← Chapters

ပထမတွေ့ဆုံမှု

Vol. 104 Ch. 1456

ပထမတွေ့ဆုံမှု

Vol. 104 Ch. 1456

သူ့ဆီကနေ ခြိမ်းခြောက်မှုကိုတော့ မခံစားမိဘူး။ ဆိုလိုတာက သူ့စွမ်းအား ဒါမှမဟုတ် အင်အားက ငါနဲ့ယှဉ်နိုင်တာ ဒါမှမဟုတ်ဘူးဆိုရင် ငါထက် အားနည်းနေတာမျိုးပဲ။ ဒါပေမဲ့ သူ့ကို သတ်ဖို့တွေးလိုက်တဲ့အချိန်မှာ ခြိမ်းခြောက်နိုင်တဲ့ ခံစားချက်မျိုး ရှိတယ်။ သူက ကျိချန်းမင်လိုမျိုး တူညီတဲ့ ကာကွယ်မှုအဆင့်မျိုး ရှိနေတယ် …

ဝမ်ဝေ့က အလျင်အမြန် သုံးသပ်လိုက်သည်။

“မင်းက” သူကမေးလိုက်သည်။

“နာမည်က ပိလုံရှန့်” ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသားက သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

“မင်းက ဝမ်ဝေ့မလား။ မုန့်ခယ်က မင်းအကြောင်း ပြောဖူးတယ်။ အဲ့ဆိုတော့ တချက်လောက် ကြည့်ရအောင်”

သူ့မျက်ဝန်းထဲ ရွှေရောင်အလင်းတချို့ဖြတ်ပြေးသွားသည်။

“တကယ့်ကို ထူးဆန်းတဲ့ စနစ်တစ်ခုပဲ။ မင်းက အသုံးအဆောင်ခန္ဓာ ပေါင်းစည်းရေးကို စတင်ခဲ့ပေမယ့် မင်းရဲ့နည်းစနစ်ကို ကြယ်တာရာခန္ဓာလမ်းစဉ်အဖြစ် ပြောင်းလဲခဲ့တယ်။ မင်းရဲ့ဆုံမှတ်တွေကို အသုံးပြုပြီးတော့ပေါ့။ နောက်ဆုံးမှာ မင်းက သွေးမျိုးဆက်လမ်းစဉ်ကို ပြောင်းလဲခဲ့တယ်။ ပြီးတော့ မင်းရဲ့လူသားသွေးမျိုးဆက် အတားအဆီးတွေကို ချိုးဖောက်ခဲ့တာလား။ အဲ့ဆိုတော့ မင်းက ဦးလေးပိရှင်းလိုမျိုး တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတာပဲ။ ဒါပေမဲ့ မင်းက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေရှိတဲ့အချိန်မှာ ဘာလို့များ မကောင်းဆိုးရွားနတ်ဘုရားကို မင်းရဲ့ ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ရတာလဲ”

ပိလုံရှန့်က ခေါင်းရမ်းလိုက်သည်။

“အမ်း ... ဒီလိုသန့်စင်ပြီးတော့ ပြစ်ချက်မဲ့ခန္ဓာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ကမ္ဘာဦးနှလုံးသားရေစင်ကို ရထားတာလား။ ငါတို့စံအိမ်ကပဲ ဒါကိုလုပ်နိုင်တာဆိုတော့ အဓိပ္ပါယ်တော့ မရှိဘူးပဲ။ ခဏလေး နောက်ထပ် ထပ်ပြီး ရှိသေးတယ်။ မင်းက သေမျိုးဘဝနဲ့ စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားကို အမြင့်ဆုံးအနေအထားအထိ လေ့ကျင့်ထားခဲ့တာ။ မင်းက ငကြောင်လား။

