← Chapters

အဆုံးစွန်မဲ့စံပြ အပိုင်း (၆) - နောက်ဆုံးအသွင်ပြောင်းခြင်း

Vol. 104 Ch. 1443

အဆုံးစွန်မဲ့စံပြ အပိုင်း (၆) - နောက်ဆုံးအသွင်ပြောင်းခြင်း

Vol. 104 Ch. 1443

ဝမ်ဝေ့က ခေါင်းကိုမော့ကာ မိုးကြိုးသက်ရှိငါးကောင်ကို လှမ်းကြည့်လိုက်သည်။ သူတို့၏မျက်ဝန်းများက လျှပ်စီးကြောင်းများ ထွက်ပေါ်နေသော်လည်း သူတို့မှတဆင့် သူ့ကိုစောင့်ကြည့်နေသည့် ပိုမိုမြင့်မားသည့် သက်ရှိကို ခံစားမိလေ၏။ ထို့ကြောင့် နှစ်ဦးသားက အချင်းချင်း စိုက်ကြည့်ပြီးသည့်နောက်တွင် ထိုသက်ရှိများက တိမ်တိုက်နှင့်အတူ လွင့်ပြယ်သွားသည်။

ထို့နောက် သံကြိုးများ၊ သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် မြစ်ကြောင်းတစ်ခုက သူ့ရှေ့ ပေါ်ထွက်လာသည်။ ဝမ်ဝေ့က တုန့်ဆိုင်းမနေဘဲ ထိုအရာ၏ စွမ်းအားကို ဆာလောင်နေသည့် ဝေလငါးသဖွယ် ဝါးမြိုလိုက်သည်။ ထိုအရာ၏ စွမ်းအားဖြင့် သူသည် တည်ရှိမှုပြန်လည်တည်ဆောက်ခြင်း ဖြစ်စဉ်ကို စတင်လိုက်၏။ ထို့နောက် ဖျက်ဆီးခံလိုက်ရသည့် စာလိပ်က အလိုလိုပြန်လည်ကောင်းမွန်လာသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရင်းအမြစ်ဆီမှ စွမ်းအားပမာဏအမြောက်အမြားကို စုပ်ယူနေသည်။

သူ့လို နက်ရှိုင်းသည့် အုတ်မြစ်ရှိထားသည့်သူ တစ်ယောက်အနေဖြင့် သူ့အသွင်ပြောင်းဖို့အတွက် စွမ်းအင်များစွာ စုပ်ယူသည်က ဖြစ်သင့်သော်လည်း သူ့လက်ရှိအခြေအနေတွင် သူက သာမန်ပမာဏထက် အဆတစ်သောင်းလောက် ပိုမိုစုပ်ယူနေသည်။ မဟာတာအိုက ဝမ်ဝေ့အား သတိမပေးပါက ပိုမိုများပြားလာနိုင်၏။

နောက်ထပ် သတင်းကောင်းကမူ ဝမ်ဝေ့သည် သူ့တည်ရှိမှုချပ်ဝတ်ကို ပြီးမြောက်လုနီးပါး ဖြစ်သွားလေ၏။ ဤသည်က ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အတွင်း သူ့တည်ရှိမှုအသေးစိတ် လှုံ့ဆော်မှုကြောင့် ဖြစ်သည်။ သူသည် ချပ်ဝတ်အား ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် နည်းစနစ်အဖြစ် သတ်မှတ်လိုက်သည်။ သူက တည်ရှိမှု၏ ကြိုးကိုင်မှုနှင့် လှုံ့ဆော်မှုသည် ထူးကဲသာလွန်မှုတိုက်ပွဲ၏ အနှစ်သာရအဖြစ် ကောက်ချက်ချလိုက်သည်။

ထိုပြန်လည်တည်ဆောက်မှု အဆုံးသတ်သွားသည်နှင့် ဝမ်ဝေ့က သူ့စိတ်မှ ဗဟုသုတစည်းတံဆိပ်ကို ဖယ်ရှားလိုက်သည့်အခါ သူ့ကျင့်ကြံဆင့်က ဒုတိယကောင်းကင်ဘုံအဆင့် သို့မဟုတ် ၉၂ ရာခိုင်နှုန်းအထိ ရောက်ရှိသွားလေ၏။ ယခု ဆေးကြောမှုစွမ်းအားက သူ့ကျင့်ကြံဆင့်ကို တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့မလုံလောက်သည့်အတွက် ထိုအရာကို အသုံးပြုဖို့က အကောင်းဆုံးအချိန် ဖြစ်ပေသည်။

