ရပြီးနောက် လုယင်ရွှမ်းလည်း သူမ၏ ဆက်ဆံပုံဟာ အနည်းငယ် ဆိုးရွားသွားကြောင်းကို ခံစားလိုက်ရသည်။ ထို့ကြောင့် မတ်တပ်ရပ်ကာ ပြုံး၏။
“သွားရအောင်.. နင့်ဖို့ နေစရာနေရာတစ်ခုကို ခေါ်သွားပေးမယ်။ အကယ်ဒမီကို ဝင်နိုင်ဖို့က သေချာပေမယ့် စည်းမျဉ်းအရဆို မနက်ဖြန်မှာ နင့်ရဲ့ ပါရမီနဲ့ အဆင့်ကို တိုင်းတာပြီးမှ ပုံမှန်အခြေအနေအတိုင်း လက်ခံနိုင်မှာ။ ဒါပေမယ့် ငါလည်း ဆရာ့ဆီသွားပြီး နင့်ကို ဓါးမိုးခြံဝန်းမှာ လက်ခံပေးဖို့ ပြောပေးမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မလု”
ဟန်ကျောက်က ပြုံးသည်။ ယခုအချိန်၌ အလျှင်လိုစရာ မရှိပါ။ သူ့အနေနှင့် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပြီး မီးတောက် ရိုးတွင်းခြင်ဆီ ဆေးလုံးကို ဖော်စပ်နိုင်ရန် တစ်နှစ်လောက် အချိန်ကြာဦးမှာပါ။
ထိုအခါမှ ဗာဂျရာအတတ်ကို အမှတ်အချို့ထည့်ပေါင်းကာ သူ၏ ပါရမီကို အဆင့်မြင့်အဆင့်နှင့် နီးကပ်အောင် လုပ်ရပေမည်။
ထို့နောက် အိုဇာတာကောင်းသူ၏ နှစ်ဆသက်ရောက်မှုနှင့် အဆင့်မြင့်အဆင့် ပါရမီကို ရရှိလာမှာ ဖြစ်၏။ ထိုအခါမှ စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို ကျင့်ကြံကာ လုယင်ရွှမ်းကို ကြံရမည်ဖြစ်သည်။
“ကောင်းပြီ”
လုယင်ရွှမ်းက ခေါင်းညှိတ်ကာ သူမ၏ အိမ်ဝင်းအတွင်းမှ လျှောက်ထွက်သွား၏။ ထို့နောက် ဟန်ကျောက်ကို ေခါ်ကာ ဥယျာဉ်၏ ဘယ်ဘက်အစွန်ဆုံးရှိ အိမ်ဝင်းဆီသို့ ခေါ်လာခဲ့သည်။
“ဂျူနီယာမောင်လေးဟန်.. ဓါးမိုးခြံဝန်းက တပည့်အားလုံး နီးပါးက အမျိုးသမီးတွေချည်းပဲ။ အမျိုးသား အနည်းငယ် ရှိပေမယ့် အရှေ့ဘက်တောင်ပံမှာ ငါတို့နဲ့အတူ နေဖို့ မသင့်တော်ဘူး။ ဒါ့ကြောင့် ဒီဘက်မှာပဲ ထားတယ်။ ဒီမှာက လူနည်းတော့ ပိုတိတ်ဆိတ်ပြီး တံခါးပိတ်ကျင့်ကြံလို့ ကောင်းတယ်။ ကြည့်ရတာ နင်လည်း အပေါင်းအသင်းမက်တဲ့ပုံ မဟုတ်ပါဘူး။ ဒီနေရာမှာ နေရအဆင်ပြေတယ်မလား”
“ကျွန်တော်က တိတ်ဆိတ်တဲ့ဘဝနဲ့ ကျင့်ကြံမှုကို သဘောကျတယ်။ ဒီနေရာက ကျွန်တော်နဲ့ တော်တော်လေး လိုက်ဖက်တယ်”
ဟန်ကျောက်ဟာ ဝမ်းသာသွား၏။ အိမ်နီးချင်း မရှိပါက အကောင်းဆုံးဖြစ်သည်။
အနောက်ဘက်တောင်ပံ တစ်ခုလုံးတွင် သူတစ်ယောက်တည်း ရှိပါက အကောင်းဆုံး ဖြစ်၏။ ဤနည်းအားဖြင့် ဆေးလုံး သန့်စင်သည့်အခါ၊ သိုင်းကျင့်သည့်အခါ(သို့) ညလယ်တွင် အလစ်ထွက်သည့် အခါတို့၌ အခြားလူများ တွေ့သွားမှာကို ကြောက်စရာ လိုမည်မဟုတ်ပေ။