ဒီလိုမျိုးလုံလောက်တဲ့ ကျင့်ကြံဆင့်၊ ခန္ဓာကိုယ် ဒါမှမဟုတ် ဝိညာဉ်မရှိဘဲနဲ့ စိတ်စွမ်းအားကို ဘယ်လိုလုပ် အဲ့လောက်ထိ လေ့ကျင့်နိုင်မှာလဲ။ ရူးသွပ်မှုပဲ။ မင်းက ဗလာနတ္ထိစွမ်းအားကို သုံးပြီးတော့ အသက်ရှင်နေတယ်တဲ့လား။ ဟား ဟား ဟား ။ ဦးလေးလေဟာနယ်ဇစ်မြစ်ကတော့ မင်းကို တပည့်အဖြစ်လက်ခံဖို့ သူ့ကိုယ်သူတောင် ရောင်းစားလောက်တယ်။ အား ပြီးတော့ တက်လှမ်းရေးဂိတ်ပေါက်လား။ မင်းက ပြန်ပြီး‌တော့ ဖွဲ့စည်းပြီးသွားပြီလား။ ဒါက ငါတောင် မလုပ်ရသေးတဲ့အရာပဲ”

ပိလုံရှန့်၏ မျက်လုံးက ပိုမိုတောက်ပလာသည်။ သူက အထွတ်အထိပ် ပါရမီရှင်တစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် စံအိမ်သို့ မည်သည့်နည်းလမ်းနှင့်မဆို ပြန်လည်ခေါ်ဆောင်သွားရမည် ဖြစ်၏။

“မင်းက ရှေးဦးခန္ဓာကျင့်စဉ်ကို ကျင့်ကြံဖို့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ပဲ။ မင်းက ငါတို့ရဲ့ စံအိမ်ကို သေချာပေါက် ဝင်ရောက်သင့်တယ်”

ဝမ်ဝေ့က သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး သူ့ကိုယ်သူတွေးလိုက်သည်။

သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စွဲဆောင်မှုရှိတဲ့ သွင်ပြင်မျိုးရှိနေပေမယ့် ဒီအမျိုးသားက အတော်လေး မောက်မာတယ်။ ဒါပေမဲ့ ကျိချန်းမင်လို မောက်မာမှုမျိုးတော့ မဟုတ်ဘူး။ ဒါက သူ့ရဲ့ အရိုးနဲ့ဝိညာဉ်ထဲအထိ ကိန်းအောင်းနေတဲ့ မောက်မာမှုနဲ့မာနပဲ …

သူက လူတွေဆီ ခွင့်မတောင်းဘဲနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတာက  ရိုင်းပျတယ်ဆိုပေမဲ့ သူ့အတွက်တော့ ပုံမှန်ဖြစ်ရင်ဖြစ်မှာပေါ့ …

“ရှေးဦးခန္ဓာကျင့်စဉ်ဆိုတာ ဘာလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“ဟွင်သွမ်းစကြဝဠာတစ်ခုလုံးမှာ အကောင်းဆုံးခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်စဉ်ပေ့ါ” ပိလုံရှန့်က တိုက်ရိုက်ပြန်ဖြေလိုက်ပြီး သူ့စကားနောက်ကွယ်မှ ယုံကြည်ချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

“အဲ့ဆိုတော့ ဒါက မင်းတို့ရဲ့ တည်ထောင်သူ ကျင့်ကြံတဲ့ ကျင့်စဉ်လို့ မှတ်ယူလို့ရလား”

“အဲ့လိုပြောလို့ရပါတယ်”

“ငါ သိပြီ။ ကမ်းလှမ်းမှုအတွက်ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ မင်းတို့ရဲ့ စံအိမ်ကို ဝင်‌ရောက်ဖို့ အစီအစဉ်မရှိဘူး” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်း သေချာရဲ့လား။ မင်းရဲ့ ပါရမီနဲ့ဆိုရင် အစစ်အမှန်တပည့်ရာထူးကိုတောင် ရနိုင်တယ်။ ဆိုလိုတာက မင်းက ငါ့လိုမျိုး တိုက်ရိုက်မျိုးဆက်နဲ့ တူညီတဲ့အနေအထားအထိ ဆက်ဆံခံရမှာ”

“ငါ သေချာတယ်” ဝမ်ဝေ့က တုန့်ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ကာပြောလိုက်သည်။

“အကြောင်းအရင်းကို မေးလို့ရလား”

“ငါ လျှောက်လှမ်းရမဲ့ ငါ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ဆိုတာ ရှိတယ်”