“ငါ ဒီထက် ပိုပြီးလုပ်လို့ရသေးတယ်။” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက ယခုအစစ်အမှန်သေဆုံးမှု အတွေ့အကြုံမှ လွတ်မြောက်လာကာစဖြစ်ပြီး သူ့အနှောင်အဖွဲ့တစ်ခုမှ လွတ်မြောက်လာလေသည်။ ထိုအတွေ့အကြုံအားလုံးက သူ့တာအို သို့မဟုတ် လမ်းစဉ်နှင့် ကိုက်ညီနေလေ၏။ ထို့ကြောင့် ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ ထိုအတွေ့အကြုံကို အသုံးပြုပြီး ဉာဏ်အလင်းပွင့်သည့်  အနေအထားသို့ ဝင်ရောက်ကာ သူ့ကျင့်ကြံဆင့်ကို နောက်ထပ် တစ်ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။

“အခုနောက်ဆုံး အသွင်ပြောင်းမှုပဲ။” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက တာအိုအမှတ်အသား အပြောင်းအလဲကို ကြည့်ပြီး ကံကြမ္မာနန်းဆောင် ၁၂ခုကို ဖန်တီးပုံဖော်လိုက်၏။

“ဟမ် သူတို့က ငါ့ဆင့်ခေါ်တဲ့အရာနဲ့ ကွဲပြားသွားတယ်။” ဝမ်ဝေ့က ချက်ချင်း သတိထားမိလိုက်၏။ ကျင့်ကြံသူအများစု၏ တာအိုခန္ဓာ သို့မဟုတ် နိုးထအသက်ဝင်ခြင်းက စံပြအဆင့်တွင် အသုံးမဝင်ကြတော့ပေ။ သို့သော်လည်း နက်နဲသည့်အုတ်မြစ်ရှိထားသည့် လူတချို့ကမူ သူတို့ပေါ်မူတည်၍ ပိုမိုမြင့်မားသည့် ကျင့်စဉ် သို့မဟုတ် စွမ်းအင်များကို ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိ၏။ ဝမ်ဝေ့က သူတို့ထဲမှတစ်ယောက် ဖြစ်ပေသည်။

သူက နန်းဆောင် ၁၂ခုကို ထိန်းချုပ်ကာ အချင်းချင်း သဟဇာတဖြစ်စေလိုက်၏။ သူ့ကို အံ့အားသင့်သွားစေသည်က သူတို့သည် ဖြည်းဖြည်းချင်းဖြင့် မြစ်ကြောင်းတစ်ခုအသွင်ပြောင်းလဲသွားလေသည်။

“ကံကြမ္မာမြစ်ကြောင်းရဲ့ ပုံရိပ်ယောင်လား။ မဟုတ်သေးဘူး ဒါက ကံကြမ္မာမြစ်ကြောင်းရဲ့ ဇစ်မြစ်က မဟာတာအိုမဟုတ်ဘဲနဲ့ ငါ ဖြစ်နေတာပဲ။”

ဝမ်ဝေ့၏ မျက်ဝန်းထဲ ဉာဏ်အလင်းပွင့်သည့် အရိပ်အမြွက် ပေါ်ထွက်လာလေသည်။ သူ့တာအိုခန္ဓာက သူ့တာအိုနှင့်လမ်းစဉ်ပြီးပြည့်စုံအောင် ဆင့်ကဲပြောင်းလဲသွားလေ၏။

“ကောင်းတယ်။” ဝမ်ဝေ့က အပြုံးဖြင့် မှတ်ချက်ပေးလိုက်သည်။ နောက်တစ်ဆင့်က မဟာမြူစက်ဝန်းအသစ်ကို ဖွဲ့စည်းပြီး အလားအလာကို တိုးမြှင့်ဖို့ ဖြစ်၏။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို များစွာအာရုံစိုက်မထားခဲ့ပေ။ ဝိညာဉ်နှင့် စိတ်ဝိညာဉ်က နောက်ဆုံးသောအသွင်ပြောင်းမှုကို ပြီးမြောက်သွားပြီ ဖြစ်၏။