“အဲ့ဒါဆို ကောင်းတယ်”
ဟန်ကျောက်၏ ပုံစံမှာ ဟန်ဆောင်နေတာ မဟုတ်ကြောင်းကို တွေ့ရပြီးနာက် လုယင်ရွှမ်းဟာ သူ့အပေါ် အကောင်းပိုမြင်လာခဲ့သည်။
အမျိုးသားတပည့် အများစုတို့ ဓါးမိုးစံအိမ်သို့ ဝင်ရောက်လာခြင်းမှာ သိုင်းပညာကျင့်ကြံဖို့ချည်း မဟုတ်ပေ။ ထို့ကြောင့် ဓါးမိုးစံအိမ်ဟာ ယောကျားလေး တပည့်များကို လက်ခံတာ ရှား၏။
ဒီဂျူနီယာမောင်လေးဟန်မှာ အလွန် ချောမောပါသည်။ သို့ပေမယ့် သူဟာ အမျိုးသမီးများနှင့် ကစားနေတတ်သည့် ပေါ့ပျက်ပျက်လူ မဟုတ်ပေ။ ဤသည်က ရှားပါး၏။
“ဂျူနီယာမောင်လေးဟန်.. ဒီနေရာက လူမရှိတဲ့ ဘယ်အခန်းကိုမဆို နင်ရွေးလို့ရတယ်။ ပြီးရင် နေ့စဉ်သုံး အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို တစ်ယောက်ယောက်ကို ငါပြင်ခိုင်းလိုက်မယ်။ နင်လိုတာရှိရင်လည်း အစေခံတစ်ယောက်ယောက်ကို ဝယ်ခိုင်းလို့ရတယ်..”
လုယင်ရွှမ်းက ပြုံးသည်။
ပြီးနောက် သူမ၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွား၏။ အမြန်ပြောလေသည်။
“ဂျူနီယာမောင်လေးဟန်.. ငါ့မှာ ကိစ္စရှိသေးလို့.. အရင်သွားနှင့်မယ်”
“ဟုတ်ကဲ့.. သွားပါဗျ” ဟန်ကျောက်က ပြော၏။ လုယင်ရွှမ်းဟာ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ အိမ်ဝင်းတံခါးကို ဖြတ်ကျော်ပြီးနောက် သူမ၏
လမ်းလျှောက်မှုကို အရှိန်တင်လိုက်သည်။
အခန်းဆီသို့ အမြန်ပြန်ကာ တံခါးကို တင်းကြပ်စွာ ပိတ်၏။ ထိုအချိန်၌ သူမ၏ မျက်နှာမှ အနက်ရောင်အငွေ့များ မြင့်တက်လာပြီး နာကျင်သည့်ပုံက ပေါ်လာခဲ့သည်။ အိပ်ယာပေါ်တွင် လှဲကာ ကွေးနေ၏။
ရာသီဥတုဟာ အေးစက်ခြင်းမရှိပေ။ သို့ပေမယ့် သူမဟာ စောင်ကို တင်းကြပ်စွာ ပတ်ထား၏။ ခန္ဓာကိုယ်က တုန်ယင်နေပြီး အားနည်းစွာ အကူအညီမဲ့နေပါသည်။ နောက်တစ်နေ့နံနက်တွင်…
လုယင်ရွှမ်းဟာ ဟန်ကျောက်ကို စမ်းသပ်မှုအတွက် လာခေါ်၏။ ဟန်ကျောက်ဟာ သူမနောက်မှ လိုက်ကာ ဓါးမိုးခြံဝန်းမှ ထွက်ခွာပြီး သိုင်းအကယ်ဒမီ၏ အလယ်ရှိ အဆောက်အအုံတစ်ခုဆီသို့ ရောက်ရှိသွားသည်။
ဒီအချိန်၌ အဆောက်အအုံ၏ ပထမထပ်ရှိ ခန်းမအတွင်းတွင် သိုင်းအကယ်ဒမီ၏ ယူနီဖောင်းဝတ်စုံနှင့် တပည့်အချို့တို့ ပြန့်ကြဲနေပါသည်။