ပိလုံရှန့်က သူ့အား ခြုံငုံကြည့်ကာ ပြောလိုက်တော့သည်။

“မင်းက အတော်လေးကို မောက်မာတဲ့သူပဲ။ မင်းက ဘယ်လိုအခွင့်အရေးမျိုးကို လက်လျှော့လိုက်လဲဆိုတာ သိရဲ့လား။ ဒီနည်းစနစ်ကို တချက်ကြည့်ဖို့အတွက် လူများကြီးက ဘယ်လောက်တောင် လိုလားနေကြတယ်ဆိုတာကို သိရဲ့လား”

“စစ်မှန်တဲ့သူတိုင်းက တစ်စုံတစ်ယောက်ရဲ့ နည်းစနစ်နဲ့ ထူးကဲသာလွန်တဲ့ လမ်းစဉ်လျှောက်လှမ်းဖို့က အစကတည်းက အနာဂတ်မရှိတာကို သိကြမှာပဲ”

“မင်းက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ” ပိလုံရှန့်က ရယ်မောလိုက်သည်။ သို့သော်လည်း သူ့အမူအရာက ဟာသအရိပ်အမြွက် ရှိမနေပေ။ အနှစ်ချုပ်အားဖြင့် အခန်းထဲတွင် ရှိနေသည့် တင်းမာမှုအားက ပိုမိုပြင်းထန်လာလေ၏။

“မင်းက ငါ့စံအိမ်ရဲ့ အဖိုးတန်ဆုံးကျင့်စဉ်ကို အထင်သေးတာလား”

“ငါက အဲ့လိုမပြောခဲ့ပါဘူး”

“ဒါပေမဲ့ မင်းရဲ့လေသံက ငါတို့ရဲ့အဖိုးတန်ဆုံးနည်းစနစ်ကို ဘာမှမဟုတ်သလိုမျိုး ပြောနေတာလေ”

“ကောင်းပြီလေ။ တကယ်တော့လည်း လုံးဝမှ မဟုတ်တာ” ဝမ်ဝေ့က အမှန်အတိုင်း ဖြေလိုက်သည်။ ရှေးဦးခန္ဓာစံအိမ်က သူ့အားထိုနည်းစနစ်ကို ပေးလျှင်ပင် သူက တစ်ချက်မှကြည့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ သူ့လက်ရှိအားနည်းသည့် အနေအထားတွင် ဖြစ်၏။

“မင်းရဲ့ စကားတွေကို ရွေးချယ်ပြောရင် ကောင်းလိမ့်မယ်” ပိလုံရှန့်က ပြောလိုက်သည်။

“အရင်ဆုံးတစ်ခု မေးပါရစေဦး” ဝမ်‌ဝေ့က သူ့အား စိုက်ကြည့်လျက် ပြောလိုက်၏။

“မင်းတို့ရဲ့ စံအိမ်က မွေးထုတ်ပေးထားတဲ့ ထူးကဲသာလွန်မှုအစစ်အမှန် ဘယ်နှယောက် ရှိလဲ”

“ဘာ”

“ကြည့်ရတာ မင်းက ဒီနည်းစနစ်က မဟာတာအို မွေးဖွားကတည်းက ဒီစကြဝဠာကြီးထဲမှာ အကြီးကျယ်ဆုံးအရာလို့ ထင်နေတဲ့ပုံပဲဆိုတော့ မင်းတို့ရဲ့စံအိမ်ကနေ ထူးကဲသာလွန်မှုအစစ်အမှန် အမြောက်အများ မွေးထုတ်ပေးထားတဲ့ပုံပဲ ဟုတ်လား”

ပိလုံရှန့်က သူ့အား စိုက်ကြည့်လိုက်သည်။

“ဘာလဲ ငါပြောတာ မှားသွားတာလား။ မဟုတ်ဘူးဆိုရင် ဉာဏ်ကောင်းတဲ့သူတိုင်းက ထူးကဲသာလွန်မှုလမ်းစဉ်က ကိုယ်ပိုင်ကိစ္စဆိုတာကို သိကြတာပဲလေ။ တခြားတစ်ယောက်အစား ဝင်လျှောက်တာက အောင်မြင်ဖို့ အဆသန်းချီ ပိုပြီးတော့ ခက်တယ်။ တကယ်လို့ အောင်မြင်သွားတယ်‌ဆိုရင်တောင် ‌ရှေ့က လူတွေရဲ့ ရုပ်သေးရုပ်ဖြစ်သွားနိုင်ချေ ရှိတယ်။  ရှေးဦးခန္ဓာကျင့်စဉ်ကို ကျင့်နိုင်တဲ့ ပါရမီရှင်တွေကို ရှာနေတဲ့ မင်းတို့စံအိမ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ”