သူ့ခန္ဓာကိုယ်က ဒုတိယကောင်းကင်ဘုံကျင့်ကြံဆင့်ကို ရောက်ရှိသွားပြီဖြစ်ကာ သူ့စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့က ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေလေသည်။

“ငါက ပိုမိုကြီးမားတဲ့ တိုးတက်မှုမျိုးကို မျှော်လင့်ထားတာ။ အထူးသဖြင့် ငါ့ခန္ဓာကိုယ်ပေါ့။”

မိုးကြိုးလျှပ်စီးက အဖက်ဖက်မှ သူ့တည်ရှိမှုထဲရှိ ဂုဏ်သတ္တိနှင့် ကဏ္ဍအားလုံးကို ထိခိုက်သွားစဉ် ဆေးလုံးက ထိခိုက်ပျက်စီးမှုကို ကုစားပေးခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးသဖွယ် မှတ်ယူ၍ရ၏။ သို့သော်လည်း မဟာတာအိုက ဉာဏ်များကာ ဝမ်ဝေ့အား အကျိုးကျေးဇူးများစွာ မရနိုင်အောင် တမင်တားဆီးထားလေသည်။

“ကပ်စေးနှဲလိုက်တာ။” ဝမ်ဝေ့က ကျိန်ဆဲပြီး မျက်လုံးကိုမှိတ်ကာ နောက်ဆုံးသော အသွင်ကူးပြောင်းမှုကို ကျင့်ကြံလိုက်သည်။ သူက သူ့နေရာမှ ပျောက်ကွယ်သွားပြီး ထိုမြစ်ကြောင်းထဲ ပေါ်ထွက်လာလေ၏။ သူက ငါးလေးတစ်ကောင်အသွင်ဖြစ်ကာ အရှေ့အနောက် ကူးခတ်နေသည်။ သူ့ခန္ဓာကိုယ်က အရွယ်အစားအားဖြင့် ကြီးမားလှပေ၏။ ထိုအရာအား သူ့အနေဖြင့် မြစ်မျက်နှာပြင်အထက် ပေါ်ထွက်လာဖို့ ဧရာမသက်ရှိကြီးဖြစ်လာဖို့ သိပ်မကြာလိုက်ပေ။

သို့သော်လည်း သူ့စိတ်ထဲမှ အသံတစ်သံအား သူ့အား ငါးလေးတစ်ကောင် အသွင်ပြန်ပြောင်းဖို့ ပြောပြနေသည်။ အပေါ်ယံက အန္တရာယ်များပြားလွန်းလှ၏။ ထိုအသံက သူသည် ငါးလေးတစ်ကောင်သာဖြစ်ပြီး ရေမျက်နှာပြင်နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆက်တိုက်ပြောဆိုနေသည်။ ဝမ်ဝေ့က ထိုအသံကို လျစ်လျူရှုကာ ရေထဲမှ ခုန်ထွက်လိုက်၏။ သူက သူ့ခန္ဓာကိုယ်ကို နောက်ထပ်အတားအဆီးတစ်ခု ပယ်ပျောက်သွားသည်ကို ခံစားမိလိုက်သည်။ တုန့်ပြန်သည့်အားဖြင့် သူ့ငါးခန္ဓာကိုယ်က ချက်ချင်းဆိုသလို ကောင်းကင်ယံ၌ ဧရာမငှက်ကြီး အသွင်ပြောင်းလဲသွားလေ၏။

ဝမ်ဝေ့က စက္ကန့်ပိုင်းကြာပျံသန်းပြီးသည့်နောက်တွင် လူသားအသွင်ပြန်လည်ပြောင်းလိုက်သည်။

“အချိန်မြစ်ကြောင်းထဲ စံပြတစ်ယောက်ရဲ့ အမြင်ကဆိုရင် အတော်လေးကွဲပြားနေတာပဲ။ ငါ့အနာဂတ်ကိုယ်ကို တွေ့ခဲ့တုန်းကလည်း အဲ့လိုပဲ။”

သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ဤမြစ်ကြောင်းက ကွဲပြားသည့် အချိန်စက်ဝန်းများကို ကိုယ်စားပြုသည့် ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည် မဟုတ်ပေ။ ရေစက်တစ်စက်ခြင်းဆီက အင်မတန်သိပ်သည်းပြီး အရည်နှင့် အစိုင်အခဲ ဂုဏ်သတ္တိနှစ်ခုလုံးကို ပိုင်ဆိုင်ထားလေသည်။ အပေါ်ယံမျက်နှာပြင်မှကြည့်လျှင် တလက်လက်တောက်ပနေသည့် သလင်းကျောက်များသဖွယ် ဖြစ်၏။ ထိုသလင်းကျောက်များက အသန့်စင်ဆုံး အချိန်အနှစ်သာရတို့ ပါဝင်နေကာ ထိုမြစ်ကြောင်းထဲတွင် ပမာဏအမြောက်အများ ကိန်းအောင်းနေသည်။