“မင်းက အတော်လေးကို စိတ်ကူးကောင်းတာပဲ။ ဒါပေမဲ့ ငါတို့စံအိမ်ကို ဒီလိုရန်စရဲတဲ့ သတ္တိမျိုး ရှိတယ်ပေါ့”

“အာ စိတ်ထဲမထားပါနဲ့။ ငါက လေကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ။ “ ဝမ်ဝေ့က ပခုံးတွန့်ပြီးတော့ ပြောလိုက်သည်။

ထို့နောက် ပိလုံရှန့်က အားရပါးရ ရယ်မောလိုက်၏။ သူ့အသံက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။

ဝမ်ဝေ့ကလည်း သူနှင့်အတူ လိုက်လံရယ်မောလိုက်၏။ သူတို့အသံများက အချင်းချင်းရောယှက်နေကာ နှစ်ကာလများစွာ သိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်းများသဖွယ် ဖြစ်နေလေ၏။

“ငါက မင်းလိုလူမျိုးကို သဘောကျတယ်။ ငါ့ရဲ့ အပေးအယူက အခုထိရှိနေတုန်းပဲ” ပိလုံရှန့်က အမှတ်အသားပြားတစ်ခုကို ဆင့်ခေါ်ရင်း ပြောလိုက်သည်။

“ငါလဲ ထည့်သွင်းစဉ်းစားပေးပါ့မယ်” ဝမ်ဝေ့ကပြုံးကာ အမှတ်အသားပြားကို သိမ်းဆည်းလိုက်၏။

“မုန်ခယ် မင်းတို့မျိုးနွယ်ရဲ့ အကောင်းဆုံးသေရည်အကြောင်း ကတိပေးထားတာ မမေ့နဲ့ဦးနော်”

“ဒါပေါ့” မုန်ခယ်က ခေါင်းညိတ်လိုက်၏။ ပိလုံရှန့်က လက်ဝေ့ပြီးသည့်နောက်တွင် ထိုနေရာမှ ထွက်ခွာသွားလေသည်။

“သီးသန့်စကားပြောရအောင်”

ဝမ်ဝေ့ ခေါင်းညိတ်ပြီးသည့်နောက်တွင် တခြားသူများကို နှုတ်ဆက်လိုက်ပြီး စုတန်တန်အား ပြောလိုက်သည်။

“ငါ့ရဲ့တောင်မှာ စောင့်နေ”

သူမက ခေါင်းညိတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။

သူက မုန့်ခယ်နောက်မှ လိုက်လာကာ သီးသန့်အခန်းတစ်ခုအတွင်း ဝင်ရောက်လာလေ၏။

“သူနဲ့ ပတ်သက်ပြီးတော့ တောင်းပန်ပါတယ်။ သူကိုတွေ့တုန်းက သူက တကယ့်ကို ပျော်ပျော်နေတတ်တဲ့သူနဲ့ တူတယ်”

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က သေရည်ကို သောက်သုံးရင်းပြောလိုက်သည်။ အခြေအနေတစ်ခုလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိလေ၏။ ပိလုံရှန့်က သူ့ခန္ဓာကိုယ်ကို စတင်စစ်ဆေးကတည်းက သူသည် သူ့တည်ရှိမှုဝန်းကျင်တွင် ချပ်ဝတ်ကို ဖန်တီးကာ ဆင့်ကဲပြောင်းလဲပြီး သူ့သတင်းအချက်အလက်များကို ဖုံးကွယ်ထားခဲ့သည်။

အနောက်မှ အဆက်လာသည့် စကားဝိုင်းကမူ သူသည် သတင်းအချက်အလက်များကို ထိုသူ၏စိတ်အခြေအနေကို လှုံ့ဆော်ပေးခြင်းဖြင့် သတင်းအချက်အလက်များကို ရနိုင်မလားဟု သိချင်၍ စမ်းသပ်လိုက်ခြင်းသာ ဖြစ်၏။

ဝမ်ဝေ့၏ ချဉ်းကပ်မှုက အောင်မြင်ခဲ့လေသည်။ သူက ပိလုံရှန့်၏ ကျင့်ကြံဆင့်သည် သူ့ထက် အားနည်းနေကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း စွမ်းအားများက သူ့ထက် အနည်းငယ်မျှသာ အားနည်းနေ၏။ အနည်းဆုံးတော့ အရှိန်အဝါအရ ဖြစ်သည်။

“သူနဲ့ဘယ်လိုတွေ့ခဲ့တာလဲ”

“ကျုပ် အမဲလိုက်နေတုန်း သူက ချဉ်းကပ်လာတာလေ” မုန့်ခယ်က ရှင်းပြလိုက်သည်။

“ကျုပ်တို့တွေ တိုက်ခိုက်ခဲ့ကြတာ။ ပြီးတော့ စောစောက လုပ်ခဲ့သလိုမျိုး ကျုပ်ရဲ့ ပါရမီကို ဖတ်ခဲ့တယ်လေ။ အဲဒါကြောင့် သူ့ကိုယ်သူမိတ်ဆက်ပေးဖို့ သူ့နေရာကို ဖိတ်ခေါ်ခဲ့တာ။ အဲ့ဒီနောက်တော့ ကျုပ်တို့တိုက်ခိုက်ခဲ့ဖူးတဲ့ အကောင်ဆုံးခန္ဓာကိုယ် လေ့ကျင့်သူတွေအကြောင်း ပြောရင်းနဲ့ ကျုပ်တို့ကမ္ဘာက တခြားသူတွေနဲ့ ခင်ဗျားအကြောင်းကို ပြောမိသွားတာ။ အဲဒါကြောင့် သူက ဖိတ်ဖို့တောင်းဆိုခဲ့တာ”

“ဒါက ကျုပ်တို့ကမ္ဘာအတွက် အခွင့်အရေးတစ်ခုဖြစ်လာမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားနဲ့ တွေ့တုန်း ဒီလိုမျိုးပြုမူလိမ့်မယ်လို့တော့ ထင်မထားမိဘူး”

“ငါတို့လို လူမျိုးတွေက အတ္တကြီးတယ်။ တစ်စုံတစ်ယောက်က လိုလိုလားလား ဦးမညွတ်သရွေ့ အတူတကွ တွဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားက စစ်ဆေးမှုတလျှောက်လုံးမှာ သိုသိုသိပ်သိပ် နေနိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာ”

“စစ်ဆေးမှုထဲမှာ ဖရိုဖရဲဖြစ်လာတော့မှာ။ ငါ စတင်လှုပ်ရှားဖို့ စီစဉ်နေတယ်။ ပြီးတော့ ပိလုံရှန့်က အပြောင်းအလဲကြီးထဲက တစ်ခုပဲ။ အဲ့ဆိုတော့ သူက ဘယ်လိုလူစားမျိုးလဲဆိုတာကို သိဖို့လိုတယ်”

“ကျုပ်ကတော့ ဒီဖရိုဖရဲထဲမှာ မဝင်ချင်ဘူး”

 သူ့ခန္ဓာကိုယ်အား ပဉ္စမကောင်းကင်ဘုံ အကြီးအကဲ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်၏ ပဉ္စဆင့်အထိ ကျင့်ကြံထားပြီး တာအိုမျှော်စင်က သူ့မဟာဉာဏ်ပညာကျမ်းကို လေ့လာဖို့ အဆုံးသတ်ဖို့ ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အပါအဝင် သူ့ဇနီးနှင့် လူရိုင်းမျိုးနွယ်၏ အနာဂတ်ကို စွန့်စားဖို့ ပြင်ဆင်ထားခြင်း မရှိပေ။

“ဒါက သိပ်ဆိုးရွားတဲ့ ချဉ်းကပ်မှုတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“အဲ့ဆိုတော့ သူ့ရဲ့ ဖြေကြားချက်ကို ဘယ်လိုလုပ်မှာလဲ”