“ငါက အချိန်အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားတာလား။ ကောင်းကင်ဘုံအဆင့်က မရဏနဲ့သံသရာက လွတ်မြောက်တယ်ဆိုရင် စံပြအဆင့်ရဲ့ ပစ်မှတ်က အချိန်ပဲ။” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ဝမ်ဝေ့က ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ကွာဟချက်တို့ကို တွေ့ကြုံခံစားလိုက်သည်။

“ဒါပေမဲ့ ငါတို့က အပြည့်အဝ လွတ်မြောက်တာ ဟုတ်ရဲ့လား။”

သူ့အကြည့်က အဝေးတစ်နေရာဆီ ထိုးဖောက်သွားလေသည်။ ယခုသူက မြစ်ကြောင်း၏ အနိမ့်ပိုင်းနှင့် အထက်ပိုင်းကို ခွဲခြားနေနိုင်ပြီ ဖြစ်၏။ အနိမ့်ပိုင်းက အတိတ်နှင့်ပစ္စုပ္ပန်ကို ကိုယ်စားပြုပြီး အထက်ပိုင်းက အနာဂတ်ကို ကိုယ်စားပြုလေသည်။ သို့သော်လည်း အထက်ပိုင်းက ဝေဝါးကာ ဖရိုဖရဲဖြစ်နေလေ၏။

“အဲ့ဆိုရင် အဆုံးမဲ့အသင်္ချေဘုံဆိုရင် ဘယ်လိုလဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့အမြင်အာရုံက ပြောင်းလဲသွားလေသည်။

 သူ့ရှေ့တွင်ရှိနေသည့် မြစ်ကြောင်းကို ရွှေရောင်အလင်းဖြင့် ကာရံထားပြီး တခြားသောမြစ်ကြောင်း သို့မဟုတ် စမ်းချောင်းများက သူနှင့်အတူ စီးဆင်းနေလေ၏။ တခြားအမြင်မှ ကြည့်လျှင် ထိုမြစ်ကြောင်းများကို သေးငယ်သည့် မြစ်ကြောင်းအဖြစ် မြင်တွေ့နိုင်သည်။ သို့သော်လည်း သူ့အဆင့်လိုလူမျိုးက ထိုအရာကို ဤသို့မြင်နိုင်ဖို့ ခက်ခဲလှ၏။

“ဒီရွှေရောင်အလင်းက ကမ္ဘာဦးအချိန်စက်ဝန်းရဲ့ ကာကွယ်မှုပြယုဂ်ပဲ။” ဝမ်ဝေ့က သဘောပေါက်သွားလေသည်။

“ငါ တခြားအချိန်စက်ဝန်းတွေကို ကြည့်လိုက်ရမလား။ ငါ့ရဲ့တာအိုအမှတ်အသားကို ဖုံးကွယ်ဖို့ နေရာကောင်းတစ်ခုပဲ။”

အဆုံးစွန်မဲ့စံပြများက အသက်ရှင်ဖို့နှင့် အသက်ပြန်သွင်းဖို့ နည်းလမ်းများစွာ ရှိလေသည်။ အခြေခံအကျဆုံးက ဆင့်ကဲပြောင်းလဲထားသော အစစ်အမှန်ကိုယ်ပွားနှင့် အရံကိုယ်ပွား ခုနစ်ယောက်တို့ ဖြစ်၏။ အစစ်အမှန်ကိုယ်ပွားက တစ်ကမ္ဘာထဲတွင် မရှိနိုင်သော်လည်း သူတို့က သံသရာ၏ စွမ်းအားကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့ မလိုအပ်တော့ပေ။ တခြားနည်းဖြင့်ပြောရလျှင် သူတို့က သေမျိုးအဖြစ် နေရန် မလိုအပ်ဘဲ ကျင့်ကြံနိုင်ကြ၏။ သို့သော်လည်း  အကန့်အသတ်များကြောင့် သူတို့သည် သူတို့၏ ဖန်တီးသူနှင့် တူညီသည့်အဆင့်တွင် ရှိနေ၍ မရပေ။

ထိုကိုယ်ပွားများကို ကွဲပြားသည့် ဟွင်သွမ်းကမ္ဘာများတွင် ထားရှိခြင်းက အဆုံးစွန်စံပြတစ်ယောက်ကို သတ်ဖြတ်ဖို့ အိမ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်စေ၏။ သို့သော်လည်း ဤသည်က သူတို့၏ ပိုးဟပ်သဖွယ် ရှင်သန်နိုင်သည့် စွမ်းအင် အဆုံးသတ်မဟုတ်‌သေးပေ။ အရံကိုယ်ပွားများက အမြင့်မားဆုံး ဖုံးကွယ်ရေး စွမ်းအင်များရှိတတ်ကြပြီး သူတို့၏ ကျင့်ကြံဆင့်က သူတို့၏ ဖန်တီးသူထက် တစ်ရာခိုင်နှုန်းမျှသာ နိမ့်ကျနိုင်သည်။ ရှေးဦးစံပြများကမူ သူတို့၏ အရံကိုယ်ပွားများကို ၁၀၀ ရာခိုင်နှုန်းကျင့်ကြံဆင့် အပြည့်ဖြင့် ရှိနိုင်၏။

သို့သော် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ အဆုံးစွန်မဲ့စံပြများက သူတို့၏အမှတ်အသားများကို ဖယ်ရှားကာ ကမ္ဘာတွင်ရှိသည့် တခြားတစ်နေရာတွင်လည်း ဖုံးကွယ်နိုင်သည်။ သူတို့က ဟွင်သွမ်းစကြဝဠာထဲရှိ ကြုံရာကျပန်းကမ္ဘာတွင် ထားရှိနိုင်သလို အရင်းအမြစ်ချီနေရာလွတ်၊ သံသရာ သို့မဟုတ် တခြားသောအချိန်စက်ဝိုင်းများ၌ပင် ထားရှိနိုင်သည်။ ထို့အပြင် အမှတ်အသားက အားနည်းသည့် သက်ရှိ၏ အမှတ်အသားကို ကပ်တွယ်ပြီး တသားတည်းအလိုက် ရောနှောနိုင်စွမ်း ခွင့်ပြုထားသည့် ကပ်ပါးစွမ်းရည်ပင် ရှိလေသည်။ အဆုံးစွန်မဲ့စံပြက ဝါစဉ်၏ အထွတ်အထိပ်ဖြစ်ခဲ့ဖူးသည့်အတွက် သူတို့၏အသက်ရှင်နိုင်စွမ်းကလည်း ပင်မသော့ချက်ထဲမှ တစ်ခု ဖြစ်၏။

“ထားလိုက်ပါတော့။” ဝမ်ဝေ့က ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ယခုက အကောင်းဆုံးအချိန် မဟုတ်သည့်အတွက် နောင်အနာဂတ်မှ လုပ်ဖို့ လိုအပ်ပေသည်။

ဝမ်ဝေ့က ချက်ချင်းထွက်မသွားသေးဘဲ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ယခင်နှင့်မတူဘဲ သူက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများစွာကို ခံစားမိလိုက်သည်။ အများစုက သူနှင့်အရှိန်အဝါ တူညီလေ၏။ လူတချို့ကမူ သူ့အား စိုက်ကြည့်နေသည့်အတွက် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာမိသည်။

ဝမ်ဝေ့က သူသည် ဝူယွီကို သတ်ဖို့ အတိတ်ကိုသွားခဲ့စဉ်အခါက ငါးမန်းများအကြား ကူးခပ်နေသည့် ငါးငယ်လေးတစ်ကောင်မှလွဲ၍ ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားလေ၏။ သူသည် ဝေစုတချို့ ရရှိထားသော်လည်း ဤကြီးမားလှသည့် ကိစ္စရပ်များတွင် သူသည် အမှန်တကယ် သေးငယ်ကာ အားနည်းနေ၏။

စံပြတွေကပဲ အချိန်မြစ်ကြောင်းကို သွားလာရဲတာ မထူးဆန်းတော့ဘူး ...