“ရှေးဦးခန္ဓာစံအိမ်ကို ရန်စတာက ဉာဏ်ရှိရာမကျတာတော့ သိတယ်မလား။ ဒါပေမဲ့ အငြင်းအခုန်တော့ လုပ်ခဲ့တယ်လေ” မုန့်ခယ်က ပြောလိုက်သည်။

“ငါ သူတို့ရဲ့ စာကြည့်တိုက်ကို စိတ်ဝင်စားတယ်” ဝမ်ဝေ့က ဝန်ခံလိုက်သည်။ သူက စတုတ္ထဂိတ်ပေါက်ကို ဝင်ရောက်ဖို့ အစီအစဉ်ရှိထားသော်လည်း လိုအပ်သည့် ဗဟုသုတများ လစ်ဟာနေဆဲ ဖြစ်၏။ စံအိမ်က ဟွင်သွမ်းစကြဝဠာကြီးထဲတွင် အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်ရေးနည်းစနစ်များ ရှိသင့်သည်။

“ဒါပေမဲ့ သူတို့ဆီ ဝင်ရောက်ဖို့တော့ ဆန္ဒမရှိဘူး။ အနည်းဆုံးတော့ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် ကိုယ့်ဘာသာကို မလျှောက်လှမ်းနိုင်သရွေ့ပေါ့”

“အဲ့တာက အဓိပ္ပါယ်တော့ရှိပါတယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။

“မင်းကော ဘယ်လိုလဲ။ မင်း ဘယ်လိုဆက်လုပ်မှာလဲ”

“ကျုပ်တော့ စိတ်ပါသွားတယ်ဆိုတာ ဝန်ခံရလိမ့်မယ်။ ကပ်ဘေးက ကျုပ်တို့ကမ္ဘာဆီ လာနေပြီ။ စံအိမ်ကို နောက်ခံအနေနဲ့ထားတာက ကိစ္စဆိုးတစ်ခုတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူတို့ရဲ့ အတွင်းရေးပဋိပက္ခတွေက ကျုပ်တို့ကို ဝါးမြိုသွားမှာကိုတော့ စိုးရိမ်မိတယ်” မုန့်ခယ်က ပြောလိုက်သည်။

“ဒါက ဆုံးဖြတ်ချက် ကြီးကြီးမားမားပဲ။ ကံဆိုးတာက ငါ့အနေနဲ့ ဝင်ပြီး ဆုံးဖြတ်ပေးနိုင်တာ၊ ကူညီပေးနိုင်တာ ဘာမှမရှိဘူး”

“ကျုပ် သိပါတယ်”

“ဒါပေမဲ့ မင်း ဝင်ရောက်ဖို့ ရွေးချယ်မယ်ဆိုရင် အဲ့ဒီရှေးဦးခန္ဓာကျင့်စဉ်ကို မထိနဲ့”

“ခင်ဗျား အဲ့လို ...”

“ဖန်တီးသူက ဆိုးရွားတဲ့အကြံဉာဏ်မျိုး မရှိလောက်ဘူးဆိုပေမယ့် သူ့လိုအနေအထားမျိုးမှာ သူနဲ့ ဆက်နွယ်နေတဲ့သူက ကျင့်ကြံဆင့်နိမ့်ကျတဲ့သူတွေအပေါ် သူတောင် သတိမထားမိလိုက်ဘဲနဲ့ လွှမ်းမိုးမှုရှိလာနိုင်တယ်။ အဲ့ဆိုတော့ မင်းရဲ့ဘေးကင်းမှုအတွက် မင်း ကိုယ်ပိုင်လမ်းစဉ်ကို မလျှောက်နိုင်သရွေ့ ဒါမှမဟုတ်ဘူးဆိုလည်း သွေဖယ်မသွားဖို့ ယုံကြည်ချက်မရှိသရွေ့ အဲ့ဒီကျင့်စဉ်ကို မဖတ်ကြည့်တာက အကောင်းဆုံးပဲ”

“ကျုပ် နားလည်ပါပြီ” မုန့်ခယ်က ခေါင်းညိတ်လိုက်၏။ သူ့ဆုံးဖြတ်ချက်က မည်သို့ပင်ဖြစ်စေကာမူ ထိုစကားများကို မှတ်သားထားရမည် ဖြစ်သည်။

All Chapters