သူက တွေးလိုက်သည်။ ပုံမှန်သဘောတရားအရပြောရရင် မဟာဧကရာဇ်များက အချိန်မြစ်ကြောင်းကို ဖြည်းဖြည်းချင်းသွားလာကာ အချိန်ကို ဖြတ်ကျော်နိုင်စွမ်းရှိ၏။ သူတို့က ထိုသို့မလုပ်နိုင်သည်မှာ ကောင်းကင်တာအိုက သူတို့အပေါ် ထားရှိထားသည့် အတားအဆီးများကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအတားအဆီးများက ထိုဧကရာဇ်များကို ကာကွယ်ဖို့ဖြစ်ကြောင်း ယခု သဘော‌ပေါက်သွားလေသည်။

သူက ခေါင်းအသာယမ်းကာ ထိုအတွေးများကို ဖယ်ရှားလိုက်ပြီး ယခု သူ့ကို အာရုံစွဲဆောင်ထားသည့်အရာကိုသာ ဂရုစိုက်လိုက်သည်။

သမိုင်းမတိုင်မီကမ္ဘာရဲ့ နေရာကို ခံစားမိတယ် …

ဝမ်ဝေ့က တွေးလိုက်၏။

သူက မျက်မှောင်အသာကြုတ်ပြီးသည့်‌နောက်တွင် သူနှင့်ထိုကမ္ဘာမြေကို ဆက်နွယ်နေသည့် ကံကြိုးမျှင်ကို အာရုံစိုက်လိုက်သည်။

သူ့စိတ်က ထိုကြိုးမျှင်မှတဆင့် ဝေးကွာသည့် နေရာတစ်ခုအထိ ရောက်ရှိလာသော်လည်း လမ်းတဝက်၌ ဝမ်ဝေ့က ရပ်တန့်လိုက်၏။

သူ့အလိုလိုသိစိတ်က သူသည် သမိုင်းမတိုင်မီကမ္ဘာဆီ ပုံရိပ်ယောင်စေလွှတ်ပြီး အလျင်အမြန် ပြန်လာနိုင်ကြောင်း ပြောပြနေသည်။ သို့သော်လည်း သူက ဟုန်ကျွင်းနှင့် ရင်ဆိုင်ဖို့ သို့မဟုတ် တွေ့ဆုံဖို့ အဆင့်သင့်မဖြစ်သေးသည့်အတွက် ထိုအပြုအမူကို ရပ်တန့်လိုက်ခြင်း ဖြစ်၏။

“ဘေးကင်းတာက ပိုပြီးတော့ ကောင်းပါတယ်လေ။” ဝမ်ဝေ့က ရေရွတ်ပြီး မျက်လုံးဖွင့်လိုက်သည်။ သူက ဤနေရာတွင် ကြာကြာမနေဘဲ မျှော်စင်သို့ ပျံသန်းလာလိုက်သည်။ သူက အကောင်းဆုံးနည်းစနစ်ကို အသုံးပြုကာ သူ့အရှိန်အဝါအား ပထမကောင်းကင်ဘုံအဆင့်ထိ လျော့ချလိုက်၏။ သူက ထိုအရာထက် ပိုမိုဖုံးကွယ်လိုမိသော်လည်း ရှုရှစ်၏ စကားကို အမှတ်ရသွားလေသည်။ သူသာ ဤကြောက်မက်ဖို့ကောင်းသည့် စမ်းသပ်ချက်၌ အသက်ရှင်ပြီး သူ့ကျင့်ကြံဆင့်က တခြားသူများကဲ့သို့ အခြေခံ ဖြစ်နေမည်ဆိုလျှင် လူအများက သံသယရှိလာကြလိမ့်မည်။

ထို့အပြင် သူက သူ့ကြောက်မက်ဖွယ်ကောင်းသည့် စမ်းသပ်ချက်အတွက် ပြီးပြည့်စုံသည့် ရှင်းပြချက်တစ်ခု ရှိနေလေ၏။ သူက ထိုအရာကို ငါးနှစ်တာမျှဖြင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

လူများစွာက သူသည် စစ်ဆေးမှု၏ ပထမနေရာကို ရဖို့အတွက် အစွန်းရောက်နည်းလမ်းများကို လုပ်ခဲ့သည့်အရူးတစ်ယောက်ဟု မှတ်ထင်နေကြမည်ဖြစ်ကာ သူ့အပြုအမူများကို နက်နက်နဲနဲ လိုက်ပြီး စုံစမ်းနေကြမည် မဟုတ်ပေ။

All Chapters